''တစ်နေ့နေ့တော့ အိမ်ကို ပြန်ဖြစ်ပါလိမ့်မယ်။ ...''
ဒီစကားကို ဆိုနေတဲ့ သူ့မျက်ဝန်းထဲမှာ သေချာရေရာမှု မတွေ့ရဘူး။ ဒါပေမဲ့ နောက်ကိုတော့ ပြန်မလှည့်နိုင်ဘူးဆိုတဲ့ ခိုင်မာမှုမျိုးကို မြင်နေရတယ်။
.
"ခင်ဗျား ပညာ၊ ခင်ဗျားအရည်အချင်းနဲ့ ဒီနေရာမှာ ဆက်ရှိနေတာ တန်ရဲ့လား"
အဲဒီမေးခွန်းကို သူ ချက်ချင်းပြန်မဖြေဘူး။ ဒါပေမဲ့ နှုတ်ခမ်းတော့ တွန့် ပြုံးလိုက်လေရဲ့။
"တန်ဖိုး ဆိုတာကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ"
"ဘယ်လို ဘယ်လို"
.
သူ့ မေးခွန်းကို ရုတ်တရက် နားမလည်မိလို့ ပြန်မေးမိတယ်။
"တန်ဖိုး ဟုတ်လား၊ ဒါ တကူးတက ပြန်ဖြေစရာ လိုသလားဗျာ အရာရာတိုင်းမှာ သတ်မှတ်ချက်ကိုယ်စီ ရှိတာပဲ ဘယ်သူ့ကိုမေးမေး ခင်ဗျားပညာအရည်အချင်းနဲ့ ခင်ဗျားရဲ့ အရည်အချင်းရှိပုံဟာ ကျုပ်ရဲ့ ပညာအရည်အချင်းနဲ့ ကျုပ်အရည်အချင်းထက် သာတယ် ဆိုတာကို လက်ခံကြတာပဲ မဟုတ်လား ဒါ ခင်ဗျားရဲ့ တန်ဖိုးပေါ့"
သူ ပြုံးလိုက်ပြန်တယ်။
"မဟုတ်ဘူးဗျ အဲဒါ ခင်ဗျားက ကျွန်တော့်ကို တန်ဖိုးထားလို့ တန်ဖိုးရှိတယ်လို့ မြင်နေတာ တချို့တွေအတွက်ကျ ကျွန်တော်ဟာ တန်ဖိုးမရှိဘူး ကျွန်တော့် ရည်ရွယ်ချက်ဟာ တန်ဖိုးမရှိဘူးလို့ မြင်ကြတယ်။ ခင်ဗျားဟာ ကျွန်တော့်အတွက် မိတ်ဆွေတစ်ယောက်လည်းဟုတ်သလို တန်ဖိုးရှိတဲ့ မိတ်ဆွေလည်း ဟုတ်တယ်။ ကိုယ့်အပေါ် မလိုမုန်းထားစိတ်မရှိတဲ့ ကောင်းမွန်စေလိုစိတ်ရှိတဲ့ မိတ်ဆွေကောင်း"
"အဲ ခုနက ခင်ဗျားပြောတဲ့ တန်ရဲ့လား ဆိုတာအတွက်ကျတော့ ဒီနေရာကို ရောက်ရှိနေတဲ့ ကျွန်တော့်စိတ်ရဲ့ လွတ်လပ်မှုက တန်ဖိုးအရှိဆုံးပဲ ခင်ဗျားကို မေးမယ်ဗျာ ခင်ဗျားရဲ့ ပညာတွေအရည်အချင်းတွေ အသုံးဝင်တယ် ဒါပေမဲ့ ခင်ဗျားဟာ ရွှေလှောင်အိမ်ထဲမှာ နေရစားရမယ် ခင်ဗျားရဲ့ ပညာအရည်အချင်းတွေကို ထပ်ဖြည့်ဖို့ နေရာမရှိဘူး ခင်ဗျားရဲ့ ဗဟုသုတတွေ ထပ်ဖြည့်ဖို့ နေရာမရှိဘူးဆိုရင် အဲဒါ တန်ရဲ့လားလို့ ပဲ ကျွန်တော် ပြန်မေးချင်တယ် အဲဒီအတူတူတော့ လွတ်လပ်မှုကိုပဲ ကျွန်တော် ရွေးချယ်ချင်မိတော့တယ်"
.
"လောကကြီးမှာ လွတ်လပ်မှုထက် တန်ဖိုးကြီးတဲ့အရာ ဘာရှိမှာလဲ တချို့က လွတ်လပ်မှုအတွက် အသက်ကို စတေးတယ် တချို့က လွတ်လပ်မှုအတွက် ဘဝကို စတေးတယ်
တချို့ကျ လွတ်လပ်ခွင့် ဆုံးရှုံးတာကို ကံတရားလို့ မတတ်သာဘဲ လက်ခံလိုက်ကြရတယ်
အဲဒီလူတွေနဲ့ယှဉ်ရင်
ကျွန်တော်က လွတ်လပ်မှုအတွက် ပစ္စည်းဥစ္စာလေး နည်းနည်းဆုံးရှုံးခဲ့ရုံပါ...နေမှုထိုင်မှုလေးမှာ အနည်းငယ်လေး ပြောင်းလဲသွားခဲ့ရုံပါပဲ"
.
သူ ပြောတဲ့စကားအပေါ် ကျွန်တော်ဟာ နားလည်သလိုလိုနဲ့ နားမလည်သလိုလိုပါပဲ။ လူတိုင်းဟာ ကိုယ်နေထိုင်ရတာ အဆင်ပြေသထက် ပြေဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ သူကတော့ အစစအရာရာ အဆင်ပြေနေတဲ့ နေရာတစ်ခုကနေ လွတ်လပ်ဖို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းအတွက် ထွက်ပြေးခဲ့သတဲ့လေ။
လွတ်လပ်ဖို့ဆိုတာ တကယ်ပဲ အရေးပါရဲ့လား။ လွတ်လပ်မှုဆိုတာ တကယ်ပဲ အရေးကြီးသလား။ ဒီအကြောင်းကို သူနဲ့ ဆက်ဆွေးနွေးဖို့အတွက် ကျွန်တော့်မှာ အချိန်မရှိတော့ပြန်ဘူး။ သိပ်မကြာခင် အိမ်ပြန်ရတော့မယ့် ကျွန်တော်ဟာ အိမ်ပြန်ခွင့်မသာတော့တဲ့ သူ့ကို ဘယ်လိုနှုတ်ဆက်ရမလဲ ဆိုတာကို တွေးရခက်နေမိတယ်။
.
အချိန်တန် ပျောက်ကွယ်တော့မယ့် နေလုံးကလည်း အချက်ပြနေခဲ့ပြီ။ သူကတော့ ထိုင်ခုံပေါ်လှဲနေရင်းက မျက်စိမှိတ်ပြီး သီချင်းတစ်ပုဒ်ကို အေးအေးဆေးဆေးညည်းနေလေရဲ့။
.
ဇိမ်ခံပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေကို ထားရစ်ပြီး ရွာငယ်ဇနပုဒ်မှာ အေးအေးဆေးဆေးနေနိုင်ခဲ့တဲ့ ခေတ်ပညာတတ်တစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ ဘာတွေများ ပျော်ရွှင်ချမ်းမြေ့စရာရှိမလဲ ဆိုတာကို ကျွန်တော် တွေးကြည့်မိတယ်။ သူ့ရဲ့နေမှုစားမှုအတွက် ဖြေရှင်းရာမှာ အရင်လိုလွယ်တော့မှာ မဟုတ်ဘဲ အနည်းငယ်ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို သူထုတ်မပြောလည်း ကျွန်တော်သိနေတယ်။
ဒီပင်ပန်းမှုကို တောင့်ခံနိုင်ဖို့အတွက် ကျွန်တော်မမြင်နိုင်တဲ့ တခြားဖက်မှာများ ပျော်ရွှင်စရာတွေများ ရှိနေလေမလား။ အခုအထိတော့ သူ့ကို ကျွန်တော် နားမလည်နိုင်သေးတာ အသေအချာပါပဲ။
.
"အခု ခင်ဗျား နေရတဲ့နေရာကကော ခင်ဗျားအတွက် တကယ်ပဲ လွတ်လပ်ရဲ့လား ခင်ဗျား ကိုယ်တိုင်အတွက်ကော တန်တယ်လို့ ခံစားမိရဲ့လား"
ရုတ်တရက် မျက်လုံးဖွင့်ပြီး မေးလာတဲ့ သူ့ စကားကြောင့် ကျွန်တော် တွေဝေမိသွားပြန်တယ်။ တကယ်ပဲ တန်ရဲ့လား။ အခု ကျွန်တော့်ပိုင်ဆိုင်ထားရတဲ့ စည်းစိမ်ဥစ္စာတွေဟာ ဘယ်အချိန် ထိမြဲမလဲ။ ကျွန်တော် ရရှိနေတဲ့ အခွင့်အရေးတွေဟာ ဘယ်အချိန်အထိ မြဲမလဲ။ အမှန်တကယ်ပဲ စိတ်ပါလက်ပါ ပျော်ရွှင်ဖူးရဲ့လား။ အမှန်တကယ်ပဲ စိတ်လွတ်လွတ်လပ်လပ်နဲ့ နေထိုင်နိုင်ရဲ့လား။ သူ့ အမေးတွေကို မဖြေမိခင်မှာပဲ..
.
"မဖြေပါနဲ့။ အဲဒီတန်ဖိုးတွက်ချက်မှုက ခင်ဗျားတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ခင်ဗျား တန်ဖိုးထားတဲ့အရာဟာ ခင်ဗျားဆီမှာ ရှိနေတယ်လို့ ယုံကြည်နေတဲ့အချိန်ထိ ခင်ဗျား ဘာလှုပ်ရှားမှုကို မှ လုပ်မိမှာ မဟုတ်ဘူး .. သေချာတယ်။ ခင်ဗျား တန်ဖိုးထားတဲ့အရာ ပျောက်ဆုံးဖို့ လမ်းစ ပေါ်ပြီဆိုတဲ့အချိန်မှ ခင်ဗျား လှုပ်ရှားဖြစ်မှာ..သေချာတယ်။ "
.
သူကတော့ ပြောပြီးဆိုပြီး မျက်စိပြန်မှိတ်သွားပြန်တယ်။ ကျွန်တော့်အတွက်တော့ တန်ဖိုးထားတဲ့အရာ ဆိုတာကို စဉ်းစားရင်း အိမ်ပြန်လမ်းထက် ခြေဦးတည်မိပြန်တယ်။
ဒါဟာ အိမ်ကို ပြန်တာလား၊ လှောင်ချိုင့်ထဲကို ပြန်တာလား ဆိုတာကိုတော့ ……။
.jpg)
No comments:
Post a Comment