Tuesday, February 18, 2025

ကောင်းကင်ပြာ တစ်နေရာတော့ ညိုလိမ့်နိုး-ရည်ဝေ(လင်းရောင်ခြည်)-၂၀၁၅ မေ မြင်ကွင်းမဂ္ဂဇင်း


“မရည်ရွယ်ပါဘဲ ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပစ်မှားခဲ့ရင် ခွင့်လွှတ်ပေးပါ ” နှုတ်မှဆိုကာ လက်အုပ်ချီမိုးလို့ ရိုရိုကျိုးကျိုးကန်တော့လိုက်စဉ် မမမွန်မျက်ဝန်းထောင့်စွန်းလေးမှ ငွေရောင်ခပ်လဲ့လဲ့ကို မြင်တွေ့မိလိုက်လေသလား။ ဟင့်အင်း။ မေ အမြင်မှားတာပါ။ မေအမြင်မှားတာနေမှာပါ။ မနေ့ကတည်းက ထုတ်ထားခဲ့သော မမမွန်၏ဘွဲ့ဓါတ်ပုံလေးကို ထုတ်ပေးလိုက်ရင်း “အိမ်မှာ တွေ့လို့ ယူလာတာ၊ ” ဟု ပြောလိုက်သည်။ “ဘာ့ကြောင့်ပြောင်းမှာလဲ ငါ့ညီမရယ် ရန်ကုန်မှာ ညည်းဆွေမျိုးသားချင်းဆိုလို့ မွန်တစ်ယောက်တည်းရှိတာကို” “မဟုတ်ဘူး အစ်ကို ရုံးက သူငယ်ချင်းတွေနဲ့အတူ အဆောင်မှာနေမှာလေ တက္ကသိုလ်ကတည်းက မမမွန်ဆီမှာနေခဲ့တာဆိုတော့ အဆောင်နေအဆောင်စားဘဝတစ်ခါမှ မကြုံဖူးဘူးမဟုတ်လား ခု အဆောင်သူအဖြစ်ကို ခဏလောက် သွားနေကြည့်ချင်လို့ အဖေ့ဆီလည်း ခွင့်တာင်းတော့ အဖေက ခွင့်ပြုတယ်လေ” “အေးအေး ငါ့ညီမ မိမေတစ်ယောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွာ မွန် ဆုတောင်းပေးလိုက်ဦးလေ ဘာလုပ်နေတာလဲ” “အင်း မမွန်….” ကိုနေမျိုး၏ သတိပေးစကားတွင် မမမွန် ဘာမှမပြောနိုင်ခင်ပင် မေ ကန်တော့လိုက်သည်။ ထို့နောက် ပုဆစ်တုပ်ထိုင်နေရာမှထကာ အထုပ်အပိုးများဆီသို့ လျှောက်သွားလိုက်မိရင်း “မေ သွားတော့မယ် အစ်ကို” “ဟ နေဦးလေ ငါလိုက်ပို့ပေးမယ် ..” အိုး စိမ်းလိုက်တာ။ ဖျတ်ခနဲ သတိမျက်ဝန်းအဖြစ်ပြောင်းသွားသည့် မမမွန်ကို မေမြင်လိုက်ရသည်မဟုတ်လား။ ဘာရယ်ကြောင့်မသိ နှုတ်ခမ်းမှ ရယ်သံတစ်ချက်ပြုမိသည်။ “အဟက်..”

ထို့နောက် “မေ ကားငှားထားတယ် အစ်ကို …. ” နောက်လှည့်မကြည့်စတမ်းပေါ့။ အရှေ့ဆီမှ အငှားကားဆီ ခြေလှမ်းအစုံကို အရှိန်မြှင့်လျှောက်လှမ်းလိုက်သည်။ အိုး ကြားလိုက်မိပြန်ပြီ။ ရှိုက်သံလား။ ဟင့်အင်း။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ ဒါ မမမွန် စိတ်ချမ်းသာဖို့အတွက် မေ ဖယ်ခွာသွားတာပါ။ မမမွန်ကို ချစ်တဲ့အချစ်တွေကို မေ ဖယ်ခွာလိုက်ရုံပါလေ။ သို့သော် မမမွန်ဆီက လက်ဆောင်တစ်ခုတော့ မေ့ဆီပါလာတာ သေချာသည်။ မမမွန်ဆီမှ ပါလာသည့် ဆူးတစ်ချောင်းကိုတော့ သေသည့်တိုင် မေဆွဲမနုတ်နိုင်တော့မည်မှာ သေချာနေပြီဖြစ်၏။ ကောင်းကင်ကို သတိတရ မော့ကြည့်မိလိုက်တော့ ကောင်းကင်သည် ပြာလွင်လျှက်ရှိသည်။ ကောင်းကင်ပြာ။ ကြည်လင်ရှင်းသန့်နေသည့် ကောင်းကင်ပြာ။ မေ့ဦးခေါင်းထက်ရှိနေသည့် ကောင်းကင်ကြီးကတော့ ပြာပြာလွင်လွင်နှင့် ရွှန်းလဲ့တောက်ပနေသည်။ ကောင်းကင်၏ တစ်နေရာရာမှာကော ညိုမှောင်နေမှာလား။ အတွေးနှင့်အတူ “လှလိုက်သည့် ကောင်းကင်ပြာ” ဟု တီးတိုးရေရွတ်မိရင်း ဖျတ်ခနဲ မေ ခေါင်းငုံ့လိုက်သည်။ ကောင်းကင်ပြာကို မော့ကြည့်ရင်း အားတင်းထားရသော မျက်ရည်စတို့က တားမနိုင်ဆီးမရ ပြိုကျတော့မည် မဟုတ်ပါလား။ မေ့ ဝဲဘက်ရင်အုံအောက်ကတော့ တဆစ်ဆစ်ကိုက်ခဲလျှက်ရှိသလို မေ့ ဦးခေါင်းထက်က ကောင်းကင်ပြာ၏ တစ်နေရာရာတွင်တော့ မှိုင်းညို့နေပါလိမ့်မည်။ သေချာပါသည်..လေ။ (၁) ရက်စက်တယ် ဆိုသည့် စကားလေးဖြစ်တည်ရာနေ့ကို မေ တွေးနေမိသည်။ ထိုနေ့က မမမွန်တို့ အပြင်သွားခိုက် ဖုန်း လာသည်။ “ကလင် ကလင် ကလင်” အဝတ်လျှော်စက်ခလုတ်ကို ဖျတ်ခနဲပိတ်လိုက်ပြီး ဧည့်ခန်းဆီသို့ အပြေးလေးသွားလိုက်မိ၏။ မမမွန်တို့ကလည်း အပြင်သွားနေသည်၊ ဖုန်းကလည်း မေ တစ်ယောက်တည်းရှိချိန်မှ လာသည်ဟု စိတ်က တွေးလိုက်မိရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဟယ်လို အမိန့်ရှိပါရှင်” “အေး မေလား ” အသံမာဖြင့် တစ်ဖက်မှ ခေါ်လိုက်သံကြောင့် မေ ရုတ်ခြည်းစဉ်းစားသွားမိရရင်း အဖေ့အသံကို ကျက်မိသွားသည်မို့ “ဟုတ်ကဲ့ အဖေ မေပါ မမမွန်က အပြင်ကိုသွားတယ် ဒီနေ့ နွယ်လေးတို့ကျောင်းမှာဆုပေးပွဲရှိလို့တဲ့ အဲဒါ အဖေ့မြေးကိုသွားအားပေးကြလေရဲ့ နွယ်လေးက အရင်နှစ်က ပထမဆုကို ဒီနှစ်မှာယူရမှာလေ အဖေ့မြေးကတော်ချက် အဖေရယ်..” “အဲဒါ အသာထားစမ်း ပြောစရာရှိတယ် သမီး ဘယ်တော့ပြန်လာမှာလဲ ရေနံချောင်းကို” “အခုက သမီးက အလုပ်ဝင်နေပြီလေ အဖေကလည်း ရုံးအားရက်ရောက်မှ ပြန်လာလို့ရမှာပေါ့ အဖေတို့စိတ်ချရအောင် မမမွန်ဆီမှာပဲ နေတဲ့ဟာကို ” “ဖြစ်နိုင်ရင် အလုပ်က ခွင့်ယူပြီး အမြန်ဆုံးပြန်လာနိုင်မယ့်ရက် သိချင်တယ်” တကယ်ကို အရေးတကြီးနိုင်လှသည့် အဖေ့အသံကြောင့် မေ အနည်းငယ်ထိတ်သွားမိသည်။ ဘယ်သူဘာများဖြစ်လို့ပါလိမ့်။ အဖေကတော့ မဖြစ်နိုင် ။ ဖုန်းပြောနေသည်မဟုတ်လား။ ဒါဆို အမေများလား။ “ဟုတ် လာမယ့် ပြည်ထောင်စုနေ့မှာပိတ်မယ်ဆိုတော့ ၁၁ နေ့ည ပြန်ခဲ့မယ် အဖေ ၁၂ ရက်နေ့ရောက်မှာပေါ့ အဖေတို့အရေးကြီးတယ်ဆို မေခွင့်တစ်ရက် ထပ်တင်လိုက်မယ်လေ” “အေး ဟုတ်ပြီ ၁၂ ရက်နေ့ အရောက်လာခဲ့ ဒီကိုမလာခင်မှာ နေမျိုး နဲ့ သိပ်အရောတဝင်မနေနဲ့ ကြားလား၊ မိမွန်ကိုလည်း ဘာမှပြောမနေနဲ့ ရုံးအားရက်မို့ အိမ်ပြန်မယ်လို့သာ ပြောလိုက် ကြားလား” ဖုန်းချသွားတာ ဘယ်အချိန်ကလဲဟု မေမသိလိုက်။ မေ သိလိုက်တာက နေမျိုးနှင့်အရောတဝင်မနေနဲ့ ဟူသည့် စကားသာဖြစ်သည်။ ဒီစကား ဘာ့ကြောင့်ဖြစ်ပေါ်လာရပါသလဲ။ --- နေမျိုးနဲ့ သိပ်အရောတဝင် မနေနဲ့ ဆိုသည့် စကား၏ အဓိပ္ပါယ်ကို မေ မွေးရပ်မြေကို ပြန်အရောက်မှာတော့ ရင်ကွဲမတက် သိလိုက်ရပါသည်။ မေနဲ့ ကိုနေမျိုး ကို မမမွန်က စိတ်မချ ဘူး တဲ့လား။ ခါးသည်။ သိပ်ခါးသည်။ ကြားလိုက်ရသည့် အမေ့အသံသည်လည်း ခါးသည်။ အဖေ့ဒေါသမျက်ဝန်းတို့သည်လည်း ခါးသည်။ မေ့သိက္ခာကြီးသည်လည်း ခါးလှသည်။ “ကိုယ့်အစ်မအရင်းပေမယ့် ခဲအိုနဲ့ကျတော့ တစိမ်း မဟုတ်လားကွယ် အနေအထိုင်က မောင်နှမလိုရင်းနှီးတယ်လို့ ဘယ်လိုပြောပြော ကြာလာတော့ သူ့စိတ်ထဲမလည်း် တမျိုးမြင်လာနိုင်တယ်လေ” အမေ့စကားနောက်မှ အရိပ်ကလေးများကို မေ ဘာ့ကြောင့် မြင်နေရပါသလဲ။ “အနေမတတ်အထိုင်မတတ်နဲ့ မြို့ကြီးပြကြီးမှာ အလုပ် လုပ်ချင်သေးသပဆိုလည်း အဆောင် ရှာစေချင်တယ် ငါကတော့… ကိုယ့်အနေအထိုင်မတတ်မှုကြောင့်မဟုတ်ဘူးဆိုတောင်မှ အနည်းဆုံးတော့ စိတ်လွတ်ကိုယ်လွတ် အနားယူနိုင်တယ်မဟုတ်လား” စစ်သားဟောင်းကြီး ဖြစ်တဲ့ အဖေ့စကားသံမာမာနောက်သို့ လိုက်ကြည့်မိရင်း မေ့အတွက် မခံချင်စိတ်တို့ ရုန်းကြွနေသလားဟု မေတွေးမိသည်။ မေ အနေအထိုင်တတ်ခဲ့ပါတယ် ဆိုသည့် စကားကို မည်သူ့ထံတိုင်တည်ရမလဲလေ။ မေ့ ကို တိုက်ရိုက်ဆူတာမဟုတ်ပါဘဲ တစ်စုံတစ်ယောက်ထံမှ စကားကြောင့်သာ မေ့ကို သွယ်ဝိုက်သင်ကြားပေးနေတာဖြစ်သည်မဟုတ်ပါလား။ မေ အနေအထိုင်တတ်ခဲ့ပါတယ်။ မေအနေအထိုင်တတ်ခဲ့ပါတယ်။ “မမမွန်မရှိဘဲ နွေးလေးနဲ့ ကိုနေမျိုးနဲ့တောင်အတူတူမရှိဖြစ်အောင် နေပါတယ် အမေရယ်။ ရင်းနှီးတယ်ဆိုတာကလည်း သာမန်ခင်မင်သူတစ်ယောက်လိုပါပဲ တစ်အိမ်တည်းနေလို့ စကားပြောဖြစ်တာတွေပဲရှိတာပါ တစ်ခါတစ်လေ ကိုနေမျိုးရုံးကပြန်လာချိန်နဲ့ မေ ရုံးကပြန်လာချိန်နဲ့ တိုက်ဆိုင်ပြီး အိမ်ကို အတူရောက်ဖြစ်တာမျိုးတွေရှိတတ်ပေမယ့် အဲဒါက..” ဖြေရှင်းရင်း ဝမ်းနည်းလာသော မေက “မမမွန်က ပြောတာလား မေ့ကို ကိုနေမျိုးနဲ့ သရိုးသရီဖြစ်မှာစိုးရတယ်လို့ ပြောသူက” မေ့ မေးခွန်းမှာ အဖေရောအမေပါ ငြိမ်ကျသွားခြင်းဟာ မေ့စကားအမှန်ဟု ဝန်ခံရာရောက်လေသည်လား။ မေ့စိတ်မှာ ဆစ်ခနဲ။ ရောက်ကတည်းက ဘုတ်ခနဲပစ်ချထားသော ခရီးဆောင်အိတ်ကို ကောက်ကိုင်လိုက်ရင်း မေအံကြိတ်ကာ တစ်လုံးချင်းရေရွတ်လိုက်မိတော့သည်။ “မမမွန်ကို မေကိုယ်တိုင် သွားမေးမယ် သူ တကယ်ကို ထင်တယ်ဆိုရင် သူ့ကို ကန်တော့တောင်းပန်ပြီး ဆင်းလာခဲ့မယ် တကယ်လို့ ဒီစကားပြောသူဟာ သူမဟုတ်ဘူးဆိုရင် အမေတို့ကိုယ်တိုင် ကြားစကားပါးသူ ဘယ်သူလဲဆိုတာကို ပြောပေးပါ” ရုတ်တရက် မေ့ လက်ကို ဆွဲကိုင်လိုက်သည်က အမေ။ အမေ ဆွဲခေါ်ရာနောက်သို့ သိစိတ်မဲ့သူတစ်ယောက်ပမာ လိုက်ပါနေမိရင်း သတိဝင်တော့မှကြည့်မိတော့ အိပ်ခန်းတွင်းပင်ရောက်ချေပြီဖြစ်သည်။ “သမီး ငိုချလိုက် ငိုချင် ငိုချလိုက် ဒါပေမယ့် ဒါ အမှန်ပဲ မွန်ကိုယ်တိုင် ဖုန်းဆက်ရင်းနဲ့ ပြောသွားတာ သူသေရင်တော့ သူ့နေရာကို မေ့ ကို အစားထိုးခိုင်းလို့ရပြီ တဲ့လေ ပြီးတော့ သူပြောသွားတဲ့ စကားတွေက အဲဒီနေရာမှာပဲ တဝဲလည်လည်ဖြစ်နေတယ် ဒါ့ကြောင့် အမေ မေးလိုက်တာ မေ့ကို နေမျိုးနဲ့ သရိုးသရီဖြစ်မှာကြောက်နေတာလား လို့ မေးတော့ သူက မကြောက်ပါဘူးတဲ့ ဒါပေမယ့် စကားတင်းဆိုခံထိမှာကြောက်တာပါ တဲ့ ဒါပေမယ့် မေရယ် ဒီလောက်ဆို..” အမေ မဆက်သော စကားများစွာကို မေသဘောပေါက်သည်။ သဘောပေါက်ပါသည်။ မမမွန်သည် သူ၏ဝမ်းမနာသမီးကို သူကိုယ်တိုင် အထင်လွဲရက်ခဲ့ပြီ။ မေကကော၊ မေက သူ့ယောကျ်ားကြီးကို ဘာလုပ်ရမှာလဲ ဟု ဒေါသတကြီးတွေးရင်း ဝမ်းနည်းစိတ်တို့သည်သာ လှိုက်တက်လာတော့သည်။ ထို့နောက် ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း တအိအိနှင့် ငိုလိုက်မိတော့ အမေ အခန်းတံခါးပိတ်ကာ ထွက်သွာတော့၏။ မေ့ရဲ့ မမမွန်အတွက် မေ ဘာလုပ်ပေးရမလဲ ဟူသည့် အတွေးတို့သာကြီးစိုးရင်း ထိုညကိုတော့ မအိပ်ဘဲ မိုးလင်းစေမိလိုက်တော့၏။ (၂) လျှောက်လက်စခြေလှမ်းတို့ ဖျတ်ခနဲ တန့်၏။ ယခင်စိတ်နှင့်သာဆိုလျှင် အိုး လှလိုက်တာ ဟု အော်ကြီးဟစ်ကျယ်ခုန်ပေါက်နေမိလေမည်လား။ ယခုတော့ ပူသည်။ မြင်နေရသည့် အနီရောင်လက်ပံပွင့်များ ပူလွန်းလှသည်။ ဆေးရုံဝင်းကြီးအတွင်းမှ လက်ပံပင်ကြီးကတော့ တစ်ပင်လံုံးဝေဆာစွာ ပွင့်လန်းနေသည်။ လက်ပံပင်အောက် လျှောက်လာမိရင်း မျက်ဝန်းအစုံကို ဖျတ်ခနဲမှိတ်ကြည့်တော့ လက်ပံပင်အောက်က လက်ပံကောက်နေသည့် မေနှင့်မွန်ကို မေ တွေ့လိုက်ရသည်။ မေ့ခေါင်းတွင် လက်ပံပွင့်ကြီးပန်လို့၊ မေ့ခါးမှာ ခြင်းတောင်းလေးတင်လို့၊ မွန်ကတော့ တစ်ပွင့်ပြီးတစ်ပွင့်ကောက်ကာ မေ့ခြင်းတောင်းလေးထဲ လက်ပံပွင့်ကြီးများလာထည့်လို့။ အိုး အဲသလိုများကောက်ပြီးရင်တော့ အမေက မေတို့တစ်အိမ်သားလုံးကို လက်ပံပွင့်ချက် ကို တဝကြီးချက်ကျွေးတော့တာပေါ့။ အိမ်စရိတ်ဖူလုံတယ်ဆိုပြီးတော့လည်း မုန့်ဖိုး ပိုပေးသေးတာ။ ခုတော့ မမမွန် လက်ပံပွင့် မကောက်ချင်တော့လေပြီလား။ ဒါမှမဟုတ် လက်ပံပွင့်ကောက်ခဲ့သည့် နေ့ရက်တို့ကို မေ့ခဲ့လေပြီလား။ မေက မမမွန်ထက် အသက် ငါးနှစ် ငယ်သည်မို့ မမမွန် လေးတန်းတက်ရသည့် နှစ်တွင်မှ မေ သူငယ်တန်းတက်ရသည်။ ဟောဟိုးက ဓါတ်မီးကျောင်းကြီးပေါ့။ မေနှင့်မွန်တို့ တက်ခဲ့သည့်ကျောင်းလေး။ နေ့လယ်မုန့်စားဆင်းချိန်ဆို မေရေ လို့ လာလာခေါ်ပြီး ထမင်းခွံ့ကျွေးသူ မမမွန်။ မနက်ဆိုလည်း မေခြေထောက်ညောင်းပြီဟု ဆိုလိုက်သည်နှင့် မေ့ကို ကုန်းပိုးကာ ကျောင်းသွားတတ်သည့် မမမွန်။ အခု ထိုမမမွန် ပျောက်လေပြီလား။ ဆေးရုံဝင်းကို ကျော်လာသည်မှာ မည်မျှပင်ကြာပြီမသိ။ မြို့လယ်ခေါင်ဘက်ချိုးကွေ့မှ မေ သတိဝင်မိသည်။ ရေနံချောင်းရဲ့ တစ်ခုတည်းသော မြို့လယ်လမ်းမကြီးမှာ မေတို့တက်ခဲ့သည့် အထက(၁) ကျောင်းတော်ကြီး ရှိသည်မဟုတ်ပါလား။ …. “မင်္ဂလာပါ ဆရာမ ညီညီညာညာ နှုတ်ဆက်ကြ” အော်ရင်းဟစ်ရင်းမှာပင် မေ့မျက်ဝန်းတို့သည် တိုင်အကွယ်လေးမှ မေ့ကို ချောင်းကြည့်အားပေးနေသော မမမွန်ကို မြင်လိုက်ရသည်မို့ လေသံပင်ပိုကျယ်လာသလိုထင်ရ၏။ မေက ယခုမှ ကျောင်းပြောင်းလာတာဖြစ်ပြီး မမမွန်ကတော့ ငါးတန်းနှစ်ကတည်းကကျောင်းပြောင်းသွားသည်မှာ ယခုဆို ကိုးတန်းကျောင်းသူကြီးပင် ဖြစ်ချေပြီ။ မေကတော့ ငါးတန်းကျောင်းသူအသစ်စက်စက်မို့ ကူကယ်မယ့်သူမရှိသည့် သဏ္ဍာန်ဖြင့် အားငယ်နေခဲ့တာဖြစ်သည်။ ကျောင်းဝန်းထဲဝင်လာကာစက မမမွန်နှင့်အတူမို့ ခြေလှမ်းတို့ အားပြည့်အင်ပြည့်ခဲ့သော်လည်း ကိုယ့်ကျောင်းခန်းကိုယ်စီဝင်ရချိန်မှာတော့ အားငယ်စိတ်က ငေါက်ခနဲ ထောင်သည်။ “ဒီကျောင်းက ဆရာ ဆရာမတွေကလည်း အရင်ကျောင်းကလိုပဲ ကျောင်းသားလိမ္မာရင် ချစ်တာပဲ မေရဲ့ မဆိုးနဲ့နော် ကိုယ့်သန့်ရှင်းရေးအလှည့်ဆို အမြဲစောရောက်ဖို့ကြိုးစားပြီး သန့်ရှင်းရေးလုပ်ရုံ၊ စာကြိုးစားရုံပဲ အရင်ကျောင်းအတိုင်းပဲ ဘာမှမပြောင်းလဲဘူး ဟုတ်ပလား” လမ်းလာစဉ်တစ်လျှောက်လုံး မမမွန်က ထိုစကားသာ ဆိုခဲ့တာဖြစ်ပြီး မေကလည်း မမမွန်ထိုစကားဆိုတိုင်း ခေါင်းညိတ်မြဲညိတ်ပြခဲ့တာဖြစ်သည်။ သို့သော် ကျောင်းခန်းထဲရောက်သည့်အချိန်မှစ အတန်းပိုင်ဆရာမကို စောင့်နေသည့် အချိန်အတွင်း အတန်းပိုင်ဆရာမ ရုပ်ချောမှချောပါ့မလား၊ အတန်းပိုင်ဆရာမ သဘောကောင်းမှကောင်းပါ့မလားဟု တွေးပူရင်း မေ့ကို မချစ်မှာကိုလည်း စိုးကြောက်နေမိသေးသည်။ ယခုတော့လည်း ထိုအတွေးများက သူမဟုတ်ခဲ့သလိုပင်။ အကြောက်တရားတို့ မရှိပြန်တော့။ မမမွန်က မေ့ကို တတာ ဟု လက်ကလေးပြကာပင်နှုတ်ဆက်သွားပြီဖြစ်၏။ -++---- အိုး မေ့ရဲ့ မမမွန် ဘယ်ပျောက်သွားပါသလဲ။ မေတ္တာတရားကိုပင် သစ္စာယွင်းအပ်သူဟု မေ့ကို စွပ်စွဲရက်တဲ့ မမမွန်သည် မေ့ မမမွန် မဟုတ်။ မဟုတ်ပါလေ။ မေ့မမမွန်သည် မေ့မေတ္တာတရားကို ယုံကြည်ဖြစ်သည်။ မေ့သစ္စာကို ယုံကြည်သူဖြစ်သည်။ ယခု မမမွန်သည်…။ အရာရာသည် အနီရောင်သမ်းနေပါ့လား။ အိုး ကျောင်းတော်ကြီးမှာလည်း စိန်ပန်းနီတွေ သဲသဲလှုပ်လှုပ်။ ကျောင်းတော်ကြီးရေ မေ့မမမွန်လေ မေ့မမမွန် အခု ပြောင်းလဲသွားပြီတဲ့။ တိတ်တခိုးရွတ်ဆိုမိရင်း တလုံးတခဲပြိုကျလာသည့် မျက်ရည်စတို့နှင့်အတူ မေ့ခြေလှမ်းတို့ကို နောက်ကြောင်းပြန်လှည့်လိုက်သည်။ အဖြေဆိုသည်မှာ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းသေချာနေသော်ငြား ကျန် နှစ်ဆယ့်ငါးရာခိုင်နှုန်းကို မေ ဖမ်းဆုပ်ထားချင်ပါသည်။ ထို နှစ်ဆယ့်ငါးရာနှုန်းတွင် မေ့ မေတ္တာ၊ မေ့သစ္စာ၊ မေ့ယုံကြည်မှုနှင့် မေ့ဘဝ တို့ မြုပ်နှံထားသည်ဟု မေမယုံမရဲ တွေးမိရင်း ရန်ကုန်ပြန်ဖို့ ကားလက်မှတ်ဖြတ်ဖို့ ဖုန်းဆက်ရန်ပြင်လိုက်သည်။ “ဟယ်လို ကျွန်းဆွယ်ကားဂိတ် က လားရှင့်” (၃) “မမမွန် ….ကိုနေမျိုးနဲ့ မေ့ကို တစ်မျိုးတစ်မည်မြင်ဘူးသလား စိတ်မချဖြစ်ဘူးသလား” “ဘာတွေလာမေးနေတာလဲ မေ ခရီးရောက်မဆိုက်ကွယ် သွားသွားနားချေတော့။” မျက်နှာပျက်ပျက်နှင့် စကားဆိုလာသော မမမွန်ကို မေအလျှော့မပေးစတမ်း မျက်တောင်မခတ်ကြည့်နေမိရင်း ထပ်မေးလိုက်မိသည်။ “မေက ကိုနေမျိုးနဲ့ ဖေါက်ပြန်ဖြစ်နိုင်တယ်လို့ မမမွန် တကယ်ပဲ တွေးမိခဲ့သလား” မေ့ကို စူးစိုက်စွာကြည့်လာသော မမမွန်အကြည့်ကို မေမျက်နှာမလွှဲ။ “ဖြေပါ” ထပ်မံပြောလိုက်သည့် မေ့စကားကိုနားထောင်ရင်း မမမွန် မျက်နှာလွှဲဖို့ ကြိုးစားလိုက်သည်ကို တွေ့လိုက်ရသည်မို့ မေ့နှုတ်ခမ်းလေးကို ပြတ်လုအောင် ခပ်တင်းတင်းကိုက်ထားလိုက်မိသည်။ “မေ့ကို ကို နဲ့ ဖေါက်ပြန်မှုဖြစ်နိုင်တယ်လို့ ထင်တာမဟုတ်ဘူး မေ မေ့သိက္ခာကိုလည်း မမွန် ယုံတယ် မမွန်ယောကျ်ားသိက္ခာကိုလည်း မမွန်ယုံတယ် ဒါပေမယ့် မပြေးသော်ကန်ရာရှိ ဆိုတဲ့အဖြစ်တွေက အများကြီးမဟုတ်လား အဲဒါမျိုးကို တွေးကြောက်တာ မေ့ကို မယုံတာမဟုတ်ဘူး ကို့ ကို မယုံတာ မဟုတ်ဘူး” ပြောစရာစကားမရှိစွာ “အင်း..” ဆိုသည့် ခေါင်းညိတ်သံကိုသာ သံရှည်ဆွဲလိုက်မိရင်း ရုတ်ခြည်းကျိန်းစပ်လာသော မျက်ဝန်းတို့ကို သက်သာလိုသက်သာငြား မျက်တောင်တို့ တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် မေနေနေကျ အိပ်ခန်းလေးသို့သာ တိုးဝင်လာလိုက်ရင်း..။ ဘယ်အချိန်ကတည်းက စပြီးတွေးတတ်ခဲ့တာလဲဆိုသည့်မေးခွန်းသည် နှုတ်ခမ်းဝမှာတင် တိုးတိတ်ဆွံ့အ။ တက္ကသိုလ်တက်ပါပြီဆိုကတည်းကလား၊ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်စပြုပါပြီဆိုကတည်းကလား။ ဒါမှမဟုတ် ဒါမှမဟုတ် ဘယ်အကြောင်းအရာတွေကများ မမမွန်ရဲ့ အတွေးကို ညစ်နွမ်းစေခဲ့ပါသလဲ။ မမမွန် သိပ် ရက်စက်သည်။ ဒီလောက်ညစ်နွမ်းသည့် အတွေးကို သူမို့ တွေးဝံ့လေသည်။ အနေအထိုင်ဟာလည်း ဒူးထပ်ပေါင်တင်ဆိုသည့် အပြုအမှုမျိုးထိ မရင်းနှီးခဲ့ပါ။ ဘယ်အရာကများ မမမွန်ရဲ့ အတွေးကို ညစ်ထေးစေခဲ့ပါသလဲ ဟု တွေးရင်း မေ ငိုမိပါပြီ။ ငိုမိတော့ပြီဖြစ်၏။ စေ့စေ့တွေးမှ ရေးရေးပေါ်တော့၏။ တိရိစ္ဆာန်ဥယျာဉ်သွားမယ်ဟု မေ့ ကိုခေါ်ပြီးမှ တိရိစ္ဆာန်ရုံရောက်မှ စိတ်တိုစိတ်ဆတ်နေခြင်းများ၊ အစိမ်းရောင်မျက်ဝန်းများ။ အိုး မေထင်သလို လိုင်းကား ကျပ်၍စိတ်ရှုပ်ခဲ့ခြင်း ဟုတ်မှဟုတ်ပါလေစ။ စနေတနင်္ဂနွေရုံးပိတ်ရက်တိုင်း ရေနံချောင်းမဖြစ်မနေပြန်ဖို့ တိုက်တွန်းတတ်ခြင်းမှာ အဘယ်သို့သော အကြောင်းအရာများ ကပ်ညိနေနိုင်ပါသလဲ။ တစ်လောကလုံးမှာ တစ်အူတုံဆင်းမောင်နှမရင်းဆိုလို့ ဒီညီအစ်မနှစ်ယောက် သာရှိတာလေ။ဘယ်လိုအကြောင်းတရားမျိုးကများ မေ့သိက္ခာနဲ့ မေ့သစ္စာကို အရောင်ဆိုးဖို့ကြိုးစားနေခဲ့ပါသလဲ။ (၄) ရက်စက်ခြင်း ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို မေ ရေးတေးတေးလေးတော့ သိပါပြီ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်မိသည်။ ဟုတ်သည်။ ဘဝတွင် အချစ်၊ အလွမ်း၊ အမုန်း၊ မေတ္တာတရားနှင့် တကွ ရက်စက်ခြင်းဆိုသည့် ခံစားချက်လေးကိုပါ ခံစားရမိမှ ခံစားချက်စုံသည့် ဘဝဟု ခေါ်လေသည်မဟုတ်ပါလား။ ယခုက သာမန်ရက်စက်ခြင်းပင်မဟုတ်၊ အနှိုင်းမဲ့ရက်စက်ခြင်း။ အနှိုင်းမဲ့ရက်စက်ခြင်း ဖြစ်သည်။ “ရက်စက်တယ်” ဆိုသည့် စကားမှအပ “မမမွန် မို့ ရက်စက်ရက်တယ်” ဆိုသည့် စကားကိုပင် မသုံးရက်ပါ။ တီးတိုးသာ ရေရွတ်မိနေသည်က “ရက်စက်တယ်” “ရက်စက်တယ်” “ရက်စက်တယ်” ဆိုသည့် စကားသာဖြစ်သည်။ သိက္ခာ ဆိုသည့်အရာကို မေက လေးလေးနက်နက်မထားပါ။ သို့သော် တန်ဖိုးလည်း မနှိမ့်ချခဲ့ပါ။ မေ့အနေအထိုင်သည် မမမွန်အတွက် ဆူးခလုတ်ကန်သင်းဖြစ်ခဲ့ပါသလား။ သို့ဆိုလျှင်ဖြင့် လူငယ်ပီပီ မေကလည်း မေ့သိက္ခာလေးကို အရောင်တင်ပြချင်ပါသည်။ ကိုယ်ကိုယ်တိုင် တလေးတနက် တန်ဖိုးမမြှင့်မိခဲ့သော်လည်း ကိုယ့်တန်ဖိုးကို သူများက လာချချိန်မှာတော့ ကောင်းကင်ထိရောက်အောင် တကူးတကမတင်ထားရပါသော သိက္ခာတရားကို သစ္စာဆိုပြလိုက်ချင်စမ်းသည်။ မေသည် မမမွန်ကိုယ်တိုင် ထမင်းခွံကျွေးခဲ့ဖူးသော ဝမ်းမနာသမီးတစ်ယောက်ဖြစ်နေခဲ့သည်ကို မမမွန် မေ့နေလျော့သလား။ မမမွန်ကိုယ်တိုင် ရေချိုးသုတ်သင်ပေးခဲ့ဖူးသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်ကို မမမွန်မေ့နေလျော့သလား။ မမမွန် သွေးလိမ်းပေးသော သနပ်ခါးပါးကွက်ကျားလေးဖြင့် ကျောင်းတက်ခဲ့သူဆိုသည်ကို မမမွန် မေ့များမေ့လျော့နေလေသလား။ ထိုအတွေးဖြင့် မျက်ဝန်းတွင် မျက်ရည်က အိခနဲဝိုင်းသည်။ ထိုမျက်ရည်ဝိုင်းလေးတို့ကို ကနဦးအစကလိုပင် တားနိုင်လိုတားနိုင်ငြားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးကတော့ ပြာလွင်ဆဲ…။ ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...