Tuesday, February 18, 2025

အပြုံးစစ်စစ် တစ်ပွင့်လောက် ခြွေပါ- ၂၀၁၄ ဧပြီ Face


ဒီနေ့နံနက်ခင်းကို အပြုံးနှင့် ကြိုကြည့်သည်။ အိမ်မှအလုပ်ဆီသို့ထွက်လာကတည်းက မျက်နှာတွင် အပြုံးမှ လွဲ၍ အခြား ဘာမျှ မထား။ တော်တော်လေးကို အဆင်ပြေပါသည်။ ထိုအပြုံးကြောင့်ပင် အခါတိုင်း မျက်မှန်းတန်းမိသူများကပါ ပြန်ပြုံးသွားကြသည်။ တချို့ဆို လက်ဖက်ရည်ဆိုင်ထဲမှပင် လက်ဖက်ရည်သောက်ပါဦးဟု ခွက်ကိုင်ရင်း မေးဆတ်ပြသူနှင့်။ အဆင်မပြေသူက ကျွန်တော်သာဖြစ်သည်။ စိတ်မကြည်ပါပဲလျက် မဲ့မပြချင်သောကျွန်တော်က တမင်ပင် ပြုံးထားခြင်းမဟုတ်ပါလား။ မစစ်မှန်သည့် အပြုံးတစ်ခုနှင့်ကျွန်တော် ထိုအပြုံးကြောင့်ပင် မလွတ်မလပ်ဖြစ်နေရသည်။ လေးလေးလံလံဖြစ်နေချေပြီ။

(၁)

အမြဲအပြုံးဆောင်သည့် မျက်နှာသည် မြင်သူအပေါင်းကိုစိတ်ရွှင်လန်းစေသည် ဟု လူတော်တော်များများ ဆိုကြသည်။ တွေးကြသည်။ ထိုအတွေးကြောင့်ပင် လူတော်တော်များများသည် အပြုံးမျက်နှာဖုံးကို နေရာမရွေး တပ်ဆင်လာကြသည်။ အပြုံးမျက်နှာဖုံးတပ်ထားသောကြောင့် မည်သည့် အလုပ်တွင်မဆို လွယ်ကူချောမောစေသည် ဟူသည့် အဘိဓါန်တစ်ရပ်လည်း ပေါ်ထွန်းလာပြန်သည်။ အပြုံးများအောက်ဝယ် ဘာရှိသလဲဆိုသည်ကိုတော့တူးဖေါ်တတ်သူမှ ခံစားမိပေမည်။ ထိုကဲ့သို တူးဖေါ်ဖို့ရာ စဉ်းစားမိသူ များမည်မထင်။ သူတစ်ပါးပေးသည့် အပြုံးကို ခေတ္တ စားသုံးမည်။ ပြီးလျှင် သူတို့ကိုယ်တိုင်ပါ သူတစ်ပါး စားသုံးရန်အတွက် အပြုံးတွေ ဗြောင်းဆန်အောင် ခြွေပြကြမည်။ ထို့နောက်တွင်တော့ လက်ပြနှုတ်ဆက် လမ်းခွဲသွားကြမည်။ ကွယ်ရာရောက်လျှင်တော့ သူတို့၏ အပြုံးများသည်..............။



(၂)

အပြုံးသည် ယဉ်ကျေးမှုှုတစ်ရပ်ဖြစ်သည် ဆိုကြပါစို့။ ရံဖန်ရံခါဝယ် စိတ်အရမ်းညစ်ညူးသည့်အချိန်များတွင် အပြုံးတစ်ပွင့်ကို ဟန်ဆောင်ပန်ဆောင် ပြုံးပြရခြင်းလောက် ခက်ခဲပင်ပန်းတာ ရှိလိမ့်မည်မထင်။ သို့သော် ထိုယဉ်ကျေးမှုကြီးကို လူတော်တော်များများကတော့ မဖြစ်မနေကိုသုံးစွဲနေကြရသည်သာ။ ငယ်စဉ်ကလေးဘဝကတော့ အပြုံးသည်ဤမျှ တန်ဖိုးကြီးမှန်းမသိသည့်အခါ ပြုံးသင့်သည်မပြုံးသင့်သည်ကို မတွေးပဲ စိတ်လိုလက်ရရှိမှ ပြုံးဖြစ်သည်။ ထိုအရွယ်က အပြုံးသည် အစစ်မှန်ဆုံး အပြုံးဖြစ်သည်ဆိုတာကိုတော့ယခုမှပင် တွေးမိတော့သည်။

လက်ရှိဘဝဝယ် အပြုံးစစ်စစ်ကို မည်သည့်နေရာတွင် ရနိုင်မလဲဟု စဉ်းစားရင်း ကျွန်တော့်ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားရချေပြီ။ ယခု အလုပ်ဝယ် ကျွန်တော့် အထက်အရာရှိများကို မလွဲမရှောင်သာ ပြုံးပြရသည်။ ဖေါ်ရွေလွန်းသော အပြုံးကို အပြုံးနိုင်ဆုံးပြုံးကာ ခေါင်းလေးငုံ့၊လက်ကလေးပိုက်ပြရသည်။ သို့သော် စိတ်ထဲတွင်တော့ မာနတို့က တလူလူ။

“အပြုံးရောင်းတယ် အပြုံးဝယ်ပါ။

ကောင်တာမှာ အပြုံးတစ်ပွင့်ခြွေခဲ့ပါ။

ဒါပေမယ့် စစ်မှန်ဖို့တော့ လိုတယ်။”

သူငယ်ချင်းတစ်ယောက် မကြာခဏရွတ်တတ်သည့်  ကဗျာအပိုင်းအစက အမှတ်မထင်နှင့် စိတ်ထဲသို့ ဝင်ရောက်လာသည်။ အပြုံးစစ်စစ်ကို တစ်နေ့ဘယ်နှစ်ကြိမ်များ ပြုံးမိသလဲ ဟူသည့်မေးခွန်းလေးပါ တွဲလျက် ပါဝင်လာ၏။ ဟုတ်သည်။ မနေ့က ကျွန်တော် ပွင်ဖူးခဲ့မိသော အပြုံးစစ်စစ်တို့ကို ရေတွက်ကြည့်ရမည်။ အတွေးနှင့်အတူ ခရီးကိုဆက်ရင်း အပြုံးစစ်စစ်တို့ရေတွက်ရန် မှတ်ဉာဏ်ထဲမှ မနေ့က နံနက်ခင်းမြင်ကွင်းကို ဆွဲထုတ်လိုက်၏။

(၃)

မနက်ခင်း အိပ်ယာမှ နိုးသည်နှင့် ကျွန်တော့်မိန်းမကို နံနက်ခင်းအပြုံးအဖြစ် ပြုံးပြနှုတ်ဆက်၏။ သို့သော် ထိုအရာသည် အစစ်မဟုတ်။ အစဉ်အလာအရ မနက်ခင်းဝယ် စိတ်ကြည်နူးရွှင်လန်းကြောင်း ပြသသည့် အနေနှင့်ဟန်ဆောင်ခဲ့သော အပြုံးတု။ နေ့စဉ်ပြုမှုလုပ်ဆောင်နေကျ အပြုံးတု။ သားလေးက စာအုပ်ဖိုးတောင်း၍ မိန်းမညည်းညူသည့်အချိန်တွင်ပင် သားကို ပြုံးပြလိုက်မိသေးသည်။ မင်းမေမေ ညည်းနေတာ တွေ့လား ဟု ပြောလိုဟန်နှင့်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း ညည်းညူချင်မိနေသည်။ သို့သော် မိန်းမ၏ ညည်းညူသံကြားဝယ် သားလေးမျက်နှာငယ်နေ၍ သားလေးအား နှစ်သိမ့်လိုစိတ်ဖြင့် ပြုံးပြမိခြင်းသာ။ ဒါသည်လည်း အပြုံးစစ်မဟုတ်သေး။

ရေမိုးချိုးပြီး ထမင်းဝိုင်းထိုင်တော့လည်း မိန်းမကို ကျွန်တော် ပြုံးပြလိုက်မိသေးသည်။ ငပိရည်ကျိုနှင့် အတို့အရွက်စုံ ပန်းကန်တစ်ခု၊ လက်ဖက်သားချည်း သုပ်ထားသော ပန်းကန်တစ်ခု။ ထိုပန်းကန်နှစ်ခုကြားဝယ် လက်မှယပ်တောင်လေးကို ဟိုယပ်ဒီယပ်လုပ်နေသော မိန်းမ၏ မျက်နှာက စိတ်မကောင်းသည့်ဟန်။ သို့သော် ကျွန်တော်က စားမြိန်ပါတယ်ဟူသော အပြုံးဖြင့် ပြုံးပြမိခဲ့သည်။ တကယ်ဆို မနေ့က ကျွန်တော် အသားဟင်းစားချင်နေခဲ့သည်။ စိတ်၏ အာသီသနှင့် မကိုက်ညီသော ထမင်းနှင့်ဟင်းသည် စားသာစားလိုက်ရသော်လည်း စားမြိန်မှုအရသာစည်းစိမ်ကို ခံစားဖို့မေ့လျော့စွာ၊ ဗိုက်ဝရင် ပြီးပြီ ဟူသည့် အတွေးနှင့် စားခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် ထိုအပြုံးသည်လည်း မစစ်မှန်သေး။ စာနာနားလည်မှု တို့မှ ပေါက်ဖွါးလာသည့် အပြုံးသာ ဖြစ်သည်။

ထမင်းစားပြီး၍ အလုပ်လာပြန်သည့်အခါတွင်မူ လမ်းတစ်လျှောက် အတွေးများစွာနှင့် လျှောက်ခဲ့သည်မို့ ပြုံးဖို့ မေ့လျော့စွာ။ သို့သော် စက်ရုံကိုရောက်တော့လည်း ဂိတ်စောင့်ကို မင်္ဂလာနံနက်ခင်းဟူသော အပြုံးမျိုး ပြုံးပြရသေးသည်။ တနည်းဆိုရသော် ဝတ်ကျေတမ်းကျေ အပြုံးမျိုး။ တကယ့်စစ်စစ်မှန်မှန်ကမူ ကျွန်တော့်စိတ်သည်ထိုအချိန်က ပြုံးဖို့ရာ မလိုလားခဲ့။ စိတ်ကြည်လင်မှု မရှိခဲ့။

စက်ရုံသို့ရောက်၍ အလုပ်စပြီဆိုသည်နှင့် ကျွန်တော့်နှုတ်မှ စကားတို့သည် ကြမ်းတမ်းခက်ထန်စွာ ပေါ်ထွက်လာတတ်မြဲ။ အိမ်မှ အမောများကို လက်အောက်ငယ်သားတို့အပေါ်ပုံချလိုက်မိသည်ဟုဆိုလျှင်လည်း မမှား။ လုပ်ငန်းခွင်ဝင်ပြီဆိုသည်နှင့် ကျွန်တော့်ထံတွင် အပြုံးဆို၍ ရှားလှ၏။ ပြုံးပြီဆိုလျှင်လည်းအလုပ်ထဲမှ အမှားအယွင်းများကို လှောင်ပြောင်ပြုံးခြင်းမျိုးသာ။ အထက်အရာရှိလာ၍ ဖက်လည်းတကင်း ဖေါ်ရွေလွန်းသောအပြုံးကို ဖန်တီးပြုံးရခြင်းသာ။ အပြုံးစစ် မပြုံးတတ်တော့ပြီလော။ ကိုယ့်ကိုယ်ကို မေးရင်း ကျွန်တော်ထိတ်လန့်လာမိသည်။ တကယ်ဆို အပြုံးစစ်စစ် တစ်ပွင့်လောက်တော့ ရှာတွေ့သင့်ပါသည်။ နေ့လည်ခင်းထမင်းစားချိန်တွင် စားဖိုမှုးကို ပြုံးပြတော့လည်း မစစ်မှန်သည့် အပြုံးသာ။ စားဖိုမှုးကိုပြုံးပြလိုက်သည့်အတွက် ကျွန်တော် ရသင့်သည့် နေ့လယ်စာသည် မပြုံးပြသူများထက် ဟင်းပိုများသည်ကတော့ အမှန်ပင်။ ထိုအပြုံးသည်လည်း ရယူလိုမှုအတွက် ပြုံးသည့် အပြုံးဖြစ်ပြန်သည်။

ညနေ အပြန်မှာတော့ အေးအေးလူလူ လမ်းလျှောက်ပြန်တတ်သည့် ကျွန်တော်သည် လမ်းဘေးဘီတို့ကို ကြည့်တတ်သည်။ ထိုအချိန်မှာကော အပြုံးစစ်စစ်ကို ပြုံးမိဖူးပါသလား။ ကျွန်တော့်ရင်ဝယ် တဒိတ်ဒိတ်ခုန်လာသည်။ တစ်နေ့တာ ပြီးဆုံးတော့မည့် အနေအထားပင်ရောက်ချေပြီ။ ကျွန်တော့်အပြုံးများတွင် စစ်မှန်သော အပြုံးတစ်ခုတောင် ရှာမတွေ့မိသေး။ စာနာနားလည်မှုနှင့်ပြုံးသည့်အပြုံး၊ အားပေးနှစ်သိမ့်ပေးသည့်အပြုံး၊ ဝတ်ကျေတမ်းကျေအပြုံး၊ လှောင်ပြောင်လိုသောအပြုံး၊ အထက်ဖါးအပြုံး၊ ရယူလိုမှုအတွက် ပြုံးသည်အပြုံး စသဖြင့် ခေါင်းစဉ်စုံလင်စွာ ပြုံးခဲ့သည့် အပြုံးများကြားဝယ် စစ်မှန်သော ဆိုသည့် ခေါင်းစဉ်တစ်ခု ပျောက်နေသည်မဟုတ်ပါလား။

မနေ့က ညကို ထပ်မံဆန်းစစ်ဖို့ ကြောက်ရွံစွာ ခေါင်းတစ်ချက်ခါယမ်းလိုက်မိသည်။ သို့ဆိုလျှင်ဖြင့် ဒီနေ့တွင်ကော တွေ့နိုင်ပါ့မလား ဟုတွေးရင်း  ဒီနေ့နံနက်ခင်းမြင်ကွင်းကို  မှတ်ဉာဏ်ထဲမှ ထပ်မံဆွဲထုတ်လိုက်မိသည်။

(၄)

သမားရိုးကျ နံနက်ခင်းအနေဖြင့် ဝတ်ကျေတမ်းကျေအပြုံးများ၊ စာနာနားလည်ခြင်းအပြုံးများနှင့် ဖြတ်သန်းခဲ့ရသည့်နံနက်ခင်းသာ ဖြစ်သည်။ အခါတိုင်းထက်ပိုသွားတာက ဒီနေ့နံနက်ခင်းမှပင် ဘာမှန်းအမည်တပ်ရခက်ခဲသော အပြုံးတုတစ်ခုကို တစ်လမ်းလုံး ဆင်ယင်လာခဲ့သည်။ ထိုအပြုံးတုသည်ပင် ကျွန်တော့်စိတ်ကို လေးလံစေခဲ့သော၊ မလွတ်လပ်စေခဲ့သော အရာဖြစ်သည်။ ထိုအပြုံးတုသည်ကား ကျွန်တော် ဒီနေ့ စိတ်ချမ်းသာနေသည်ဟု ညာခဲ့သော အပြုံးဖြစ်သည်။ ထိုအပြုံးတုသည်ကား ခင်ဗျားတို့လည်း ကျွန်တော့်လို စိတ်ချမ်းသာပါစေ ဟု အပြုံးတုခြင်းဖလှယ်ရန် ရင်းနှီးထားသော အရာပင် ဖြစ်သည်။ သို့သော် ထိုအပြုံးတုကိုပင် လူတိုင်းက မရှိမဖြစ် အသုံးပြုနေရသည့် ယဉ်ကျေးမှုဖြစ်နေသည်မဟုတ်ပါလား။

(၅)

ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့်စိတ်က ပြုံးမိချင်သွားရသည်။ သို့သော် မပြုံးရက်။ ကလေးငယ်လေးက သူ့အဘိုးဖြစ်ဟန်တူသည့် အဘကြီးတစ်ယောက်ကို လက်တွဲခေါ်လာခြင်းကြောင့်ပင်။ သို့သော် သူလေး ခေါ်ပုံက တမျိုးဆန်းသည်။ ချိုင့်ခွက်များကို အဘကြီးနင်းမိမည်စိုးသဖြင့် ကာဆီးကာဆီးနှင့်ချိုင့်ခွက်တို့မှ လွတ်ကင်းရာဆီသို့ဆွဲခေါ်ရင်းလမ်းလျှောက်စေသည်။ ကလေးငယ်၏ သိတတ်လိမ္မာပုံကို ချစ်စနိုးနှင့် ပြုံးမိချင်သွားရသော်လည်း မျက်ရည်ဝဲသည့် အပြုံးသာ ပြုံးဖြစ်မိမည်မှန်းသိသည်မို့ မပြုံးရက်။ မပြုံးရဲ။ အဘကြီးကတော့ အလင်းမဲ့သည့် မျက်လုံးများဖြင့် ရှေ့ကိုကြည့်ရင်း လက်ထဲမှ တောင်ဝှေးလေးကို ဟိုထောက်ဒီထောက်နှင့်။ သူတို့နှစ်ယောက်အား ငေးကြည့်နေသည့် ကျွန်တော့်မျက်ဝန်းတွင် စွတ်စိုနေမည်ကို သူတို့ကတော့ တွေ့မည်မထင်ပါ။ မျက်ရည်တို့ စွတ်စိုသည့်အပြုံးမျိုးကျ  ဘာအပြုံးဟုအမည်တပ်ရမည်ကျွန်တော်မသိပါ။ သို့သော် ကြည်နူးခြင်းနှင့် သနားကြင်နာခြင်း အပြုံးဖြစ်မည်ကတော့ သေချာပါသည်။

ထိုအချိန်တွင်ပင် စတိုးဆိုင်တစ်ခုအတွင်းမှ မိန်းကလေးတစ်ယောက်၏ အပြုံးသေဖြင့် ဖိတ်ခေါ်နေသည့်မျက်နှာကို ကျွန်တော် မြင်လိုက်ရသည်။ ထိုအပြုံးသေကို တစ်နေ့လုံးတပ်ဆင်ထားရသည့် သူမ မည်မျှထိ ပင်ပန်းလိမ့်မလဲ ဟုတွေးမိတော့ ကျွန်တော့်စိတ်က ဟက်ဟက်ပက်ပက်ကို ပြုံးချင်လာသည်။ ဟုတ်၏။

(၆)

အပြုံးတုသံသရာလည်နေသော အပြုံးတုနွံအိုင်ကို မည်သူကများ ကျော်လွှားသွားနိုင်ပါမည်လဲ။ အပြုံးစစ်စစ်ကို ပွင့်ဖူး ကြဖူးပါလိမ့်မည်။ သို့သော် အပြုံးတုနွံအိုင်မှာလည်းကိုယ်စီ နစ်နေကြဦးမည်မှာ သေချာလှသည်။ ဥပမာ ဆိုကြပါစို့။ အမေရိကန်သမ္မတ အိုဘားမားရှေ့ဝယ် အပျော်ကြီးပျော်ပြနေကြသော၊ အပြုံးကြီးပြုံးပြနေကြသော ပြည်သူတွေသည် တကယ်ပျော်ပါရဲ့လား။ ငါးစာကို မြင်တဲ့ခဏမှာ ပြုံးပျော်ကြပေမယ့်လည်း တကယ်တမ်းတော့ သူတို့၏ အပြုံးများသည်…….။

“အပြုံးရောင်းတယ် အပြုံးဝယ်ပါ။

ကောင်တာမှာ အပြုံးတစ်ပွင့်ခြွေခဲ့ပါ။

ဒါပေမယ့် စစ်မှန်ဖို့တော့ လိုတယ်။”

သူငယ်ချင်း ရွတ်ပြနေကျ ကဗျာလေးအား ခပ်တိုးတိုးရွတ်ဆိုရင်း ဂိတ်စောင့်နှင့်အတူ အပြုံးနွံထဲသို့ ခေတ္တခုန်ဆင်းလိုက်ပြန်သည်။ ပြီးလျှင်တော့ အမျိုးအမည်စုံလင်လှသော အပြုံးများစွာကို တပ်ဆင်ရန် မျက်နှာကို အနည်းငယ် ပြင်ဆင်လိုက်သည်။

……………..

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...