Thursday, February 13, 2025

ကြယ်အိုတို့ အိပ်တန်းတက်ချိန်-ရည်ဝေ(လင်းရောင်ခြည်)-၂၀၁၅ သြဂုတ် Faces

(၁)

မှန်ထဲကို ကြည့်နေရင်းက သူ ပြုံးကြည့်မိတယ်။ သူ့အပြုံးက မလှဘးူ။ ဒါပေမယ့် ကြည်စင်တယ်လို့ သူခံစားရတယ်။ လူအိုတစ်ယောက်ရဲ့အလှတရားက ဘာလဲလို့ မေးလာရင် သူကတော့ သူ့ရဲ့ ပိန်ကျုံသိန်လှီနေတဲ့ လက်မောင်းလေးတွေ ထိုးပြမှာပဲ။ တွန့်ရွဲနေတဲ့ ပါးရည်တွေကို ထိုးပြမှာပဲ။ ဟုတ်တယ်လေ။ လူအိုဟာ လူအိုပီပီသသ အိုမင်းရင့်ရော်နေဖို့တော့ လိုအပ်တယ်မဟုတ်လား။ မိတ်ကပ်လေးဖြည့်ဆည်းလိုက်ရုံနဲ့ ဖွေးလူပ်သွားတဲ့ အသားအရည်ဟာ တွန့်ရွဲမနေပါဘူးလို့ ဘယ်သူပြောလဲ။ အရှိတရားကို လက်ခံနိုင်တာကိုက အလှတရားပဲ။



ရိုးရှင်းတဲ့ အိုမင်းမှုမှာ ရုပ်မလှရင်တောင်မှ အကြည်ရောင်အလှတရားရှိတယ်လို့ ဆိုလိုက်ချင်သေးရဲ့။ နောက် လူအိုတစ်ယောက်ရဲ့ ကံကောင်းမှုဟာ သူ့ကိုဖေးမပေးနေတဲ့ ဆွေမျိုးသားချင်းရှိတာပဲ။ သူ့မှာကတော့ ရှိတယ်လည်း ဆိုလို့ရရဲ့၊ မရှိဘူးလို့လည်း ဆိုလို့ရဲ့။ ဘာပြောပြော မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုးလို့ ဆိုရိုးရှိခဲ့တယ်မဟုတ်လား။ ဒီရပ်ကွက်လေးနဲ့ သူ အသားကျနေခဲ့တာ ကြာပြီ။
ပြောမယ်ဆို သမီးနဲ့သား မလေးထွက်သွားကတည်းကပေါ့။ လစဉ် သုံးလောက်စရာပိုက်ဆံတော့ပို့ပါရဲ့။ ဘယ်ချိန်မှ ပြန်မြင်ရပါ့မလဲ ဆိုတဲ့အတွေးနဲ့ သားနဲ့သမီးကို လွမ်းရတာက ခဏခဏ။ ကြာလာတော့လည်း သူ မတွေးဖြစ်တော့ဘူး။ မျက်ရည်တွေ ခမ်းသွားလို့ပဲလား။ တွေးမိရင်တောင်မှ မငိုတတ်တော့ဘူး။ သမီးကလည်း မလေးမှာ ဗမာတစ်ယောက်နဲ့လက်ထပ်သွားတာကြားသိလိုက်ပါရဲ့။ သားကလည်း မလေးမတစ်ယောက်နဲ့ လက်ထပ်သွားမှန်းသိပါရဲ့။ သူ့ဆီတော့ ပြန်မလာတာ ဒီနေ့ထိပဲ။
ဟော အိမ်ရှေ့ကအသံကြားတယ်။ ခါတိုင်းထမင်းဟင်းလာပို့နေကျ ဖိုးသာ လာပြီထင်တယ်။ ဖိုးသာဆိုတာက အိမ်ရှေ့ကထမင်းဆိုင်က ကလေးမရဲ့ အဖေ။ သူတစ်ယောက်တည်းနေတာ သိတာနဲ့ ကလေးမက ဇွတ်ကို ထမင်းဟင်းပို့ပါမယ်ပြောပြီး လာပို့တာ ဘယ်နှစ်လတောင်ရှိပါလိမ့်။ အလကားလည်းမယူချင်တာနဲ့ သူ့မှာ ထမင်းဆိုင်ကို တစ်လတစ်လ တစ်သောင်းပေးနေရတယ်။
ကလေးမလေးက သူ့အဖေကို သူမသနားဘူးထင်ပါတယ်။ စပို့တဲ့နေ့ကတည်းက ဖိုးသာခမျာ သူ့ဆီလာဖို့ရရှာတယ်။ နှစ်ထပ်ဆိုတော့ မောတယ်ပြောလို့မရသလို မမောဘူးလို့လည်း ပြောလို့မရဘူးပေါ့။ သူတိုကအသက်အရွယ်ဆိုတာက တတ်နိုင်သလောက် နားသင့်တဲ့အရွယ်မဟုတ်လား။ ဖိုးသာကတော့ ကျန်းမာရေးတောင်ကောင်းသေးတယ် ပြောတာပဲ။ ဖိုးသာနဲ့သူက သက်တူရွယ်တူဆိုတော့လည်း ဖိုးသာလာတဲ့အခါတိုင်း စကားပြောဖြစ်တတ်ကြတာပါပဲ။ စကားပြောဖေါ်ရလာတာလေး တစ်ခုအတွက်တော့ အဲဒီကလေးမကို ကျေးဇူးတင်ပါရဲ့။
စကားပြောတယ်သာ ဆိုတာပါ။ စကားတွေက တောရောက်တောင်ရောက်ပါ။ သူပြောတဲ့စကားထဲမှာတော့ သမီးနဲ့သားက ငွေဘယ်လိုပို့တာပါတယ်။ အိမ်ပြန်မလာတာ ပါတယ်။ ဒီတိုက်ခန်းကသမီးရဲ့ နာမည်နဲ့ဝယ်ထားတာဆိုတဲ့အကြောင်းပါတယ်။ တစ်လတစ်လကို သမီးနဲ့သားပို့တဲ့ငွေကို ဘယ်လိုသုံးရမယ်မသိလို့ ဘဏ်စာအုပ်ထဲပဲ ထည့်နေရတဲ့အကြောင်းပါတယ်။ ဖိုးသာပြောတတ်တဲ့စကားတွေမှာတော့ သမက်နဲ့ သိပ်အဆင်မပြေတဲ့အကြောင်းပါတယ်။ သမီးကို သနားတဲ့အကြောင်းပါတယ်။ သမီးက ဖိုးသာကို ချစ်တဲ့အကြောင်းတွေပါတယ်။ အော် အဲဒါ ပြောတာပေါ့။ လူအိုတွေအတွက် ကံကောင်းမှုဆိုတာ ကိုယ့်ကိုဖေးမစောင့်ရှောက်မယ့်လူ ရှိတာပဲ။ ခုတော့ ဖိုးသာကော သူကော ကံကောင်းတာပဲ။ အဲသလိုပြောကြရင်း အပျော်တွေနဲ့ ရယ်ဖြစ်ကြတာ ခဏခဏပဲ။
ဒါပေမယ့် စိတ်ထင်လို့ပဲလားမသိပါဘူး။ သူ့မျက်ဝန်းထောင့်က ကျီးခြေရာလေးတွေမှာ နှင်းလေးသီးနေသလို ဖိုးသာမျက်ဝန်းတွေ တစ်ချက်တစ်ချက် စိုစွတ်နေတယ် ထင်မိတယ်။ ရယ်နေကြတဲ့ သူနဲ့ဖိုးသာအသံက တစ်ခါတစ်ခါဆို ခြောက်ကပ်နေတယ်လို့ ထင်မိတယ်။ ဘာဖြစ်ဖြစ် ဖိုးသာနဲ့ ပိုရင်းနှီးလာတာတော့ အမှန်ပဲ။
ဖိုးသာက သူ့ထက် အသက်နှစ်နှစ်ကြီးသတဲ့။ ဖိုးသာရဲ့ ပြောသံကြားတော့ နံရံမှာချိတ်ထားတဲ့ သွားလေသူရဲ့ ဓါတ်ပုံကို ကပျာကယာ မော့ကြည့်မိတယ်။ တကယ်လို့သာ သူ့အစီအစဉ်အတိုင်းဖြစ်ခဲ့ရင် သွားလေသူကြီး စိတ်များတိုနေမလားဆိုတဲ့ အသိက ရင်ဘက်ကို ဖိုလှိုက်စေတယ်။ ဒါပေမယ့်လည်း သွားသူက သွားပြီပဲလေ။ ရှင်ကျန်ခဲ့သူအတွက်ကတော့ အရိုးများသလေး၊ ချေးခါးသလေး တွေးနေလို့ရတာမှ မဟုတ်ဘဲ။ ဟုတ်တယ်မလား။
ဖိုးသာနဲ့ သွားလေသူနဲ့ ယှဉ်ကြည့်ရင် သွားလေသူက ရုပ်ပိုသန့်တယ်လို့ ထင်မိတယ်။ ကိုယ့်ငါးချဉ် ပဲ ကိုယ်ချဉ်တယ်လို့ ခေါ်ရမလား။ ဘာပြောပြော ရုံးခန်းမှာ စတိုင်နဲ့ထိုင်ပြီးနေရတဲ့ အရာရှိတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ နေပူကျဲတဲ ငါးရှာဖားရှာခဲ့ရတဲ့ ဖိုးသာလိုရုပ်ရည်နဲ့က နှိုင်းစရာမလိုအောင်ကို အကွာကြီးကွာတာပါ။ ဒါပေမယ့် သိသိကြီးနဲ့နှိုင်းပြီး သွားလေသူအတွက် ဂုဏ်ယူမိပြန်ရော။
“ဗျို့ ဒေါ်မီမီဦး ဘာတွေအတွေးလွန်နေလဲဗျ ခင်ဗျားကလေးတွေနဲ့အဆက်အသွယ်ရသေးလားလို့ မေးတာကို ခုထိပြန်မဖြေသေးဘးူ”
ဖိုးသာအမေးကြားမှ သူ သတိဝင်သွားတယ်။ ဟုတ်ပါရဲ့။ သွားလေသူမျက်နှာမှာ နစ်ဝင်သွားတဲ့အကြည့်ဟာ သူ့စိတ်တွေကို ဘယ်ထိသိမ်းကြုံးဆွဲယူလိုက်ပါလိမ့်။ ဖိုးသာကို မချိပြုံးလေးပြုံးပြရင်းကပဲ ဖြေလိုက်ရတယ်။
“တစ်လကို တစ်ခါလောက်တော့ ဖုန်းပြောဖြစ်ပါတယ် ကိုဖိုးသာရယ် မအေလုပ်သူက တွေ့ချင်နေတာကို ဒင်းတို့မသိကြဘူးလေ ငွေရှာလို့ကောင်းနေတုန်း”
ပြောရင်းက ကကျလာဖို့ပြင်နေတဲ့မျက်ရည်စက်ကို မကျအောင် မျက်တောင်ကို ခတ်နေလိုက်တယ်။ တကယ်ဆို သူမငိုချင်ပါဘူး။ သူဝမ်းနည်းမနေပါဘူး။ ဒါပေမယ့် မျက်ရည်ကကို အလိုလိုကျနေချင်တာ။ ဒါ ဘာ့ကြောင့်လဲတော့ သူ မသိဘူး။
“အန်တီရေ အဖေ ရှိလားရှင့် ”
ဟော သံဇကာကြားကမြင်နေရတဲ့ ကလေးမကို သူခေါင်းညိတ်ပြလိုက်တယ်။ တကယ်ကတော့ အဖေရှိလားလို့ မေးစရာကို မလိုတာပါ။ ဖိုးသာက သူ့ရှေ့မှာ ထိုင်နေတာ ထင်းထင်းကြီးမဟုတ်လား။ ကလေးမရဲ့မျက်လုံးက တိုက်ခန်းထဲကို ဝေ့ဝဲသွားတာကို မြင်လိုက်တော့ သူ့နှုတ်ခမ်းက အလိုလိုပြုံးချင်လာတယ်။ ဒီချိန်ဆို ဒီတိုက်ခန်းရဲ့ ကာလပေါ်တန်ဖိုးကို တွက်နေလိမ့်မယ် ထင်ပါရဲ့ လို့တွေးရင်း သွားလေသူကြီးကို မော့ကြည့်လိုက်တော့ သွားလေသူက ပြုံးပြုံးကြီး ငုံ့ကြည့်နေလေရဲ့။
“အေးအေး လာပြီ သမီးရေ”
ဆိုပြီး ဖိုးသာ ထပြန်သွားတော့ သူ့ရင်ထဲ တမျိုးကြီးဖြစ်ကျန်ခဲ့တယ်။ ငါ မှန်မှ မှန်ရဲ့လားဆိုတဲ့ အတွေးကို တွေးနေမိရင်းပေါ့။
(၂)
သူ့ဘဝမှာ စိတ်မရှည်ဆုံးအရာကို ပြပါဆိုရင် စောင့်ဆိုင်းရတဲ့အလုပ်ပဲ။ ဟုတ်တယ်။ အဲဒီစောင့်ဆိုင်းရတဲ့အလုပ်ကို မကြိုက်လို့ပဲ သမီးနဲ့သားကို မလွမ်းဘဲ နေတတ်အောင်လေ့ကျင့်ခဲ့ပြီးပြီ။ ခု ဒီဖုန်းကတော့ မဖြစ်မနေကြားဖို့ လိုလို့သာ စောင့်နေရတာ။ အမှန်ဆိုရင် စောင့်ဆိုင်းဖို့ သိပ်စိတ်မပါတော့ဘူး။ လစဉ် အဲဒီဖုန်းကိုစောင့်ပြီး သွားလေသူဆင်ခဲ့တဲ့ ပစ္စည်းတွေ တတိတိနဲ့ ဖြုတ်ပြီးနေခဲ့တာ ကြာပြီပဲ။ တကယ်တော့လည်း သမီးနဲ့သားဆိုတာ သူစိမ်းဖက်သွားတာနဲ့ သူစိမ်းသက်သက်ဖြစ်သွားသလိုပဲ ဆိုတဲ့အသိကို သူ သိခဲ့တာ ကြာပါပြီ။
ပါးစပ်က အကြွားသန်သန်နဲ့ သမီးနဲ့သားကို တစ်လဘယ်လောက်ပို့တာလို့ပြောပြော သုံးလတစ်ခါပေးတဲ့ပိုက်ဆံလေးနဲ့ မလောက်လို့ သွားလေသူထားခဲ့တဲ့ ပစ္စည်းတွေတောင် ဘယ်လောက်မှ မကျန်တော့ဘူး။ ပြောမယ်ဆို အစကတည်းက မကျန်တော့တာပါ။ သူတို့သွားဖို့ ထုခွဲရောင်းချပေးခဲ့တဲ့ ပစ္စည်းလေးတွေကို မနှမြောပေမယ့် ခုလိုအချိန်မှာတော့ တမ်းတသားပဲ။ နေထိုင်မကောင်းဖြစ်တဲ့အချိန်၊ ဖုန်းဆက်နေကျရက် ဆက်နေကျအချိန်မျိုးမှာပေါ့။ ဒီလလည်း သူတို့ ငွေပို့ဖို့ မှန်းတာမဟုတ်ပါဘူး။ သူတို့ အသံလေးကို ကြားချင်ခဲ့တာပါ။
အောက်ထပ်ထမင်းဆိုင်က ကလေးမရဲ့ ဇာတ်ညွှန်းကို အသက်ခြောက်ဆယ်ကျော်နေတဲ့ သူ သိသားပဲ။ မသိချင်ယောင်ဆောင်ပြီး ဆက်ကနေတာ ဘာ့ကြောင့်လဲဆိုတာကိုတော့ ကလေးမနဲ့ဖိုးသာမသိလောက်ဘူး။ ဟုတ်တယ်။ သွားလေသူ ဆင်ပေးခဲ့တာလေးတွေ မကုန်ဖို့ တစ်လတစ်သောင်းနဲ့ ထမင်းစားနေရတာ ဘယ်လောက်ဟန်သလဲ။ နောက် ကိုယ့်ကို ဂရုစိုက်ပေးမယ့်သူရှိတဲ့အတွက် နေပျော်လာတာတော့အမှန်ပဲ။ ဖိုးသာပုံစံကြည့်ရတာကလည်း ဟန်ဆောင်ပုံမရပါူဘူး။ တကယ့်စိတ်ရင်းစေတနာနဲ့ ထင်ပါရဲ့။
တစ်နေ့ကို နှစ်ခါလောက် ဖိုးသာနဲ့တွေ့နေရတော့ သူ့စိတ်ကလည်း ဖိုးသာကို ရင်းနှီးနေမိတာအမှန်ပဲ။ ကလေးမဖြစ်စေချင်သလို မဟုတ်ပေမယ့် အစ်ကိုလို မောင်လို အားကိုးအားထားတစ်ခုအဖြစ်တော့ တွေးတတ်မိခဲ့တာပဲ။ တလောက လေရောဂါပြန်ထလို့ အသက်ရှူရခက်တုန်းဆိုရင် ဖိုးသာမှာ ဂရုစိုက်လိုက်ရတာ ပျာနေတာပဲ။ နောက်ပြီး ထမင်းစားတဲ့အခါမှာလည်း ဝါးရခက်တဲ့ အစားအစာမျိုးမပါအောင်လို့ ဖိုးသာ တကူးတက ဖယ်ပေးခဲ့တာ။
နောက်တစ်ခု ဖိုးသာရဲ့ဂရုစိုက်မှုမှာ ငါက မိန်းမတစ်ယောက်ပါ့လား ဆိုတဲ့ အသိဝင်လာမိတယ်။ မိန်းမတစ်ယောက်အနေနဲ့ ယောကျ်ားတစ်ယောက်ရဲ့ ဂရုစိုက်မှုကို ရရှိနေတာပါ့လားဆိုတဲ့အသိက အသက်ခြောက်ဆယ်အရွယ် မိန်းမအိုတစ်ယောက်ကို မာန်တင့်စေတာတော့ အမှန်ပဲ။ ဒါပေမယ့် ဖိုးသာဂရုစိုက်တာ ငွေကော၊ သူကော ဆိုတာပါသိနေတဲ့ စိတ်ကြီးက ခက်လှတယ်။
ဟော မျှော်နေတဲ့ ဖုန်းလာပြီပဲ။ မှန်း ဘယ်သူဆက်တာလဲ။ သမီးာကီးအရင်ဆက်တာပဲ။
“ဟယ်လို သမီးလား …”
“အမေ ကျွန်မ မေးစရာရှိတယ် အရှေ့အိမ်က သားငယ်နဲ့ အွန်လိုင်းမှာတွေ့တော့ သူကပြောတယ် အရှေ့ထမင်းဆိုင်က အဘကြီးနဲ့အမေက ဘာလိုလိုတဲ့ ဟုတ်လား အမေ အသက်ကြီးမှ သမီးတို့ အရှက်ရအောင်တော့ မလုပ်ပါနဲ့လား အမေရယ်”
တစ်ဖက်ကရှိုက်သံနဲ့အတူ မနားတမ်းပြောလာတဲ့ သမီးစကားကြောင့် သူတွေသွားမိတယ်။ သမီးတကယ်စိတ်ပူနေတာ ဘာကိုဆိုတာ သိနေတဲ့သူ့အတွက်တော့ ထူးငြင်းမနေချင်တော့ပါဘူး။ ရပ်ကွက်သူရပ်ကွက်သားတွေကလည်း အကြားနဲကတင် ပါးစပ်သရမ်းနေကြတာကိုး။ အေးလေ။ ထူးငြင်းတော့ကော ဘာထူးမှာလဲ။ စကတည်းက ဒီဇာတ်ညွှန်းမှန်းသိသိနဲ့ သူဝင်ရပ်ခဲ့တာမဟုတ်လား။
သမီး စိတ်ချမ်းသာအောင် သူ ညာမနေတေ့ာဘူး။ ဘာပဲကြုံလာကြုံလာ သူလုပ်စရာရှိတာကိုပဲ လုပ်ရမှာမဟုတ်လား”
“အမေ့ထမင်းဖိုးလုံလောက်အောင် သမီးပို့ပေးပါ့မယ် အမေရယ်..”
ရှိုက်သံနဲ့ပြောနေတဲ့ သမီးကို တိတ်ဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့မှ
“အမေဘာပဲ လုပ်လုပ် သမီးတို့ရသင့်တာ ရစေရမယ် အမေကတိပေးတယ်.. သားငယ်ဆက်တော့မယ် အမေဖုန်းချပြီ ဒါပဲနော်”
သမီးကြီးဖုန်းမချခင် သူချလိုက်ပေမယ့် ရင်ထဲမှာ လှိုက်နွမ်းနေတာပဲ။ သူ့ကို စိတ်ပူတာလား၊ တိုက်ခန်းကို စိတ်ပူတာလားလို့ တိုက်ရိုက်မေးချင်ပေမယ့် သူ မမေးတော့ပါဘူး။ သမီးတို့ရပိုင်ခွင့်ကို ဘယ်တော့မှ အမေ မဖျက်ဆီးပါဘူးလို့သာ စိတ်ထဲမှာ ကတိပေးနေမိတယ်။
“ဟယ်လို အမေ..”
သားငယ်ဖုန်းဆက်လာတော့လည်း သူ့အစ်မလေသဲအတိုင်းပါပဲလား။ သွားလေသူကြီးကို သူမော့ကြည့်နေမိတယ်။ နဂိုတည်းက မှုန်သီနေတဲ့ မျက်လုံးဟာ ပိုပြီးဝါးသွားမှန်းသတိထားမိတယ်။ အမေ ကတိပေးတယ် လို့ သားငယ်ကို ပြောလိုက်တဲ့ စကားအဆုံးမှာ ရှိုက်ကြီးတငင် ငိုလိုက်မိသလား မသေချာဘူး။ ငိုချင်လည်းငိုဖြစ်မှာပါ။ သဘက်ခါဆို ကလေးမတို့ဆိုင်က တစ်သောင်းပေးဖို့ လက်ကလက်စွပ်လေး ဖြုတ်ဖို့လိုလာပြီ။ သမီးကော၊ သားပါ ပိုက်ဆံဘယ်နေ့ပို့မယ်ဆိုတာ ပြောမသွားကြဘဲ။ စောစောစီးစီးရှာထားတာ ကောင်းပါတယ်လေ။
(၃)
“တော် ကျွန်မနဲ့ ယူရင် တိုက်ခန်း ရမှာ မဟုတ်ဘူး.. နောက်ပြီး စုံတွဲငယ်တွေလို အိမ်ထောင့်သုခ ခံစားရမှာ မဟုတ်ဘူး။”
ခပ်ပြတ်ပြတ် ဆိုလိုက်တဲ့ သူ့စကားအဆုံးမှာ ဖိုးသာက အော်ရယ်တယ်။
“အေးပါဗျာ ခင်ဗျားနဲ့ ကျုပ် ဒီအသက်အရွယ်ကျမှ မောင်ကလေ မေကလေ လုပ်နေဖို့ မလိုတော့ပါဘူး။ နားအေးပါးအေး အိပ်စရာနေရာရှိတယ်။ အတူတူလက်တွဲဖေးမကူမယ့်အဖေါ်မျိုး ရှိတယ်ဆိုရင်ကို လက်ကျန်ဘဝမှာ နေပျော်ပြီထင်တာပဲဗျာ… ခင်ဗျားဘဝကို ကျုပ်သိတယ် ကျုပ်ဘဝကိုလည်း ခင်ဗျားသိတာပဲဗျာ.. ဒီတော့ ဆေးပေးမီးယူ ဆိုတဲ့ စကားလေးကိုပဲ လိုချင်တာဆိုတာကို ခင်ဗျားနားလည်မယ်ထင်တာပဲ”
ဖိုးသာရဲ့ စကားအဆုံးမှာ မျက်ရည်ဝဲဝဲနဲ့ သူခေါင်းညိမ့်လိုက်မိတယ်။ တိုက်ခန်းကို သမီးနဲ့သားနှစ်ဦးစပ်နာမည်နဲ့ထားထားကြောင်းသိရင် သမီးတို့ ကျေနပ်ကြမှာပါ။ ခု ဘဝလက်ကျန်ကိုတော့ ဆေးပေးမီးယူ ဆိုတဲ့ စကားလေးနဲ့ နေပျော်အောင်နေရဦးမှာပေါ့။ အမှန်ဆိုရရင် ဖိုးသာပြောထားတာက ကြာပြီ။ သမီးနဲ့သားကြောင့် သူ ခုမှ ဆုံးဖြတ်ဖြစ်တာမဟုတ်လား။
“ဒါဆို နက်ဖြန် ရပ်ကွက်ရုံးကို အသိပေးပြီး တရားဝင်လက်မှတ်ထိုးလိုက်တာပေါ့”
ဖိုးသာရဲ့ စကားဆိုဟန်ကလည်း အေးအေးပဲ ဖြစ်သလို သူလည်း ခပ်အေးအေးပဲ ခေါင်းညိတ်လိုက်တယ်။ ဟုတ်တယ်လေ။ သူနဲ့ဖိုးသာမှာ အုပ်ထိမ်းသူဟာ သူတို့ပဲ ဖြစ်ပြီး သူတို့ဘဝလက်ကျန်ကို ငြိမ်းအေးစွာဖြတ်သန်းဖို့ဆိုတာလည်း သူနဲ့ဖိုးသာလက်ထဲမှာပဲ မဟုတ်လား။
ဒီတော့လည်း ဘာတွေးနေစရာလိုသေးလဲ။
(၄)
“အဖေ အဲဒီအဖွားကြီးမှာ ဘာလက်ကျန်မှ မရှိတော့ဘူး သေချာတာကို ဘာလို့ လက်ထပ်မှာလဲ”
အတွင်းထဲက ပျံ့လာတဲ့စကားက ထိုင်နေရာကထပြီး ရေသောက်နေတဲ့ သူ့ကို ရေနင်သွားမတက် မျက်လုံးပြုးစေတယ်။
“အဖေ့မှာလည်း ဘာမှမရှိဘူး သူ့မှာလည်း ဘာမှမရှိဘူး ဒါပေမယ့် အဖေတို့ ဘဝလက်ကျန်ကို အေးအေးလူလူဖြတ်သန်းဖို့ ဆေးပေးမီးယူအဖြစ် သူ့ကို အဖေလိုအပ်တယ် အဖေ့ကိုလည်း သူ လိုအပ်တယ် သမီး နားလည်မယ်ထင်ပါတယ်”
ဖိုးသာရဲ့ စကားကို ကြားရမှ ရေကို အသာလေးလျှောချသောက်နိုင်တော့တယ်။ တကယ်ဆိုရပ်ကွက်ကို အသိပေးပြီးလက်မှတ်ထိုးပြီးပါရဲ့ ဒီကလေးမှ ဒီလိုမပြောသင့်ဘူးလို့ တွေးမိပေမယ့် သူဘာမှမပြောတော့ပါဘူး။ သူ့အတွက် မှီစရာထောက်စရာ တောင်ဝှေးတစ်ခု၇ပြီဖြစ်သလို သူကိုယ်တိုင်လည်း တစ်ပါးသူအတွက် မှီစရာထောက်စရာတောင်ဝှေးလေးပါ့လား ဆိုတဲ့အသိက သူ့စိတ်ကိုချမ်းမြေ့စေတယ်။
ဖိုးသာက သူ့ကို အမယ်ကြီးလို့ ခေါ်တယ်။ သူကလည်း ဖိုးသာကို အဖေကြီး လို့ခေါ်တယ်။ သူတို့မှာ သားသမီးတွေ မရှိပေမယ့် သူတို့ ပျော်ပါတယ်။ သားနဲ့သမီးကော ဆေးပေးမီးယူဆိုတဲ့ စကားကို နားလည်ပါ့မလား။ သူကတော့ နားလည်နိုင်ပါစေ လို့ ဆုတောင်းနေမိတာပါပဲ။ သူကတိတည်တယ်ဆိုတဲ့အကြောင်းကို သမီးနဲ့သားကော၊ သွားလေသူကြီးကော သိခဲ့မှာပါလေ။
….
မှန်ထဲကနေ ကိုယ့်ပုံကိုယ်ပြန်ကြည့်နေတဲ့ သူ့ကိုကြည့်ပြီး ဖိုးသာက ပြုံးတော့ သူ မေးခွန်းမေးချင်စိတ်ပေါက်လာတယ်။
“တော့ ကိုဖိုးသာ ကျွန်မဆီမှာ အလှဆုံးကဘာလဲ ဖြေကြည့်စမ်းပါဦး”
“အော် အမယ်ကြီးရယ် အဲဒီ တွဲရရွဲကျနေတဲ့ ပါးပြင်ထက်မှာ ထင်းလင်းနေတဲ့ အပြုံးက အလှဆုံးပေါ့။”
ဖိုးသာရဲ့အဖြေမှာ သူ ကြည်ကြည်စင်စင်ပြုံးလိုက်မိလေရဲ့။

ရည်ဝေ(လင်းရောင်ခြည်)

၂၀၁၅ သြဂုတ် Faces မဂ္ဂဇင်း

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...