Tuesday, February 18, 2025

တစ်နေ့မှာ-ရည်ဝေ(လင်းရောင်ခြည်)-၂၀၁၅ စက်တင်ဘာ ခေတ်ရနံ့မဂ္ဂဇင်း

“တစ်နေ့မှာ”

ပွဲတော်သည် အလင်းများပြန့်ကြဲစွာဖြင့် လင်းလက်လှပလွန်းနေသည်။ ပွဲတော်ကို ရောက်လာရာလမ်းသည် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား ခင်းမထားပါ။ ပွဲတော်သို့လာရာလမ်းသည် အနည်းငယ်ကြမ်းရှရှနိုင်သော သဲတို့ ဖြန့်ခင်းထားပြီး ဖိနပ်မပါခြေဗလာများဖြင့် လာသူများသည်ကိုတော့ သတိထားမိသည်။ မည်သို့ပင်ဖြစ်စေကာမူ ပွဲတော်သည် ကြီးကျယ်ခမ်းနားစွာ လင်းလက်လှပနေသည်ကတော့အမှန်ပင်ဖြစ်သည်။ 


အပြုံးသည် ပွဲတော်အတွက် တည်ခင်းဧည့်ခံသည့် အစာအာဟာရဖြစ်သည်ဟု ဆိုချင်သည်။ နေရာတိုင်းတွင် ရှိနေသော အပြုံးတို့သည် လာပါ၊ ယူပါ၊ ပြုံးလှည့်ပါဟု ခေါ်ငင်ဟန်ရှိ၏။ ပွဲတော်ရှိလူအများသည် ရုပ်သေများသဖွယ် ပြုံးချိန်တန်ပြုံးဖို့မှတ်ဉာဏ်အသွင်းခံထားရသည့် သဏ္ဍန်ဖြင့် အသက်မဲ့အပြုံးကို တန်ဆာဆင်ထားသလိုရှိသည်။ ပွဲတော်တွင်ရောက်လာသူများ၏ ထူးခြားချက်မှာ တာဝန်နှင့် လေးစားမှု ဆိုသည်ကို ဦးခေါင်းတွင် ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်။

အပိုင်း(၁)
ပွဲတော်၏ လှုပ်ရှားမှုမှန်သမျှသည် ပုံသေကားချပ်ဆန်လွန်းလှ၏။ ပွဲတော်ကို အခမ်းအနားမှူးတစ်ယောက်၏ အသက်မဝင်သည့် လေသံနှင့် နှုတ်ခွန်းဆက်စတင်ထားသည်။ ပွဲတော်သို့ သီးသန့်လာရောက်သူများအပြင် ပွဲတော်ကြီးမှူးကျင်းပရေးကော်မီတီ၊ ပွဲတော်တွင်းလှုပ်ရှားမှုမှန်သမျှ ကြည့်ရှုရေးကော်မီတီ စသဖြင့် ပွဲတော်တွင်း အဖွဲ့ငယ်များဖွဲ့ထားပြန်သေးသည်။ ထို့ကြောင့်ပင် ပွဲတော်သည် ပွဲတော်ထက် လွှတ်တော်အငယ်စားလေးနှင့်ပင် တူသွားသေး၏။
“ကျွန်တော်ကတော့ ကျွန်တော့်ဘဝကို စိုပြည်သာယာစေချင်တာပါပဲ ဒီအတွက် ဘယ်သူတွေက ဘယ်လို ကြီးမှုးစောင့်ရှောက်ပေးမလဲ သိချင်တယ်”
အစိမ်းရောင်ကို အတော်ပင် နွမ်းသွေ့နေသည့် အရောင်ကိုဝတ်ဆင်ထားသော တောင်တစ်လုံးက ထ၍ အဆိုပြုသည်။ အစိမ်းခြောက်ရောင်ဟု ခေါ်ဆို၍ ရနိုင်မည် ထင်၏။
“ဘယ်သူတွေက ခင်ဗျားရဲ့ စိုပြည်မှုကို ဖျက်ဆီးလိုက်တာလဲကော မသိချင်ဘူးလား”
မခမ်းတခမ်းမြစ်တစ်စင်း၏အသွေးအသားကိုငုံထားသော ရေသန့်ဘူးတစ်လုံး၏ အမေးကို တောင်ကြီးက မသိကျိုးကျွံပြုနေသည်။ သူ့ကို ဖျက်ဆီးမည့်သူများသည်ပင် သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူများဖြစ်သည် ဟူသည့်အဖြေကိုတောင်ကြီး သိပါ၏။ ထို့အတွက်ပင် တောင်ကြီး မဖြေချင်၊ မဖြေရက်၊ မဖြေဝံ့ပါ။
အပိုင်း(၂)
ရေသန့်ဗူးခွံတို့သည် ရုံးစုရုံးစုဖြင့် သွားလာလှုပ်ရှားနေသည်။ နွမ်းလျလျဗူးခွံတို့ပါသလို သစ်သစ်လွင်လွင်ဗူးခွံတို့ပါသည်။ သို့သော် အားလုံးသည် တစ်စုတစ်စည်းတည်း သွားလာလှုပ်ရှားနေကြသည်။ သူတို့သွားနေကြသည့်နေရာကား မီးပုံများဆီသို့။ ဟုတ်သည်။ ပွဲတော်ပတ်ပတ်လည်တွင် အလျှံတညီးညီး မီးပုံများဖိုထားကြသည်။ ထိုမီးပုံများ၏ ဘေးတွင် ထောင်မတ်ထားသည့် ဆိုင်းဘုတ်တစ်ခုရှိသည်။ ထိုဆိုင်းဘုတ်တွင် ရေးဆွဲထားသည်က “ကိုယ့်ကိုယ်ကိုယ် အမှိုက်ဖြစ်နေပြီဟု သေချာပါက ဤမီးပုံတွင်းသို့ သက်ဆင်း၍ အသစ်တဖန် ပြန်လည်မွေးဖွားပါ” ဟု ဖြစ်သည်။ မီးပုံအနီးသို့ရောက်လာပြီဖြစ်သည့် ရေသန့်ဗူးခေါင်းဆောင်သည် ရုတ်တရက် ရပ်တန့်ကာ သူ၏နောက်လိုက်ငယ်သားများအား ကြည့်လိုက်သည်။
“ကဲ ငါတို့အတွက် ဘဝသစ်မွေးဖွားရာနေရာတော့ရောက်ပြီ ငါတို့ဟာ တစ်စုံတစ်ယောက်အတွက်တော့ အသုံးဝင်ချင်ဝင်နိုင်ပါသေးတယ် သို့သော် ငါတို့ဟာ ငါးကြိမ်ထက်ပိုအသုံးပြုရင် ရောဂါရလာနိုင်စေတယ်ဆိုတာကို သိတဲ့လူတချို့ရှိသလို မသိတဲ့လူတွေလည်း ရှိတယ် သိတဲ့လူတွေက သိသိကြီးနဲ့ ဆက်အသုံးပြုသလို မသိတဲ့သူတွေက မသိလို့ကော လိုအပ်လို့ကော ဆက်အသုံးပြုတယ် အဓိက သူတို့သုံးနဲ့နေရာဟာ ဆီထည့်တာ၊ သောက်သုံးရေထည့်တာ ဖြစ်နေတာက ခက်တာပဲ ဒါပေမယ့် ငါတို့ဟာ ငါတို့ကိုယ် ငါတို့ သိရမယ် ငါတို့ထဲက တချို့တွေဟာ အမှိုက်ဖြစ်လုနီးနီး ဖြစ်နေပြီး တချို့တွေကတော့ နှစ်ကြိမ်သုံးကြိမ်ဆက်အသုံးပြုလို့ရသေးတယ် ဒီတော့ ငါတို့ဟာ အမှိုက်ဖြစ်နေပြီဆိုတာတော့ကိုယ့်ကိုယ်သိရမယ် အမှိုက်ဖြစ်ခံမယ့်အစားနောက်တစ်ခေါက် ပြန်ရှင်သန်တာကမှ လောကကြီးကို အကျိုးပြုတယ်ခေါ်မယ်မဟုတ်လား နောက်ပြီး ငါတို့ရှိနေသေးရင် ဆက်အသုံးပြုသူက ပြုနေဦးမှာပဲ ဒီတော့ လာ သွားကြစို့”
စကားဆုံးသည်နှင့် မီးပုံထဲသို့ ခုန်ဆင်းသွားကြသော ရေသန့်ဗူးခွံနောက်သို့ ကျန်ရေသန့်ဗူးခွံများပါ လိုက်သွားကြသည်။ သို့သော် အနည်းငယ်လတ်သော ရေသန့်ဗူးခွံတချို့ကတော့ မခုန်ချဘဲ ပွဲတော်တွင်းသို့လျှောက်ကြည့်ရန် ထွက်သွားကြလေတော့သည်။
အပိုင်း(၃)
“လူများကို ကာကွယ်စောင့်ရှောက်ကြပါ သက်ရှိလူများကို ကာကွယ်စောင့်ရှောက်ကြပါ”
ဒါ ဘာပွဲတော်လဲ ဟူသည့်အသိကို ဦးဆုံးဝင်လာပြီဖြစ်၏။ ဟုတ်သည်။ “လူများကို ကာကွယ်စောင့်ရှောက်ကြပါ” တဲ့လား။ “သက်ရှိလူများကို ကာကွယ်စောင့်ရှောက်ကြပါ” တဲ့လား။ သူ့လက်သူ့ခြေတို့သည် ထူးခတ်ခံလိုက်ရသကဲ့သို့ မလှုပ်နိုင်မရှားနိုင်ဖြစ်သွားသည်ကို သတိထားမိစွာ အော်ဟစ်လိုက်မိသည်။ သို့သော် အသံသည် ထွက်မလာ။ သူ့ဘေးတွင် စက်ယန္တရားများတစ်ခုပြီးတစ်ခု လှုပ်ရှားနေသည်ကိုသာ သတိထားမိသည်။ “အို သွေး အရပ် ခြောက်ပေ အသည်းတစ်ခြမ်းမကောင်း အရက်ဖြက်သင့်” အသံအက်အက်ဖြင့် ဆိုလာသည့် ယန္တရားကောင်ကြီးကို ငေးကြည့်မိတော့ ယန္တရားကောင်က ဆိုင်းဘုတ်တစ်ခုကို လက်ညိုးထိုးပြသည်။ “ဆေးစစ်ဌာန” တဲ့လေ။
“အခမဲ့ ဆေးစစ်ပေးတာလား”
“ဒီနေရာက လူသားအားလုံးအတွက် ဆေးစစ်ပေးတဲ့ ဌာနပါ လူတွေက ဉာဏ်ရှိသလောက် ကြိုးစားတီထွင်လာကြတာ မှန်ပါတယ် ဒါပေမယ့်တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်တွေကိုပဲ အားကိုးလွန်းလာတယ် လူသားအချင်းချင်းစမ်းသပ်စစ်ဆေးတာထက် စက်ရုပ်တွေနဲ့ စမ်းသပ်စစ်ဆေးမှ သေချာတယ် ထင်လာကြတယ် ကြာလာတော့ လူသားတွေထဲမှာ ဆေးပညာကို လေ့လာသူထက် စက်ရုပ်တီထွင်တဲ့ နည်းပညာကို လေ့လာသူပဲ များလာကြတော့တယ်လေ ”

သူ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေမိဆဲ။
“လူတွေမှာ ဉာဏ်ရှိတော့ စက်ပစ္စည်းတွေ တည်ဆောက်တယ် နောက် စက်ပစ္စည်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ကမ္ဘာကြီးကို ထိခိုက်လာတယ် လူတွေကို ပြန်ထိခိုက်လာတယ် အဲဒီအတွက် လူတွေမှာပါ ရောဂါတွေ ဖြစ်ပွားလာတယ် ပြောရမှာပေါ့ အခု တချို့ ဉာဏ်ရှိသူတွေပါပဲ သစ်ပင်တွေစိုက်မှ ကမ္ဘာကြီးပြန်စိမ်းမယ် သူတို့သိတာပဲ သူတို့ကိုယ်တိုင် စိုက်ဖို့လည်း ကြိုးစားနေကြတာပဲ ဒါပေမယ့် အဲဒီသစ်ပင်စိုက်နည်းကို ကို စက်ရုပ်တွေရဲ့ ပရိုဂရမ်ကိုဖတ် စက်ရုပ်တွေနဲ့အတူတူ သစ်ပင်စိုက်ပြီး လေ့လာနေရတဲ့အဖြစ်၊ လေ့လာနေရတဲ့ အနေအထားကို ရောက်နေပြီလေ”
ဒါဆိုသူ အသည်းတစ်ခြမ်းမကောင်းဆိုတာကကော။ အရက်ဆိုတာ သူမှမသောက်ဘဲ။ ဘယ်လိုကနေဘယ်လိုရောက်လာတာလဲ။ အဖြေမဲ့ မေးခွန်းများကို တရစပ်စဉ်းစားရင်း သူမေးရန် ပါးစပ်ဟလိုက်၏။

“လူသားတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးနေတယ်ဆိုတာ အကြောင်းရှိတယ် ခု ခင်ဗျား အရက်မသောက်ဘဲ အရက်ဖြက်သင့်ဆိုတဲ့ မှတ်ချက်ရထားတယ်နော် အေး ခင်ဗျားလိုပဲ လူတော်တော်များများလည်း မှတ်ချက်ရထားတယ် သူတို့ကိုယ်တိုင်မသိလိုက်ပါဘဲတစ်စုံတစ်ယောက်က သူတို့ကို အရက်တိုက်ခဲ့တယ် ဘဝပျက်လောက်အောင် အရက်တိုက်ခဲ့တယ် ဆိုတဲ့ အဖြေကို ဘယ်သူမှ ရှာမရဘူး တစ်ရက်နှစ်ရက်လည်း မဟုတ်ဘူး နှစ်ရှည်လများ တိုက်ခဲ့တာနော်”

သူ မမေးဝံ့တော့။ အဖြေကို လိုက်ရှာရမည်လား မရှာရဘူးလား တွေဝေခြင်းများစွာနှင့် သူ စမ်းသပ်ခုံပေါ် လှဲနေရာမှ ထလိုက်သည်။

“ကျွန်တော်တို့စက်ရုပ်တွေလည်း ကမ္ဘာပျက်မယ့်နေ့ကို လက်ချိုးရေတွက်ပြီး စောင့်နေရသလိုပါပဲ ဘာ့ကြောင့်ဆို လူသားတွေရဲ့ အသိဉာဏ်တွေပြန်မလင်းလက်ဘူး ဆိုရင် ကမ္ဘာကို ကယ်တင်ဖို့ နည်းလမ်းကောင်းတွေ ရှာနိုင်မှာမဟုတ်ဘူး ကျွန်တော်တို့ဟာ စက်ရုပ်တွေဆိုတော့ စက်ရုပ်ရဲ့ တွေးအား၊ ဖြေရှင်းအားက ကန့်သတ်ချက်ရှိတယ် လူတစ်ယောက်ရဲ့ ဦးနှောက်က အလုပ်လုပ်မှုဟာ ကန့်သတ်ချက်မရှိဘူးလေ ဒီတော့ ခင်ဗျားတို့ လူသားတွေရဲ့ ဦးနှောက်တွေကို အမှိုက်တွေ လိုက်ရှင်းပေးရမယ့်တာဝန်ရှိနေတယ် ခင်ဗျားတို့တွေရဲ့ ဦးနှောက်တွေ အလုပ်မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ ကြိုးစားသမျှတွေ အကုန်ရေစုန်မျောမှာပါပဲ ဝမ်းသာစရာကောင်းတာက ခင်ဗျားတို့အားလုံးရဲ့ ဦးနှောက်မှာ ရှိနေတာဟာ အမှိုက်တွေမဟုတ်ဘဲ ဗိုင်းရပ်စ်ရှိနေတာ ဘယ်လို ဗိုင်းရပ်စ်ရှိနေတာလဲဆိုတော့ ပျင်းရိခြင်း ဆိုတဲ့ ဗိုင်းရပ်စ်ပဲ”

သူ နားမထောင်ချင်တော့။ ပျင်းရိလေးလံခြင်းတဲ့။ သူ မပျင်းပါဘူး၊ မပျင်းလို့သာ လမ်းလျှောက်လာတာ မဟုတ်ဘူးလား ဟု ကိုယ့်ကိုယ်ကိုယ်မေးရင်း စမ်းသပ်ခန်းပြင်ပသို့ ထွက်ရန်ကြိုးစားလိုက်၏။

“လူတိုင်းနီးပါးမှာ စွဲကပ်နေတဲ့ အဲဒီရောဂါအတွက် ကျွန်တော်တို့ စက်ရုပ်ကြီးက အဖြေတစ်ခု တွေ့ထားတယ်”
“ဘာအဖြေလဲ ဘယ်လိုအဖြေလဲ”
စက်ရုပ်တို့မည်သည် ပြုံးတတ်ပါသလား။ မသိ။ သူမသိပါ။ သို့သော် သူ့စိတ်ဝယ် စက်ရုပ်သည် ပြီတီတီ ပြုံးနေသည်ထင်မိ၏။
“ကျွန်တော်တို့ စက်ရုပ်တွေက လူသားတွေကို အုပ်ချုပ်ပြီး ဘာလုပ်ညာလုပ် ဆိုပြီး ခိုင်းလိုက်ရင်တော့ ပျင်းရိခြင်းဗိုင်းရပ်စ်ပျောက်သွားမယ်လို့ ယူဆရတယ် ဒီပွဲတော် ကျင်းပခဲ့တာ ဆယ်နှစ်ရှိပြီ ဒီချိန် ဒီအဖြေကအမှန်ဆုံးဖြစ်မယ်လို့ အားလုံးက ယူဆထားကြတယ် လာမယ့်နှစ်မှာ ကျင်းပမယ့် ပွဲတော်မှာမှ ဒီဗိုင်းရပ်စ်မပျောက်သေးဘူးဆိုရင် ကျွန်တော်တို့ အဲဒီအဖြေအတိုင်းကျင့်သုံးဖို့ ဆုံးဖြတ်ထားတယ်”

သူ ခေါင်းညိတ်ရင်းပြုံးပြလိုက်၏။
“လူတွေကို အုပ်ချုပ်နိုင်မယ် ထင်တာလား လူတွေရဲ့ စွမ်းအားကို လျှော့တွက်တာလား”
“လူတွေကိုအုပ်ချုပ်ချင်လို့မှမဟုတ်ဘဲ၊ လူတွေရဲ့စွမ်းအားကို မြှင့်တင်ပေးချင်လို့ကို အုပ်ချုပ်ရမှာ လူတွေက ခု ကိုယ့်လက်ရှိနေရာမှာပဲ သာယာနေကြတယ် တစ်ချိန်မှာ ပျက်စီးသွားနိုင်ပါ့လား ဆိုတဲ့ အသိကြီးကို ဖျောက်ပြီးတော့ကို လက်ရှိဘဝမှာ သာယာနေကြတယ် တစ်ယောက်နဲ့တစ်ယောက် ခြေထိုးဖို့၊ တစ်ယောက်ကိုတစ်ယောက်ကျော်ဖို့ခွဖို့ဆိုရင် တက်ကြွသလောက် ကိုယ်ကိုယ်တိုင်ပါဝင်နေတဲ့ အများကောင်းကျိုးအတွက်ကျတော့ ရှောင်ဖယ်ဖယ်နဲ့ ပျင်းရိနေကြတယ် ငါမလုပ်လည်း သူလုပ်မှာပါ ငါမလုပ်လည်း သူလုပ်မှာပါ ဆိုတဲ့ စိတ်တွေချည်းပဲ ခုပွဲတော်မှာ လာတဲ့လူတိုင်းကို ဆေးစစ်ကြည့်ပြီးပြီ သူတို့ရဲ့ မှတ်ဉာဏ်ကို ယူခဲ့ပြီးပြီ ခုနှစ်ဆယ့်ငါးရာနှုန်းဟာ ဒီအတိုင်းပဲ ဘာမှ ထူးမလာဘူး”

အဆုံးသတ် ဘာမှ ထူးမလာဘူး ဆိုသည့် စကားသံသည် ပို၍ အေးစက်မာကြောသွားဟန်ရှိသည်။ သူ့တွင် ဖြစ်တည်လာသော မေးခွန်းကိုတော့ မဖြစ်မနေမေးရတော့မည်ဟု သူသိလိုက်သည်။ သည်မေးခွန်း၏ အဖြေကိုရမှ သူ့လက်ကျန်ဘဝအတွက် သူဆုံးဖြတ်၍ရမည်မဟုတ်ပါလား။

“ဒါဆိုရင်ဗျာတာဝန် နဲ့ လေးစား မှု ဆိုတာကို ဦးခေါင်းမှာ ချိတ်ပြီး သွားနေတဲ့ လူတွေကောဗျာ သူတို့က ဘာတွေတုန်း”
“သူတို့ကလား အင်း သူတို့က ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုအောက်ကနေ ပြီးဆုံးသွားတဲ့သင်တန်းသားတွေလို့ ပြောရမှာပေါ့ ဒါပေမယ့် ခုလျှောက်သွားနေကြတဲ့သူတွေက သင်တန်းကို နားမလည်လိုက်တဲ့ လူတွေပါဗျာ သူတို့ရဲ့ ဦးနှောက်မှာ ဘာမှ မရှိဘူး မရှိတော့ဘူး တာဝန် နဲ့ လေးစားမှု ဆိုတာပဲ သိတော့တဲ့ သနားစရာလူတွေပေါ့”
“ဒါဆို နားလည်လိုက်တဲ့ လူတွေကကောဘယ်မှာလဲ”
“နားလည်သွားတဲ့သူတွေကတော့ ဒီပွဲတော်ကို ဘယ်လာတော့မလဲ ကိုယ့်ရပ်တည်မှုနဲ့ကိုယ့်နယ်ပယ်မှာ ဆက်ရှင်သန်အောင်ပဲ လုပ်တော့တာပေါ့ အဲဒီလူတွေဟာ ဘယ်တော့မှ ထင်ပေါ်လာမှာမဟုတ်ဘူး သူတို့က ကန့်လန့်ကာနောက်ကနေပဲ ငါတို့ရဲ့ အပင်လေး ဖွံ့ဖြိုးသွားပါပြီကော ဆိုပြီးပဲ နေတတ်တဲ့လူမျိုး အဲသလိုလူမျိုးတွေရှိနေလို့လည်း ကျုပ်တို့က အားလုံးကို အုပ်ချုပ်ပစ်ချင်လိုက်တော့တာ ဒါမှ အားလုံးရဲ့ အသိဉာဏ်တွေ ဖွံ့ဖြိုးလာမယ်မဟုတ်လား”
---------++

အပိုင်း(၄)
“ဘုတ်”
ဗိုက်ပေါ်သို့ ကျလာသည့် တစ်စုံတစ်ရာကြောင့် သူ့မျက်လုံးတို့ ပွင့်သွားရသည်။ ကြည့်လက်စ စာအုပ်က အိပ်ငိုက်လွန်၍ လက်မှ ဗိုက်ပေါ်သို့ လျှောကျသွားခြင်းဖြစ်၏။ သူ တနင်္ဂနွေတွင် ပွဲတစ်ပွဲသွားစရာရှိသည် ဟုသတိရသည်။ ကွန်ပျူတာဖန်သားပြင်ကို ကပြာကယာသွားကြည့်လိုက်တော့ တော်သေးသည်။ မနက်ဖြန်မှတနင်္ဂနွေဖြစ်သည်။ ရွာတွင်နေသည့် အဖေ့ဆီသို့ စာပို့ရန် စာရေးဖို့ပြင်လိုက်သည်။ အရေးဟယ်အကြောင်းရယ်ဆို ဘောပင်နှင့် စာရွက်ရှာမရ။ ရှာ၍ရပြန်တော့ဘောပင်က တစ်နေ့ကမှ ဝယ်ထားသည့် အသစ်စက်စက်ဖြစ်ပါရက်နှင့် မင်ကမလိုက်။ သို့ဖြင့်ပင် ကွန်ပျူတာစာစီပေးလိုက်တော့မည် ဟု စဉ်းစားရင်း စာရိုက်ရန် Microsoft word ကိုဖွင့်လိုက်သည်။ ဘေးဖက်ရှိ Document Recovery မှာ ဖိုင်အဟောင်းတစ်ခုကို တွေ့သဖြင့် ဖွင့်လိုက်တော့ မြင်လိုက်ရသည်က…။

“စက်ချည်းပဲ အားကိုးနေရင် တစ်နေ့မှာ…..”

သူ မရေးခဲ့တာတော့ သေချာသည်။ တခြားဘယ်သူရေးသလဲဟုလည်း သူ သေချာမသိပါ။ နက်ဖြန်ဆို ပွဲသွားစရာရှိသေးသည်။ သူ မအားနိုင်။ ဒီနေ့လုပ်နိုင်သည့် ကိစ္စမှန်သမျှ လုပ်ရမည်။ သို့မှသာ ညကျ အေးအေးဆေးဆေးဖြင့် ဗွီဒီယိုဇာတ်လမ်းလေး ထိုင်ကြည့်လို့ရမည်မဟုတ်ပါလား။ အခုနောက်ပိုင်း ရုပ်သံများက လွှင့်လာသည့် ဇာတ်လမ်များသည်လည်း ကောင်းနေသည်လေ။ အဖေ့ဆီသို့ စာက မဖြစ်မနေကို ထည့်ရမည်။ သို့မှသာ အဖေ့ကို သူသတိရနေသည်မှာ ပေါ်လွင်မည်ဖြစ်၍ အဖေ့ကို လေးစားနေဆဲဖြစ်ကြောင်း အသိပေးရာရောက်မည်။ သားတစ်ယောက်၏ တာဝန်လည်း ကျေပွန်ပေလိမ့်မည်။ စာနှင့်အတူ အဖေ့အတွက် ငွေနှစ်သောင်းလောက်တော့ ကန်တော့လိုက်မှဟုတွေးရင်းဖြင့် သူ့လက်များသည် ကွန်ပျူတာကီးဘုတ်ပေါ်တွင်ပြေးလွှားလျှက်…။

“အဖေ… သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်…”

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...