Thursday, February 13, 2025

“ထို့ကြောင့် ဝေးရသည်”-ရည်ဝေ(လင်းရောင်ခြည်)-၂၀၁၆ မတ်လ မဟေသီ

“သားရေ သား ခဏထွက်ခဲ့ဦး …သား.. ဒီမှာ မင်းအန်တီက သားနဲ့ဖုန်းပြောချင်လို့တဲ့ ခေါ်နေတယ် မင်းညီမ မင်္ဂလာဆောင် လှမ်းဖိတ်တာ တဲ့လေ”

တံခါးကို တဒေါက်ဒေါက်ခေါက်မှာအပြီး မေမေကတော့ ထွက်သွားပြီဖြစ်၏။ သူ့မှာသာ ခေါင်းအုံးဖြင့် နားများကို ဖိပိတ်လိုက်မိသည်။ အရာရာကို ရင်ဆိုင်ရန် သူ့မှာ အားမရှိတော့။ အမှောင် ..အမှောင်သည်သာ လာစေချင်ပါသည်။ အမှောင်ဖုံးသည့် ညဆိုလျှင် သူ့ဆီ ဘယ်သူမှ မလာနိုင်တော့။ ဘယ်ဧည့်သည်မှ မလာနိုင်တော့။
အမှောင်ကိုသာ အလိုရှိပါ၏။ မြင်သမျှအရာတိုင်းတွင် ကပ်ငြိပါလာသော အလင်းကို လက်မခံနိုင်သကဲ့သို့ တွေ့သမျှအရာတိုင်းဆီမှ ပြေးထွက်ရန် မျက်လုံးအစုံကို မှိတ်ထားမိပြန်သည်။ အရာရာသည် ဖြေရှင်းဖို့ မတတ်နိုင်မီမှာပင်ပင် အချိန်မီ ရောက်လာခဲ့လေရော့သလား။
ကြားဖူးခဲ့သည့် စကားသံများသည် နားတွင်ရောက်လာသည်။
“စွန့်စားမှ ရမယ်…. တကယ်လို့ ဒီအဖြစ်ကို ကျော်လွှားဖို့ဆိုရင် ဘယ်သူမှ မတားနိုင်အောင် ငါတို့ တစ်ခုခုတော့ လုပ်ရမယ် နင် ငါ့ကို ချစ်တယ်မဟုတ်လား”
“ချစ်တာပေါ့ ဆူးရယ် …ဘယ်လိုပြောလိုက်ပါလိမ့်.. ခုငါ တကယ်ရူးတော့မယ် ဒီကကောင် ရူးတော့မယ်။”
“အေး ဒါဆို မနက်ဖြန် ဒီလိပ်စာကို အရောက်လာခဲ့ ငါအသင့်စောင့်နေမယ် နင်သိမှာပါ ငါပြောတဲ့ အဓိပ္ပါယ်ကို”
ခု ကိုယ်တို့ မကျော်လွှားနိုင်ခဲ့ဘူးမဟုတ်လား။ ကိုယ့်ကို မုန်းပါဆူးရယ်။ မင်းဘဝကို မဖျက်ဆီးပါနဲ့။ ကိုယ့်ကို မုန်းပါ။
မျက်လုံးအစုံမှ စီးကျလာသည့်မျက်ရည်များနှင့်အတူ စိတ်သည် အတိတ်ဆီသို့…။
----------+++++++++++++++++++++++++------------------
(၁)
ထိုပုံပြင်သည် သူနှင့် သက်ဆိုင်နေပြီ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ကာလများဖြစ်သည်။
---+++----
လက်သည် တဆတ်ဆတ် တုန်ရင်လျှက်။ ဆူး၏ ရင်ဘက်ရှိ ကြယ်သီးများကို ဖြုတ်ဖို့ကြိုးစားသော်ငြား အားအင်မရှိသူကဲ့သို့ ပျော့ခွေလျှက်။
“မောင် ဒီအခြေအနေကို နင်မကျော်နိုင်ရင် ငါတို့ ဒီနေရာမှာပဲ လမ်းခွဲရမယ်ဆိုတာ သိတယ်နော် သေချာလုပ်စမ်း..ငါ မိန်းမပျက်မဟုတ်ဘူး နင့်ကို ချစ်လွန်းလို့ အခွင့်ပေးနေတာ..”
မျက်လုံးအစုံကိုမှိတ်ရင်း မျက်ရည်များစီးကျလျှက် အော်နေသော ဆူးကို ရင်ထဲသို့ ထည့်သွင်းမိသည်။ သို့သော် ဆူးက လက်ဖြင့် တွန်းဖယ်ထားပြန်သည်။
“ဖြုတ်.. ခုချက်ချင်းဖြုတ် အဲဒီကြယ်သီးတွေကို ခုချက်ချင်းဖြုတ်…”
တဖြည်းဖြည်းနှင့် ဆူး၏လက်များ တွန်းကန်အား ပျော့သွား၏။ ဆူးသည်လည်း အားမရှိပြီ။ သူသည်လည်း အားမရှိတေ့ာပြီ။ အရာရာသည် နောက်ကျစွာ။ ပြင်ဆင်ခွင့်မဲ့စွာ။
ထို့နောက်တော့ မျက်ဝန်းနှစ်စုံမှ မျက်ရည်များ သွန်းဖြိုးရုံသာ တတ်နိုင်တော့လေသည်။
(၂)
မျက်ဝန်းတစ်စုံရှိမှန်း သတိမထားမိသေးခင်ကာလများ ဖြစ်သည်။
---++++----
ကြည်နူးရသည်။ ပျော်ရသည်။ ဘဝအဆက်ဆက် ထုံမွှန်းခဲ့သော သူ ဟု စိတ်က ရည်မှန်းသည်။
“နင်နဲ့ငါ့ ကြား ဘာစိတ်ခုစရာမှ မရှိကြေးနော် မရှင်းလင်းတာရှိရင် သေချာပြန်မေးဖို့ မမေ့နဲ့”
“အေးပါဟာ… နင်လည်း မရှင်းတာ စိတ်ခုစရာရှိရင် ငါ့ကို ပြန်မေးဖို့ မမေ့နဲ့ ခင်မင်ပြီးမှ ဘာမဟုတ်တဲ့ကိစ္စကြောင့် အခင်မင်ပျက်တာမျိုးတွေ မဖြစ်စေချင်ဘူး”
ခေါက်လိုက်မိသည့် အန်းတားခလုတ်များသည် ကိုယ့်စိတ်၏ အနိမ့်အမြင့်ကို ဖေါ်ပြနေသကဲ့သို့ရှိ၏။ အွန်လိုင်းမှာတွေ့ အွန်လိုင်းမှာ ကြိုက်သည့်အဆင့်မဖြစ်လို။ ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်နေပြီဆိုသည့် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင် အင်တာနေရှင်နယ်ကျကျ အွန်လိုင်းမှာ ကြိုက်သည့် အဆင့်သို့ မရောက်ခဲ့။ တိုးလာသည့် သံယောဇဉ်မျှင်များသည် သူငယ်ချင်းမိတ်ဆွေဆိုသည့် စကားလုံးကို ပိုမိုနားလည်လာစေသည်။ အရောင်ရင့်ရင့်အဖြူကို မေတ္တာဟု သတ်မှတ်ချင်ပါသည်။ မောင်ချစ်နှမချစ်မေတ္တာ။ မထင်မှတ်ဘဲ ခင်မင်ခွင့်ရလိုက်သည့် အဖြူရောင်ကြိုးတစ်ချောင်းအတွက်တော့ ဖေ့စ်ဘုက်ခ်ဆိုသည့် နက်ဝက်ကြီးကို တည်ထောင်သူ ဇူကာဘက်အား ကျေးဇူးတင်မိလိုက်၏။
စိတ်အားငယ်ချိန်၊ စိတ်အားတက်ချိန်တွင် ဖွင့်ပြောရမည့်သူ ရှိခြင်းသည် ပျော်ရွှင်စရာဖြစ်သလို ကိုယ့်ကို နှစ်သိမ့်အားပေးနေသည့်သူ ရှိခြင်းသည်လည်း ပျော်ရွှင်စရာ။ အရေးအကြီးဆုံးကတော့ ဘဝတွင် ယုံကြည်ရသူတစ်ယောက်ရှိသည်ဆိုသည့် အသိကို သိရခြင်းသည် ဘဝအတွက် နေပျော်စရာကောင်းလှသည်။
(၃)
မျက်ဝန်းတစ်စုံသည် ကိုယ်နှင့် သက်ဆိုင်တော့မည် ဟု သတိမထားမိခင် ကာလများ ဖြစ်သည်။
----+++++++-------
“ငါ ရန်ကုန်ကို တက်လာမလို့ဟ ရောက်မှ တစ်ရက် နင်နဲ့ဆုံဦးမယ်”
“ဟေးးးး ဝမ်းသာလိုက်တာ ဆူးရာ ရောက်ရင် ဖုန်းဆက်နော်..ဒီမှာ ငါ့ဖုန်းက.၀၉၉၇..”
“ဟင် နင့်ဖုန်းက အော်ရီဒူးကြီး အော်ရီဒူးတွေက လိုင်းကြပ်တယ်ဟ တခြားဖုန်းမရှိဘူးလား..”
“ဒါဆိုရော့….၀၉၇၉..”
လက်မှ တတပ်တပ်နှင့် နှိပ်နေမိသော ကီးဘုတ်ခလုတ်များနှင့်အတူ ဆူးနှင့် တွေ့ခွင့်ရမည့်အတွက် သူ့ရင်ခုန်သံတို့ကလည်း တဒိန်းဒိန်းနှင့် ပျော်ရွှင်နေမိဆဲ။ သင်တန်းလာတက်မည်ဆိုသည့် မိဆူးတစ်ယောက် ရန်ကုန်လူလည်များနှင့် မတိုးပါစေနဲ့ ဟုလည်း ရေရွတ်မိခဲ့ရင်း။
“ဟယ်လို ရဲရင့်လား ငါရန်ကုန်ရောက်နေပြီ ”
ချိုကြည်လွန်းသည့် အသံတစ်ခုကို ကြားရစဉ်က ထိုအသံသည် ကိုယ့်စိတ်ကို ဆွဲခါလှုပ်ယမ်းမည့်သူ ဖြစ်ကြောင်း မသိခဲ့ရ။ ကိုယ့်ညီမလေးတစ်ယောက် ရန်ကုန်မှာ ရှိပြီ ဆိုသည့်အသိနှင့်အတူ ကြည်နူးရ၏။ တွေ့ချင်စိတ်များဖြင့် နေ့ရက်များသည် အချိန်ကုန်နှေးလွန်းသည်ထင်ရ၏။ ဆူးနှင့် သူ တွေ့ရတော့မည်။ ထိုအသိနှင့်ပင် ယောက်ယက်ခတ်ရပါ၏။
(၄)
မျက်ဝန်းတစ်စုံတွင် ရှိသည့် အရာရာသည် ကိုယ်နှင့် သက်ဆိုင်ပါစေ ဟူသော ဆုတောင်းများ ပြည့်နှက်နေခဲ့သည့် ကာလများဖြစ်ပါသည်။
--++-
လှသည့်အဆင့်ကိုမရောက်၊ ကျက်သရေရှိ ရင့်ကျက်သည့် အရွယ်မဟုတ်သေးသော ဆံပင်ကုပ်ဝဲနှင့် မျက်နှာသေးသေးဖြင့် ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်သည် အွန်လိုင်းတွေ တွေ့ရှိခဲ့ရသည့် ပွင့်လင်းဖေါ်ရွေသည့် မိဆူးဖြစ်ပါသတဲ့။ ဂျစ်ကန်ကန်ကောင်မလေး၏ မျက်ဝန်းတွင်းသို့ ခုန်ဆင်းမိချင်လိုက်သည်မှာ ခဏခဏ။ တစ်ဘဝစာ ရည်ရွယ်ခဲ့မိပြီမှန်းသေချာသည့်နေ့က သူ ဆုတောင်းများဖြင့် စိတ်မောခဲ့ရသည်။
သန့်စင်သည့် သံယောဇဉ်ဖြင့် ခင်မင်ရင်းနှီးပြီးခါမှ အနေနီးစပ်သည့်အတွက် ဖြစ်ပေါ်လာသည့် ချစ်ခြင်းဟု အဓိပ္ပါယ်မသက်ရောက်စေလို။ ထို့အတွက်ကြောင့်ပင် ဆူး နားလည်နိုင်ပါစေ ဆိုသည့် ဆုတောင်းများဖြင့် ကုန်ဆုံးခဲ့ညများပင် များခဲ့ချေပြီ။
“ရော့ ဖတ်ကြည့် ဒါလေးကောင်းတယ်”
သူနှင့် တွေ့ခါစက သင်တန်းမှာသာ အတွေ့ခံသော ဆူးသည် လူချင်းတွေ့ပြီးသည်နှင့် စိတ်ကိုပါယုံလေသည်လား။ သုံးလေးလအကြာမှာတော့ ဆူးနှင့်သူ့ရင်းနှီးမှုသည် သူငယ်ချင်းနှင့် မောင်နှမကြား ဆက်ဆံမှုမျိုး ဖြစ်နေပြိဖြစ်၏။ စာကြိုက်ကြသူနှစ်ယောက်အတူတူ စာအုပ်ဆိုင်များတွင်လှည့်လည်ဈေးဝယ်ကြရသည်မှာ ခဏခဏ။ ယခုအချိန်မှာတော့ သူကလည်း ဆူးကို ယုံသည်။ ဆူးကလည်း သူ့ကို ယုံသည်။ သို့သော် သူ့ချစ်ခြင်းကို ဖွင့်ဟဖို့ရာ အဆင်သင့်မဖြစ်သေး။
(၅)
မျက်ဝန်းတစ်စုံ၏ အရာရာကို သိရှိနားလည်ဖို့ရာ ကြိုးစားခဲ့သော ကာလများ ဖြစ်ပါ၏။
----++++----
“နင် ငါ့ကို ငြင်းနိုင်စိတ်ဆိုးနိုင်ပါတယ် ငါ ငါ နင်ပြန်ခါနီးပြီဆိုတော့ ငါ့စိတ်ကိုတော့ ဖွင့်ပြောလိုက်ချင်လို့ပါဆူးရယ်”
ဆူး၏ မျက်နှာတည်တည်ကား ယခုထိ အရောင်မပြောင်းသေး။ သူ့မျက်နှာကိုသာ တည့်မတ်စွာ စိုက်ကြည့်လျှက်။
“ငါ နင့်ကို စတွေ့လိုက်မိကတည်းက ချစ်ခဲ့လိုက်မိတယ်။ သံယောဇဉ်လား အချစ်လား မကွဲပြားမှာစိုးလို့ သေချာအောင်စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သေချာတယ် နင့်ကို ငါတစ်ဘဝလုံးအတွက် လက်တွဲဖေါ်အဖြစ်ရည်ရွယ်ချင်တယ်..
.ဒါပေမယ့် နင်ငြင်းရင်လည်း ငါ စိတ်မဆိုးပါဘူး ငါ .. ငါ နားလည်ပါတယ်..နားလည်မှာပါ”
ရုတ်တရက် ခေါင်းအခေါက်ခံလိုက်ရမှုကြောင့် ဆူးကို ကြည့်လိုက်မိတော့
“နင် ဘာလို့ ဖွင့်မပြောသေးတာလဲ လို့ ငါက စိတ်ပူနေတာ ရဲရင့်ရဲ့”
ထိုကဲ့သို့ အတည်ပေါက်နှင့် စနောက်တတ်သည့် ဆူးသည် သူ၏တရားဝင်ချစ်သူဖြစ်ခဲ့ပါ၏။
“အမေနဲ့အဖေက ရိုးပါတယ်အေ အင်တာနက်ခေတ်မှာ လူလာဖြစ်တဲ့ ကျုပ်က မရိုးတာ”
“အမေကလေ အဖေ့နောက်ကို ခိုးရာလိုက်ခဲ့တာ တဲ့ အမေ့မိဘက အမွေပြတ်စွန့်လွှတ်တယ်ဆိုကတည်းက ခုထိမိသားစုကို မဆက်သွယ်တော့တာတဲ့ မောင်ကရော ကိုယ်ခိုးပြေးရင် လိုက်မှာလား မောင်နဲ့ ကိုယ့်မိသားစုအခြေအနေကမတူဘူးမဟုတ်လား အင်တာနက်ဆိုင်ဖွင့်တာချင်းတူတောင် မ က အညာအင်တာနက် မောင်က ရန်ကုန်အင်တာနက်ဘဝမဟုတ်လား”
သုံးလသာ ကွာသည့်အသက်ကို မ နှင့် မောင်ဟု ချွဲခွဲျနွဲ့နွဲ့သုံးစေချင်သည့် ထိုမိန်းကလေးနှင့် တွေ့ဆုံခဲ့ရခြင်းသည် သူ့အတွက်တော့ ကမ္ဘာက ပေးသည့်လက်ဆောင်။ သင်တန်းနောက်တစ်ခုတက်သည့် သုံးလအတွင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်မခွါရက်ဖြစ်လာသည်မှာ သိပ်တော့ အံ့သြစရာမကောင်းလှ။ ရှိရင်းစွဲသံယောဇဉ်ကိုမှ အထပ်ထပ်တိုးရစ်လိုက်သည့် သမုဒယသည် တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ရုံနှင့် အားအင်ပြည့်စေသည်။
တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရခြင်းကပင် ဘဝအတွက် အားမာန်။
“ပြန်ရတော့မယ်…မောင် နင် လိုက်လာမှာမဟုတ်လားဟင်”
“လိုက်လာမှာပေါ့ မ ရဲ့ ဒီခြောက်လအတွင်း လိုက်လာခဲ့မယ် ဟုတ်လား”
သစ္စာပျက်နိုင်သည်ဆိုသည့်အတွေးသည် စိုးစဉ်းမျှ ပေါ်မလာ။ တစ်ယောက်နှင့်တစ်ယောက် ထိစပ်ခွင့်ရသည့် အင်တာနက်စာမျက်နှာပေါ်မှာ၊ ဖုန်းနားကြပ်ပေါ်မှာ အလွမ်းများ ဖွင့်အန်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံခွင့်မရှိသော်လည်း စိတ်သည် ဆူးတစ်ယောက်အတွက်သာ ဖြစ်တည်သည့်လူလို..။
(၆)
မျက်ဝန်းတစ်စုံ ပြောပြခဲ့သော ပုံပြင်သည် သူနှင့်သက်ဆိုင်ဖို့ ဖန်တီးလာခဲ့သော ကာလများ ဖြစ်ပါ၏။
---+++++---
“ဟယ် သားကို ကြည့်ရတာ တစ်ယောက်ယောက်နဲ့ တူသလိုလိုပဲ ဟုတ်တယ် တစ်ယောက်ယောက်နဲ့တူနေတယ်. သားမိဘတွေနာမည် ဘယ်လိုခေါ်လဲကွယ့်”
ဆူးအမေ၏ သူ့မျက်နှာကို တသသကြည့်နေပုံကို ဆူးကိုယ်တိုင်လည်း အံ့သြနေပုံရ၏။ ဆူးကို တစ်ချက်ကြည့်ရင်းက ဖုန်းကိုထုတ်ကာ ဓါတ်ပုံပါပြရင်း သူဖြေလိုက်သည်။
“မေမေ့နာမည်က ဒေါ်ခင်မေလွင်ပါ ဖေဖေ့နာမည်က ဦးအုန်းသော်ပါ”
“ဘာ..”
ရုတ်တရက်ထအော်ကာ ဖုန်းကိုပါ ဆွဲယူလိုက်သည့် ဆူးအမေကြောင့် ဆူးကောသူပါကြောင်အသွားရသည်။ ဆူူးအမေကတော့ ချုံးပွဲချငိုနေချေပြီ။
“မေမေ အသက်ရှင်သေးလားဟင် မင်းအဘွား အသက်ရှိသေးလား… သမီးမိုက် လွင်မာဦးကိုကော ခွင့်လွှတ်ရဲ့လား”
လွင်မာဦး ဆိုသည့်နာမည်နှင့်အတူ တစ်စုံတစ်ခုကို နားလည်လိုက်သလိုရှိ၏။ သွားပြီဆိုသည့်အသိတစ်ခုဖြင့်သာ။ ထို့နောက်ပိုင်းမှာတော့ ဆူးနှင့်သူ့ပတ်သတ်မှုသည် ရန်ကုန်တွင် ခင်ခဲ့ရသော သူငယ်ချင်းအဖြစ်ထက် မပိုတော့။ ဆူးအမေသိသည်က သူသည် ဆူး၏သူငယ်ချင်း။
“အဲဒီတုန်းက မင်းအမေလက်ထပ်တဲ့သတင်း ကြားလို့ သွားခဲ့သေးတာပေါ့ ခိုးရာလိုက်ပြေးတဲ့သမီးကို အိမ်ထဲအဝင်မခံဘူးတဲ့လေ သိပ်ပြီးအရှက်အကြောက်ကြီးတဲ့ အန်တီ့ယောကျ်ားက မေမေ့စကားလုံးတွေမှာ စိတ်နာပြီး အဲဒီကတည်းက မသွားဖြစ်တော့တာ မင်းဦးလေးကလဲ ဝန်ထမ်းဆိုတော့ ဟိုရောက်ဒီရောက်ပေါ့ကွယ်…. ဒီမှာ အခြေချတော့တောင် ဆူးအသက် ငါးနှစ်လားမှ အခြေချဖြစ်တာလေ”
ဆူးအမေ၏ စကားသံကို နားထောင်နေရခြင်းသည် သူ့အတွက်တော့ ကမ္ဘာပျက်တေးသာ ဖြစ်သည်။ ဆူး၏မျက်ဝန်းတွေ နီရဲနေသလို သူ့မျက်ဝန်းတွေ နီရဲနေမည်ဖြစ်ကြောင်းကိုတော့ အပျော်များဖြင့် ပြည့်နေသည့် သူ့အန်တီတစ်ဖြစ်လဲ ဆူးအမေ မသိနိုင်။ မသိနိုင်ပါလေ။
(၇)
ပုံပြင်၏ သက်ရောက်မှုများအရ သူနှင့်သူချစ်သည့် မျက်ဝန်းတစ်စုံ၏ ကြေကွဲကာလများ ဖြစ်ပါ၏။
----+++++++++++++---------
“အဓိပ္ပါယ်မရှိဘူးဟာ နင်နဲ့ငါက ဒီလိုနဲ့ပဲ ဝေးရမှာလား ငါလက်မခံနိုင်ဘူး လက်မခံနိုင်ဘူးဟာ..”
သွေးရူးသွေးတမ်းပြောနေသည့် ဆူးကိုကြည့်မိသည်။ ဆူးကို လွမ်းသည့်စိတ်ကြောင့် မဖြစ်မနေလိုက်လာလိုက်မိသည့် သူ့အမှားလေပဲလား။ မေမေတို့နှင့်မိတ်ဆက်မပေးခင် စောသိသွားရခြင်းသည်ကပဲ ကံကောင်းခြင်းပဲလား။ သေချာတာကတော့ ဆူးကောသူပါ အရုပ်ကြိုးပြတ် ဖြစ်နေရချေပြီ။
“မောင် နင်နဲ့ငါ တစ်ဝမ်းကွဲ မောင်နှမပဲဟာ ငါကြားဖူးတာကတော့ မွန်ပြည်နယ်မှာဆို တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲမောင်နှမတွေ လက်ထပ်ကြတယ်တဲ့ အညာမှာလည်း ရှိတာပဲ နင်နဲ့ငါ လက်ထပ်လည်း ဘာမှမဖြစ်ပါဘူးဟာ”
ဆူးပြောသည့် စကားကိုပင် မျက်လုံးမှိတ်လက်ခံလိုက်ချင်သော်ငြား စိတ်သည် သံသရာဆိုသည့် စကားလုံးကိုသာ ပြေးမြင်၏။ သွေးနီးသည့်မောင်နှမချင်းလက်ထပ်သည့်အတွက် ကိုယ်အင်္ဂ ါချို့ယွင်းသည့် ကလေးငယ်များ ပေါက်ဖွားလာသည် ဆိုသည့် ဆေးပညာသတင်းဂျာနယ်ကို ပြေးမြင်၏။ ခေါင်းသည် အလွယ်တကူမညိတ်နိုင်ခဲ့။ မည်သို့ပင်ပွင့်လင်းလွတ်လပ်သည့် ခေတ်ဖြစ်နေပါစေ။ မောင်နှမချင်း သွေးသားစပ်ယှက်ရဲရလောက်အောင်ထိ သတ္တိမျိုး သူ့မှာမရှိခဲ့။
“စွန့်စားမှ ရမယ်…. တကယ်လို့ ဒီအဖြစ်ကို ကျော်လွှားဖို့ဆိုရင် ဘယ်သူမှ မတားနိုင်အောင် ငါတို့ တစ်ခုခုတော့ လုပ်ရမယ် နင် ငါ့ကို ချစ်တယ်မဟုတ်လား”
“ချစ်တာပေါ့ ဆူးရယ် …ဘယ်လိုပြောလိုက်ပါလိမ့်.. ခုငါ တကယ်ရူးတော့မယ် ဒီကကောင် ရူးတော့မယ်။”
“အေး ဒါဆို မနက်ဖြန် ဒီလိပ်စာကို အရောက်လာခဲ့ ငါအသင့်စောင့်နေမယ် နင်သိမှာပါ ငါပြောတဲ့ အဓိပ္ပါယ်ကို တစ်ဝမ်းကွဲချင်းမယူရဘူးဆိုတဲ့ ဥပဒေ မရှိပါဘူးဟာ မရှိပါဘူး”
အသိဉာဏ်က တားသည့်ကိစ္စဟု မည်သို့ပြောရမည် သူမသိတော့။ စိတ်သည် နာကျင်မှုတို့အပြည့်ဖြင့် အရာအားလုံးဆီမှ ထွက်ပြေးနေချင်စိတ်တို့သာ ပြည့်နှက်နေခဲ့သည်မဟုတ်လား။
(၈)
ဘဝကိုယ်စီကို ပြန်လည်တည်ဆောက်ကြသော ပစ္စုုပ္ပန်ကာလများဖြစ်ပါသည်။
----++++++-------
“အခါတော်ပေးတာက နတ်ရေးငယ် ရွှေစာ…”
သီချင်းသံ ဆူဆူညံညံသည်လည်း နားထဲရောက်မလာ။ ပတ်ဝန်းကျင်မှ စကားသံများသည်လည်း နားထဲရောက်မလာ။ တစ်ယောက်မျက်လုံးကို တစ်ယောက်ကြည့်ကြသည်။ တစ်ျယောက်ပြောသည့်စကားသံများကို တစ်ယောက် နားလည်လိုက်ကြသည်။ မျက်ရည်တွေဝေ့ဝဲနေသော မျက်ဝန်းနှစ်စုံသည် မဆုံကြတော့သော်ငြား မပြောဘဲကြားလိုက်သည့် စကားသံများကတော့ ပဲ့တင်ထပ်လျှက်။
“ဆူး အဆင်ပြေပါစေ။”
“မောင် နင်အဆင်ပြေပါစေ”

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...