“မော်
နင်ရက်စက်တယ်ဟာ”
ဖုန်းထဲက ကြားနေရသည့် သော့်အသံကို နားထောင်မိရင်း မော် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သော် ငါရက်စက်တာမဟုတ်ဘူး၊ အားလုံးအတွက် စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာ ဟုလည်း တီးတိုးရေရွတ်မိရင်း။
ဒီလိုအချိန်ရောက်တိုင်း သော့်ဆီက ထိုအသံကို ကြားရစမြဲပင်။ ဘာလိုလိုနှင့် သူမပင်လက်ထပ်ခဲ့တာ ၃ နှစ်နီးပါးရှိပြီ။ သော်ကတော့ ဒီချိန်ထိ တစ်ယောက်တည်း၊ တစ်ကိုယ်တည်းရှိနေဆဲပင်။ ၃ နှစ်ကြာတာတောင် သော် သူမကို မမေ့နိုင်ဘူးလား ဟုတွေးလိုက်မိတော့ ကို့ကို ရုတ်ချည်း အားနာသွားရသည်။ ခြောက်လတစ်ခါတိုင်း သော့်ဆီမှဖုန်းက ရောက်လာနေကျဖြစ်သလိုထိုအချိန်တိုင်းတွင်လည်း ကို့ကို အားနာရစမြဲပင်။
ကိုနှင့် လက်ထပ်၍ ယခု ကို့သွေးသားလေးပင် လွယ်ထားရပြီ။ သို့သော် သူမ ၏ ချစ်ခြင်းတို့သည် သော့်အပေါ်၌ တည်ရှိနေဆဲလား၊ သို့မဟုတ် ကွယ်ပျောက်သွားလေပြီလား သူမကိုယ်တိုင်ပင် မသေချာ။ ကို့အပေါ်တွင်မူ ချစ်ခြင်းတို့ တိုးဖွဲ့လာသည်ကတော့ သေချာပါသည်။ သူမနှင့် ကို၏ အိမ်ထောင်သည်ဘဝဝယ် ကို့ချစ်ခြင်းများက သူမ အတွက် လုံလောက်ခဲ့ပါသည်။ သာမန်အိမ်ထောင်ရှင်ယောင်္ကျားတစ်ဦး၊ မိသားစုအပေါ်တွင် တာဝန်ကျေသော အိမ်ဦးနတ်တစ်ပါး။ သူမ၊ သူမကတော့ ကို၏ အိမ်ရှင်မ ဖြစ်နေသော်လည်း အတိတ်ကို မေ့ဖို့ခက်နေသော ချစ်ခြင်း၏ ကျွန်တစ်ယောက်ဖြစ်နေသေးသည်လား။ ထိုအဖြေကို သူမ ကိုယ်တိုင်ပင်မသိပါ။ သော်နှင့် မော်၏ အကြောင်းစုံကို သိဖို့ ကို့အတွက် ကံက ဖန်မလာခဲ့။ သော် နယ်သို့ပြန်သည့်အခိုက်လေးတွင်ပင် သူမ နှင့် ကို့ကို မိဘများက လက်ထပ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ သူမ ကလည်း ဖြစ်လာလတံ့သော အမှားတို့ကို ရှောင်ဖယ်ချင်ဇောနှင့် ကို့ကို လက်ထပ်ဖို့ လက်ခံခဲ့သည်။ ကို့ကို လေ့လာကြည့်သည့်အခါတွင်လည်း ကိုက လူကောင်းတစ်ဦးဖြစ်သည့်အပြင် သူမကိုပါမြင်မြင်ချင်စ ချစ်သည်ဟု ဖွင့်ပြောခဲ့သည် မဟုတ်ပါလား။ ကို့မိဘအသိုင်းအဝိုင်းကလည်း စိတ်သဘောထား ကောင်းမွန်ဖြူစင်သူများမို့ သူမ အတွက် အနေမကျပ်ခဲ့ပါ။
သူမ အနေကျပ်ခဲ့ရတာကတော့ နယ်မှ သော်ပြန်လာသည့်နေ့ပဲ ဖြစ်သည်။ ထိုနေ့က ကို့မိဘမှ လက်ဖွဲ့သော အိမ်လေးဝယ် သူမနှင့်ကိုတို့ အတူရှိနေခဲ့သည်။ အသစ်စက်စက် ကြိုးဖုန်းလေးမှ ကလင်ကလင် ထမြည်သောအခါ သူမ ကော ကိုပါရုတ်တရက် အံ့သြရင်း ဖုန်းနံပါတ်ကို ကြည့်မိတော့ သူမတို့နှစ်ယောက်လုံးမသိသည့် ဖုန်းနံပါတ်ဖြစ်နေသည်။ ကို က ဖုန်းကိုင်လိုက်သောအခါတိုင်း ချသွားသော ထိုဖုန်းသည် ကို အပြင်သို့ ထွက်ကာ စားစရာဝယ်သည့်အချိန်တွင်ပင် နောက်တစ်ခေါက်ထပ်လာပြန်သည်။ သူမ ကိုင်လိုက်သည့်အချိန်မှာတော့ သော်၏ နာကျင်ရှတနေသော စကားတို့ကို ကြားရင်း ကို့ကို အားနာစိတ်နှင့်အတူ သူမကိုယ်တိုင်ပါ ရင်ကွဲမတက်ခံစားခဲ့ရ၏။ သော်ကတော့ ထိုအကြောင်းများကို သိနိုင်မည် မထင်။ မထင်ပါ။
“နင် အရမ်း ရက်စက်တယ် မော် ငါ့အတွက်ကျ ထည့်စဉ်းစားမပေးဘူး”
သော်၏ အက်ကွဲရှတနေသော အသံတို့ကို ပြန်ချေဖျက်ဖို့ရာ စကားမရှိခဲ့သလို သော်၏ ဆက်လက်ပြောဆိုနေသော ကြေကွဲစကားများကိုလည်း သူမ မကြားနိုင်ခဲ့။ သူမ ကိုယ်တိုင် ရင်ကွဲနေခဲ့ရသည်မို့
“တောင်းပန်ပါတယ် သော်ရယ်” ဟုသာ တဖွဖွ ရေရွတ်မိခဲ့ရသည် မဟုတ်လား။
ဟော အခုလည်း နင်ရက်စက်တယ်ဟာ ဆိုသည့်စကားတစ်ခွန်းနှင့်ပင် သော်ဖုန်းချသွားပြန်ပြီ။ ကိုတစ်ယောက် ရုံးသွားနေ၍သာ တော်တော့သည်။ ကိုသာရှိလျှင် ဖုန်းကိုင်သူသည် ကိုသာ ဖြစ်မည်ဖြစ်၍ သော်သည်လည်း ဒီနေ့အတွက် မကျေမချမ်းနှင့် ဖုန်းဆက်ဖို့ ပြင်နေဦးမည် မဟုတ်ပါလား။ မော် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိရင်း စတိုခန်းထဲသို့ဝင်လာလိုက်သည်။ နောက် ကို တစ်ယောက်ပင်မသိသော ၊ သူမ လျှို့ဝှက်စွာ သိမ်းဆည်းထားမိသော သေတ္တာလေးဆီသို့ လက်လှမ်းလိုက်မိတော့၏။ ထိုသေတ္တာလေးထဲဝယ် သော်နှင့် မော်တို့၏ အမှတ်တရများစွာ ရှိသည်။ အမှတ်တရ များစွာ ရှိသည်လေ။ (-) တက္ကသိုလ်ပထမနှစ် ၏ အဦးဆုံးနေ့ရက်။ “ကိုယ့်နာမည်က သော်တာပါ ယူ သော်လို့ခေါ်နိုင်တယ်” “တို့နာမည်က မော်မော် မော်လို့ သော်ခေါ်နိုင်ပါတယ်” တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရိုးရှင်းပွင့်လင်းလွန်းစွာ ရယ်လိုက်မိသည်။ ရင်ဖွင့်ယုံနိုင်သည့် သူငယ်ချင်းဟုလည်း တစ်ဦးကို တစ်ဦး အကြောင်းပြချက်မရှိ ယုံကြည်မိလိုက်သည်။ ပထမနှစ် နှစ်ဝက်စာမေးပွဲအပြီး။ “မော် ဒီဘက်လှည့်ကွာ ဓါတ်ပုံအလှရိုက်တာ အဲဒီလိုတောင့်တောင့်ကြီးဖြစ်မလား နည်းနည်းနွဲ့နွဲ့လေး နေမှပေါ့” “အို သော်ကလည်း ဒီတိုင်း မော်နေတတ်သလိုနေမှာပဲ နွဲ့တော့ မနွဲ့ပြချင်ပါဘူး” “အိုခေ အိုခေ မော့်သဘော” “မော် မင်းကို ကိုယ်တကယ်ချစ်တာကွာ သိလား မော် ချစ်သူတစ်ယောက်လိုကိုချစ်တာ” “သော်ရယ် ပေါက်တတ်ကရတွေ လျှောက်မပြောစမ်းပါနဲ့” မော် ပြုံးမိလိုက်သည်။ သော်နှင့် မော်ပြောခဲ့သော စကားတို့ကို တွေ့စမှ ယနေ့အချိန်ထိ မှတ်မိဆဲ ဆိုလျှင် ကို့အပေါ်သစ္စာဖေါက်ရာများ ကျနေလေပြီလား။ သော့်အပေါ်ချစ်ဆဲ ဟုတော့ သူမ မယုံကြည်ပါ။ ယခုအချိန်တွင် သော်သည် သူမ အတွက်တော့ အတိတ်ပုံရိပ်တစ်ခုသာ ဖြစ်သည်မဟုတ်ပါလား။ တဖြောက်ဖြောက်ကျလာသော မိုးစက်သံလေးများကြောင့်မော့်စိတ်တို့ အတိတ်ဆီထပ်မံလွှင့်မိရပြန်တော့သည်။ သည်လိုမိုးသည်းသည်းများ ကျဆင်းခဲ့တဲ့ နေ့လေးတစ်နေ့ပဲလေ။ (-) စာမေးပွဲ နောက်ဆုံးနေ့။ “မော် ဖြေနိုင်လား” “သော် ဖြေနိုင်လား” နှစ်ယောက်သား ရယ်လိုက်မိရင်း တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်လိုက်ကြသည်။ ဒီလက်နှစ်ခုသာ မြဲမြဲမြံမြံဆုပ်ကိုင်ထားနိုင်မည်ဆိုလျှင် အရာရာကို ရင်ဆိုင်နိုင်မည်ဟု သော်ကော သူမပါ ယုံကြည် သည်မဟုတ်ပါလား။ စာမေးပွဲခန်းထဲမှ အစောဆုံး ထွက်လာသူဆို၍ သူမတို့နှစ်ဦးပဲရှိသည်လေလား။ သည်းကြီးမည်းကြီးရွာသွန်းနေသော မိုးစက်များကြောင့်လေပဲလား။ ရုံးရှေ့မှတ်တိုင်မှာ ကားစောင့်သူဆို၍ သူမနှင့် သော်သာ ရှိသည်။ “မော် ငါ ငါပြောစရာရှိတယ်” “ပြောလေ သော် ဘာပြောမလို့လဲ” “မော် ငါ ငါ နင့်ကို စိတ်ဝင်စားနေမိတယ်ထင်တယ်” ဟု သော်ပြောလာစဉ် မော့်ရင်ဝယ် လှိုက်ခနဲ ခုန်သွားရသည်။ “စိတ်ဝင်စားတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်လိုမဟုတ်ဘူး ၁၅၀၀ မေတ္တာမျိုး” နီမြန်းနေသော သော့်မျက်နှာလေးကိုကြည့်ရင်း မော်သည်လည်း မျက်နှာလေးနီမြန်းလာပြီမှန်း ကိုယ့်ကိုယ်ကို သိနေချေပြီ။ “မော် ငါ ခံစားမိနေတာ ကြာလှပြီ ဒုတိယနှစ်ကတည်းက” “မဖြစ်သင့်ဘူး” “မဟုတ်ဘူး မော်” “ဆက်မပြောတော့နဲ့သော် မဖြစ်သင့်ဘူးဆိုတာကို နင်ကောငါကော အသိဆုံး ဒီကိစ္စကိုပဲ နင် ဆက်ပြောနေမယ်ဆိုရင် ငါ နင့်ကို သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်ရလိမ့်မယ်” နီမြန်းခက်ထန်သွားသော သော့်မျက်နှာကိုကြည့်ရင်း သူမ ပြောမိတာ မှားသွားပြီလားဟု တွေးလိုက်မိသည်။ သို့သော် ပြောသင့်သည်။ ပြောသင့်သည်ဟု ထင်ပါသည်။ “နင် နင့်ကိုနင် ညာနေတယ်“ သော်၏ စွပ်စွဲမှုကို မော် ခေါင်းမခါမိ။အဖြေရခက်စွာနှင့် သည်းကြီးမည်းကြီးရွာနေသော မိုးစက်များထဲသို့သာ ပြေးထွက်ခဲ့မိလိုက်သည်။ သည်းကြီးမည်းကြီးရွာနေသောမိုးရေစက်များထဲသို့ဘာ့ကြောင့်များ ပြေးထွက်ခဲ့မိပါသလဲလေ။ မော့်ကိုယ်မော်ပင် မသိလိုက်ပါ။ သတိထားလိုက်မိချိန်မှာတော့ မော်သည် မိုးရေစက်များနှင့်အတူ လမ်းလျှောက်ထွက်မိနေခဲ့ပြီဖြစ်သည်။ ကုက္ကိုလ်ပင် တစ်ပင်အောက်အရောက်မှာတော့ မော် ထိုင်ချလိုက်ရင်း သည်းကြီးမည်းကြီးငိုမိတော့သည်။ ဘာ့ကြောင့်လဲ၊ ရင်တစ်ခုလုံးတင်းကျပ်နေတာ ဘာ့ကြောင့်လဲလေ ဟုလည်း အဆက်မပြတ်တွေးနေမိရင်း။ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ သူ အညာကို ပြန်ဦးမည်ပေါ့ဟုလည်း တွေးမိလိုက်စဉ်ခဏ ရင်တွင် ကျဉ်ခနဲဖြစ်သွားရသည်။ (-) “မော်ရေ မော်” ဟော ကိုတောင် ပြန်လာပြီပဲ။ သော်နှင့်သူမဓါတ်ပုံတွေကို အလျှင်အမြန်သိမ်းဆည်းရင်း သေတ္တာလေးကို သော့ခတ်ပစ်လိုက်သည်။ နောက် လျှို့ဝှက်နေရာလေးဆီသို့ သေတ္တာလေးကို တွန်းပို့လိုက်ရင်း စတိုခန်းအပြင်ဘက်သို့ ထွက်ခဲ့တော့ ကိုနှင့် ဆံပင်ရှည်ရှည် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အမျိုးသမီးက ခေါင်းငုံကာ စာရွက်တစ်ရွက်ကို ငုံ့ကြည့်နေတော့ မျက်နှာက ဆံပင်ရှည်တို့နှင့် ဖုံးကွယ်နေသည်။ “ဧည့်သည် ပါလာတယ် မော်ရဲ့ ကိုယ်တို့ရုံးကလေ အစ်ကို့ဇနီး မော်ဘယ်လောက်ချောကြောင်း ကြွားထားလို့ အိမ်တိုင်ယာရောက် လိုက်ကြည့်တာတဲ့” “သြော် ဆရာကလည်း ဆရာကတော် ရှက်နေပါဦးမယ် ဆရာ့ကားပျက်နေတာတွေ့လို့ လိုက်ပို့ရင်း ဝင်လည်တာပါ အစ်မ” သူမ နှလုံးခုန်ရပ်တန့်မတက် လန့်သွားရသည်။ ဒီအသံ။ ဒီအသံက သော့်အသံ မဟုတ်လား။ ရုတ်တရက် အမျိုးသမီး၏ မျက်နှာကို မော့ကြည့်လိုက်တော့ သော် သူမကို ပြုံးပြနေသည်။ ဟုတ်သည်။ သော်တာမေ ဆိုသည့် သော်။ သော် ပိုလှလာသည်။ မဟာဆန်ဆန်လှနေသည့် သော့်ကိုကြည့်ရင်း မော့်ရင်ထဲ ဝမ်းနည်းအားငယ်စိတ်တို့ လှိုင်တက်လာပြန်ပြီဖြစ်၏။ “ ကို ခဏ အဝတ်သွားလဲလိုက်ဦးမယ် သော်တာ့ကို အအေးတိုက်လိုက်ဦးနော်” အိမ်ခန်းတွင်းဝင်သွားသည့် ကို့ကို သူမ ငေးကြည့်နေမိသည်။ “ပျော်ရဲ့လား မော်” “သော်… ငါ” “ငါတော့ ခုထိ မပျော်သေးဘူး ဒါပေမဲ့ စိတ်ချပါ ငါ ပျော်အောင်နေဖို့ ကြိုးစားနေပါတယ် ဒို့နှစ်ယောက်မှာ တစ်ယောက်ယောက်ကတော့ ဘဝမှားပြီး ဖြစ်လာတဲ့ အာဒံပဲဆိုတော့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပေါ့ စကားမစပ် ငါ လက်ထပ်တော့မယ် မော် အမေနဲ့ အဖေ စိတ်ချမ်းသာအောင်လေ နင့်လိုပေါ့ အဟား” မပြောနဲ့။သော် မပြောနဲ့။ ဖြစ်နိုင်လျှင် သူမ နားတို့ ပိတ်ထားချင်မိသည်။ သော်၏ အက်ကွဲလွန်းသော အသံကို မကြားချင် မကြားချင်တော့။ “ဆရာ သွားတော့မယ် နောက်နေ့မှ ဖိတ်စာလာပို့တော့မယ်နော် ဆရာ” သော့်စကားကြောင့် ကျလုလု မျက်ရည်တို့ကို မသိမသာသုတ်လိုက်ရင်း နောက်သို့ လှည့်ကြည့်လိုက်တော့ ကို က အဝတ်အစားလဲပြီး အိမ်ခန်းထဲမှ ထွက်လာပြီဖြစ်၏။ “အော် မော်ကလဲ အအေးဖျော်တိုက်ပါဆို” “သော်က တားထားလို့ပါဆရာ ဆရာကတော် သွားပြီနော်” ကျော့ကျော့မော့မော့လေးထွက်သွားသော သော့်ကို သူမ ငေးကြည့်နေမိသည်။ ဒီချိန်ထိ ကိုယ့်ကိုယ်ကို သော်လို့ သုံးနေတုန်းပဲလား။ ငါကတော့ ငါ့ကိုငါ မော်လို့ သုံးတာ ကိုတစ်ယောက်ပဲရှိတော့တယ် သော် ဟုလည်း စိတ်တွင်းမှ ဆိုလိုက်မိရင်း။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့် ကို့ကိုစောင်ခြုံပေးခဲ့ပြီး သူမကတော့ စတိုခန်းဘက်သာ ထွက်လာလိုက်မိတော့သည်။ မီးမဖွင့်ပါပဲ စတိုခန်း၏ အမှောင်ဆုံးနေရာတွင် ထိုင်ချလိုက်၏။ လက်ရှိ သူမ၏ စိတ်ဝယ် အရာရာကို မှောင်မိုက်နေစေချင်သည်မဟုတ်ပါလား။ ထို့နောက် မျက်လုံးအစုံကို မှိတ်လိုက်မိတော့ သော်။ သော် သူမကို ပြုံးပြနေသည်။ “သော် နင်နိုင်ပါတယ်၊ ငါနင့်ကို ချစ်တုန်းပဲ သော်” ရည်ဝေ(လင်းရောင်ခြည်) --+++++++++++++++-------------
No comments:
Post a Comment