ပွဲတော်က အသက်မဲ့လွန်းနေသည်။ ပွဲတော်တွင် ကြိုးဆွဲနေသူမှာ သူ လိုချင်လိုအပ်သော အရာများကိုသာ ရွေးချယ်ကခုန်စေ၍ ကျန်အရုပ်များအားတိတ်ဆိတ်ဆွံ့အနေစေသည်။ ပွဲတော်တွင် လိုအပ်သော အဓိကအချက်မှာ နွေးထွေးမှုပင်ဖြစ်သည်။ နွေးထွေးမှုသည် ရှေးမဆွက ခင်မင်ရင်းနှီးခဲ့သော သံယောဇဉ်ဟု မဆိုလိုပါ။ နွေးထွေးစွာဖေးမမှုနှင့် ယုံကြည်မှုပင်ဖြစ်သည်။
ဟုတ်သည်။ ပွဲတော်သည် အသက်မဲ့လွန်းနေသည်။
“ပွဲတော်တွင်ကပြဖျော်ဖြေရန် ရုပ်သေးများ အလိုရှိသည်...။”
ဒီစာတန်းသည် ပွဲတော်ပြင်ပမှ လူလေးများအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်သွားစေသည်။ ပွဲတော်သည် ဘာ့အတွက်လဲ။ ပွဲတော်မှာ ကပြဖျော်ဖြေခွင့်ရလျှင် ဘယ်လိုအကျိုးရမလဲ။ပွဲတော်မှာ ကပြဖျော်ဖြေခြင်းဖြင့် မိသားစုဂုဏ်ကို ဆောင်နိုင်မည်လား။ ထိုကဲ့သို့သော အတွေးများအပြင် ဒီပွဲတော်မှာ ကပြဖျော်ဖြေခြင်းဖြင့် ပွဲတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရာရောက်ပါသည်လေ ဟူသည့် အတွေးလေးများလည်း တွေးကြသည်။ သို့ဖြင့် လူလေးများကြားဝယ် ထိုရုပ်သေးလျှောက်လွှာကို အလုအယက်ကို ပြေးယူရင်း လျှောက်ကြရတော့၏။
ဟားတိုက်နေသည်။ သစ်ပင်ကြီးများက ဟားတိုက်ရယ်မောနေကြသည်။ ပွဲတော်သည် လူလေးများအား အမှန်တကယ် လိုအပ်ပါရဲ့လား ဟူသည့် မေးခွန်းဖြင့် သစ်ပင်ကြီးများဟားတိုက်ရယ်မောနေကြသည်။ လျှောက်လွှာတွင် မပါဝင်သော အရည်အချင်းများစွာ ကျန်ရှိသေးသည်။ လျှောက်လွှာဖြည့်သူတိုင်းကို ပွဲတော်က လက်ခံပါလိမ့်မည်။ လူအင်အားများခြင်းသည်လည်း ဂုဏ်အင်္ဂါတစ်ရပ်မဟုတ်ပါ့လား။ သို့သော် တကယ်အသုံးချမည့်သူသည် တကယ်အသုံးကျမည့်သူ ဖြစ်ရမည်၊ ထိုကဲ့သို့ တကယ်အသုံးကျရန်လည်း အရည်အချင်းများစွာလိုအပ်သေးသည် တဲ့။ သက်တမ်းရင့်သစ်ပင်ကြီးများ၏စကားအကြားတွင်လည်း လူလေးများ ကြောက်မသွားပါ။ လူငယ်ဟူသည့် စာတမ်းကို ကိုင်ဆွဲလျှက် ပွဲတော်တွင်းကရန်ပြင်ဆင်နေကြသည်။ လျှောက်လွှာဖြည့်ရန်သာ ပြင်ဆင်နေကြသည်။
“မင်းတို့အထဲက အသုံးကျသူနည်းနည်းသာ အသုံးချခံရမှာ ကျန်တာက လူအင်အားပြရုံလောက်ပါပဲကွာ ဒါ့အတွက်နဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဘောင်ထဲ ခုန်မချစမ်းပါနဲ့ လွတ်လွတ်လပ်လပ် လူပီပီသသနေလိုက်စမ်းပါ”
လူလေးများကား မကြားချင်ယောင်ဆောင်နေကြရင်း လျှောက်လွှာကိုသာ ဖိဖြည့်နေကြ၏။
ယခုတော့ လူလေးများသည်ပွဲတော်တွင်းဝယ် ရုပ်သေးရုပ်အဖြစ်ကပြခွင့်ရပြီ ဖြစ်၏။ သို့သော် ကပြဖို့ အခွင့်အလမ်းမသာ။ သစ်ပင်ကြီးများက ပြောသည့် အသုံးကျသည့် အရည်အချင်းဆိုသည်ကို သူတို့ နားလည် သဘောပေါက်သလိုလို ရှိလာပြီဖြစ်သည်။
“လူပီပီ ထမင်းစားတတ်ရမည်။”
ဟုတ်သည်။ တချို့သောသူများသည် လူပီပီသသ ထမင်းမစားတတ်ကြ။ အဖိတ်ဖိတ်အစင်စင်နှင့် နို့နံ့မစင်သေးသည့်ကလေးငယ်ကဲ့သို့ စားတတ်ကြသည်။ ထို့အတွက် လူပီပီသသထမင်းစားတတ်ခြင်းသည်လည်း အသုံးကျသည့် အရည်အချင်းပင်ဖြစ်သည်။
“လူပီသစွာ လိုအပ်သည့်နေရာများတွင် ခေါင်းညိတ်တတ်ရမည်”
ဟုတ်သည်။ ဒါသည်လည်း အကြီးမားဆုံးလိုအပ်ချက်သာဖြစ်သည်။ ဘယ်နေရာတွင် ခေါင်းညိတ်၍ ဘယ်နေရာတွင် ခေါင်းခါရမည်ဆိုသည်ကို သိသူသည် အကြီးမားဆုံးအောင်မြင်မှုကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ပေလိမ့်မည်။ အဓိက အရေးအကြီးဆုံးအချက်ကားနားလည်မှုပင်တည်း။ ဟုတ်သည်။ ကိုယ့်ကိုယ်ကိုယ် လူလေးတွေသာဖြစ်သည်၊ ထို့အတွက် စောဒကဆိုသည့်စကားကို မေ့ထားရမည် ဆိုသည့်နားလည်မှု ရှိဖို့လိုပါသည်။
ပွဲတော်သည် တင်သမျှ လျှောက်လွှာတိုင်းကိုလက်ခံ၏။ ထိုအခါ အလွှာစုံမှ လူလေးများပါပါဝင်လာကြတော့သည်။ လူ့ယဉ်ကျေးမှုအသိုက်အဝန်းမှ မွေးဖွားလာသော ရုပ်သေးအလွှာ၊ စိတ်လွတ်ကိုယ်လွတ်ဘောင်မဲ့နေတတ်သော ရုပ်သေးအလွှာ စသဖြင့် အလွှာကိုယ်စီ ပါဝင်လာကြတော့သည်။ လူ့ယဉ်ကျေးမှုအသိုက်အဝန်းမှ မွေးဖွားလာသော အလွှာတို့အတွက် နာမည်ကောင်းလက်မှတ်များ အကြိမ်ကြိမ်ရသော်လည်း စိတ်လွတ်လပ်မှုနှင့် ရှင်သန်ခဲ့သော အလွှာတို့အတွက်မူ နားလည်အောင် နာမည်ဆိုးလက်မှတ်များ မရပေမယ့် သိမ်ငယ်မှုတော့ အခါခါရခဲ့သည်။
ကိုယ်သည် သိမ်ငယ်ခံစိတ်လွတ်လူတန်းစားအလွှာမှ ဖြစ်သည်ဆိုသည်ကို ရဲရဲဝံ့ဝံ့ကြီး ဟစ်ကြွေးပစ်လိုက်ချင်သည်။
(၂)
ကိုယ်သည ်ကိုယ်သာ ဖြစ်သည်။
ထိုစကားကို တစ်ဘဝလုံးစာအတွက် ဆိုချင်ပါသည်။ ကိုယ်သည်ကိုယ်သာ ဖြစ်သည်။ ကိုယ်သည့် ကိုယ့်စိတ်လွတ်လပ်မှုအား နွေးထွေးဖေးမတတ်သော သူငယ်ချင်းရောင်းရင်းများအတွက် အချုပ်တည်းခံနိုင်ပါသည်။ သို့သော် အသက်မဲ့သော ပွဲတော်တစ်ခုအတွင်း အချိန်ကုန်မခံလိုပါ။ သို့သော် ကိုယ့်လက်သည် ထွက်ခွာရာတံခါးပေါက်ဆီသို့ လက်မရောက်သေးပါ။ ကိုယ်နှင့်အတူတူ ရှိနေသသည့် ရုပ်သေးလူလေးများနှင့်အတူ လက်ခုပ်တီးပေးဖို့ ပြင်ဆင်နေပါသည်။ ပွဲတော်တွင်း လက်ခုပ်တီးသံသည် အနည်းငယ်ခြောက်ကပ်ကပ်နိုင်နေမည်ကတော့ သေချာပါသည်။ ကိုယ့်စိတ်ဝိဉာဉ်မပါဝင်သော လက်ခုပ်တီးသံကို ကိုယ်ကိုယ်တိုင်ပင် မနှစ်သက်လှ။ သို့သော် ထိုအရာသည်ပင် လူပီသခြင်းပြယုဂ်တစ်ခုဖြစ်သည် ဟု သိနေသည်မို့ ကိုယ် လက်ခုပ်တီးရပါမည်။
“ကိုယ့်လမ်းက ဘယ်ကိုသွားလဲဆိုတာ ကိုယ့်ခြေထောက်က ပိုသိတယ်
လူငယ်ပဲ အရှိန်လေးနဲ့
ရည်မှန်းချက်တွေ တဒိုင်းဒိုင်း ပစ်ချမယ်
ဒီမာန်ကိုကြည့်လိုက်...
မီးတစ်စက,စ လောင်တက်တယ် ထောင်တက်မယ်
တောက်မယ့်မီးခဲဆို တရဲရဲ မဟုတ်လား
တော်တန်ရုံ“သွား”နဲ့တော့
ကျုပ်တို့ကို လာမ“ဝါး”နဲ့ ကျိုးသွားမယ် ပဲ့သွားမယ်
ကျုပ်တို့က လူငယ်
ခြေဖဝါးအောက် ခင်းထားတဲ့ဆူးတွေလည်း ပြားသွားစေရမယ်”
ရုပ်သေးလူလေးတစ်ယောက်၏ ကဗျာတစ်ပိုင်းတစ်စကို ရေရွတ်လိုက်တော့ ကိုယ့်စိတ်တစ်ခုလုံး လင်းလက်လာရသည်။ ဟုတ်သည်။ ကိုယ်သည် လူငယ်ဖြစ်သည်။
“လူငယ်တွေကိုအထင်မသေးနဲ့
သူတို့မှာ အက်ဆစ်အိပ်မက်တွေ ရှိတယ်”
တခြားရုပ်သေးတစ်ယောက်၏ ခပ်ဖွဖွမာန်တင်းသံကိုကြားရပြန်တော့ ကိုယ်သည် နှလုံးသားနှင့်ရင်းသော လက်ခုပ်ကို အားပါးတရ တီးလိုက်မိပြီဖြစ်၏။ ကိုယ်တို့သည် လူပီသသော ရုပ်သေးရုပ်များဖြစ်ဖို့ လိုမည်မထင်ပါ။ နှလုံးသားနှင့် ရင်းသော လက်ခုပ်သံများအတွက် ကိုယ့်နှလုံးသားနှင့် ရင်းနှီးသော နယ်ပယ်အတွင်းသာ ရှိဖို့လိုအပ်ပါသည်။
ကိုယ်တို့သည် လူငယ် ဆိုသည့် စာတမ်းကို နှလုံးသားတွင် ချိတ်ဆွဲလျှက် အမြင့်မှန်းဆမရသည့် တောင်ထိပ်များသို့ တက်ရောက်နေသူများဖြစ်ကြသည်။ ထိုသို့တက်ရောက်ရာတွင် အခြားသူများထက်သာသည့်အချက်က ကိုယ်တို့သည် တစ်ယောက်လက်ကို တစ်ယောက်ကိုင်၍ တစ်ယောက်လက်ကို တစ်ယောက်ဆွဲ၍ တက်ရောက်နေကြသူများမို့ အထီးမကျန်ပါ။ အားမလျော့ပါ။ အားမပျက်ပါ။
ကိုယ်တို့တွင် ရဲဘော်ရဲဘက်များရှိသည်။ ကြံဖေါ်ကြံဘက်များ ရှိသည်။ တစ်ယောက်အောင်မြင်မှုအတွက် စိတ်နှလုံးသန့်စင်စွာဖြင့် တီးခက်ပေးမည့် လက်ခုပ်သံများရှိသည်။ ကိုယ်တို့သာ် ရုပ်သေးလူလေးများဖြစ်ကြသည်။ ထို့အတူ လူငယ်များလည်း ဖြစ်ကြသေးသည်မဟုတ်ပါလား။
“လူငယ်တွေကိုအထင်မသေးနဲ့
သူတို့မှာ အက်ဆစ်အိပ်မက်တွေ ရှိတယ်”
ထိုစကားကို ကိုယ်က ထပ်မံဖြည့်စွက်လိုပါသည်။
“လူငယ်တွေကိုအထင်မသေးနဲ့”
“သူတို့မှာ အက်ဆစ်အိပ်မက်တွေရှိတယ်”
“တကမ္ဘာလုံးစာ အရည်ပျော်သွားဖို့ လုံလောက်တယ်” ဟုပင်ဖြစ်သည်။ ကိုယ်တို့သည် အသက်မပါသော လက်ခုပ်သံများကိုလည်း တာဝန်တစ်ခုအတွက် ဖန်တီးကြပါမည်။ ကိုယ်တို့အိပ်မက်များအတွက်လည်း နှလုံးသားချင်းရင်းသော နယ်ပယ်တွင် ဝေမျှကြပါမည်။
(၃)
သစ်ပင်ကြီးများလက်ခုပ်တီးနေကြသည်။ စိမ့်စမ်းများက တဝေါဝေါနှင့် ဝမ်းမြောက်ပျော်ရွှင်ကြောင်း အချက်ပေးနေပြန်သည်။
တွဲထားသော ကိုယ်တို့လက်တို့သည် ပိုပို တင်းကျပ်လာသလိုရှိ၏။ ကိုယ်တို့၏ ခြေအစုံသည် တောင်ထိပ်ဆီသို့ မျှော်မှန်းရင်း တစ်လှမ်းချင်း တစ်လှမ်းချင်း…။
ရည်ဝေ(လင်းရောင်ခြည်)
ဆရာစေပိုင်ထွဋ်၏ လူငယ်ကဗျာ (၃)မှ စာတပိုင်းတစနှင့် ဆရာနွေလ၏ စတေးတပ်စ်လေးကို နှစ်သက်လွန်း၍ သုံးထားပါသည်။
No comments:
Post a Comment