ကိုယ့်အတွက်တော့ ချစ်ခြင်းတရားဆိုသည်မှာ အိပ်မက်တစ်ခုစာမျှထိပင် ရေရာသေချာမှုမရှိခဲ့။ အရာရာသည် ဝေဝေဝါးဝါးနိုင်စွာ..။
အလွမ်းဆိုသည်ကိုပင် ပိုင်ပိုင်နိုင်နိုင်လွမ်းခွင့်ရှိပါရဲ့လား ဟု ဆန်းစစ်မိသည့်အခါ အရာရာသည် ဝေးသထက်ဝေးရာသို့ လွင့်ပေတော့၏။
အပြုံးမမည်သည့် နှုတ်ခမ်းတွန့်တွန့်လေးတွေကို ရော်ရမ်းမှန်းဆကာ လွမ်းသည်။ အမုန်းမမည်သည့် သံယောဇဉ်ဖြူဖြူတို့ကို မုန်းလျက်နှင့် လွမ်းသည်။ မေတ္တာဆိုသည် တစ်ခါတစ်ရံတော့ ခါးတတ်ကြောင်း သူသိအောင်တော့ ပြောပြချင်ပါသေးသည်။
ခွင့် ဆိုသည်မှာ တစ်ပါးသူပေးမှ ရသည့်အရာဟု ဆိုလျှင် ကိုယ်ငြင်းဆိုချင်ပါသည်။ ကိုယ်က လွမ်းခွင့်ကို သူမပေးပါဘဲ စိတ်တိုင်းကျသုံးစွဲနေသူမို့သာတည်း။ သို့မဟုတ် အခွင့်မရှိပါဘဲ လွမ်းနေမိသူမို့သာတည်း။ သူမသိပါဘဲ ကိုယ့်တစ်ယောက်တည်း စိတ်ကူးနှင့် ရွက်လွှင့်ကာ လွမ်းနေရခြင်းသည်ပင် ဘဝ၏ ခမ်းနားလှပသော အချိန် စလေးများ ဟု တင်စားခေါ်ဆိုချင်မိလေသည်။
ဟော...။ ပိတောက် တွေ ငိုချေပြီ။ ပိတောက်တို့ ငိုညည်းသံသဲ့သဲ့ကို နားတွင့် ကြားရသကဲ့သို့ ရှိချေ၏။ သင်္ကြန်မှာ ပျော်ပျော်မြူးမြူး ပွင့်ဖူးရမည့် ပိတောက်သည် သင်္ကြန်မှာလည်း ပွင့်ဖူး၏။ သင်္ကြန်မဟုတ်သည့် အချိန်အခါမှာလည်း ပွင့်ဖူး၏။ သစ္စာပျက်သူတို့ ထုံးစံအတိုင်း ပန်းပိတောက်တို့ ငိုချေပြီ။
ကိုယ်သည်လည်း သူ့ကို ပိတောက်ကဲ့သို့ သစ္စာပျက်စေချင်စမ်းလှ၏။ သို့မှသာ သူနှင့်ကိုယ့်ကြား မေတ္တာကြိုးငင်ရန် လမ်းစ ပေါ်ချေမည်ဟု တွေးမိလေ၏။ သို့သော် အမှန်တကယ်သစ္စာပျက်ခဲ့လျှင်မူ သူသည် ကိုယ့်အတွက် မြတ်နိုးဖွယ်ရာလူသားတစ်ယောက် မဖြစ်နိုင်တော့မည်မှာလည်း အသေအချာပင်ဖြစ်၏။
အတိတ်က ပိတောက်သည် သစ္စာကို နှလုံးသားတွင် ကမ္ဗည်းထိုး၍ မော်မော်ကြူးကြူး ပြုံုးနိုင်ခဲ့လေသည်။ ပစ္စုပ္ပန်၌ရှိသော ပန်းပိတောက်တို့မှာကား အဝါရောင်အထပ်ထပ့်ဖြင့် လွတ်လပ်လင်းပနေသော ပန်းငုဝါတို့ကိုကြည့်ကာ ငိုရလေပြီ။ ကိုယ်က သူ့အား ပန်းငုဝါတို့ကို ငေး၍ မငိုစေလိုပါ။ ထို့အတူ ယခုကဲ့သို့ သူ့ကို ငေးကြည့်နေရခြင်းတွင်ပင် မျက်ရည်ဖြင့်ကြည်နူးနေနိုင်ပါသည်။
ကိုယ့်အတွက် ပစ္စုပ္ပန်တွင် သူမရှိသော်ငြား အတိတ်တွင်သူရှိ၍ အနာဂတ်တွင် သူရှိလေသည်။ ရူးသည်ဟု စွပ်စွဲလိုက စွပ်စွဲနိုင်ပါသည်။ သို့သော် အမှန်တကယ်ပင် အတိတ်နှင့် အနာဂတ်တွင် ကိုယ့်အတွက် သူရှိလေ၏။ သူနှင့် ပတ်သတ်သော လွမ်းမောဖွယ်ရာများကို တသ လွမ်းဆွက်ရခြင်းဖြင့် အတိတ်သည် ပစ္စုပ္ပန်၏အနာကို ဆေးသိပ်ပေးလေ၏။ သူနှင့်ပြန်လည်တွေ့ဆုံလာနိုင်သော ကံကြမ္မာကို မျှော်လင့်ခြင်းဖြင့် အနာဂတ်သည် ပစ္စုပ္ပန်၏ နာကျင်မှုကို သက်သာစေ၏။ အမှန်တကယ်ပင် အတိတ်နှင့်အနာဂတ်တွင် သူရှိသောကြောင့် ပစ္စုပ္ပန်၏ နာကျင်မှုမှ ကိုယ် လွတ်မြောက်နေခြင်းပင် ဖြစ်သည်။
အချစ်သည် ဓါးတစ်လက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကိုယ့်လက်ဖြင့် ကိုင်စွဲလျက် ကိုယ့်နှလုံးအိမ်ကို ဖြည်းညင်းစွာထိုးသွင်းရသကဲ့သို့ရှိ၏။ စူးစူးရှရှ နာကျင်သည်။ နာကျင်မှုသက်သာတိုင်းတွင် ဆက်လက်တိုးဝင်လာသော ဓါးဦးကြောင့်ပင် နာကျင်မှုတို့အသစ်က ပြန်စရလေ၏။ သို့သော် ထိုနာကျင်မှု၏အတွင်းတွင် ကြည်နူးမှုရှိလေသည်။ ထိုကြည်နူးမှုကြောင့်ပင် နှလံုံးသားရှိသော လူသားတိုင်း အချစ်နှင့်မကင်းကြလေသလော ဟု တွေးမိသေး၏။
အခါလင့်မှ ပွင့်သောပန်းသည် ပို၍လန်းတတ်လေသလား။ အချိန်အခါမညှိဘဲ ဖြစ်တည်လာသည့် ချစ်ခြင်းဆိုသည့်ပန်းသည် ကိုယ့်အတွက် နွမ်းလျသော ပျော်ရွှင်မှုကို ဖန်တီးစေပါ၏။ သူ ပျော်ပါစေ။ သူ ပျော်နိုင်ပါစေ။ ကမ္ဘာမြေ၏ တစ်ထောင့်တစ်နေရာတွင် သူ့အတွက် အစဉ်စိတ်ပူလျက်ရှိသော သူတစ်ယောက်ရှိနေသည် ဆိုသည့်အသိဖြင့် သူ ပျော်နိုင်ပါစေ။ ကမ္ဘာမြေ၏ တစ်ထောင့်တစ်နေရာတွင် သူနှင့်သာ သက်ဆိုင်သော လွမ်းဆွတ်မှုပန်းဥယျာဉ်တစ်ခု တည်ရှိနေကြောင်း အသိဖြင့် သူ ပျော်နိုင်ပါစေလေ။
--++++---
ကိုယ်သည် နူးညံ့သိမ်မွေ့သည့် ချစ်ခြင်း၏ ရနံ့ကို သူ့အတွက်သူ့ကြောင့်ဖြင့် ကိုယ်နမ်းရှိုက်ခဲ့ရလေ၏။ အဓိပ္ပါယ်နက်နဲသော ချစ်ခြင်းတရား၏ လျှို့ဝှက်ချက်ကို သူနှင့်မှ ကိုယ်သိခဲ့ရလေ၏။ လက်ဝယ်မပိုင်ပါဘဲ အကြည့်ဖြင့် နှစ်သိမ့်ကြည်နူးနေရခြင်းသည် ခိုးယူသည်ဟု မည်ပါသလား။ သို့သော် သူ့အကြည့်တစ်ချက်ကိုသော်မျှ ကိုယ် ပိုင်ဆိုင်ခွင့်မရခဲ့ကြောင်းတော့ ကိုယ်ကိုယ်တိုင် အသိဆုံးသာဖြစ်သည်။ ကိုယ့်အကြည့် ခိုးတို့ကို တစ်ခုတစ်လေသော်မျှ သူသတိမမူမိခဲ့။ သူ့မျက်ဝန်းဦးတည်သောအရပ်တွင် သူ့အတွက် မြတ်နိုးထိုက်သူ ရှိလေသည်။
“တစ်ဖတ်သတ်တိတ်တခိုးကြိတ်ပိုး” ဆိုသည့် စကားလုံးများဖြင့် ကိုယ့်ချစ်ခြင်းတရားအား သိက္ခာချခွင့်မပြုချင်သော်လည်း ကိုယ်သည် သူ့အားတစ်ဖက်သက်ချစ်မြတ်နိုးနေမိသူ အမှန်ပင်ဖြစ်၏။ တိတ်တခိုးမြတ်နိုးနေမိသူ အမှန်ပင်ဖြစ်၏။ ကြိတ်ပိုးဆိုသည့် စကားလုံးကိုမူ ကိုယ့်ချစ်ခြင်းတရားကို ရိုသေလေးစားခြင်းအားဖြင့် ပယ်ဖျက်ခွင့်ပြုစေချင်သည်။ ကြိတ်ပိုး ဆိုသည့်စကားလုံးဖြင့် ကိုယ့်ချစ်ခြင်း၏ အလင်းကို မမှိန်စေလို။ သိက္ခာတရားဖြင့်သာ ချစ်ခင်မြတ်နိုးလိုပါသည်။
ပိုင်ရှင်ရှိသည့် ဖိနပ်လေးကို အကြည့်ဖြင့် ငေးကြည့်နေမိသော်ငြား ကိုယ့်ဖိနပ်လေး ဖြစ်ပါစေ ဆိုသည့် အတွေးကို မတွေးမိတာအမှန်ပင်ဖြစ်၏။ သူသည်လည်း နှစ်စဉ် အချိန်မှန်ပွင့်သော ပန်းငုဝါကဲ့သို့ သစ္စာတည်နိုင်ပါစေ ဆိုသည့် ဆုတောင်းလေးဖြင့် ဖိနပ်လေးကို လည်ပြန်ငေးကြည့်နေစမြဲဖြစ်၏။
သူ့အတွက် နှင်းဆီတစ်ပွင့်တော့ ဖြစ်ချင်ခဲ့ပါသည်။ သို့သော် အနီနှင့်ပန်းရောင်များမှ သွေဖယ်ထားသော အစိမ်းရောင်နှင်းဆီ။ ဟုတ်၏။ အစိမ်းရောင်နှင်းဆီသာ ဖြစ်ချင်ခဲ့ပါသည်။
သူပေးသော အဖြူရောင်မေတ္တာများအကြား ပြည့်ပြည့်ဝဝမပျော်နိုင်သည့်အခါ ကိုယ့်နှလုံးသားသည် ကျောက်စိမ်းပမာ စိမ်းကားတတ်လာခဲ့ပြီဖြစ်၏။ အဖြူရောင်ပေးမည့် သူ့တစ်ဦးတည်းအတွက် သီးသန့်အစိမ်းရောင်နှင်းဆီ။
မောင်နှမ ဆိုသည့် စကားဖြင့် ကိုယ့်သံယောဇဉ်တို့ကို သူက မျက်ကွယ်ပြု၏။ အဖြေကို ကြိုသိနေသူ ကိုယ့်အတွက် သူ့မျက်ဝန်းဦးတည်ရာကို တကူးတကမကြည့်သော်ငြား သိနေမြင်နေရပါ၏။ သူ၏ မြတ်နိုးထိုက်သူဖြစ်ပိုင်ခွင့် မရှိမှန်းသိလာရသည့်အခါ အလိုလိုပင် အစိမ်းရောင်ပုဝါကို ခြုံလွှမ်းတတ်လာ၏။ မြင်လျက်နှင့် မမြင်ယောင်ဆောင်၏။ ပြုံးချင်လျက် မဲ့တတ်မိ၏။ ရယ်ချင်လျက် မျက်နှာလွဲတတ်လာ၏။
--+++---
သူက ကိုယ့်အတွက် မြတ်နိုးဖွယ်ရာလူသားတစ်ဦးအဖြစ် ပြည့်စုံစေခဲ့သော်လည်း ကိုယ်သည် သူ့အတွက် မြတ်နိုးဖွယ်ရာ လူသားအဖြစ် မရောက်ရှိခဲ့။ ဖြေသာစရာတစ်ခုက မပြည့်စုံခဲ့ခြင်း မဟုတ်ခဲ့တာဘဲ ဖြစ်သည်။ ကိုယ်နှင့် သူ၏ တွေ့ဆုံမှုအပိုင်းအခြားသည် ချစ်ခြင်းတရားတစ်ခုကိုပါ တိတ်ဆိတ်ဆွံ့အသွားစေသည်ထိ နောက်ကျစေခဲ့ခြင်းဖြစ်သည်။
အမြစ်တွယ်နေပြီဖြစ်သော ကိုယ့်ချစ်ခြင်းတို့ကို အက်ဆစ်ဖြင့် လောင်းပက်ခဲ့သော်ငြား ရှင်သန်ခြင်းတို့က ခုထိ မသေဆုံးသေး။
သူမသိပါဘဲ ချည်တိုင်မှာ ငြိနေသည့် ကိုယ့်နှလုံးသားအား ချည်တိုင်မှလွတ်အောင် ကြိုးစားခဲ့ဖူးပေ၏။ သို့သော် ကြိုးစားသမျှသည် အချည်းနှီးသာတည်း။ မျက်လုံးအစုံမှိတ်ထားစဉ်မှာပင် သူ့ရုပ်သွင်ကို မျက်ခွံပေါ် မှာ မြင်နေရသည့် ကိုယ့်တမ်းမက်မှုကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်ဖို့ခက်ခဲ့လေပြီဖြစ်၏။
သူ့အတွက်နှင့် လှုပ်ခတ်သွားသည့် စိတ်အပိုင်းအစများကို အခွင့်ရှိလျှင်ဖြင့် သူ့ကို ပြချင်ပါသေးသည်။
သူပေးသည်ကား မေတ္တာ၊ ကိုယ်ပေးသည်ကား.............။
အပေးအယူ ညီမျှခြင်းချမရသည့်အခါ အချစ်သည် ခါးသက်သက်နိုင်ပေ၏။ ကိုယ်သည် နှလုံးသားကို အတုအယောင်ဖြင့် မလိမ်လည်မလှည့်စားလိုသည့်အခါ သူ့ဆီမှ အဖြူရောင်မိုးစက်များအား လက်ခံဖို့ မဝံ့မရဲဖြစ်ရလေတော့၏။ ခါးသည်။ မနေ့ကလည်း ခါးသည်။ ယနေ့သည်လည်း ခါးသည်။ မနက်ဖြန်သည်လည်း ခါးကောင်းခါးပေးမည်။
ကိုယ့်အတွက် ထပ်မံရွာသွန်းမည့် မိုးစက်ပိုင်ရှင်ကို မမြင်မတွေ့ရသေးသရွေ့ ခါးကောင်းခါးနိုင်ပေမည်။
“သြော် သူသည်လည်း ပန်းငုဝါကဲ့သို့ သစ္စာကို ဦးထိပ်ပန်ဆင်နိုင်စေ၊ ကိုယ်သည်လည်း လက်တွေ့လောကကို အမှန်တကယ်ကြည်ရှုနိုင်စေ ”
အိပ်မက်ဆန်သည့် ချစ်ခြင်းမှ လွတ်မြောက်ဖို့ မရုန်းထွက်လိုပါ။ သို့သော် တွန်းထုတ်ခံနေရဖြစ်ဖြစ်သောကြောင့် တစ်ချိန်ချိန်တော့ လက်တွေ့လောကအလယ် ပြန်လည်ရောက်ရှိလာပေလိမ့်မည်။ လတ်တလောမှာတော့ လောကသည် ကိုယ့်အတွက် ခါးသက်နေသည့် အထီးကျန်နေ့စွဲများသာ ပိုင်ဆိုင်နေစေပါသည်။
“အထီးကျန်နေ့စွဲ”
ကမ်းတစ်ဘက်ကို မျှော်ကြည့်တိုင်း
ကိုယ့်ဆီက သွေဖယ်တဲ့ မျက်ဝန်းတစ်စုံအောက်
ကူကယ်ရာမဲ့ ကမ်းပျောက်ခဲ့ပေါ့
ဘယ်သူမှ မမှားခဲ့သလို
ဘယ်အရာမှ မမှားခဲ့ပါဘူး
အချိန်တစ်ခုရဲ့ လွဲမှားမှုဘောင်အောက်
ကျရောက်ခဲ့ရုံလေးတင်။
မေ့ပင်အောက်ရပ်
မေ့သီးစားရင်
မေ့နိုင်လေမလား စိတ်ကူးတွေနဲ့
ကမ်းတစ်ဘက်ကို မျှော်ကြည့်မိတဲ့မျက်ဝန်းတွေ
ခုထိ မရုတ်သိမ်းနိုင်သေးပါဘူး
မျှော်ကြည့်မိတဲ့ အထီးကျန်နေ့စွဲတွေသာ
တစ်နေ့တစ်ခြားတိုး..တိုးလာခဲ့။
ရှေးရှေးက ဆိုခဲ့ဖူးကြသည်။ ပန်းပိတောက်၏ ဂုဏ်ရည်သည် နှစ်စဉ် မဟာအတာသင်္ကြန်ရောက်မှ ပွင့်လေသည် တဲ့။ ယခုတော့ ပန်းပိတောက်၏ ဂုဏ်ရည်သည် သစ္စာမဲ့သူ ဖြစ်ခဲ့ပြီဖြစ်၏။ မိုးကိုမျှော်သော်ငြား မရွာလေသော မိုးကြောင့် အချိန်နှောင်းမှ ပွင့်ရ၏။ အစောလွန်သော မိုးကြောင့် အချိန် စောစွာ ပွင့်ဖူးရ၏။ ထိုသို့ဖြင့်ပင် ပန်းပိတောက်သည် ငုဝါ ဆိုသည့် ပန်း၏သစ္စာကို အရှုံးပေးခဲ့ရချေပြီ။ မိုးမမျှော်သော ပန်းငုဝါတို့ကား အချိန်မှန်ပွင့်မြဲ။ ရနံ့က ပန်းပိတောက်ကဲ့သို့ မမွှေးမြသော်ငြား အလှတရားတွင် သစ္စာပေါင်းလိုက်သည့်အခါ ပန်းငုဝါသည် မဟာအတာသင်္ကြန်၏ နတ်သမီးဖြစ်ချေ၏။
ကိုယ်သည်လည်း သူ့ချစ်ခြင်းတရားကို မျှော်လေသော်ငြား သူ့ဆီက မိုးစက်တို့ကိုပင် လက်ခံနိုင်စွမ်းမရှိချေတော့။ သူသည်ကား ကိုယ့်အတွက် နောက်ကျမှ လာသောမိုး ဖြစ်လေ၏။ အစောဆုံးသွန်းဖြန်းသော သူ၏မိုးစက်တို့အား လက်ခံခဲ့သူသည် ကိုယ်မဟုတ်ခဲ့သောအခါ အရာရာကို အိပ်မက်ဖြစ်ပါစေ ဆိုသည့် ဆုတောင်းလေးဖြင့်သာ …….။
ရည်ဝေ(လင်းရောင်ခြည်)
.png)
No comments:
Post a Comment