(၁)
မိန်းမတွေများ ခက်လိုက်တာ…..ဗျာ။ ယောကျ်ားတစ်ယောက်က သူတို့ကိုချစ်လို့ ဆေးလိပ်ဖြတ်တယ် တို့၊ လောင်းကစား ဖြတ်တယ်တို့ဆို လွှတ်ဝမ်းသာကြတာကလား။ အဲ့ဒါယောကျ်ားတွေရဲ့ မာယာဆိုတာကို သဘောမပေါက်ကြပဲကိုး။ ယောကျ်ားဆိုတာဟာလေ သူတကယ်ချစ်တဲ့ မိန်းမဆိုရင်တောင်မှ အဲ့မိန်းမအတွက် ဆေးလိပ်ဖြတ်ပေးတာတို့၊ ကွမ်းဖြတ်ပေးတာတို့ကို အင်မတိအင်မတန် သိက္ခာကျစရာဖြစ်ရပ်လို့ မြင်တာကလား။ တကယ်တမ်း ရှောင်သွားဖြတ်သွားတယ်ဆိုတဲ့ ယောကျ်ားမျိုးမှာ အကြောင်းပြချက်နှစ်ခုပဲရှိတယ်။ အကြောင်းကြောင်းကြောင့် မဖြစ်မနေဖြတ်ရမယ့်ကိစ္စပေါ်လာလို့ ဟုတ်ချင်ဟုတ်၊ မဟုတ်ရင် အဲ့မိန်းကလေးဆီက တစ်စုံတစ်ခုကို မျှော်လင့်နေလို့ပဲ။
ဒီတော့ ယောကျ်ားတွေ အလိမ်ခံနေရတဲ့ မိန်းမတွေက ဟိုနားစုစု၊ ဒီနားစုစုနဲ့ ငါ့အတွက်နဲ့ သူ ဆေးလိပ်ဖြတ်လိုက်ပြီဟဲ့.. ဆိုတဲ့ စကားသံမျိုးကြားရင် ကျုပ်က အလွန်ရယ်ချင်တာကလား။ ဒါပေမယ့် မရယ်ဖြစ်ပါဘူး။ တစ်ခုပဲ တွေးမိတယ်။ လောကမှာ အဲ့လို အလိမ်ခံနေရတဲ့ မိန်းမတွေ ဘယ်လောက်တောင် ပေါများသလဲ….လို့။ ဟုတ်တယ်။ ကျုပ်ဘဝမှာ အလေးထားတဲ့ မိန်းမဆိုလို့ အမေ ပဲရှိတယ်။ ဒီလောက် အလေးထားတဲ့အမေက ပြောတာတောင် ကျုပ်က လိုက်နာချင်မှ လိုက်နာတာရယ်။ အမေတစ်ခုသားတစ်ခုဘဝမှာ ကျုပ်က အမေပြောသမျှစကား တစ်ခါမှ ဆန့်ကျင်ပြီးမပြောခဲ့ဘူး။ အမေ ပြောတဲ့ စကားမှန်သမျှ ဟုတ်ကဲ့ ပဲ လိုက်တတ်တာ။ ကွယ်ရာကျမှ ကိုယ်လုပ်ချင်ရာလုပ် ပဲ။ အနည်းဆုံးတော့ ကျုပ်နဲ့ စကားပြောတဲ့အချိန်လေးမှာ အမေ စိတ်ချမ်းသာတာပေါ့ဗျာ။
နောက် တစ်ခု မျက်စိစပါးမွေးစူးမိတာက ပတ်ဝန်းကျင် ဆိုတာကိုပဲ။ တကယ် မျက်စိစူးပါရဲ့ဗျာ။ ကျုပ်ဟာကျုပ် အရက်ကြိုက်လို့ အရက်သောက်တယ်ဗျာ။ ဒါကိုပဲ အရက်သမားသား အရက်သမားပဲဖြစ်မှာပေါ့ ဆိုတဲ့စကား ခဏခဏ မေးငေါ့ကြသဗျ။ ပြိုင်မငြင်းမိပေမယ့် ကျုပ်ရင်ထဲ တနုံ့နုံ့ရယ်။ ကျုပ်လို သံပန်းလုပ်သားအဖြစ်နဲ့ အပူငွေ့တစ်လှိုင်လှိုင်နား နေကြည့်လေ၊ မသောက်ပဲလည်း မျက်နှာကြီးက ရဲနေမှာပဲ။ ပင်ပန်းလွန်းလို့ ညနေလောက်မှ ဆေးဖြစ်ဝါးဖြစ်လေးသောက်တာကို အပြစ်ပြောနေလိုက်ကြတာ။ အချိန်ပြည့်အရက်သောက်တယ် ဆိုပြီးတော့။ သူတို့ကဲ့ရဲ့တိုင်း အမေ့မျက်နှာ ညိုတာကိုတော့ တကယ်မကျေနပ်ဘူး။ ကျုပ်က သူတို့သားတွေလို စွတ်ဆတ်သောက်ပြီး အဆိုတော်လေးတွေကို ပန်းကုံးစွပ်တဲ့သူ သာဆိုရင် ဘယ်လောက်တောင် ပြောကြမလဲမသိဘူး။ဒွိဟ
(၂)
ဒီရက်ပိုင်း ကျုပ် အရက်ရှောင်နေတယ်။ အမေ့ကျန်းမာရေးက ဒီရက်ပိုင်းကျမှ ပိုဆိုးလာသလိုပဲ။ ချောင်းတဟွတ်ဟွတ်အသံက ခါတိုင်းထက် ပိုပိုများလာတယ်။ ဒီတော့ အမေ့ကို ပြုစုဖို့ မူးနေလို့မရဘူး ဆိုတဲ့အတွေးလေးနဲ့ မသောက်ဖြစ်တာပေါ့ဗျာ။ လူဆိုတာကလေ ဆုံးဖြတ်ချက်သာခိုင်ပစေ။ ဘယ်အရာမဆိုဖြစ်တယ်ဗျ။ အရင်တုန်းက ညနေအလုပ်ဆင်းတိုင်း မသောက်မဖြစ်လိုအပ်တယ်လို့ တွေးမိခဲ့တဲ့အရက်ကလေ အခုအနံ့ရရင်တောင် ကျုပ် ရှောင်မိနေပြီ။ အမေအတွက် ဆိုပြီး အရက်ဖြတ်တာမဟုတ်ဘူးနော်။ လုပ်သင့်တဲ့ အရာတွေ လုပ်နိုင်ဖို့ ဖြစ်သင့်တဲ့ အရာတစ်ခု ဖြစ်သွားတာ။
အောင်မယ် ဒီလိုကျတော့လည်း အရက်သမားသားက ဘယ်ဆိုးလို့လဲ.. တဲ့။ ပြောကြပြန်ပလား ပတ်ဝန်းကျင်။ တချို့ကျတော့လည်း ပြောကြသေး။ ဆေးဖြစ်ဝါးဖြစ်တော့ ဆက်မှီဝဲဦးမှာပါ.. ကြည့်ပါ့လား မျက်နှာကြီးနီရဲနေတာ..တဲ့။ မပြောတော့ပါဘူး။ ကျုပ်မငြင်းတော့ဘူး။
ဖြစ်ရမယ် အမေရယ်။ ရိပ်သာ သွားပြီး တရားအားထုတ်ချင်တာများ ကျုပ်ကို ငဲ့နေရတယ်လို့။ သွားပါ။ သွားပါ။ အမေ့သား ကျုပ်က ရှစ်တန်းထိလည်းပညာသင်ပြီးသား။ နေ့စဉ်ဝင်ငွေရှိတဲ့ အလုပ်လည်းရှိတယ်။ ဂရုမစိုက်ပါနဲ့ သွားပါ.. လို့ ပြောမိတော့.. ကျုပ်အပြောမှာ အရယ်လွှမ်းသွားတဲ့ အမေ့မျက်နှာက ကျက်သရေရှိလိုက်တာ။ ဒါဆိုလည်း အမေစိတ်ချပြီ သားရယ် တစ်လလောက်တော့ သွားနေမယ်နော်.. လို့ပြောတဲ့ အမေ့မျက်နှာမှာ အပျော်တွေပြည့်လို့။ ဒါပေမယ့် စိတ်တော့ပူမိသား။ အမေက ခုမှ နေကောင်းခါစရှိသေးတာ။
ရိပ်သာကို လိုက်ပို့ပြီး အပြန်မှာ အမေ့ကို ကန်တော့တော့ ကျုပ်ရင်ထဲ မျက်ရည်ဝဲတယ်။ တကယ်ပါ။ ကျုပ်တို့သားအမိက တစ်ခါမှ မခွဲဖူးတာဗျာ။ အမေ မြင်မှာစိုးလို့ ဝဲတဲ့ မျက်ရည်တွေကို သုတ်ရတာလည်း ခဏခဏ။ သြော် ဒီတော့မှ အမေ့စိတ် ဘယ်လောက်ခိုင်မာကြောင်းတွေးမိတော့တယ်။ အဖေ ထားသွားခဲ့တော့လည်း မျက်ရည်မကျခဲ့ဘူး။ မုဆိုးမဘဝနဲ့ပဲ ငါ့သားကို ပြုစုမယ် ဆိုတဲ့စကားပဲ ကြွေးကြော်ခဲ့တာ။ မဖေရှိကတည်းက အိမ်ပိုင်မနေရတဲ့ဘဝမှာ မနေပျော်ပေမယ့် အိမ်ငှားခချေတော့မယ်ဆိုတိုင်း အမေ့မှာ အဆင်သင့်ရှိတာချည်းပဲ။ ခုမှသာ ကျုပ်တာဝန်ဖြစ်လာတာကိုး။ အခုလည်း အမေစိတ်ခိုင်ပုံများကြည့်စမ်းပါဦး။ လူလေး လိမ်လိမ်မာမာနေနော်ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ မျက်ရည်တစ်စက်မဝဲဘူး။ တကယ့်ကို လေးစားချစ်မြတ်နိုးစိတ်နဲ့ ကန်တော့မိပါရဲ့။
(၃)
အိမ်မှာ အမေမရှိတော့မှ အထိန်းအကွပ်ဆိုတာကို နားလည်လာသလိုလိုပဲ။ သားရေ.. ထပြီး မနက်စာ စားဖို့ပြင်တော့.. အလုပ်နောက်ကျရင်မကောင်းဘူး.. ဆိုတဲ့ အမေ့ရဲ့ မနက်ခင်းတေးသံကို မကြားရတော့ တစ်ပတ်မှာ သုံးရက်လောက်တော့ မနက်စာလွတ်တယ်။ လွတ်တဲ့ မနက်တိုင်း တစ်ပွဲ နှစ်ရာ ဆိုတဲ့ အသုပ်ကိုစားရတာ နံကြားတောင် မဝင်ချင်ဘူး။ ညနေ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ထမင်းစားပွဲပေါ်မှာ အမေက ထမင်းပြင်ပေးပြီးသား။ ကျုပ်ကိုယ်တိုင်က စားဖို့မေ့နေရင်တောင် လူလေး.. ညနေစာ စားတော့.. အဆာလွန်သွားရင် မကောင်းဘူး ဆိုတဲ့ ညနေခင်းတေးသံကိုလည်း လွမ်းသဗျာ။
အလုပ်သွားအလုပ်ပြန်ဝတ်တဲ့အဝတ်အစားကလည်း အမေ လျှော်ပေးတုန်းကလို ဖြူဖြူစင်စင်မဟုတ်တော့ဘူး။ ကျုပ်ရဲ့ အသားမကျတဲ့ လက်ကလျှော်ထားတာဆိုတော့ ဝါတဲ့ဘက်ရောက်နေပြီ။ ဒါပေမယ့်လည်း အမေက နောက်ထပ်သုံးလလောက်နေချင်သေးသတဲ့။ ကျုပ် မတားရက်ပါဘူး။ ကျုပ်အတွက်ပဲ အသက်ရှင်ခဲ့တဲ့ အမေ ခု သူ့အတွက် အသက်ရှင်ပါစေ လို့ပဲတွေးပြီး ဖြေလိုက်တယ်။ သား အမေ့ကို လိုအပ်နေပြီ လို့ အတင်းအကျပ်မပြောရက်ဘူး။
ဒီလို အမေ မရှိဘဲ နေကြည့်တော့မှ အိမ်မှုကိစ္စဆိုတာ တော်တော်ရှုပ်ပါ့လားလို့ သိရတော့တယ်။ ရေဆိုတော့လည်း မှာရတယ်။ မမှာရင် ထမ်းဖြည့်ရတယ်။ အမေ ဘယ်လိုဖြည့်ခဲ့လဲ ကျုပ်တစ်ခါမှ မေးမကြည့်ခဲ့မိဘူး။ ကျုပ်အတွက် ရေချိုးစရာ အသင့်ရှိတယ်လို့ပဲ သိခဲ့တာ။ မီးကျတော့လဲ မီတာခသွားဆောင်ရတယ်။ တန်ရာတန်ကြေးသွားဆောင်ရတာကိစ္စမရှိပါဘူး။ ဒါပေမယ့်ဗျာ ကျုပ်သွားဆောင်တဲ့အခါတိုင်း စာရေးမတွေက သူတို့ဝန်ထမ်းအချင်းချင်းပဲ အသက်ရှိနေတယ်ထင်သလားမသိပါဘူး။ နေပူကျဲတဲမှာ မီတာခပေးဖို့စောင့်နေတဲ့ ကျုပ်တို့ကိုမှ အားမနာ။ သူတို့အချင်းချင်း စကားပြောလိုက်၊ တဟီးဟီးတဟားဟားရယ်လိုက်နဲ့ ဆယ်မိနစ်ကြာသင့်တဲ့အလုပ်ဟာ တစ်နာရီထိုးသည်ထိကိုဖြစ်သွားရော။ ဒီကြားထဲ အော်ခေါ်တော့လည်း ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါ ဆိုပြီး ကျယ်ကျယ်အော်မခေါ်ကြဘူး။ အီးတစ်ပစ်ကြားသာရုံလောက်ပဲ အော်ခေါ်ကြတာကလား တွေးမိပါရဲ့။ အမေဘယ်လိုများ သည်းညည်းခံနိုင်ခဲ့ပါလိမ့်…လို့။ နောက် ဟင်းချက်တဲ့ကိစ္စ။ ကျုပ်ကတော့ လာထား။ ဘဲဥတစ်ပွဲ နှစ်ရာ ဆိုတာကိုပဲ ဝယ်ထည့်တော့တယ်။ အမေ ရိပ်သာသွားနေစဉ်အတွင်းမှာ ကျုပ်ကတော့ မနက်စောစောထပြီး ထမင်းချက်နိုင်သွားပြီ။ ကိုယ့်ထမင်းချိုင့်ကိုယ် ပြင်တတ်သွားပြီ။ ဟင်းတော့ မပါဘူးပေါ့လေ။
(၄)
ဒီတလောတော့ စိတ်ထဲ နည်းနည်းပျော်သလိုရှိသား။ အခါတိုင်း အသုပ်စားနေကျဆိုင်က ကောင်မလေးက ကျုပ်ကို မျက်မှန်းတန်းမိသွားတော့ အစ်ကိုကြီး၊ အစ်ကိုကြီး နဲ့။ ကျုပ်လည်း ဘဝင်ခွေ့တာပေါ့လေ။ ယောကျ်ားတို့ တတ်အပ်တဲ့ ပညာနဲ့ တစ်ဖြည်းဖြည်း ကျုပ်လည်းသိလာပြီ။ ဒီကောင်မလေး ကျုပ်ကို စိတ်ဝင်စားလာပြီ လို့။ ကျုပ်စိတ်ထဲ ပျော်သလိုလိုရှိလာပြီဆိုမှတော့ အဲ့ကောင်မလေးကို ကျုပ်လည်း မမုန်းလို့ပေါ့ဗျာ။ အမေ အဆင်ပြေရဲ့လား ဆိုတဲ့ အတွေးတောင် အရင်လောက် မတွေးမိတော့ဘူး။ ဒီကောင်မလေး ကို ဖွင့်ပြောရင် ကျုပ်ကို လက်ခံပါ့မလားဆိုတဲ့ အတွေးတွေချည်း ကြီးစိုးနေတယ်။ မိန်းမဆိုတာမျိုးက ဘယ်လောက်ပဲစိတ်ဝင်စားတယ်ဆိုဆို၊ တစ်ထစ်ချကြီး လက်ခံမယ်လို့ တွေးထားလို့မရဘူးမလား။
အစ်ကို ဆေးလိပ်လျှော့သောက်ပါ့လား ဆိုတဲ့ စကားသံချိုချိုလေးနဲ့ ပြောလာတဲ့ ကောင်မလေးကို နည်းနည်းတော့ စိတ်ခုသွားတာအမှန်ပဲ။ ကျုပ်က အမေ မကြိုက်လို့သာ အမေ့ရှေ့မှာ ဆေးလိပ်မသောက်တာ။ တကယ်က ဆေးလိပ်ဂျိုး။ အခု အရက်ပြတ်နေတယ် ဆိုတာကလည်း အမေ့ကျန်းမာရေးကို စိုးရိမ်တာနဲ့ ပြတ်သွားတာ။ စိတ်ခုသွားတယ်ဆိုပေမယ့်လည်း ယောကျ်ားတစ်ယောက်ရဲ့ မာယာကို မသိတတ်တဲ့ မိန်းကလေး ဆိုတဲ့အတွေးနဲ့ ဖြေလိုက်ပါတယ်။ ပြီးတော့ ပြုံးပြုံးလေးနဲ့ပဲ အဲလိုအမြဲ စိုးရိမ်တကြီးနဲ့ တားပေးတဲ့သူရှိရင်တော့ ဆေးလိပ်ပြတ်မယ် ထင်တယ် လို့ ပြောလိုက်မိရဲ့။ ကောင်မလေးမျက်နှာမှာ ပန်းသွေးရောင်လေးထသွားတာ ကြည့်လို့ကောင်းလိုက်တာ။ အသားဖြူတဲ့သူဆိုတော့လည်း ပန်းနုရောင်ပြေးသွားတာကိုက နဂိုထက်ပိုလှအောင် အရောင်ခြယ်ပေးသလို ဖြစ်သွားတယ်ထင်ပ။ ကျုပ်ကိုယ်ကျုပ်လည်း တစ်နေ့တစ်ခြားသေချာလာတာ ဒီကောင်မလေးကို တစ်ကယ်ချစ်မိပြီ ဆိုတာပဲ။
(၅)
တကယ်ပါ။ ယောကျ်ားရင့်မာကြီးဆိုပေမယ့်လည်း ဒီစာလေးပေးဖို့အရေးကို ကျုပ်ဘာ့ကြောင့်ရင်တုန်နေရသလဲ မသိဘူး။ ဒီစာပေးဖို့ ကလည်း အခြေအနေပေးဦးမှ။ ကောင်မလေးက ခေါက်ဆွဲဖိုးလာယူမှ ပေးလို့ရမှာ။ ပြီးတော့ ဆိုင်မှာ လူကျနေချိန်လည်းဖြစ်ရမယ်။ ဒါမှ သူ့အမေကြီးသတိမထားမိမှာ။ ကံကောင်းတော့မယ်ထင်ပါရဲ့။ ကောင်မလေးက ခေါက်ဆွဲဖိုးယူဖို့ ကျုပ်ဆီလာနေတယ်။ ဒါနဲ့ကျုပ်လည်း အိမ်မှာတည်းက ကြိုပြင်ထားတဲ့ စာညှပ်ထားတဲ့ နှစ်ရာတန်လေးကို ပေးလိုက်တယ်။ နှစ်ရာတန်ကို ကိုင်လိုက်တဲ့ခဏ ကောင်မလေးရဲ့ လက်တွေ တုန့်ခနဲ ဖြစ်ပြီး နှစ်ရာတန်ကို ငုံ့ကြည့်တာတွေ့တော့ ကျုပ်လည်း အလျှင်အမြန်ကို ပြေးမထွက်ရုံတစ်မယ် ရှောင်ထွက်ခဲ့ပါရော။ သူ သိသွားပြီ ဆိုတဲ့ အတွေးလေးကလည်း ကြည်ကြည်နူးနူးလေး ဖြတ်သန်းနေတယ်။ ထွေထွေထူးထူးအဓိပ္ပါယ်မပါတဲ့ အဲ့ဒီစာလေးရဲ့ အဓိကအကြောင်းအရာက ကောင်မလေးကို ကျုပ်ချစ်နေတဲ့အကြောင်း ရေးထားတာပေါ့။
တစ်ပတ်မှာ ရတဲ့ နားရက်တစ်ရက် ဒီတစ်ခါတော့ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ပြီ ထင်တာပဲဗျာ။ တကယ် တကယ်။ ကုန်လွန်ခဲ့တဲ့ တနင်္ဂနွေတွေဟာ ခုလာမယ့် တနင်္ဂနွေလောက် ပျော်စရာမကောင်းခဲ့ဘူး ထင်တာပဲ။ အဲ့ဒီနေ့မှာ ကောင်မလေးနဲ့ ကျုပ် ပြည်သူ့ရင်ပြင် သွားဖို့ ချိန်းထားသဗျ။ ကောင်မလေးရဲ့ ညီမဝမ်းကွဲလေးပါမယ်ဆိုပဲ။ အဲ့ဒီနေ့မှာ ရမယ့် ပြန်စာလေးဟာ ကျုပ်ဝမ်းသာရမယ့်ပြန်စာလေးမှန်း သိနေရက်နဲ့ကို ရင်တွေက တစ်အားခုန်နေတာ တားမရဘူး။
(၆)
ဒီနေ့က စနေနေ့ပဲ ဆိုတဲ့အသိနဲ့ တော်တော်လေးကို ပျော်လိုက်မိရဲ့။ အိမ်အပြန်လမ်းဟာလည်း နက်ဖြန်ကောင်မလေးနဲ့ တွေ့ရမယ်ဆိုတဲ့ အတွေးနဲ့ လန်းဆန်းဖျတ်လတ်နေတာများ ဘက်စ်ကားစီးဖို့တောင် မေ့လို့။ နက်ဖြန်ဝတ်ရမယ့် အဝတ်အစားရွေးထုတ်ရဦးမယ်ဆိုတဲ့အသိနဲ့ ကားထက် ကိုယ်ကမြန်တယ်ပဲထင်နေတာ။ ဟုတ်တယ်လေ။ နှစ်မှတ်တိုင်စာဆိုတာ ယောင်္ကျားခြေလှမ်းနဲ့ ဘာကြာသတုန်း။ အခါတိုင်းသာ အလုပ်က ပင်ပန်းလွန်းလို့ လမ်းမလျှောက်နိုင်ပဲနဲ့ ကားစီးမိတာ။ ဒီနေ့ကတော့ ကားစောင့်ဖို့ စိတ်ကိုမရှည်ဘူး။
“ဟာ ဖိုးအေး ဒီမှာ မင်းဖုန်းလာနေတယ်ကွ အချိန်ကိုတ်ပဲ အန်တီတို့များတော်လိုက်တာ ကိုယ့်သား ဘယ်မချိန်အလုပ်ဆင်းမှန်း မှန်းတတ်တယ်”
ဆိုတဲ့ အိမ်ရှေ့အိမ်က ကိုသာဝင်းစကားကြောင့် အမေ့ဖုန်းမှန်းသိလိုက်ရတယ်။ အမေလည်း ရိပ်သာမှာနေတာ လေးလလောက်ကြာပြီဆိုတော့ ကျုပ်ကို သတိတရနဲ့ ဖုန်းခေါ်ပြီပေါ့ ဆိုတဲ့အတွေးနဲက ကြည်နူးမိသွားလေရဲ့။ ကြည်နူးခြင်းဆိုတာကလည်း ၅၂၈နဲ့ ၁၅၀၀ မှာတောင်ကွဲပြားသေးရဲ့။ ကောင်မလေးဆီက ပြန်စာရမယ်ဆိုတဲ့အသိနဲ့ ကြည်နူးမိတာက လှိုက်လှိုက်ဖိုဖိုရှိတယ်။ အခု အမေ့ဖုန်းဆိုပြီးကြည်နူးမိတာကျတော့ ငြိမ်းအေးလိုက်တာ။
ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဟယ်လို လို့ ထူးမိတော့ မကြားရတာကြာပြီဖြစ်တဲ့ အမေ့အသံချိုအေးအေးလေးကိုကြားရတယ်။
“လူလေး နက်ဖြန် အမေ့ကို လာခေါ်စမ်း မနက်ဆယ်နာရီအရောက် လာခဲ့”
မဖြစ်ဘူး လို့ မငြင်းရဲပေမယ့် ညနေပိုင်းလာကြိုမယ်လေ ပြောဖို့ပြင်လိုက်ချိန်မှာပဲ အမေ့ဘက်က ဖုန်းချသွားလေရဲ့။ ကိုသာဝင်းကို ဖုန်းပြောခ တစ်ရာထုတ်ပေးနေတဲ့ ကျုပ်ရင်ထဲမှာ တော်တော်လေးကို ဗလောင်ဆူနေပြီ။ အမေ့မှာ လုပ်စရာတစ်ခုခုရှိနေလို့ ကျုပ်ကို မဖြစ်မနေခေါ်ခိုင်းတာနေမှာ ဆိုတဲ့ ဦးနှောက်က အသိက ကောင်မလေးနဲ့ ချိန်းထားတာကို ဖျက်ဖို့ခိုင်းနေသလို နှလုံးသားကလည်း အချိန်ခဏလေးပေးလိုက်ပါကွာ ဆိုတဲ့ စကားနဲ့ တိုက်တွန်းနေတယ်။
အမေ့အကြောင်းလည်း ကျုပ်ကသိတယ်။ သူ့ဘာသာ ပြန်တတ်ရင် ကျုပ်ကို ခေါ်မှာမဟုတ်ဘူး။ အဲ့ဒီသတ္တမရံသီ ဆိုတဲ့ရိပ်သာက ရှစ်မိုင်မှာ ရှိတာ။ အမေက တာမွေလောက်ပဲသွားတတ်တာကလား။ နေရာက ချောင်ကျလွန်းလို့ ကျုပ်တောင် အဲ့ဒီရိပ်သာကို မျက်စိလည်ချင်ချင်ရယ်။ မနည်းမှတ်ထားရတာ။ ပြီးတော့ အမေနဲ့အတွေ့တာ လေးလလောက်ရှိနေရဲ့သားနဲ့ လာကြိုဖို့ပျက်ကွက်တယ် ဆိုပြီး အမေဝမ်းနည်းမှာလည်း စိုးမိတယ်။ အတွေးတွေနဲ့ တစ်လူးလူးတစ်လွန့်လွန့်နဲ့ အိပ်မပျော်နိုင်ဖြစ်နေတဲ့ ကျုပ် ခုထိ ဘယ်ကိုသွားရမယ်ဆိုတာ မရွေးနိုင်သေးဘူး။ အဲ့ဒီအတွေးတွေကြောင့်ပဲ ညနေစာကိုလည်း ကောင်းကောင်းမစားနိုင်ခဲ့ဘူး။ အအဝတ်အစားလည်း ရွေးချင်စိတ်မရှိတော့ဘူးရယ်။
(၇)
မျက်လုံးဖွင့်ပြီး နိုးကတည်းက အိပ်ယာပေါ်မှာလှဲနေမိတာ။ အခုမှ နာရီကိုကြည့်မိတော့ ရှစ်နာရီ ထိုးနေပြီ။ တံတားဖြူမှတ်တိုင်မှာ တွေ့မယ်ဆိုပြီး ကောင်မလေးနဲ့ ချိန်းထားတာကလည်း ဆယ်နာရီပဲ။ ဘယ်ကိုပဲသွားသွား ဒီချိန်ကတည်းက ရေမိုးချိုးအဝတ်အစားပြင်သင့်ပြီဆိုတော့ ကျုပ် ရေချိုးဖို့ ထသာရပ်လိုက်ရတာ။ ဘယ်ကိုသွားရမလဲ ဆိုတဲ့စိတ်က ဝေခွဲမရဘူးရယ်။ အမေနဲ့ ချစ်တဲ့သူ ဘယ်ကိုသွားရမလဲ ဆိုတဲ့အတွေးက ကျုပ်ကို နှိပ်စက်နေတုန်း။ ဦးနှောက်က အမေ အမေ လို့ တစ်ဖွဖွ ရေရွတ်နေသလို နှလုံးသားကလည်း ချစ်သူ၊ ချစ်သူ နဲ့ ။ ခေါင်းတစ်ခုလုံးအုံခဲနေတာကတော့ မနေ့ညကတည်းကပဲ။
ဟော.. နောက် နှစ်မှတ်တိုင်ဆို တံတားဖြူမှတ်တိုင်ကို ရောက်ပြီ။ ကျုပ်ဆင်းရမလား။ ဒါမှမဟုတ် အမေ့ဆီပဲ ဆက်စီးသွားရမလား။ ကားပေါ်စတက်ကတည်းက အတွင်းထိမဝင်ခဲ့တဲ့ ခြေထောက်တွေကြောင့် လူက ဝင်ပေါက်ထွက်ပေါက်နဲ့ နီးတဲ့နေရာနားမှာ။ ဟော.. ရောက်တော့မယ် နောက်တစ်မှတ်တိုင်ဆို။ ကျုပ်ဘာလုပ်ရမလဲ။ ဆင်းရမလား…ဆက်စီးသွားရမလား။
………………………….
ရည်ဝေ(လင်းရောင်ခြည်)
၂၀၁၃ ဇူလိုင် InStyle မဂ္ဂဇင်း
No comments:
Post a Comment