စိတ်ပျက်စရာကောင်းလိုက်တာ။ ကိုယ့်ပျော်ရွှင်မှုဟာ တစ်ပါးသူကို တည်မှီပြီး ဖြစ်သတဲ့လား။
သေချာတယ်။ ဖုန်းတစ်ကောလောက်မလာမချင်း၊ ချစ်ဆိုတဲ့ ခေါ်သံမကြားမချင်း ဟောဒီရင်ထဲက အောင့်သက်နေတဲ့ ဝေဒနာတွေ ပျောက်ရှသွားမှာမဟုတ်ဘူး။ ပြီးတော့ ကိုယ့်စိတ်နဲ့ကိုယ် အရှက်ရနေခဲ့တာလည်း ပျောက်ရှသွားမှာမဟုတ်ဘူး။
ကျွန်မက၊ ဇူးမေ ဆိုတဲ့ ကျွန်မက အချစ်အတွက် အရူးတပိုင်း ဖြစ်နေတတ်ခဲ့ပြီတဲ့လား။
ဇူးမေ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ကောင်တာစားပွဲပေါ်တင်ထားသည့် ဖုန်းလေးကို နောက်ဆုံးအကြိမ်အနေဖြင့် ကြည့်လိုက်သည်။ ထို့နောက်မှာတော့ ဘက်ထရီကို ဖြုတ်ကာ အံဆွဲထဲသို့ ထည့်၍ အိမ်ထဲသို့ ဝင်လာလိုက်တော့သည်။
ဇူးမေအသက် သုံးဆယ်ပြည့်တော့မည်။ အသက်သုံးဆယ်အရွယ်မိန်းမသားတစ်ယောက်၏ စိတ်သည် ယခုမှအချစ်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့သည်ဆိုဦးတော့၊ သည်မျှလောက် တုန်လှုပ်မနေသင့်ဘူးထင်ပါသည်။ အခုတော့ မျက်လုံးအိမ်တွင်းရှိသွေးကြောများက မာတောင့်နေသည့်ဟန်နှင့် အစိုဓါတ်တောင့်တလေသည်ထင့်။ ရစ်သီလာသော မျက်ရည်ဥတို့ကို ပါးထက်ကျမလာစေရန် ဇူးမေထိန်းနေမိသည်။ ဟိုစဉ်ခါတုန်းကတော့ သူပဲမတွေ့ရမနေနိုင်၊ စကားမပြောရမနေနိုင် သဲလွန်းကဲလွန်းသည်ဟု အပြစ်ဆိုဖို့ ဇူးမေမှာ အားမရှိတော့။
အိမ်မကြီးထဲ ရောက်တော့လည်း အရာရာသည် မှုန်မှိုင်းနေသည်ထင်ရသည်။
နေ့ခင်းကြောင်တောင်ဖြစ်သော်လည်း လင်းလိုလင်းငြား ဟု မီးခလုတ်များကို ဖွင့်လိုက်မိသည်။ သို့သော် တိုး၍လင်းမလာ။ ခေါက်ထားလိုက်စမ်းပါ၊ အချစ်ဆိုတာ စိတ်ခံစားချက်အရ လူကို ဒုက္ခပေးတတ်တာပဲရှိတာ၊ ခေါက်ထားလိုက်စမ်းပါ။
ပါးပြင်ထက်က သွေးကြောတို့ ညောင်းညာနေသည်လား။ ပြုံးရယ်မရသည့်မျက်နှာကို အလှထားသည့် မှန်ဗီရိုထဲကြည့်နေရင်းက သွေးကြောထဲတွင် အပူလှိုင်းဖြတ်နေသည်ဟု ထင်မိသည်။ ရင်ထဲမှာလဲ ပူသည်။ လည်ချောင်းထဲမလည်း ပူသည်။ လက်ဖဝါးပြင်အချင်းချင်းထိစပ်ရင်လည်း ပူသည်။ ဇူးမေတို့ အိမ်လေးကပဲ အပူကဲနေသည်လား။ ရှက်လိုက်တာ။ ဇူးမေရဲ့ မာန ဘယ်ရောက်သွားလဲ။ ဇူးမေရဲ့ သိက္ခာတွေ မြေမှာ ကျသွားပြီလား။
“ဒုန်း ဒုန်း ဒုန်း”
အပေါ်ထပ်သို့ ပြေးတက်ကာ အိပ်ခန်းထဲသို့ဝင်၍ အိပ်ယာပေါ်လှဲချလိုက်မိသည်။ ဟင့်အင်း။ သည်အချိန်မှာ မတ်တပ်ရပ်နေဖို့ အားအင်လည်းမရှိဘူး။ ထိုင်နေဖို့ အားအင်လည်း မရှိဘးူ။ ရှိုက်ကြီးတငင် ငိုနေချငင်မိတာပဲသိတယ်။ ဒါပေမယ့် ငိုစရာအကြောင်းပြချက် မရှိဘူး။
ခေါင်းအုံးနှင့် မျက်နှာအပ်ရင်း ဇူးမေ ငိုင်နေမိသည်။ စိတ်ကို လွှတ်ချလိုက်ရင် ပြိုကျလာမယ့် မျက်ရည်တွေ အသင့်စောင့်နေသည်ဆိုတာကို ဇူးမေ သိသည်။ သို့သော် ဇူးမေ အရှုံးမပေးလို။ ချစ်သူက ဖုန်းမဆက်တာကြာလို့ ငိုတဲ့ မိန်းကလေးဆိုတာ ဆယ်ကျော်သက်ပဲ ဖြစ်သင့်တာပေါ့။ ဇူးမေက ဆယ်ကျော်သက်မှ မဟုတ်တာ။
စာရင်းလုပ်စရာကျန်သေးလား၊ စာဖတ်ရမလား၊ အဝတ်လျှော်ရမလား။ လုပ်စရာအလုပ်များစွာကို ဇူးမေစဉ်းစားလိုက်သည်။ သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်မိ၏။ ယခုအချိန်မှာ ဇူးမေရဲ့ လုပ်စရာဟာ အိမ်အောက်ထပ်ကိုသွားပြီး ဖွင့်ထားတဲ့ အိမ်ဆိုင်မှာ ထိုင်နေဖို့ပဲရှိတာမဟုတ်လား။
ဖြတ်ခနဲ ထ၍ မှန်တင်ခုံရှိရာသို့ သွားလိုက်သည်။ နှုတ်ခမ်းကို ပန်းဆီရောင် လေး ပါးပါးလျလျဆိုးလိုက်ပြီး ဆံပင်ကို အပေါ်တစ်ပိုင်းချည်း သက်သက်ချည်ကာ ဖြန့်လိုက်တော့ ပုခုံးပေါ်ဝဲကျနေသည့် ဆံပင်လေးများ အနည်းငယ်တော့ သပ်သပ်ရပ်ရပ်ဖြစ်သွားပြီ။ အိကျီ ၤအနွမ်းကြောင့်လည်း စိတ်ကမလန်းတာဖြစ်မည်။ အစိမ်းရောင် ဂါဝန်တစ်ထည်နှင့် အသားကပ်ဘောင်းဘီလေးကို လဲလိုက်သည်။ အိုကေ ဒီလောက်ဆို ပုံမှန် ဇူးမေ ဖြစ်ပြီ ဟု တီးတိုးရေရွတ်ရင်း အိမ်အောက်ထပ်သို့ ဆင်းလာတော့ အမေက ဇူးမေကို ကြည့်နေသည်။
“အရှေ့မှာ ညည်းအဖေ ထိုင်လို့ ထမင်းမစားရသေးဘးူ မြန်မြန်သွားလိုက်ဦး… ဒီချိန်ပါးတော့ပါးပါတယ် ကျောင်းတက်ချိန်ဆိုတော့ မုန့်ဝယ်သူတော့မလာပါဘူး”
ခေါင်းညိတ်ပြကာ ဆိုင်သို့ထွက်လာတော့ အဖေက သတင်းစာတစ်စောင်ဖတ်နေသည်ကို တွေ့ရသည်။
“အဖေ အိမ်ထဲသွားချင်သွားလေ သမီးဆိုင်ထိုင်လိုက်မယ်”
“အေးအေး”
အိမ်ထဲသို့ဝင်သွားသည့် အဖေ့နောက်ကျောကိုကြည့်ရင်း အဖေ့အိင်္ကျ ီကို သတိထားမိတော့ ဇူးမေ သူ့ကို သည်လိုရှပ်မျိုး ဝယ်ပေးဖူးတာသတိရ၏။ ခုချိန်ဆို သူ အလုပ်တွေရှုပ်နေလောက်ပြီထင်သည်။
ကောင်တာခုံတွင်ထိုင်ပြီး အဲဆွဲဖွင့်လိုက်တော့ ဘက်ထရီဖြုတ်ထားသည့် ဖုန်းကလေးက ဇူးမေကို ကြိုဆိုနေသည်။ အကြည့်လွှဲလိုက်ပြီး အံဆွဲပိတ်လိုက်သည်။ ခါတိုင်းဆို ကောင်တာစားပွဲဘေးမှာ ဝတ္ထုစာအုပ်တွေ ပုံနေသားနဲ့ ဒီနေ့မှာ ဘာလို့အပေါ်ရောက်နေရသလဲဟု နှုတ်ခမ်းဆူကာ ငြူစူချင်မိသည်။ အပေါ်ထပ်သို့လည်း ပြန်မတက်လိုတော့သည်မို့ ခင်းထားသည့် မုန့်ထုပ်လေးများကိုသာ စီနေမိသည်။ သည်အချိန် စာဖတ်လျှင်ကော စာက စိတ်ကို ဆွဲခေါ်နိုင်မှာမို့လို့လား ဟု မေးရင်း သကြားလုံးများ အစီအရီထည့်ထားသည့် ဗူးသုံးဗူးကို စိတ်တိုတိုနှင့် တစ်ဗူးချင်းစီလှုပ်ပစ်လိုက်မိသည်။
“ဟဲ့ အဲဒါဘာလုပ်နေတာလဲ နေ့လယ်စာ စားမယ်ဆို ခူးလာခဲ့မလို့ စားတော့မလား”
နောက်တံခါးပေါက်ဆီက လှမ်းမေးသည့်အသံကြောင့် ရှက်ကိုးရှက်ကန်းရယ်ပြမိရင်း
“ဟင့်အင်း မစားသေးဘူး ပြီးမှပဲ စားတော့မယ် အမေ့”
ဟုတ်ရဲ့လား။ မဆာသေးလို့ မစားတာလား။ ရင်ပြည့်နေလို့ မစားတာလား။
ကိုယ့်ကိုယ်ကိုယ်ဇဝေဇဝါနှင့် ပြန်မေးရင်း နံနက်စာ မစားရသေးတာကို သတိရသည်။
ဟဲ့ ဟိုက နင့်မလွမ်းဘူး၊ နင်သာ လွမ်းနာကျမနေနဲ့၊ အသက်ကဖြင့် သေခါနီးနေပြီ။ ခုထိရှက်ရကောင်းမှန်းမသိဘဲ အချစ်နာကျနေတုန်း။
ခြေလှမ်းတို့ကို ကြမ်းပြင်သို့ ဆောင့်ခနဲဆောင့်ခနဲလှမ်းရင်း ကောင်တာခုံတွင် ပြန်ထိုင်လိုက်မိသည်။ အံဆွဲကို လက်က လှပ်ဖြစ်အောင်လှပ်မိသလို ဖုန်းကိုလည်း ကြည့်ဖြစ်အောင်ကြည့်လိုက်မိသေးသည်။
နေပါဦး၊ ချစ်သူတစ်ယောက်ကို တစ်ပတ်တိတိဖုန်းမဆက်တာကတော့ လွန်လွန်းဘူးလား။ သူငယ်ချင်းတောင် မတွေ့တာကြာရင် ဖုန်းတော့ဆက်ပြီးသတင်းမေးသေးတာပဲ။ ခုတော့…။
အတွေးနှင့်အတူ ဝေ့သီလာသော မျက်ရည်များကြောင့် ကျွတ်ခနဲ ဇူးမေ စုတ်သပ်လိုက်မိပြီ။ ဒီအချိန်ဆို သူက သင်တန်းမှာ ကောင်မလေးတွေနဲ့ စကားပြောပြီး ပျော်နေရယ်မောနေမှာပဲ။ အိုး.. ပူလောင်လိုက်တာ။ ဟင်း တော်ပြီ။ ဒီတစ်ခါနောက်ဆုံးပဲ။ ဒီနေ့မှ ဖုန်းမဆက်ရင် နောက်နေ့တွေ ဘယ်တော့မှ ကိုယ်က စမဆက်ဘူး၊ ကိုယ်ကစမခေါ်တော့ဘူး။ စိတ်အပင်ပန်းခံမယ့်အစား လမ်းခွဲပစ်မယ်။
ဆုံးဖြတ်ချက်နှင့်အတူ ဖုန်းကို ဘက်ထရီတပ်ပြီး ပါဝါဖွင့်လိုက်သည်။ သည်ချိန်မှာ ဇူးမေ အဖြစ်စေချင်ဆုံးသော ဆန္ဒကိုမေးလျှင်ဖြင့် တစ်ခုသာ ဖြေရန်ရှိပါသည်။ မအားလို့ ဆိုသည့် ဖြေရှင်းချက်လေးဖြစ်ဖြစ် မက်ဆေ့ဂျ်လေး ရောက်နေစေချင်ပါသည်။
ဟူးခနဲ သက်ပြင်းချပြီး ဖုန်းလေးကို စားပွဲပေါ်သို့တင်ကာ မုန့်များကို သွားစီလိုက်သည်။ သူ့မှာ ဖုန်းဘေလ်ကုန်နေလို့ မဆက်တာလဲဖြစ်နိုင်တာပဲလေ၊ ကိုယ်က စဆက်လိုက်ပါ့လား။ ဝင်လာသည့်အတွေးကြောင့် စိတ်သက်သာရာရမိတော့မလိုဖြစ်သွားသော်လည်း တစ်ပတ်လုံးလုံးမြင်နေရသည့် active 28 mins ago၊ active 3 hours ago စသည့် စာတန်းလေးများကို သတိရလိုက်တော့ စိတ်က ရုတ်ခြည်း မှိုင်းညှို့သွားရ၏။
ဖေ့စ်ဘုက်ခ်မက်ဆေ့ဂျ်လေးများ ချန်ထားမလား ဆိုသည့်မျှော်လင့်ချက်ဖြင့် နေ့စဉ်လိုလို အွန်လိုင်းသုံးကာ သူ့မက်ဆေ့ဂျ်ဘောက်လေးကို ဖွင့်ကြည့်မိတာကိုက အမှားပါပဲ။ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်၊ လွန်ခဲ့တဲ့ နှစ်နာရီ စသဖြင့်သုံးသွားခဲ့ပေမဲ့ ဇူးမေဆီကို ချစ် ဆိုသည့် စာလေးတစ်ကြောင်းတောင်မှ မပို့ခဲ့ဘဲလေ။ အမြဲလိုလို ဘယ်သူတင်သည့်စာ၊ ဘယ်သူတင်သည့်ပုံကိုတော့ဖြင့် သူမှတ်ချက်ရေးသည်၊ Like လုပ်ခဲ့သည်ဆိုတာကို မြင်ရပါလျက် ကိုယ့်ကျမှ ခုလို ချန်ထားခံရခြင်းဟာ ဘယ်လို စိတ်ထားနဲ့ပါလိမ့်။ တွေးရင်းပင် စိတ်တိုလာသည်မို့ ဆံပင်ကို လက်ဖြင့်တွန်းထိုးဖွာလိုက်မိသည်။ အိုး စောစောကမှ ဖြီးသင်ထားတဲ့ ဆံပင်က သူ့ကြောင့် ဖွာရရာ ကြဲသွားရပြန်ပါပြီ။
သူ့ကြောင့်ပဲလူမှုဝဘ်ဆိုဒ်ကြီးကို ဇူးမေ မျက်နှာလွှဲမိတော့မည်ပဲ။ သူ့မက်ဆေ့ဂျ်ဘောက်ကိုဖွင့်လိုက်တိုင်း active ..mins ago ဆိုသည့် စာလုံးများတွေ့လျှင် ဇူးမေ အလိုလိုမျက်ရည်ဝဲမိ၏။ ကိုယ်တန်ဖိုးထားသလောက် ကိုယ့်ကိုတန်ဖိုးမထားဘူး တွေးမိသည်။ ကိုယ်သတိရသလောက် သူသတိမရဘူးဆိုသည့် အသိက အလိုလိုရောက်လာသည်။ ထို့ကြောင့်ပဲ ဇူးမေ ဖေ့စ်ဘုက်ခ် မဖွင့်တာ ဒီနေ့မနက်ကတည်းက မဟုတ်လား။
အိုး စိတ်ရှုတ်လိုက်တာ။ သူက ဘာမို့လို့လဲ။ သူဆိုတာက ကိုယ့်ထက် အသက်တောင်ငယ်သေးတာမဟုတ်လား။ ရုပ်ကလည်း ဘာချောလို့လဲ။ ဇူးမေ နင် လမ်းခွဲသင့်ပြီ။ နင့်ကို အလေးမထားတဲ့ လူမျိုးကို နင် လမ်းခွဲသင့်ပြီနော်။
မြည်သံလေးတစ်စက်မျှ ပြုမလာသည့် ဖုန်းဆီသို့ အကြည့်ရောက်ရင်း ဇူးမေ အံကြိတ်လိုက်မိပြီ။ အိုး ရင်ပူလိုက်တာ။ နေ့လယ်စာ မစားရသေးလို့ ရင်ပူတာ ဖြစ်မယ်။
ခန္ဓာကိုယ်ကို ချာခနဲ လှည့်တော့ တံခါးဝမှာ ရပ်ကြည့်နေသည့် အမေ့ကြောင့် လန့်သွားရသည်။
“ဘာတွေဖြစ်နေတာလဲ င့ါသမီးရဲ့ ဘာစိတ်ညစ်စရာရှိလို့လဲ.. နေမကောင်းရင်လဲ အိမ်ထဲသွားနားလေ.. ”
“ဟုတ်ပါဘူးအမေရဲ့… ညက ကြည့်တဲ့ ဇာတ်လမ်းထဲ စိတ်ရောက်သွားလို့ပါ…ခဏစောင့်နော် သမီး ထမင်းသွားခူးပြီ ပြန်လာခဲ့မယ်”
“အေးအေး”
ထမင်းခူးတော့လည်း ပန်းကန်ကို နှစ်ချပ်ဆင့်ကာ ခူးမိသည်မို့ ကိုယ့်အဖြစ်ကို ပြုံးမိရသည်။ အသက်သုံးဆယ် ဆိုတာ ကျမ်းကိုင်ပြောတောင် မယုံနိုင်သည့်အနေအထား ဖြစ်နေပြီမဟုတ်လား။ ကြည့်စမ်းပါဦး။ ဘယ်မှာလဲ စိတ်တည်ငြိမ်မှု၊ ဘယ်မှာလဲ ရင့်ကျက်မှု။ တွေးရင်းကပင် ဖုန်းကို air plane mode မပြောင်းရသေးတာ သတိရမိတော့ အိမ်ရှေ့သို့ကသောကမျော ပြန်ပြေးလာမိသည်။ ဟိုငတိက ဇူးမေအသံကို မှတ်မိပါ့မလား ဆိုတာ ဇူးမေမသိ။ တော်ကြာ အမေက ဟယ်လိုထူးတုန်း ချစ်ဟု ခေါ်လိုက်ရင်ဖြင့် သွားပြီ။ ဇူးမေ အပြောခံရတော့မည်မဟုတ်လား။ အို ဟယ်လိုထူးသည့်အဆင့်တောင်ရောက်မှာမဟုတ်။ ဖုန်းသံဖြင့်ကို အမေ မျက်လုံးပြူးလိမ့်မည်။
ဆိုင်ထဲရောက်တော့ အမေက ဆိုင်ရှေ့ထွက်ရပ်နေသည်မို့ စိတ်အေးသွားရသည်။ တော်ပါသေးရဲ့ ဟိုငတိ ဖုန်းမဆက်သေးဘူးထင်ပါတယ်။ ချက်ချင်းပင် နှုတ်ခမ်းတို့ တင်းတင်းစေ့မိသွားရသည်။ ကိုယ့်မာနကိုယ့်သိက္ခာနဲ့ မနေိုင်ဘူစးလား မိဇူးမေ ဟုဆို ကိုယ့်ကိုယ်ကိုယ်ငြူစူမိရင်း ကောင်တာမှာ ဝင်ထိုင်လိုက်စဉ် ရင်မှာ ဖြတ်ခနဲ ခုန်သွားရသည်။
ဖုန်း၏အပေါ်ထောင့်စွန်းမှာ အသိပေးသည့် အစိမ်းရောင်မီးလေး လင်းနေသည်မဟုတ်လား။ miss called လား၊ message လား ဟု တွေးရင်း ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပါဝါဖွင့်လိုက်တော့ နှာခေါင်းရှုံ့မိသွားရသည်။ Game က အသိပေးစာ လာခြင်းသက်သက်သာ။ အေးလေ။ သူ့ကြောင့်COC ကစားတာကိုတောင် ပစ်ထားတာပဲလေ။ သူ ပစ်ထားပေမယ့် ဂိမ်းက မှ စိတ်မှန်မှန်နဲ့ ကစားသူဆီ မက်ဆေ့ဂျ်ပို့သေးတယ် ဟုတွေ့ရင်း ဖုန်းကို ဆောင့်ချလိုက်မိလိုက်တော့၏။
“အမ်ပီတီ ၅၀၀၀ တန် တစ်ကဒ်ပေးပါ”
“သမီးရေ အမ်ပီတီ ငါးထောင်တန် တဲ့”
၅၀၀၀တန်ကဒ်ထုတ်ရင်း အံ့သြတကြီးနှင့် ဝယ်သူကို ကြည့်လိုက်မိသည်။ အော် ဟိုးဖက်နားက အိမ်ကပဲ။ သည်လမ်းလေးမှာက အများဆုံးဝယ်ကြတာ သုံးထောင်တန်ကဒ်သာရှိသည်မဟုတ်လား။ ဒါ့အပြင် အမ်ပီတီကို တစ်ထောင်တန်ဝယ်သလောက် အော်ရီဒူး၊ တယ်လီနောဆိုလျှင် သူတို့က သုံးထောင်တန်လောက်ဝယ်သုံးတတ်ကြသည်။ အမေနှင့်စကားပြောနေသည့် ထိုအစ်မကြီးကို ငွေကဒ်သွားပေးရင်းက သူ့မှာ ငွေကဒ်မရှိနိုင်တာလဲ ဖြစ်နိုင်တာပဲ ဆိုသည့်အတွေးက ထပ်ရောက်လာပြန်သည်။ အို ကွန်ပျူတာသင်တန်းကျောင်းက နည်းပြဆရာတစ်ယောက်အနေနဲ့ ငွေကုန်တယ်ဆိုတာက နည်းနည်းတော့လွန်သည်မဟုတ်လား။ နောက် သူ့လို ချွေတာရေးသမား ကုတ်ကပ်စေးတစ်ယောက်အနေဖြင့် ငွေကုန်သည်ဆိုတာ မဖြစ်နိုင်။
နာရီကို ကြည့်လိုက်မိတော့ ၂ နာရီပင် ထိုးတော့မည်။ တကယ်ပဲ ဖုန်းဘေလ်မရှိတာလား ။ ငွေဖြည့်ကဒ်တစ်ကဒ်လောက် သူ့ဖုန်းထဲ ထည့်ပေးရင်ကောင်းမလားဟု စဉ်းစားနေမိရင်းက ထိုအတွေးကို ခေါင်းခါဖျက်လိုက်သည်။ ချစ်သူဆီ ဖုန်းဆက်ဖို့တောင်မရှိဘဲ အင်တာနက်သုံးဖို့ရာရှိသည် ဆိုသည့်စကားကို ယုံသည်ဆိုလျှင် ဇူးမေ အရူးပဲ။ ဟုတ်သည်။ ဇူးမေ မရူးချင်။ ခုချိန်မှာ ဖြစ်နိုင်မည်ဆိုလျှင် သူနှင့် စသိခဲ့သည့်အချိန်တို့ကို ကျော်ပစ်ချင်သည်။ သူနှင့်စဆုံစည်းခဲ့သည့်ပရဟိတပွဲကိုလည်း ဇူးမေ မသွားလို။ ဇူးမေကိုက ရှာရှာဖွေဖွေပါ။ တစ်သက်လုံး ဘယ်တုန်းကမှမလုပ်ဖူးတဲ့ ပရဟိတကို ရေဘေးကယ်ဆယ်ရေးအတွက်ဆိုပြီး အဝတ်ထုပ်တွေသွားပို့၊ ငွေတွေသွားလှုလုပ်မိတယ်။ ခုတော့ ရည်းစားတစ်ယောက်ရပြီး စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်မဟုတ်လား။
“ဟယ်လို ချစ်ရေ ချစ်…ဖုန်းကိုင်တော့…ချစ်ရေ…မောင်ခေါ်နေတယ်လေ.. ချစ်ဆို”
ရုတ်တရက် မြည်လာသည့်အသံကြောင့် ထမင်းစားနေသည့်လက်က အလျှှု်စလိုပင် ပါဝါခလုတ်ကို ထိကာ အသံဖျောက်လိုက်မိ၏။ အမေများ ကြားသွားမလား ဆိုသည့်စိုးရိမ်စိတ်နှင့် လှမ်းကြည့်တော့ အမေက ဟိုအစ်မကြီးနှင့် စကားပြောကောင်းနေဆဲ။ ဖုန်းလေးကို အစိမ်းရောင်ခလုတ်လေးနှိပ်ပြီး အသာဖွင့်လိုက်တော့ ကြားလိုက်ရသည်က
“ဟယ်လို ချစ်… မောင် နေမကောင်းဘူး ချစ်ရယ် ဒီကြားထဲ အညာက အမျိုးတွေ ရောက်လာလို့ ဟိုပို့ဒီပို့ ပို့ရသေးတယ်.. ချစ်ဆီဖုန်းဆက်မယ်လုပ်တိုင်း ညီအငယ်က မောင့်ဘေးနားမှာ အမြဲရှိနေတော့ ဆက်လို့မရဘူး ခုမှ အားလုံးပြန်သွားမှဆက်ရတယ်..လွမ်းလိုက်တာ ချစ်ရယ်”
ဖြတ်ခနဲ လှည့်ကြည့်လာသည့် အမေ့ကြောင့် ပြုံးချိုနေသည့် မျက်နှာကို ပြင်ရင်း ဇူးမေ ချောင်းဟန့်လိုက်မိသည်။ သေချာပါသည်။ သည်ငတိလေးကို ဇူးမေ မပြတ်နိုင်သေး။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment