Friday, February 14, 2025

“ကျွန်မ၏ ညာဘက်ဖိနပ်ကလေး”

ဖိနပ်တစ်ရံ၏ တန်ဖိုးသည် ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စတိုင်ကျလှပခြင်းလေလား။ သို့မဟုတ် သက်တောင့်သက်သာရှိခြင်းနှင့် သုံးစွဲသူအတွက် ဝယ်ယူဖို့ ဈေးမကြီးခြင်းလေလား။ မည်သို့ပင်ဆိုစေကာမူ ယခု ဖိနပ်ဆိုင်ရှေ့တွင် ကျွန်မ ရပ်နေပါသည်။ ဖိနပ်ဆိုင်ထဲသို့ ဝင်ကာ ဖိနပ်သစ်ဝယ်ယူဖို့သည် ကျွန်မချမှတ်ထားသော စည်းမျဉ်းသေကြီးကို ချိုးဖေါက်ရမည့်အနေအထားဖြစ်နေသည်မို့ ဖိနပ်ဆိုင်ရှေ့တွင်သာ ရပ်လျှက် အတွင်းသို့ မလှမ်းနိုင်ဖြစ်နေပေ၏။

ဖိနပ်ဆိုင်အတွင်းမှ ဖိနပ်လှလှလေးများသည် တစ်ရံပြီးတစ်ရံ ပြင်ပသို့ထွက်ခွာသွားကြသည်။ ဆိုင်ဝန်ထမ်းကောင်မလေးကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့် ရှိချေပြီ။ သို့သော် ကျွန်မ ဖိနပ်ဆိုင်တွင်းသို့ မဝင်မိသေး။



ကျွန်မက ဖိနပ်လှလှများကို မချစ်တတ်ပါ။ ထို့အတူ ဈေးကြီးကြီးဖိနပ်များကိုလည်း မချစ်တတ်ပါ။ သို့သော် ကျွန်မသည်လည်း မိန်းမသားတစ်ဦးမို့ ဒေါက်ဖိနပ်များကို ကြိုက်နှစ်သက်တတ်ပါ၏။ သုံးလက်မဒေါက်စီးကာ လမ်းလျှောက်ရလျှင်ပင် ကိုယ်သည ်သူ့အလိုလို စတိုင်ကျသွားသည်၊ အရာအားလုံးကို အပေါ်စီးမှ ကြည့်လိုက်ရသည် ဆိုသည့် ခံစားချက်ဖြင့် မိုးမမြင်လေမမြင်ပျော်ကာ ဝယ်စီးဖူး၏။ သို့သော် ထိုဖိနပ်သည် ကျွန်မအတွက် အသုံးမဝင်။ ဘက်စ်ကားပေါ်တက်လိုက်တိုင်း တပါးသူ ခြေထောက်ကို ထိသဖြင့် ခဏခဏတောင်းပန်ရ၏။ ထို့အပြင် ခပ်မြန်မြန်လျှောက်၍မရ။ ထိုအချိန်တုန်းက တက္ကသိုလ်ကျောင်းသူဖြစ်သည်မို့ ပို၍ပင် လှချင်ခဲ့သော်လည်း အချိန်တစ်ခုအရောက်မှာတော့ မဖြစ်မနေပင် သူ့ကို စွန့်ခဲ့ရတော့၏။ ကျောင်းတက်ခေါင်းလောင်းထိုးချိန်တွင် ကင်တင်းန်မှာပဲရှိသေးသည့် ကျွန်မ ကျောင်းသို့ပြေးအသွားမှာ ချော်လဲခဲ့ခြင်းပင်။ ရလဒ်အဖြစ် ဒေါက်တစ်ဖက်ကျိုးလျှက်ရှိသော ဖိနပ်ကို နောက်တစ်နေ့မှာတော့ မစီးတော့။ တစ်ခြားဖိနပ်ပြောင်းခဲ့ရသည်။ သို့သော်လည်း ဒေါက်ဖိနပ်စီးသည့်ဒဏ်ကြောင့် ခါးနာခြေသလုံးနာရောဂါကိုတော့ ရက်အတန်ကြာထိ လက်ခံထားခဲ့ရလေသည်။ ထိုအချိန်မှ၍ သက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်တို့ကိုသာ ရွေးချယ်ခဲ့မိတော့သည်။


တချို့က ဆိုကြသည်။ မိန်းမတစ်ယောက်အတွက် ဖိနပ်တစ်ရံကို ရွေးချယ်ရာတွင် ချစ်သူတစ်ယောက်ကို ရွေးချယ်ရသကဲ့သို့ပင် စိတ်လှုပ်ရှားဖို့ကောင်းပြီး ထိုဖိနပ်၏ အရည်အသွေးသည်လည်း ပစ္စည်းမှန်ကန်မှသာ သုံးစွဲသူကို သက်တောင့်သက်သာဖြစ်စေသည်ဟု ဆိုကြ၏။ ပုံစံသေသပ်လှပသော်လည်း သက်တောင့်သက်သာမဖြစ်သည့် ဖိနပ်များစွာရှိသလို သက်တောင့်သက်သာရှိသော်လည်း ပုံမကျသည့် ဖိနပ်များစွာလည်းရှိပေသည်။


သို့သော် ကျွန်မအတွက်တော့ ကျွန်မခြေထောက်ကို သက်တောင့်သက်သာဖြင့် လမ်းလျှောက်ပေးနိုင်အောင်ပြုလုပ်ပေးသည့် ဖိနပ်တစ်ရန်ရှိရုံမျှဖြင့် ကျွန်မအတွက် လုံလောက်ပေသည်။ ဟုတ်၏။ အိမ်အပြင်သို့ သွားဖို့ ဖိနပ်တစ်ရန်ရှိရုံမျှဖြင့် ကျွန်မအတွက် လုံလောက်ပါသည်။ ထိုအိမ်အပြင်သည် ဟိုတယ်ကြီးဖြစ်နိုင်သလို သာမန်ကွမ်းယာဆိုင်လေးလည်း ဖြစ်နိုင်သည်။ သာမန်ကုန်ခြောက်ဆိုင်လေးလည်း ဖြစ်နိုင်သလို ခန်းမတစ်ခုလည်း ဖြစ်နိုင်ပါသည်။

ကျွန်မတွင် ဖိနပ်စင်မရှိပါ။ ဖိနပ်ကို တစ်ရံတည်းသာ ထားတတ်သည့် ကျွန်မသည် ပြတ်လုနီးထိဟောင်းနွမ်းနေသည့်  ကျန်ဖိနပ်များကိုတော့ ရေချိုးခန်းသုံး၊ အိမ်သာသုံး စသဖြင့် နေရာတို့ ခွဲကာ သုံးတတ်သည်မို့ ဖိနပ်အကောင်းတစ်ရံသာရှိသည့် ကျွန်မအတွက်တော့ ဖိနပ်စင်မလိုအပ်ဟု ထင်မိသည်။

ကျွန်မ၏ လက်ရှိဖိနပ်သည် မည်သို့သောအမျိုးအစားဖြစ်ပစေ၊ ထိုဖိနပ်ကို ဂျင်းဘောင်းဘီအရှည်နှင့်လည်း တွဲဝတ်ဖို့ဝန်မလေးသလို ထမီနှင့်လည်း တွဲဝတ်ဖို့ ဝန်မလေးတတ်သူဖြစ်သည်။ စီးလက်စဖိနပ် ပြတ်လုနီးပြီဆိုသည်ကို သေချာမှ ဖိနပ်အသစ်ဝယ်စီးတတ်သူလည်း ဖြစ်သည်။ ထိုသို့သော ကျွန်မထံသို့ ပြဿနာအသစ်တစ်ခု ဝင်ရောက်နေသည်မှာ အတော်ကြာပြီဖြစ်၏။ ထိုပြဿနာ၏ အစသည် သာရေးပွဲတစ်ခုသွားခြင်းမှ အစပြုခဲ့သည်ဟု ဆိုရပေလိမ့်မည်။

---++

ဂျင်းဘောင်းဘီရှည်ဖြင့် တွဲကာ ဝတ်ထားရသော်လည်း ကျွန်မ၏ ဖိနပ်အတွက် ကျွန်မ အားမငယ်မိ။ ဖိနပ်စင်တွင် ချွတ်ထားသော ဈေးကြီးကြီး လှတပတဖိနပ်များကြားဝယ် ကျွန်မ၏ ကတ္တီပါခြေညှပ်ဖိနပ်အပြာလေးသည် သူ့ကိုယ်သူ သိမ်ငယ်ကောင်းသိမ်ငယ်နိုင်ပါသည်။ သို့သော် ကျွန်မအတွက်တော့ သူသည် အဖေါ်ကောင်းဖြစ်သည်။ အခါတိုင်း ကွင်းထိုးဖိနပ်များစီးရင်း ဖိနပ်ပေါက်တတ်သည်မျိုးကို ဒီဖိနပ်လေးတွင် မကြုံတွေ့ရ။ စဝယ်ကာစ အသစ်တုန်းကတော့ သူ၏ နူးညံ့သော အထိအတွေ့ကြောင့် ကျွန်မ၏ ခြေဖဝါးလေးများသည် စိန်စီလမ်းသို့ လျှောက်လှမ်းရသည့်နှယ်ဟုပင် ခံစားမိသေးသည်။ အဘယ့်ကြောင့်ဆိုသော် ဒီမတိုင်ခင်က ကတ္တီပါဖိနပ်ကို တစ်ခါမျှမစီးဖူး၍ပင်။

ထိုနေ့က အလှူသို့လာသည်ဆိုသော်ငြား လူငယ်များသိုင်းဝိုင်းထားသည့် အလှူမို့ စိတ်လွတ်လပ်စွာ ဝတ်စားထားသည့် လူငယ်များ အများအပြားပင်။ ကျွန်မလို ဂျင်းဘောင်းဘီနှင့် လာသူရှိသလို မြန်မာဆန်ဆန် ဝတ်ဆင်ထားသူများကလည်း မနည်း။ ဖိနပ်စင်မှာ ဖိနပ်ချွတ်တော့ ချွတ်ထားသည့် ဖိနပ်များကြားဝယ် ကျွန်မ၏ဖိနပ်နှင့်ဆင်တူများ ရှိလေမလားဆိုသည့် အတွေးဖြင့် ရှာလိုက်မိသေးသည်။ သို့သော် ထူးဆန်းစွာပင် မိန်းကလေးအများအပြားလည်း လာရောက်ပါလျှက်နှင့် ဆင်တူတစ်ရံမျှမရှိ။ အလှူတွင်း စားသောက်အပြီးမှာ မပြန်သေးဘဲ အချိန်ယူကာ စကားတို့ ဆိုနေခဲ့သေးသည်။ ပြန်ပြီဆိုမှ ဖိနပ်ကို စီးသည့်အချိန်တွင် ထိုပြဿနာကို ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်သည်။

ကိုယ်နှင့် အသားတကျဖြစ်နေသော ဖိနပ်လေးတွင် ညာဖက်တစ်ရံတည်းကွက်ကာ ဒီအထိအတွေ့မဟုတ်ဘူး ဆိုသည့် အသိကို ခံစားနေရခြင်းက အနည်းငယ်တော့ လွန်ကောင်းလွန်နိုင်ပါသည်။ သို့သော် အမှန်တကယ်ပင် ကျွန်မ ခံစားလိုက်ရပါသည်။ ဖိနပ်ကို စီးလိုက်သည့် အချိန်မှာပင် ညာဘက်ဖိနပ်ကတော့ ငါ့ဖိနပ်မဟုတ်ဘူး ဆိုသည့် အတွေးကိုတွေးရင်း ကပျာကယာပင် ကျွန်မဖိနပ်နှင့်ဆင်တူ ဖိနပ်များကိုရှာကြည့်မိ၏။ သို့သော် တစ်ရံတစ်လေပင် ရှိမနေခဲ့။ ထိုနေ့က ညနေစောင်းထိ အလှူအိမ်မှာစောင့်ရင်း ကျွန်မဖိနပ်နှင့် ဆင်တူသည့် ဖိနပ်တစ်ရံကို ရှာဖွေနေခဲ့မိသည်။ သို့သော် ထိုနေ့က မတွေ့။ ထူးဆန်းသည်မှာ အထိအတွေ့အရသာ ဒီဖိနပ်က ငါ့ဖိနပ်မဟုတ်ဘူးဟု ခံစားသိဖြင့် သိနေရသော်လည်း ပြင်ပပုံပန်းသဏ္ဍာန်က မထူးခြားသည်မို့ ထိုဖိနပ်ကို စီးသွားလည်း ဖိနပ်မှားနေသည်ဟု မသိကြမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုနေ့က အပြန်လမ်းသည် ခါတိုင်းသွားနေကျလမ်းကဲ့သို့ မဖြောင့်ဖြူးပဲ အနည်းငယ်ချော်နေပါသည်။ ဟုတ်၏။ အနည်းငယ် ချော်နေခဲ့ပါသည်။

--++--

မနက်ခင်း ဈေးသွားတိုင်းလည်း ညာဘက်ဖိနပ်သည် ကျွန်မ၏ ခြေထောက်နှင့် အသားမကျသေးသလို ထင်ရ၏။ ညနေတိုင်း ခြံဝန်းထဲလမ်းလျှောက်တော့လည်း ဖိနပ်စီး၍ လျှောက်သည့်အခါ စိတ်သည် ညာခြေထောက်ဆီသို့သာ ရောက်နေလျှက် စိတ်ငြိမ်းအေးမှုကိုရှာ၍မရ။ ဖိနပ်ချွတ်၍ လျှောက်မှသာ စိတ်သည် ညာခြေထောက်မှ လွတ်ထွက်နိုင်ပေတော့၏။ ထိုအချိန်မျိုးများတွင် တွေးမိသည်က တစ်ခုတည်း။ အကယ်၍များ ဖိနပ်မှားသွားခဲ့သည်မှန်ပါက ကျွန်မလိုပင် ဖိနပ်မှားစီးနေရသည့် မိန်းကလေးသည်လည်း ဘယ်ဖက်ဖိနပ်၏ အသားမကျမှုကြောင့် ဖိနပ်တစ်ရံကို လျှင်လျှင်မြန်မြန်ဝယ်လေမလား ဟုပင်ဖြစ်သည်။

ဖိနပ်ဆိုင်ရှေ့မှာ ရပ်နေမိသော်လည်း ယခုထိ ကျွန်မ၏ စည်းမျဉ်းကို မချိုးဖေါက်မိသေး။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ စီးနေသည့် ဖိနပ်သည် သဲကြိုးလည်းမပြတ်သေး၊ ဟောင်းနွမ်းမှုကိုလည်း မပြသေး။ ညာဘက်ဖိနပ်တစ်ဖက်၏ အသားမကျမှုမှလွဲ၍ အဆင်ပြေနေပေသည်။ သို့သော် ညာဘက်ဖိနပ်၏ အထိအတွေ့ကို ရရှိတိုင်း ဒါ ငါ့ဖိနပ်မဟုတ် ဆိုသည့် အသိကြီးဝင်လာမိသည်။ ထိုစိတ်ဖြင့်ပင ်လမ်းလျှောက်သည့်အခါတိုင်း ခြေဖဝါးက သက်တောင့်သက်သာရှိသလောက် စိတ်မသက်သာမှုကို ခံစားနေရသည်မှာ အတော်ကြာချေပြီ။

ဒီဖိနပ်သည် တကယ်ပဲ မှားခဲ့လေသလား။ သို့မဟုတ် စိတ်အထင်နှင့် မသိုးမသန့်ဖြစ်နေလေခြင်းလား။ ဘယ်အရာမှန်သလဲ ကျွန်မ မသိပါ။

ဆိုပါစို့။ ဖိနပ်တစ်ဖက်တည်း ကွက်မှားကြသည်ပဲ ဆိုပါစို့။ အမှန်တကယ်ပြုလုပ်ရန်ကား ဖိနပ်အသစ်တစ်ရန်ဝယ်ယူဖို့သာ ရှိပါသည်။ သို့သော် ကျွန်မ မှားသည့် ဖိနပ်က အသစ်ဝယ်ဖို့ရာ မလိုအပ်သော မှားယွင်းမှုသာဖြစ်နေသည်။ သို့သော် စိတ်ခံစားချက်မှာမူ …။

ဖိနပ်မှားနှင့် ဆက်လျှောက်ကြသော လမ်းသည် အချိန်တန်လျှင်တော့ လမ်းဆုံးကို ရောက်မည်မှာ သေချာပါသည်။ သို့သော် ထိုဖိနပ်မှားဖြင့် လျှောက်ခြင်းသည် လမ်းလျှောက်သူအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိစေသလဲ ဟုပင်။ ဖိနပ်မှားသည်ဖြစ်စေ၊ မမှားသည်ဖြစ်စေ တစ်ချိန်ချိန်မှာတော့ ထိုဖိနပ်ကို စွန့်ပစ်ကြမည်မှာ အမှန်ပင်။ သို့သော် မစွန့်ပစ်ခင် စီးနေသည့်အခိုက်အတန့်တွင်မူ ကျွန်မအတွက်တော့ ကျွန်မနှင့်မသက်ဆိုင်သော ဖိနပ်တစ်ဖက်ကို ဖိနပ်ကလေးအလိုမတူပါဘဲ ဇွတ်စီးနေသည်ဟူသည့် စိတ်ခံစားချက်ဖြင့် စိတ်မသက်မသာ ဖြစ်ရသည်။ ကျွန်မလိုပင် ဖိနပ်ကွက်မှားကြသူများ ရှိကောင်းရှိနိုင်ပါသည်။ ရှိပါက ကျွန်မက မေးခွန်းလေးများ မေးမိချင်သေးသည်။ ဖိနပ်မှားစီးရခြင်းအပေါ် မည်သို့ ခံစားရပါသလဲ ဟုပင်။

ဘဝတွင် စာမေးပွဲများစွာ ဖြေခဲ့ဖူးသည်။ မူလတန်းကျောင်းအရွယ်မှစ၍ ဘွဲ့ရသည်ထိသည် အဖြေသိသော မေးခွန်းများဖြင့် ဖြေခဲ့ရသည်။ သို့သော် ထိုသို့ အဖြေသိသည်ကိုပင် မှတ်သားတတ်သည့် ဉာဏ်နှင့် ကြိုးစားမှုကွာသလောက် အမှတ်တို့ အနည်းအများကွဲကြသည်။ တကယ့်ပြင်ပဘဝတွင်မူ အဖြေမသိသော မေးခွန်းများဖြင့် စာမေးပွဲများစွာ ဖြေကြရလေသည်။  အောင်မြင်မှု၊ ကျရှုံးမှုတို့သည် မှတ်ဉာဏ်နှင့် ကြိုးစားမှုအပြင် အခြားကျောင်းသင်ခန်းစာတွင် မပါဝင်သော အကြောင်းအရာများစွာပါဝင်လေသည်။ သို့မဟုတ် ကျောင်းသင်ခန်းစာတွင်ပါဝင်သော လာဘ်ပေးလာဘ်ယူ ဆိုသည့် စကားလုံးလေးကို ပြင်ပကမ္ဘာတွင် မတူညီသော အကြောင်းအရာဖြင့် ရင်ဆိုင်ရလေတော့သည်။ ထိုသို့သော ရင်ဆိုင်မှုများစွာကို ကြုံတွေ့ရသလို သင်ယူမှုအသစ်တို့ပြည့်နှက်နေသော လူမှုပတ်ဝန်းကျင်တွင် ကျွန်မ၏ ဖိနပ်မှားခြင်းသည်လည်း သာမန်သင်ယူမှုအသစ်တစ်ခုသာ ဖြစ်ပါလိမ့်မည်။

ဖိနပ်မှားခြင်းသည် ကျွန်မအား ဖိနပ်ပြတ်ခြင်းလောက် အခက်အခဲမကြီးမားစေပါ။ ထို့အတူ ဖိနပ်အသစ်ချက်ချင်းဝယ်ရလောက်အောင်လည်း အခက်အခဲမရှိစေခဲ့။ ကျွန်မ၏ပတ်ဝန်းကျင်တွင် မြင်နေရသော တချို့သူတို့သည် ဖိနပ်နောက်ပိုင်းပြတ်လောက်အောင်ထိ အသုံးပြုပြီးမှ ဖိနပ်ကို လွှင့်ပစ်ကြသည်။ တချို့သောသူများကမူ ဖိနပ်ကို စင်နှင့်ပါထားပြီး တစ်ရံပြီးတစ်ရံ လဲလှယ်အသုံးပြုကြသည်။ တစ်ခါတစ်ရံ အသိစိတ်မပျောက်သော်လည်း ဖိနပ်စီးမထားသော လူတချို့ကိုလည်း တွေ့ခဲ့ဖူးသလို အသိစိတ်ပျောက်ခြင်းကြောင့် ဖိနပ်စီးမထားသော လူတချို့ကိုလည်း တွေ့ခဲ့ဖူးသည်။ ကျွန်မ၏ ဖိနပ်မှားခြင်းအခြေအနေသည် ထိုသူအားလုံးအတွက် မပြောပလောက်စရာ အပရိက ဖြစ်ပေလိမ့်မည်။

အသစ်ဝယ်ယူနေကျလူသည် အသစ်ဝယ်ယူမှာသာဖြစ်သကဲ့သို့ ဖိနပ်နောက်ပိုင်း ပြတ်လုအောင် အသုံးပြုသူများအနေဖြင့်လည်း လဲစရာ အခြေအနေမရှိသဖြင့် ဆက်စီးနေမည်သာ ဖြစ်သည်။ ကျွန်မ အတွက်ကမူ ….။

လက်ကိုင်အိတ်တွင်း၌ ဖိနပ်တစ်ရံဝယ်ဖို့ ပိုက်ဆံအဆင်သင့်ရှိနေပါသည်။ ညာဘက်ဖိနပ်သည် ကိုယ့်ဖိနပ်မဟုတ်ဟူသည့် စိတ်အစွဲရှိနေပါသည်။ အသစ်ဝယ်လိုကလည်း ဖြစ်၏။ အဟောင်းကို ဆက်စီးလိုကလည်း ဖြစ်၏။ ရွေးချယ်ခွင့်တို့ များပြားနေသည့် အခြေအနေမို့သာ ဒွိဟဖြစ်နေခြင်းဖြစ်ပေမည်။ ယခင်ကမူ ဟောင်းပြီ၊ အသစ်ဝယ်သင့်ပြီဟု စိတ်ပိုင်းဖြတ်လိုက်ပြီဆိုသည်နှင့် အသစ်ဝယ်ယူပြီးဖြစ်သည် မဟုတ်ပါလား။

ယခုထိ ဖိနပ်ဆိုင်တွင်းသို့ဝင်ရမည်လား၊  သို့မဟုတ် အိမ်ပြန်လမ်းသို့ လှမ်းရမည်လား ကျွန်မ ဆုံးဖြတ်ချက် မသဲကွဲသေး။ ဖြစ်နိုင်မည်ဆိုလျှင် လက်ရှိစီးနေသည့်ဖိနပ်ကို တစ်စုံတစ်ယောက်မှ တက်နင်း၍ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ခုကြောင့်ဖြစ်စေ ပြတ်စေလိုပါသည်။ သို့မဟုတ် လက်တွင်း၌ ရှိသော ပိုက်ဆံအား တစ်စုံတစ်ယောက်မှ အသုံးလို၍ ချန်ထားပေးပါဟု ဖုန်းဆက်စေလိုပါသည်။ သို့မှသာ ရွေးချယ်မှုတစ်ခု ပျောက်ဆုံးပေမည်။ သို့မှသာ ကျန်ရှိသည့် ရွေးချယ်မှုအတိုင်း ကျွန်မ ရွေးချယ်မိပေလိမ့်မည်။

ညာဘက်ဖိနပ်လေးသည် ယခုထိ ကျွန်မနှင့် အသားမကျ ဖြစ်လျှက်ရှိဆဲ။ ကျွန်မသည်လည်း ဖိနပ်ဆိုင်လေးအား ပြင်ပမှ ငေးလျှက်ရှိဆဲ။ ဖိနပ်ရောင်းသည့် ကောင်မလေးကလည်း ကျွန်မကို တစ်ချက်တစ်ချက် ကြည့်လျှက်ရှိဆဲ..။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...