Tuesday, February 18, 2025

“အမှောင်ခြမ်းမှ ပန်းတစ်ပွင့် ကြွေလွင့်ခြင်း”

          “အမှောင်ခြမ်းမှ ပန်းတစ်ပွင့် ကြွေလွင့်ခြင်း”     ဟော့ဒီ ဝဲဘက်ရင်အုံက ဘာ့ကြောင့် ခဏခဏအောင့်အောင့်နေတာလဲ။ တကယ်ဆို ကိုယ်ကိုယ်တိုင်လည်း ဘာမှ မလုပ်ခဲ့မိပါပဲကွယ်။ ယုံကြည်မှုကို စွန့်ပစ်ဖို့ အချိန်ကျလာပြီထင်ပါရဲ့။ ရိုးသားမှုကို မနှစ်သက်ဖို့ အချိန်ကျလာပြီထင်ပါရဲ့။ သေချာပါတယ်။ အချိန်တော်တော်ကြာသည်ထိ ဟော့ဒီဝဲဘက်ရင်အုံက နာကျင်နေရဦးမယ်။ သူ့ခမျာ သစ္စာဖေါက်မှုတွေကို တသီတသန်းကြီး ထမ်းပိုးထားခဲ့ရရှာတာ။ သူ့ခမျာယုံကြည်မှုတွေကို နားလည်မှုတွေနဲ့ အလဲအထပ်လုပ်ရင်း ကြေကွဲမှုတွေ ထမ်းပိုးခဲ့ရရှာတာ။

    တကယ်တော့ ကို့ကို အချိန်အတော်ကြာလေ့လာရင်းနဲ့မှ သူ့ဆီကရတဲ့ စကားသံတွေမှာ၊ သူ့ဆီကရတဲ့ အတွေးအခေါ်တွေမှာ ကျရှုံးခဲ့ရတာ။ မှားခြင်းမှားရင် အလွယ်တကူယုံကြည်တတ်တဲ့ ကျွန်မရဲ့ စရိုက်က မှားတာနေပါလိမ့်မယ်။ ဟုတ်တယ်။ ကျွန်မရဲ့ ရိုးသားမှုက ကျွန်မကို ပြန်သတ်သွားတာ။ ကျွန်မရဲ့ နှလုံးသားကို ရိုးသားလွန်းမှုက သတ်သွားတာ။      ကျွန်မ အမျှော်လင့်ရဆုံး၊ အယုံကြည်ရဆုံးအလင်းတန်းလေးက ကျွန်မအတွက် ထာဝရလင်းလက်နေပေးမယ် ထင်ထားခဲ့မိတာ။ ယုံကြည်ထားခဲ့မိတာ………….။ ခုတော့…………….. အဲ့ဒီ့ယုံကြည်မှုက ကျွန်မနှလုံးသားကိုသတ်သွားတာ။
(၁)     ကိုနဲ့ ကျွန်မ စတွေ့တာက ထူးမခြားနား ဇာတ်လမ်းတစ်ခုပါပဲလေ။ ဗြူတီဆလွန်းမှာ အလုပ် လုပ်နေတဲ့ ကျွန်မနဲ့ ခေါင်းလာလျှော်တဲ့ ကောင်လေးတစ်ယောက် တွေ့ဆုံခြင်းဆိုတဲ့ ခေါင်းစဉ်ရိုးရိုးလေးအောက်မှာပေါ့။ မျက်နှာက ကြည်ရှင်းသန့်လွန်းတဲ့ ကို့ကို ကျွန်မက သန့်စင်တဲ့ ကောင်လေးတစ်ယောက်အဖြစ်ပဲ မြင်ပြီး ကိုယ့်အလုပ်ကိုယ်ပဲ အာရုံထားခဲ့မိတာပါ။ ခေါင်းလျှော်၊ မျက်နှာသစ်ဆိုတဲ့ အလုပ်ကိုပဲ အာရုံထားခဲ့မိတာ။ နှစ်လလောက်အကြာမှ ကျွန်မကို စိတ်ဝင်စားနေမှန်း သဘောပေါက်တော့တယ်။ ကျွန်မကလည်း တော်တော်ရိုးအခဲ့တာကိုး။ ရိုးအတာကလည်း ကျွန်မ အဆိုးမဟုတ်ဘူးလေ။ တောက တက်လာတဲ့သူဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ တောကတက်လာတာတော့ ငါးနှစ်လောက်ရှိပြီ။ ဒါပေမယ့်လည်း ဘယ်မှ မသွားဖြစ်မလာဖြစ်နဲ့ ဆိုင်ထဲက ဆိုင်ပြင်ကို မထွက်ဖြစ်ဘူး။ အမေကလည်း ဆိုင်ရှင်ကို သေချာပြောပြထားတော့ ဆိုင်ရှင်ကလည်း နေရာတွေအဝေးတွေဘာတွေ မလွှတ်ဘူးလေ။ ဒီဆိုင်မှာပဲ ကျောက်ချနေရတာပေါ့။ တစ်နှစ်လောက်ကို လစာမရပဲ ပညာသင်အနေနဲ့ လုပ်ခဲ့တာ ခုတော့ ကျွန်မကကျွမ်းကျင် အဆင့်မှာပါနေခဲ့ပြီ။ ခေါင်းလျှော် မျက်နှာသစ်စရာကို မလိုတော့ဘူး။ ဆံပင်ညှပ်ပေးဖို့နဲ့ နည်းနည်းလက်ဝင်တဲ့ အကောက်၊ အဖြောင့်တွေပဲ ကိုင်ရတော့တာ။ ဆိုင်ရှင်ကလည်း ဆိုင်က ကောင်မလေးတွေကို ကြီးကြပ်ခိုင်းထားတဲ့ အဆင့်ပေါ့လေ။     ကို့ကို ခေါင်းလျှော်ပေးဖြစ်တာက ဒီလိုဒီလို။ အဲ့ဒီ့နေ့ကျမှပဲ ကောင်မလေး လေးယောက်က ခွင့်တစ်ပြိုင်နက်တည်း ယူတယ်။ သွားစရာရှိလို့ပါတဲ့။ သူတို့လေးတွေ ပျော်ပါစေလေ ဆိုပြီး ဆိုင်ရှင်မမကို ကျွန်မက ခွင့်တိုင်ပေးလိုက်မိခဲ့တာ။ အဲ့ဒီ့လိုနေ့မျိုးကလည်း လူပါးတယ်ေလေ။ ဒီတော့ ဆိုင်မှာ အလုပ်လုပ်ဖို့ ကျွန်မနဲ့ ကောင်မလေးတစ်ယောက်ပဲ ကျန်တော့တာပေါ့လေ။ နောက် ဆိုင်ရှင် မမရဲ့ အဘွားရယ်ပေါ့။ အဲ့ဒီနေ့မှာပဲကိုနဲ့ သူ့သူငယ်ချင်းဟာ ဆိုင်မှာ ခေါင်းလျှော်ဖို့ရောက်လာခဲ့တာ။ မဖြစ်မနေ ကျွန်မအလုပ်ဖြစ်လာတာနဲ့ လျှော်ပေးခဲ့မိတာပေါ့။ တွေ့စကတည်းက လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေ၊ မျက်ဝန်းချင်းဆုံချိန်မှာ လွှဲသွားတတ်တဲ့ မျက်လုံးတွေကို သိသလိုလိုရှိခဲ့ပေမယ့် ကျွန်မ မသိခဲ့မိဘူး။ ဘာ့ကြောင့်လို့လည်း မတွေးခဲ့မိဘူး။ အသက်၂၅နှစ် အရွယ်ထိ သမီးရည်းစား၊ ချစ်သူဆိုတဲ့ စကားလုံးနဲ့ မရင်းနှီးတဲ့ကျွန်မ အဲ့ဒီ့မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကို နှစ်လလောက်ကြာမှ ဖေါ်တတ်ခဲ့ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်းကျွန်မကိုသာ ရွေးတတ်တာဟာ ဘာ့ကြောင့်လဲလို့ မတွေးတတ်ခဲ့မိတာ အမှန်ပါ။ တကယ်တော့ ကို က ကျွန်မရှေ့မှာခဏခဏလာကြွေပြတဲ့အခါမှာ ဆိုင်က ကောင်မလေးတွေက ရှင်းပြမှ နားလည်ခဲ့တာပါ။ သြော်..ကျွန်မက အဲ့ဒီ့လောက်ထိ တုံးအခဲ့တာပါလေ။     အပြုံးချိုုချိုုနဲ့ ကြည်ကြည်စင်စင်မျက်နှာနဲ့ ကောင်လေးက ကျွန်မကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အသိနဲ့တင် ကျွန်မတော်တော် စိတ်လှုပ်ရှားမိခဲ့တာပေါ့။ နှစ်လလောက်ကြာပြီဆိုတော့လည်း ကို့ကို ရင်းနှီးနေခဲ့ပြီလေ။ ကို့အလုပ်အကြောင်းညည်း ပြတတ်တာတွေ ကြားတတ်ခဲ့ပြီ။ ဝင်ငွေ မဆိုးတဲ့ အလုပ်တစ်ခုရယ်လို့လည်း အမှတ်ပေးပြီးသား။ အလုပ်ကိုတက်တက်ကြွကြွနဲ့ လေးစားစွာလုပ်တတ်သူ လို့လည်း အမှတ်ပေးပြီးသား။ တကယ်တော့ ကို့ကို အိမ်ထောင်ပြုဖို့အတွက် သင့်တော်တဲ့ ယောင်္ကျားတစ်ဦးဆိုတဲ့ မှတ်ချက်ကလေး ချမိရုံက လွဲလို့ တခြားအပို မတွေးမိခဲ့တဲ့ ကျွန်မကို ကိုက ချစ်တတ်လာအောင် သင်ပေးခဲ့တာပါ။     လေးစားဖို့ ကောင်းတဲ့ အတွေး၊ မှတ်သားစရာ စကားသံတွေ ကြားမှာ ကျရှုံးခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူးလေ။ ခပ်လေးလေးပြောတတ်တဲ့ သူ့စကားသံတွေဟာ ယုံကြည်ဖွယ်ရာ အရိပ်တို့ စွန်းထင်းနေခဲ့တာလည်း ပါတာပေါ့။ နောက်နှစ်လလောက်အကြာမှာ “မမ ရယ် ပြန်ချစ်လိုက်ပါ သနားပါတယ်” လို့ တိုက်တွန်းတတ်တဲ့ ဆိုင်က ကောင်မလေးတွေစကားမှာ မျောပြီး ကျွန်မ ခေါင်းညိတ်လက်ခံခဲ့မိတယ်။ ကျွန်မကိုယ်တိုင်ကလည်း လေးစားမှုနဲ့အတူ ချစ်ခဲ့မိတာပါ။ ဝန်ခံရဲပါတယ်။ ကျွန်မ ကို့ကို လေးစားမှု၊ ယုံကြည်မှု တွေနဲ့ ချစ်ခဲ့ပါတယ်။ (၂) ချစ်ခဲ့မိပါတယ် ကို။ ကျွန်မ လက်ထဲမှာ တွန့်ကြေနွမ်းဖတ်နေတဲ့ စာလေး တစ်စောင်ရှိတယ်။ နောက် မနေ့ကမှ ရောက်လာတဲ့ မေမေ့ဆီက စာလေးတစ်စောင်ရှိတယ်။ တွန့်ကြေနွမ်းဖတ်နေရခြင်းအကြောင်းကတော့ ခဏခဏဖတ်ပြီး ခဏခဏကို လုံးချေပစ်မိလို့လေ။ ကို့ ဆီက စာလေးပေါ့။ ဘာတဲ့ ချစ်ခွင့်ရပါရစေတော့ တဲ့လေ။ အဟက်.. အဲ့ဒီ့စာကို ခဏခဏဖတ်ပြီး ရင်နာနာနဲ့ ရယ်နေမိတာပါ။ ဒီစာကို ကြည့်ပြီး ကျွန်မရယ်နေတာကို ဆိုင်က ကောင်မလေးတွေက ကျွန်မ မေ့နိုင်ပြီ ထင်ကြတယ်။ ဘယ်မေ့နိုင်ပါ့မလဲ။ တစ်သက်မှာ တစ်ခါသာ ချစ်ခဲ့ဖူးတဲ့ သူလေ။ အချစ်ဆိုတာကို ကစားတတ်တဲ့သူတွေကြားမှာ အချစ်ကို တန်ဖိုးထားတတ်သူက အရူးလုပ်ခံလိုက်ရတဲ့ပွဲပေါ့။ ကိုနဲ့ကျွန်မရဲ့ အချစ်ဇာတ်လမ်းက တစ်လမပြည့်ခင်မှာပဲ ရပ်တန်းက ရပ်သွားလေရဲ့။ ထပ်ခေါက်ထပ်ခေါက်ဖတ်ပြီးလည်း ရယ်ချင်နေတုန်းပဲ။ ထွက်လာမယ့်မျက်ရည်တွေကိုတော့ ကျွန်မ မတားတော့ပါဘူး။ ဒီနေရာက ကျွန်မရဲ့ အိပ်ခန်းလေးပဲလေ။ ဘယ်သူမှ မှ မဝင်လာနိုင်သေးဘူး။ တစ်နေ့ခင်းလုံးပင်ပန်းသမျှ အတိုးချအိပ်မယ့်သူတွေပဲ ရှိလိမ့်မယ်။ ဒီလိုမှောင်မိုက်တဲ့ညမျိုးမှာမှ ကျွန်မက ပူဆွေးမှုကို ဖေါ်ထုတ်ဝံ့သူပေါ့ ။ ကို့အတွက်နဲ့ ကျွန်မ မျက်ရည်ကျနေရတယ်ဆိုတဲ့ အဖြစ်မှန်ကို ဘယ်သူမှ မသိစေရဘူး။ အိုး..နက်ဖြန် စနေနေ့ပဲ။ ဒီအတွေးနဲ့ ကျွန်မခါးခါးသီးသီး ပြုံးမိလိုက်တယ်။ ဟုတ်တယ်။ အဲ့ဒီလို စနေနေ့မျိုးပဲပေါ့။ ကို့ရဲ့ သတ္တိမရှိမှုကို မြင်လိုက်ရတာ။ တချိန်လုံး ကျွန်မရှေ့မှာ ရဲရင့်ခဲ့တဲ့ ကိုဟာ အဲ့ဒီ့နေ့မှာလက်ကလေးပိုက်လို့၊ ခေါင်းလေးငုံ့နေရုံကလွဲလို့ ဘာစကားတစ်ခွန်းမှ ဝင်မပြောနိုင်ခဲ့ဘူးမဟုတ်လား။ မှတ်မှတ်ရရ အဲ့ဒီ့နေ့မှာပဲ ကိုက ကျွန်မကို အပြင်အတူလည်ဖို့ ခွင့်တောင်းထားတဲ့နေ့ပေါ့။ အဲ့ဒီ့နေ့ကလေ…….။ အဲ့ဒီ့နေ့က မှတ်မှတ်ရရ လက်ဝါးတစ်ချက် ပါးပေါ်တင်ခဲ့ရတယ်။ အဲ့ဒီ့နေ့က မှတ်မှတ်ရရ ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဗီလိန်လို့ပြောကြတဲ့ ဇာတ်ရုပ်ကို တွှေုဖူးခဲ့ရတယ်။ အဲ့ဒီ့နေ့က ငွေမက်သူ လို့ အစွပ်စွဲခံခဲ့ရတယ်။ အဲ့ဒီ့နေ့က မှတ်မှတ်ရရ ကိုနဲ့စေ့စပ်ထားတဲ့ ဆရာဝန်မလေးကို မြင်ခဲ့ရတယ်။ အဲ့ဒီ့နေ့ကလေ မှတ်မှတ်ရရ ကျွန်မ ..။ ကျွန်မ ကို့ရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့မိတယ်။ ချစ်သူဆိုတဲ့ အသိနဲ့ပါ။ ကံအကောင်းဆုံးကတော့အဲ့ဒီခွင့်ပြုချက်မလုပ်ဆောင်နိုင်ခင်မှာပဲကို့အမေ ပေါ်လာခဲ့တာပါပဲ။ တကယ်ပါ။ ကျွန်မအတွက် ကံကောင်းလွန်းခဲ့တယ်။ ချစ်ခွင့်ရခြင်းအတွက် ကံကောင်းခဲ့သလို နောက်ဆုံးကံကောင်းခြင်းဟာလည်း ခွင့်ပြုချက်ကို မလုပ်ဆောင်နိုင်ခင်မှာပဲ…………။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် ကံကောင်းလွန်းခဲ့တယ်။ “ကိုက နွယ့်အတွက် အလင်းတွေ သယ်ဆောင်ပေးလာသူပါ နွယ်” တဲ့လား။ ကိုခဏခဏပြောတဲ့ စကားတစ်ခွန်းကို ကျွန်မ မမေ့နိုင်သေးဘူး ကို။ ခုတော့လည်း နွယ့်ရဲ့ အလင်းတန်းလေးဟာ မဲပြာပုဆိုးအစဉ်အလာတွေကြားမှာ နွယ့်ကို ထားခဲ့ပြီပေါ့။ ဟုတ်တယ်မဟုတ်လား ကို။ ဒီနေ့ဆို ဆိုကို့မင်္ဂလာပွဲကြီးဟာ ကျွန်မ နာမည်မှန်အောင်မခေါ်တတ်တဲ့ ဟိုတယ်လ်ကြီးတစ်ခုမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီးပြီမဟုတ်လား။ (၃) ကိုက အလင်းတန်းဆိုရင် ကျွန်မက အလင်းတန်းလေးမေ့နေတဲ့ အမှောင်ခြမ်းက ဖြစ်လိမ့်မယ်။ ဓနမရှိတဲ့ မျက်နှာမွဲအမှောင်ခြမ်းလေးဘက်ကို ခဏတာ နယ်ကျွံလာဖူးတယ်ဆိုတဲ့ အတွေးလေးတော့ ကိုတွေးမယ် ထင်ပါရဲ့။တိုက်ဆိုင်မှုတွေကြုံလာတိုင်းပေါ့။ ကို့ရဲ့ သတ္တိမရှိမှုက ကျွန်မနှလုံးသားကိုသတ်တယ်။ ခုကျွန်မက ကျွန်မကိုယ်ကျွန်မတစ်ဘဝလုံးသတ်ဖို့ကြိုးစားမယ်။ အမေ့စာမှာတိုက်တွန်းထားတဲ့အတိုင်း ရွာက ရိုးသားတယ်၊ သစ္စာရှိတယ်ဆိုတဲ့ အေးမောင်ကို လက်ထပ်ဖို့ နက်ဖြန်ခါဆို ရွာကိုပြန်တော့မယ်။ အေးမောင်က ရုပ်မချောပေမယ့် ကျွန်မကိုချစ်တဲ့နေရာမှာ ကျွန်မရဲ့ အလင်းတန်းလေး ကို့ထက်တော့ သာမှာပါ။ ကျွန်မကို မိသားဖသားပီပီ တောင်းရမ်းလက်ထပ်တဲ့ တစ်ဦးတည်းသောသူမဟုတ်လား။ သဘက်ခါဆို ကျွန်မလည်း ရွာကိုပြန်ရောက်လို့ ဘဝသတ်ပွဲကြီးအတွက် အားပါးတရ ပြုံးပြုံးပျော်ပျော် ပြင်ဆင်ရဦးမယ်။ ကိုသိမှာမဟုတ်ပေမယ့် “ကိုရေ..ထာဝရအတွက် နှုတ်ဆက်တယ်” လို့ပြောနေမိတဲ့ ကျွန်မရင်တွေ နာလိုက်တာ။ “ကိုရေ ကိုမေ့နေတဲ့ အမှောင်ခြမ်းလေးကသူ့ဘဝသူ ထာဝရအမှောင်ချပစ်တော့မယ် ကို” လို့လည်းယောင်ရမ်းတိုင်တည်လိုက်မိသေးးရဲ့။ သြော် ဆုံးဖြတ်ထားပြီးပါရက်နဲ့ ဟော့ဒီ ဝဲဘက်ရင်အုံက ဘာ့ကြောင့် ခဏခဏအောင့်နေသေးတာလဲ။ အသိစိတ်ယိုင်ယိုင်လေးမှာ သတိထားမိလိုက်တာကအမှောင်ထုကြီးတစ်ခုက ကျွန်မကို ဖိနှိပ်ဖုံးအုပ်ဖို့ကြိုးစားနေခဲ့တယ်။ ကျွန်မ မတားဆီးနိုင်ခဲ့ဘူး။ “ရေ..ရေဆာလိုက်တာ… မောလည်း မောတယ်……… သတိရတယ် ကို” ဗလုံးဗထွေးရေရွတ်မိနေတဲ့အသံတွေနဲ့အတူ ကျွန်မ အမှောင်ထုရဲ့ဖုံးလွှမ်းမှုအောက်မှာ ငြိမ်ငြိမ်သက်သက်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။ ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...