“ကလင်ကလင် ကလင်”
ကိုင်ဆောင်သူမရှိ၍ တိတ်ဆိတ်သွားသော ဖုန်းလေးကို ကျွန်မ ငေးကြည့်နေမိသည်။ ဟိုးအရင်ကလို ဖုန်းကိုကျွန်မကိုင်ပြီဆိုလျှင်တော့
“ပြန်လာနေပြီနော် မ အတွက် ပေါင်မုန့်ဝယ်လာခဲ့မယ် မောင့်ကို မျှော်နေနော် တာ့တာ”
ဆိုသည့် စကားတစ်ခွန်းပဲပြောကာ ဖုန်းချသွားပေလိမ့်မည်။ ခုတော့ ထိုဖုန်းသည် သူပြန်လာတော့မည်ဆိုသည့်အကြောင်း အသိပေးရုံဖုန်းသက်သက်သာ ဖြစ်နေပေတော့သည်။
ဒီချိန်ဆို သူဖုန်းချပြီးတာနဲ့ လမ်းကူးနေလောက်ပြီ။ ပြီးလျှင် ဝမ့်ဝမ့်စတိုးဆိုင်သို့ဝင်ကာ ပေါင်မုန့်တစ်ထုပ်ဝယ်ဦးမည်။ နောက် အိမ်အပြန်ဘက်စ်ကားလေးမှတ်တိုင်စာခရီးကို သူ ခြေကျင်လျှောက်လာဦးမည်။ တိုက်တံခါးဝကို ရောက်ပြီဆိုတာနှင့် တိုက်တံခါးသော့ဖွင့်ကာ အပေါ်တက်လာပေလိမ့်မည်။ အခန်းနံပါတ် ၁၀၃ ဆိုသည့် ဒီအခန်းရှေ့ရောက်လျှင်တော့ သူ ရပ်ပေလိမ့်မည်။ ထို့နောက် သော့ဖွင့်ဝင်လာလိမ့်မည်။
“မိန်းမကလည်းကွာ အလုပ်ကပြန်လာရင် မောင် ဆာနေမှာပေါ့လို့မတွေးမိဘူးလား ထမင်းလည်းချက်မထားဘူး… ခုမှချက်ရတော့ မောင့်ကျ အဆာလွန်တော့တာပေါ့.. ရော့ မိန်းမအကြိုက် ပေါင်မုန့်ဝယ်လာတယ်”
စသဖြင့် ပွစိပွစိ ပြောပြီးလျှင် ပေါင်းအိုးနှင့်ထမင်းတည်လိမ့်ဦးမည်။ ပြီးလျှင်တော့ ရေမိုးချိုးပေဦးမည်။ ရေချိုးပြီးလျှင်လည်း
“မောင့်အတွက် အဝတ်အစားလေး ရွေးပေးထာတာမဟုတ်ဘူး မိန်းမရယ် တဘက်ကလေးနဲ့ ရေတွေ သုတ်မပေးချင်ဘူးလား”
ဟု မျိုးစုံပြောကာ သူ့ကိုယ်သူ ရေသုတ်ဦးမည်။ အဝတ်အစားဝတ်ပြီးပြီဆိုလျှင်တော့ ကျွန်မအနားသို့ရောက်လာပြီး တွတ်တီးတွတ်တာ စကားတွေ ဆိုဦးရော့မည်။
“ရုံးက အန်တီခင်ကြီးက ပဲအရမ်းများတာပဲ သိလား မ လို သနပ်ခါးရေကျဲလေးပဲ လိမ်းတာမဟုတ်ဘူး မိပ်ကပ်အဖွေးသားနဲ့ နှုတ်ခမ်းဆိုလည်း အနီရောင်ကြီးကို ထင်းလို့ အဲဒီစာရေးမကြီးက မောင့်ရှေ့ဖြက်လျှောက်တိုင်း မောင့်ကို ကြည်ကြည့်သွားတယ် ပြီးရင် သူ့ကိုယ်လုံးဝဖိုင့်ဖိုင့်ကြီးကို တစ်ကိုယ်လုံးခါပြီး လမ်းလျှောက်သွားတာ အရမ်းရယ်ရတာပဲ ကိုသာငွေဆိုပိုဆိုးသေး အဲမိန်းမကြီးကိုကြည့်ကြည့်ရယ်တာ သိတယ်မဟုတ်လား ရုံးပြာတာလေ ”
“မ ရယ် ရယ်ပါ မောင်က မ ရယ်ရအောင် ရုံးကအကြောင်းတွေစုလာရတာကို မောင့်ကို သနားတဲ့အနေနဲ့ နည်းနည်းလောက်ရယ်ပါ့လားဟင်”
“မရယ်ရင် ခဏနေဦး ပြီးမှပြန်လာခဲ့မယ် မောင်ထမင်းအရမ်းဆာနေပြီ သွားစားလိုက်ဦးမယ်”
သူ့ရုံးကအကြောင်းတွေ အနည်းအကျဉ်းပြောပြပြီးလျှင် သူ ထမင်းသွားစားမည်။ ပြီးလျှင် ကျွန်မအနားပြန်လာမည်။ ပြီးတော့ ကျွန်မလက်ချောင်းတွေကို ဆုပ်ကိုင်ပြီးပြောဦးမည်။
“မ လက်ကလေးတွေက အရမ်းသေးသွယ်လွန်းတယ် မရယ် ထမင်းမစားဘူးလား လာ မောင်ခွံ့ကျွေးမယ်”
ပြီးလျှင်တော့ ကျွန်မကို ထမင်းခွံ့ကျွေးဦးမည်။ “မကလည်း ကလေးကျနေတာပဲ အဖိတ်အဖိတ်အစင်စင် စားနေတယ်” ဟုဆိုပြီး သူ့လက်ကိုင်ပဝါနှင့် ကျွန်မနှုတ်ခမ်းတို့ကို လိုက်သုတ်ဦးမည်။
သူ အိပ်ခါနီးပြီဆိုလျှင်တော့ ကျွန်မ နှုတ်ခမ်းတို့ကို လက်နှင့် အသာအယာတို့ထိဦးမည်။ ကျွန်မ ပါးပြင်တို့ကို သူ့လက်ဖဝါးနှင့် ဖျစ်ညှစ်ကြည့်ဦးမည်။ပြီးလျှင်တော့ ကျွန်မ နဖူးကို အသာအယာနမ်းကာ ကျွန်မကို စောင်ခြုံပေးပြီးသည် ကျွန်မဘေးဝယ် သူလည်း မျက်လုံးမှိတ်ကာ အိပ်တော့မည်ဖြစ်၏။
မနက်ခင်းအိပ်ယာနိုးပြီဆိုတာနှင့် သူလည်း ရေချိုးကာ ကျွန်မကိုလည်းမျက်နှာသစ်ပေးသည်။ ပြီးလျှင် အပြင်သို့ထွက်ကာအသုပ်နှစ်ပွဲသွားဝယ်သည်။ ပြီး သူတစ်ပွဲစားကာ နောက်တစ်ပွဲကို ကျွန်မအားခွံ့ကျွေးတော့သည်။ ရံဖန်ရံခါ သူ့အလုပ်မှစောလာဖို့ လိုသည်ဆိုလျှင်တော့ ကျွန်မအတွက် အသုပ်တစ်ပွဲကို စားပွဲပေါ်မှာ ပြင်ပေးခဲ့သည်။ ထို့နောက်တော့ သူ အလုပ်သို့ သွားတော့သည်။
မိန်းမတစ်ယောက်၏ဘဝဝယ် ကိုယ့်ယောက်ျား၏ အချစ်ခံရခြင်းသည် အကောင်းဆုံးဆုလာဘ်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် မလိုချင်။ ကျွန်မ မလိုချင်တော့။ ဒီယောက်ျား၏ ချစ်ခြင်းကို ကျွန်မမလိုအပ်တော့ပါ။ ကျေးဇူးပြုပြီး ကျွန်မ ကို လွတ်လပ်ခွင့်ပေးပါတော့ဟု အသံကုန် ဟစ်၍ တောင်းဆိုချင်လှသည်။
သူ ကျွန်မကိုချစ်သည်။ ချစ်ခဲ့သည်။ ချစ်နေဆဲလည်း ဖြစ်သည်။ သူ့အချစ်ကို ကျွန်မ ယုံကြည်ပါသည်။
ကျွန်မ သူ့ကို ချစ်ခဲ့ပါသည်။ ချစ်နေဆဲလည်း ဖြစ်သည်။ သို့သော် သူ၏ လှောင်ပိတ်ထားသော ချစ်ခြင်းများထဲမှ ကျွန်မ ရုန်းထွက်ချင်သည်။
(-)
သူနှင့်ကျွန်မ တွေ့ဆုံခဲ့သည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်သည်။
အစိုးရရုံးဝန်ထမ်းကြီး သူက အသုပ်ရောင်းသော ကျွန်မကို မြင်မြင်ချင်းချစ်ခဲ့သည်ဟုဆိုကာ အမေ့ထံ လာတင်တောင်းတော့သည်။ ထိုခေတ်က အစိုးရရုံးဝန်ထမ်းဆိုသည်နှင့် ပစ်အထင်ကြီးတတ်လေ့ရှိသည့်အကျင့်အတိုင်း အမေက ကျွန်မကို သူနှင့် ပေးစားလိုက်တော့သည်။ သူနှင့် ကျွန်မ ချစ်သူဘဝမဖြတ်သန်းဖူးခဲ့။ သို့သော်လည်း ကျွန်မကို အစစအရာရာ အလိုလိုက်သော သူ့ကို လက်ထပ်ပြီးနှစ်လအတွင်းမှာပင် ချစ်သွားမိသည်ကတော့ ကျွန်မအလွန်မဟုတ်လောက်ပါ။
ကျွန်မအိမ်မှုကိစ္စတို့ လုပ်နေပြီဆိုလျှင် သူ အနားသို့လာကာ ငရုတ်သီးထောင်းကြက်သွန်ထောင်း လုပ်လေ့ရှိသည်။ မနက်ခင်းဆိုလျှင် အလုပ်သို့သွားဖို့ အချိန်နောက်ကျနေလိမ့်မည် မနည်းပြောဆိုကာ တွန်းလွှတ်ပါမှ အလုပ်သို့သွားဖို့ရာပြင်ဆင်တော့၏။ နေ့လည်စာအတွက် ထမင်းချိုင့်ထုပ်ပေးလျှင် ငြိုငြင်ချင်သည်။ ဒီလေးမှတ်တိုင်စာ ခရီးလေးများ အိမ်ပဲ ပြန်လာစားမှာပေါ့ဟု ပွစိပွစိပြောရင်း ကျွန်မ ပြင်ဆင်ပေးသည့် ထမင်းချိုင့်ကို ယူသွားတတ်၏။
သူနှင့် ကျွန်မ လက်ထပ်ပြီးမကြာခင်ပင် သူ့မိဘနှစ်ပါးက ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့သည်။ တစ်ဦးတည်းသော သားဖြစ်သူ သူ့အတွက် အမွေဆို၍ ခြံလေးတစ်ခုသာ ထားခဲ့နိုင်သည်။ လွန်ခဲ့သော သုံးနှစ်လောက်ကထိ ထိုခြံတွင် နေခဲ့ပြီးမှ ထိုခြံကိုရောင်းကာ ယခုတိုက်ခန်းသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။ ယခုတိုက်ခန်းသို့ရောက်စက ကျွန်မ ပျော်ခဲ့ပါသည်။ သို့သော် တစ်ရက်မှာတော့ ကျွန်မ၏ ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းခဲ့တော့သည်။
ထိုတစ်ရက်ကတော့ ဆေးစစ်ချက်အဖြေလွှာရ၍ ဖြစ်သည်။ သူနှင့် ကျွန်မ သုံးနှစ်တာ ပေါင်းသင်းပြီးတာတောင် ရင်သွေးမရရှိ ဟူသည့်အဖြစ်ကြီးက ကျွန်မအတွက် စိတ်ထင့်စေသည်။ ကျွန်မလည်း သူတကာတွေလို ကိုယ့်သွေးသားကို ထိန်းကျောင်းချင်သည်။ “ရပ်ပေပေ့ ရပ်ပေပေ့” ဟု လက်ခုပ်လေးတီးကာ အားပေးချင်သည်။ သွားပေါက်စနလေးတွေကို လက်နှင့်တို့ရင်း ထိုသွားလေးတို့၏ အကိုက်ခံချင်သည်။ “ချိုမိုင်မိုင် ချိုမိုင်မိုင်”ဟု လက်သီးလေးဆုပ်ကာ ကလူချင်သည်။ ဒါ ကျွန်မသားရှင့်ဟု ကြွားချင်သည်။ ဆုပေးပွဲများသို့ သွားကာ လက်ခုပ်တီးအားပေးချင်သည်။
ထို့ကြောင့် သူ့ကိုလည်း မခေါ်ရဲတာနှင့် အမေ့ကို ခေါ်ကာ ဆေးသွားစစ်မိတော့သည်။ အဖြေလွှာထွက်လာတော့ ကျွန်မဘက်က အမှားမရှိ တဲ့လေ။ အကြိမ်ကြိမ်အခါခါ စဉ်းစားအပြီးမှာတော့ သူ့ကို ဆေးစစ်ဖို့ပြောမိ၏။ ထိုနေ့မှစ၍ သူတိတ်ဆိတ်ကာ နောက်ရက်သတ္တပတ်အကြာမှာတော့ ရက်စွဲဟောင်းတစ်ခုနှင့်စာရွက်တစ်ရွက် ကျွန်မကို ပေးလေတော့သည်။
“မောင် က ကလေးမရနိုင်သူပါ မရယ်” တဲ့လေ။
ဒီစကားကြားရစဉ်က ကျွန်မ သူ့ကို အသနားပိုခဲ့သည်။ သို့နှင့် ဖြစ်နိုင်သည့် နည်းလမ်းတစ်ခုကို ရှာကြံစဉ်းစားမိတော့ ကလေးမွေးစားဖို့။ သို့သော် သူ လက်မခံခဲ့။ ထိုနေ့မှစ၍ သူနှင့် ကျွန်မ သဘောထားကွဲလွဲခဲ့ကြသည်မဟုတ်ပါလား။
ကျွန်မနားမလည်။ နားမလည်နိုငခဲ့။ သူနှင့် ကျွန်မကြား နားလည်မှုများ ဘာ့ကြောင့် ကွာဟသွားခဲ့ပါသလဲဟုပင်။ ကလေးမရနိုင်ခြင်းဆိုသည့်အကြောင်းအရာသည်သူ့အားနည်းချက်တစ်ခုအဖြစ် မြင်လာ၍များ ကျွန်မကို ပို၍ ချုပ်ချယ်လာလေသလား။ ပို၍များ သဝန်တိုလာလေသလား။
သူများကလေးတွေ ပြုံးပျော်နေ၍များကျွန်မ ငေးကြည့်နေပြီဆိုလျှင် သူ မျက်နှာကြီး ဆူပုတ်လျှက် ကျွန်မလက်ကို ဇွတ်အတင်းဆွဲကာ သွားတော့သည်။ သူများကလေးကို ချီမိပြီဆိုလျှင်လည်း သူ မကျေနပ်တော့။ ကြာတော့ ပတ်ဝန်းကျင်တွင် ကျွန်မ အနေရခက်လာသည်။ ကလေးရူး ဆိုသည့်နာမည်လည်း အခေါ်ခံနိုင်ပါသေးသည်။ သူ၏ တဖက်ကလေးအဖေနှင့် စွတ်စွဲပုတ်ခတ်သံများကို နားမခံသာတော့။
ကျွန်မချီလိုက်သည့် ကလေး၏ အဖေနှင့် ကျွန်မသည် ဆက်သွယ်ကူးလူးမှုတစ်ခုခုရှိသည် ဆိုသည့်အသိဥာဏ်မျိုး သူ့ခေါင်းထဲ ဘယ်လိုကဘယ်လိုရောက်ခဲ့သလဲ ကျွန်မမသိ။ သူ့စိတ်တို့ ဘာ့ကြောင့်များ အတွေးတိမ်သွားပါသလဲ ကျွန်မမသိ။ သိလာသည်ကတော့ ကျွန်မ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ပြီဖြစ်သည်။ အပြင်သို့ သွားလိုရာ သွား၍ မရတော့။ သူ ရုံးသွားချိန်ဆိုလျှင် ကျွန်မကို သောခတ်ထားခဲ့တော့သည်။ သော့မခတ်ပါနှင့် ဟု ပြောလည်းမရ။ စနေတနင်္ဂနွေဆိုလျှင် သူ့လက်ကို ချိတ်၍ အပြင်ထွက်ခွင့်ရသည်။အိမ်တွင် ဟင်းချက်စရာ ဆန်ဆီဆား အပြည့် ထားပေးသော်လည်း ကျွန်မ အတွက် တစ်နေ့တစ်ခြား လိုအပ်လာသည်က လွတ်လပ်မှုဖြစ်သည်။
သူ၏ စိတ္တဇဆန်လာသော ချစ်ခြင်းတို့သည် ကျွန်မ၏ လွတ်လပ်ခွင့်တို့ကို ဖျက်ဆီးလိုက်ပြီဖြစ်၏။
သူ ကျွန်မကို ချစ်သည်ကို ကျွန်မ အတိုင်းအဆမဲ့ ယုံကြည်ပါသည်။ သို့သော် အဆိပ်ပြင်းသည့် ချစ်ခြင်းဟု ကင်ပွန်းတပ်မိပြီဖြစ်၏။
(-)
ထိုနေ့က သာမန်နေသာသော နေ့လေးတစ်နေ့ဖြစ်ခဲ့သည်။ ထို့ပြင် ရုံးပိတ်ရက် စနေနေ့လည်း ဖြစ်ခဲ့သည့်အပြင် သူလည်းအိုဗာတိုင်ဆင်းလိုက်ရသော နေ့တစ်နေ့ဖြစ်သည်။
ပိတ်လှောင်ထားသော သူ့ချစ်ခြင်းတို့မှ လွတ်မြောက်ဖို့ရာ ကျွန်မ အားကုန်အော်နေခဲ့သည်။ မည်သူမျှ မရောက်လာခဲ့။ တဒုန်းဒုန်းတဒိုင်းဒိုင်းထုနေမိသော လက်တို့သာ အားလျော့လာသည်။ ဘယ်သူဆို ဘယ်သူမှ ရောက်ရှိမလာခဲ့။ ဖုန်းဆက်၍ မရအောင် ခတ်ထားသော သော့ကို ဖျက်ဖို့ရာ ကြိုးစားသော်လည်း ထုစရာရိုက်စရာမရှိသောကြောင့် အချည်းနှီးသာ။
ပြတင်းပေါက်တို့သည်လည်း သံဆူးကြိုးတို့ဖြင့် ကာထားသည်။ နောက်ဖေးတံခါးပေါက်သည်လည်း သံတံခါးဖြင့်ခြားထားသည်။ ထွက်ပေါက်ဆို၍ ဘာမှမရှိသည့်အခန်းကျဉ်းဝယ် တံခါးမကြီးကို တဒုန်းဒုန်းထုရင်း ကျွန်မ အော်နေခဲ့ရသည်။ ဘယ်သူမျှမသိ။ မသိကြ။
နောက်ဆုံးထွက်ပေါက်အဖြစ် ကျွန်မ မီးဖိုဖိုလိုက်မိသည်။ ထို့နောက် မီးစာတွေ တထပ်ပြီးတထပ်… တထပ်ပြီးတထပ်။
ထိုနေ့က သူပြန်လာခဲ့သည်။ ကျွန်မ မထင်မှတ်လောက်သည်ထိကို တော်တော်စောစောပြန်လာခဲ့သည်။ လွတ်လပ်ပြီဟု တွေးရင်း ထာဝရအိပ်စက်ဖို့ရာ မျက်လုံးတို့ အသင့်မှိတ်ထားသော ကျွန်မသည် နှာခေါင်းဝမှတစ်ဆင့် အဆုတ်သို့ ရောက်ရှိလာသော မီးခိုးငွေ့တို့အား ကျေကျေနပ်နပ်ကြီးလက်ခံနေခဲ့သဖြင့် သူ့တံခါးဖွင့်သံတို့ မကြားခဲ့ရ။ မီးဖိုကို ရေဖြင့် ငြိမ်းသတ်နေသံတို့ကို ကြားရတော့မှ သူပြန်လာပြီလားဟု တွေးရင်း အထိတ်တလန့်ထဖို့ကြိုးစားမိသည်။ သို့သော် ရုတ်တရက် ထမရခဲ့။ ထိုစဉ်တွင်ပင် ကျွန်မအနားသို့ သူ ရောက်လာခဲ့သည်။ မျက်ရည်တို့ဝေ့သီသော မျက်လုံးတို့ဖြင့် ကျွန်မကို ငေးကြည့်နေခဲ့သည်။
“မ မောင့်ကို ဒီလောက်တောင် မုန်းသလား မ ရယ်”
သူ့ပြောစကားကို ပြန်မဖြေပဲ
“မောင် ကျွန်မကို လွတ်လပ်ခွင့်ပေးတော့နော်” ဟု ကျွန်မပြောခဲ့တုန်းက သူ ငိုနေခဲ့သည်။ ဟုတ်သည်။ သူ ငိုနေခဲ့သည်။ ထို့နောက်တွင်မတော့ ကျွန်မကို ကုတင်ပေါ်နေရာချပေးပြီးသည်နှင့် ဘာစကားမျှမဆိုတော့ပဲ မီးဖိုကို သူရှင်းလင်းနေခဲ့သည်။ ထို့နောက်မှာတော့ ကျွန်မ၏ ဝင်သက်ထွက်သက်တို့ကို သူ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်။ နောက် အရာရာမှောင်မိုက်သွားခဲ့သည်သာ သတိရတော့သည်။ ဟုတ်၏။ အရာရာ မှောင်မိုက်သွားခဲ့သည်။
(-)
သက်တူရွယ်တူဖြစ်သော သူ့ကို မောင်ဟု ခေါ်ပါဆို၍ ခေါ်ခဲ့ရတုန်းက ရင်ခုန်ကြည်နူးမှုမျိုးသည် ယခုအချိန်မှာတော့ခမ်းခြောက်နေပြီဖြစ်မှန်း သူသိပါရဲ့လား။ သူ၏ မ ဟု ခေါ်သံကို ကြည်နူးနှစ်သိမ့်မှုသည် ယခုအချိန်အခါဝယ် ခါးသက်နေပြီမှန်း သူသိပါရဲ့လား။
သူခွံ့ကျွေးသော ထမင်းတို့သည် ဟိုးယခင်အချိန်များကလို အာဟာရမဖြစ်စေတော့ပါပဲ ကျွန်မပါးစပ်ဝမှာတင်တန့်၍ ပြုတ်ကျကုန်သည်ကို သူသတိထားမိစေချင်သည်။ သူ ရှာပေးသော ပိုက်ဆံတို့ကို သုံးဖြုန်းဖို့ရာအင်အား ကျွန်မမှာမရှိတော့မှန်း သူ သတိထားမိစေချင်သည်။
သူ့ပွေ့ဖက်မှုကို ပြန်လည်မပွေ့ဖက်နိုင်တော့သော ကျွန်မ၏ လက်တို့ကို သူ သတိထားမိပါရဲ့လား။
လွတ်လပ်မှုကို တောင့်တသော ကျွန်မ ခုထိ မလွတ်လပ်နိုင်သေး။ သူ ပွေ့ဖက်ထားသော လက်တို့မှ မလွတ်သေး။ လွတ်မြောက်ဖို့ရာကြိုးစားခဲ့သော နေ့၏ နောက်တစ်နေ့မနက် ကျွန်မ နိုးထလာချိန်မှာတော့ ကျွန်မသည် အေးစက်လွန်းသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေသည်ဟူသည့် အသိသာ ရှိတော့၏။ သူ ကျွန်မကို စကားပြောချင်လျှင် ထိုတံခါးကို ဖွင့်ကာ လာသည်။ သူ ကျွန်မကို ပွေ့ဖက်ချင်လျှင် ထိုတံခါးကိုဖွင့်သည်။ အေးစက်မှောင်မည်းလွန်းသော အခန်းမှ ကျွန်မ လွတ်မြောက်လာသည်မှာ ရက်အနည်းငယ်တော့ ကြာပြီဖြစ်သည်။ သို့သော် ဒီအခန်းထဲမှ ထွက်ခွင့်မရနိုင်ခဲ့။ အေးစက်မှောင်မည်းလွန်းသည့် အခန်းထဲဝယ် ကျွန်မ၏ လွတ်မြောက်ဖို့လိုအပ်နေသော အစိတ်အပိုင်း ကျန်ခဲ့သည် မဟုတ်ပါလား။
ဟော တံခါးဖွင့်သံကြားနေရပြီ။ သူလာနေပြီလား။ သူလာနေပြီလား။ မောင် ကျွန်မ ကို လွတ်လပ်ခွင့်ပေးတော့။ လွတ်လပ်ခွင့်ပေးပါတော့ မောင်။
“ဒီအခန်းက အနံ့ထွက်နေတာဗျ ပိုင်ရှင်လာတော့မှပြန်လာကြရအောင်ဗျာ ကြွက်သေတယ်ဆိုလည်း အခန်းပိုင်ရှင်က ရှင်းရမှာပေါ့ ခုတော့ တခြားအခန်းတွေကိုပါ အနှောင့်အယှက်ဖြစ်တယ်”
“ဟုတ်ပ ”
“ဟုတ်ပဗျာ ”
ကြားနေရသည့်အသံများကြောင့် ကျွန်မ အားတက်သွားမိသည်။
မဟုတ်ဘူး ကြွက်သေ မဟုတ်ဘူး။ ဒီအခန်းကို ရိုက်ဖွင့်လိုက်ပါ။ ရိုက်ဖွင့်လိုက်ပါရှင် တောင်းပန်ပါတယ်။ အို ကျွန်မပြောနေတာကို မကြားဘူးလား ။ ခြေသံတွေဘာလို့ ပြန်ထွက်သွားကြတာလဲ။ အသံတွေဘာလို့ တိတ်ဆိတ်သွားတာလဲ။
ကျွန်မ လွတ်လပ်ချင်ပြီ။ ပြန်ထွက်သွားသည့် ခြေသံများကြောင့် စိတ်ပျက်အားလျော့သွားမိသည်။ ဟောခြေသံကြားရပြီ။ မောင် ပြန်လာပြီလား။ မောင်ပြန်လာပြီဆို ဟိုလူတွေ ပြန်လာမှာပေါ့။ အေးစက်မှောင်မိုက်သည့် အခန်းထဲသို့ ပြန်ဝင်ရင်း တံခါးကို တွန်းထုတ်နေမိသည်။ သို့သော် လက်တို့သည်တံံခါးကိုသာ ဖေါက်ထွက်သွားသည်။ တံခါးကားမပွင့်။
“ဗျာ ဟုတ်ကဲ့ ကြွက်သေကို ကျွန်တော်ရှင်းလိုက်ပါ့မယ်ဗျာ အိမ်က ကြောင်ကတော်တော်ဆိုးတာ ကြွက်တွေခုတ်ခုတ်ပြီး ပစ်ပစ်ထားတာ ဟုတ်ကဲ့ပါဗျ”
“ဗျာ ကျွန်တော့်မိန်းမလား အညာကို ထွက်သွားတာပဲဗျာ သူ့အမေဆုံးတာတောင် သူမသိသေးဘူး ကျွန်တော်လည်းစိတ်ညစ်ပါရဲ့ သူလာရင် ဘယ်လိုပြောရမယ်မှန်းကို မသိတော့ဘူး”
အို ကျွန်မကို ကူကယ်မဲ့သူ မရှိတော့ဘူးလားကွယ်။ ဟော သူဝင်လာပြီ။ သူဝင်လာပြီ။ ကျွန်မ မလွတ်လပ်တော့ဘူးလား။ ကျွန်မ လွတ်လပ်ချင်ပြီ မောင်။
ရည်ဝေ(လင်းရောင်ခြည်)
.jpg)
No comments:
Post a Comment