Wednesday, February 12, 2025

“အထီးကျန်ည”-၂၀၁၅ ဇန်နဝါရီ Face မဂ္ဂဇင်း


ည။ ရှင်းလင်းနေသည်။ အတွေးတွေရှင်းလင်းနေသည်။ ဖြစ်ချင်စိတ် ရှင်းလင်းနေသည်။ တစ်ခုခုကို စိတ်ပါလက်ပါ တွေးတောချင်စိတ်မရှိသလို စာဖတ်ဝါသနာပါသူဖြစ်ပြီးစာဖတ်ချင်စိတ်မရှိသည်မှာလည်း ထူးဆန်းနေပါသည်။ညသည် တိတ်ဆိတ်ခြင်းကို လိုအပ်သူအတွက် တိတ်ဆိတ်ခြင်းတို့ပေးနေသော်ငြား အိပ်စက်ချင်သူအတွက် အိပ်ချင်စိတ်တို့ သယ်ဆောင်မလာပါ။ စိတ် ရှင်းလင်းခြင်းဟူသည့် ခံစားချက်တစ်ခုသာပေးနေသည်။
ဟာသည်။ ရင်ထဲမှာ ဟာနေသည်။ တစ်စုံတစ်ခုကို လက်လွှတ်လိုက်ရသည့်ခံစားချက်မျိုး ခံစားနေရသည်။ ကိုယ် ဘာကိုမျှ ဆုပ်ကိုင်ထားခဲ့ခြင်းမရှိပါပဲ တစ်စုံတစ်ခုသည် ကိုယ့်ဆီမှ လွတ်ဟာနေသည့်ခံစားချက်ကိုရနေသည်။ ကိုယ် ကြောက်နေသည့်ခံစားချက်အငွေ့အသက်ကို ဖမ်းဆုပ်ကြည့်သည်။ မရ။ သို့သော် ဝမ်းနည်းကြေကွဲခြင်းအငွေ့အသက်က ကိုယ့်မျက်ဝန်းအိမ်သို့ လာရောက်သည်။ ကိုယ် ဘာကို လက်လွှတ်လိုက်ရပါသလဲ၊
ကိုယ်ကိုယ်တိုင် မသိသေးပါ။


ဖမ်းသည်။ အတိတ်ကိုဖမ်းကြည့်သည်။ မလာ။ အတိတ်သည် ကိုယ့်ဆီကို မလာခဲ့။ မျှော်သည်။ အနာဂတ်ကိုမျှော်ကြည့်မိသည်။ မရှိ။ ကိုယ့်အတွေးအိမ်တွင် အနာဂတ်သည် ဗလာဖြစ်နေသည်။ ကိုယ့်အတွက် ပန်းတိုင်ဆိုသည်ကို ကိုယ်ငေးကြည့်မိတော့ ပန်းတိုင်ဟာ ပန်းတိုင်မဟုတ်တော့။ ကိုယ် ယာယီသေဆုံးသူဘဝများ ရောက်နေလေသလား။ ကိုယ့်တွင် သွေးသားရှိသည်။ ထိခိုက်ဒဏ်ရာရလျှင် နာတတ်သည်မှန်၏။ ထို့အတူ ကိုယ့်တွင် နှလုံးသားနှင့် ဦးနှောက်ရှိသည်။ ထို့အတွက် ရည်မှန်းချက်ပန်းတိုင်နှင့် ခံစားချက် ရှိကိုရှိမှ ဖြစ်မည်။ ယခု ကိုယ် ပန်းတိုင်ပျောက်နေသည်။

ကြည့်သည်။ ကိုယ်ကြည့်သည်။ ကိုယ့်ဘဝကို ကိုယ်ကြည့်သည်။ ဘာမှပြန်မလာ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် ကိုယ့်အတွက်ပစ္စုပ္ပန်သည်သာ အတွေးထဲရှိနေ၏။ အတိတ်မှ ပျော်ရွှင်စရာတို့ကို ကိုယ်ပြန်လည်တူးဖေါ်လိုပါသည်။ အနာဂတ်အတွက် ရင်ခုန်လှုပ်ရှားရခြင်းကို ကိုယ်ကြိုတွေးလိုပါ၏။ သို့သော် ကိုယ် ပစ္စုပ္ပန်တွင်ေ သဆုံးနေသည်။ ပစ္စုပ္ပန်တွင် ကိုယ်သည် ညတစ်ခု၌ ပိတ်မိနေသော အကျဉ်းသားသာ ဖြစ်သည်။ ညသည် ကိုယ်လိုအပ်သော အသက်ရှင်ခြင်းဆိုသည့် စိတ်ကို မပေး။ အထီးကျန်ခြင်းဆိုသည့် ခံစားချက်ကိုသာ တွင်တွင်ပေးနေသည်။ ပြုံးသည်။ ကိုယ်ပြုံးကြည့်သည်။ အပြုံးသည် ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။ ရယ်သည်။ ကိုယ်ရယ်ကြည့်သည်။ အရယ်သည် အေးစက်စက်နိုင်လွန်းလှသည်။ ကိုယ့်လက်ကို ကိုက်ဆွဲမိသည်။ နာကျင်ခြင်းဝေဒနာ ဝင်လာသည်။ သို့သော် ကိုယ် မျက်ရည်မကျ။ မျက်လုံးအစုံကို ဖျတ်ခနဲ မှိတ်ရင်းအသက်ဝဝရှုကြည့်မိသည်။ လတ်ဆတ်သော လေသည် ကိုယ့်အဆုတ်တွင်းသို့ဝင်ရောက်လာသော်လည်း ကိုယ် ရှင်သန်လျှက်ရှိဆဲဆိုသည့် အသိတစ်ခုမှလွဲ၍ မည်သည့်ခံစားမှုမျှမရ။
-----------++++++++++---------------
ခံစားချက် သည် မည်သည့်နေရာသို့ ခရီးလွန်နေပါသလဲ။ ရှင်သန်သူတစ်ယောက်အတွက် ခံစားချက်မရှိသည့်ဘဝသည် လူမပီသ ဟုတွေးမိနေသည်ဆိုလျှင် လွန်ပါမည်လား။ ခံစားချက်မဲ့ ဘဝဖြင့် မနက်ဖြန်တိုင်းသည် ကိုယ့်ကိုရှင်သန်ခွင့်ပေးနေမည်ဆိုလျှင် တရားသည်ခေါ်နိုင်ပါ့မလား။
ကိုယ့်အတွက်တော့ မတရားပါ။ ထို့အတူ လောကကြီးသည် တခြားသူများအပေါ်တွင်လည်း မတရားပါ။ ရှင်သန်လိုစိတ်သဲကြီးမဲကြီးဖြင့် အသက်လုနေရသူတော်တော်များများရှိသလို ကိုယ့်လိုမျိုး ရှင်သန်ခြင်းကို ရှင်သန်နေသည်ဟု တရားမှတ်သလိုမှတ်နေရသူများ မည်မျှ များလိုက်မည်လဲ။ ကိုယ်၏ ရှင်သန်ခွင့်ကို ခွဲဝေပေးခွင့်ရမည်ဆိုလျှင် ကိုယ် ခွဲဝေလိုပါသည်။
ကိုယ် ခွဲဝေလိုပါသည်။
ရှင်သန်ခြင်းသည် ခရီးသွားလက်မှတ်တစ်ခုသာ ဖြစ်သည်ဟု ကိုယ်ကြားဖူးသည်။ လက်မှတ်သက်တမ်းကုန်ဆုံးမည့်ရက်ကို မျှော်နေသူ ရှိကောင်းရှိပါလိမ့်မည်။ သေချာတာတစ်ခုကတော့ ကိုယ် မျှော်မနေခဲ့ပါ။ ကိုယ်မျှော်နေခဲ့သည်က ကိုယ့်အတွက်ရှင်သန်ခြင်းဟူသည့် ခံစားချက်လေးကို ပိုမိုထင်ရှားလာစေမည့်အရာဖြစ်သည်။
--------+++++++++++++------------
ညသည်ယခုတိုင် ရှင်းလင်းနေဆဲ ဖြစ်သည်။ တဖြောက်ဖြောက်ကြွေကျနေသော မိုးစက်သံများကြားရလျှင် ကိုယ်အနည်းငယ်တော့ စိတ်သက်သာနိုင်ပါသည်။ ယခုတော့ရံဖန်ရံခါ ကြားရသော အိမ်မြှောင်စုတ်ထိုးသံကိုသာ ကျေးဇူးတင်နေရသည်။ ကိုယ်နှင့်အတူ ရှင်သန်ဖေါ်ရှင်သန်ဖက်ရှိသေးသည်ဆိုသည့် အတွေးကို ပေးခြင်းကြောင့် ဖြစ်သည်။
အနည်းငယ်ခြောက်သွေ့လာပြီဖြစ်သော ရင်ထဲသို့ ရေသောက်၍ မဖြည့်လိုသေးပါ။ ခံစားချက်ကင်းမဲ့နေသောဘဝတွင် ခြောက်ကပ်နေသည်ဆိုသည့် ခံစားချက်လေးကို ကိုယ်ဖက်တွယ်ထားလိုပါသည်။
---------+++++++++++++++----------------------
မွေးဖွားရာမှ သေဆုံးသည့် အချိန်ထိ ကြားကာလကို ဘဝဟု ခေါ်သတဲ့။ ကိုယ်ကတော့ဘဝကို အခန်းတစ်ခုဟုသာ သတ်မှတ်လိုပါသည်။ ရိုးရိုးအခန်းမဟုတ်ပါပဲ ဝင်္ကပါ အခန်းတစ်ခု။ ထိုအခန်းတွင် ကိုယ်တို့သည် မွေးဖွားခြင်းဆိုသည့် အစဖြင့် အဆုံးသတ်သေဆုံးခြင်းဆိုသည့် အခန်းပြင်ကို ထွက်ဖို့ကြိုးစားကာ နောက်အခန်းတစ်ခုအတွင်းဝင်ရသည် ဆိုပါစို့။ ရှင်သန်ခြင်းသည် အခန်းတွင်းနေထိုင်ရန် ကန့်သတ်ထားသော အချိန်တစ်ခုဟု ဆိုလိုက်ပါစို့။
တည်းခိုသည်။ ယာယီတည်းခိုသည့်နေရာကို တည်းခိုခန်းဟု ခေါ်သည်။ ယခုကိုယ်သည်လည်း တည်းခိုခန်းတစ်ခုအတွင်း ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ ကိုယ်သွားဖို့ကြိုးစားသည်ဖြစ်စေ၊မကြိုးစားသည်ဖြစ်စေ၊ ဒီအခန်းကိုတစ်နေ့တော့ ပြန်အပ်ရမည်သာ ဖြစ်၏။ မအပ်ခင်အချိန်အတွင်း ကိုယ်ဘာလုပ်နိုင်လဲ၊၊ လုပ်နိုင်တာမှန်သမျှ အစွမ်းကုန်ကြိုးစားသင့်၏။ သို့သော် ကိုယ့်တွင် ကြိုးစားလိုစိတ်ပျောက်ဆုံးနေသည်မို့ ကိုယ် ကြောက်ရွံ့နေပါသည်။ သို့သော် ကြောက်ရွံ့ခြင်းသည် ဟာတာတာနိုင်လှသည်။
အထီးကျန်ခြင်းသည် အန္တရာယ်ရှိပါသလား။ မသိ။ ကိုယ်မသိပါ။ သို့သော် ကိုယ် အရှုံးမပေးနိုင်ပါ။ ဤအခန်းတွင်းနေထိုင်ရခြင်းတွင် အကောင်းဆုံးရသမှာ ခံစားချက်များကို ဖမ်းဆုပ်ရယူခြင်းပင် ဖြစ်သည်မဟုတ်ပါလား။ ကိုယ် အောင်မြင်ခဲ့ဖူးသည်။ ကျရှုံးခဲ့ဖူးသည်။ ကိုယ် ပျော်ခဲ့ဖူးသည်။ ငိုခဲ့ဖူးသည်။ ကိုယ် မျှော်လင့်ချက်တို့ကို ရင်မှာပိုက်၍ အောင်မြင်လိုခဲ့ဖူးသည်။ ယခု ကိုယ့်ထံတွင် အထီးကျန်ခြင်းအပြင် ထပ်မံကျန်ရှိသောအရာမှာ မျှော်လင့်ချက်မရှိခြင်းပင်ဖြစ်သည်။ တစ်စုံတစ်ခုကို မျှော်လင့်တောင့်တနေရခြင်းသည် အသက်ဆက်ဆေးဖြစ်သည်ဟု ဆိုလျှင် ယုံနိုင်ကြပါမည်လား။ မမှန်းသင့်သည့် ရည်မှန်းချက်မျိုးမှန်းမိလျှင် အနူလက်နှင့်ရွှေခွက် မနှိုက်နဲ့ ဟု တချို့က ပြောကြသည်။ သို့သော် ကိုယ်သည် အနှုလက်နှင့်ပင် ရွှေခွက်ကို ခဏခဏနှိုက်ခဲ့ဖူးသည် မဟုတ်ပါလော။ ယခုကိုယ့်တွင် ရွှေခွက်တည်နေရာ ပျောက်ဆုံးနေလေသည်လား။
ကိုယ် တစ်စုံတစ်ခုကိုမျှော်လင့်ချင်ပါသည်။ ရွှေခွက်၏တည်နေရာကို သိလိုပါသည်။ ကိုယ် ဘာကိုမှ မျှော်လင့်၍ မရသေးပါ။ ကိုယ့်စိတ်တို့သည် ရေသေအိုင်ကဲ့သို့ တည်ငြိမ်လွန်းလှသည်။ ဟော နောက်ထပ် ရှင်သန်လျှက်ရှိသော သက်ရှိသတ္တဝါတစ်ကောင် အော်မြည်လိုက်ပြန်ပါပြီ.။ အောက်အီးအီးအွက် ဆိုသော ကြက်တစ်ကောင်၏ အော်သံတွင် ကိုယ့်အတွက် ထူးခြားဆန်းကြယ်မှုများပါမလာသေးပါ။ သို့သော် ကိုယ်အိပ်သင့်ပြီဟူသည့် အသိတစ်ခုတော့ ရ၏။ ကိုယ့်ထံတွင် မျှော်လင့်ချက်တစ်ခုတော့ရှိလာပြီဖြစ်ပါသည်။ အိပ်ပျော်ရမည်ဟူသည့် မျှော်လင့်ချက်ပင်ဖြစ်သည်။
နာရီကိုကြည့်မိတော့ မနက်၃နာရီ၃၆မိနစ်။ အကယ်၍ မအိပ်ဖြစ်သေးဘူးဆိုလျှင် ကိုယ့်အတွက် ရှင်သန်ချိန်သည် အနုတ်လက္ခဏာတိုးလာနိုင်ပါသည်။ ကျန်းမာရေးထိခိုက်လာနိုင်သည်။ နားထဲမှလေတွေ တဝူးဝူးထွက်နေသည်ဖြစ်သည်။ မျက်လုံးတို့သည် အနည်းငယ်စပ်လာပြီဖြစ်၏။ အိပ်ချင်စိတ်ကတော့ ခုထိ ပြိုဆင်းမလာသေး။ သို့သော် ကိုယ် မျက်လုံးအစုံကို မှိတ်ကာ လက်နှစ်ဖက်ရင်ဘက်ပေါ်သို့တင်လိုက်ပြီဖြစ်၏။ တခါတရံမှာ ဖြစ်ချင်စိတ်ကိုစောင့်နေမည့်အစား ဖြစ်သင့်သည်ကို ခိုင်းသင့်သည်မဟုတ်ပါလား။ ကိုယ် “အိပ်တော့ အိပ်တော့ ”ဟု ရေရွတ်ရင်းဖြင့်……ကိုယ့်စိတ်ကို ထိန်းကျောင်းကြည့်နေပါသည်။
----------+++++++++++++++-------------------------
ညကတော့ တိတ်ဆိတ်နေမြဲ တိတ်ဆိတ်နေဆဲဖြစ်သည်။ ရှင်းလင်းမြဲရှင်းလင်းနေဆဲဖြစ်သည်။ ခြောက်ကပ်မြဲ ခြောက်ကပ်နေဆဲဖြစ်သည်။ အထီးကျန်သူတစ်ယောက်၏ ညတာသည်ရှည်လျား လွန်း လှ၏။
ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...