တစ်စုံတစ်ရာကို ရှာဖွေဖို့ သူ ဒီနေရာကို ရောက်နေခဲ့သည်ဟု သတိရသည်။ ထိုတစ်စုံတစ်ရာသည် ဘယ်အရာဖြစ်သည်ကိုတော့ သူကိုယ်တိုင် မသိ။ မှောင်မိုက်တိတ်ဆိတ်နေသော လမ်းကြားလေးကတော့ မည်သူလာလာ အေးစက်စက် ဆီးကြိုနေဟန်ရှိ၏။ သူ့ဘေးတွင် တချို့လူတို့ ရပ်၍ တချို့လူတို့ သွားလာနေကြသည်။ လမ်း၏ အရှေ့ကိုသွားရမလားအနောက်ကိုသွားရမလား ဟု တွေးရခက်လွန်းသောကြောင့် သူမေးလိုက်မိသည်။
.
“ဘယ်ကိုသွားရမလဲ”
မကြားဟန်ရှိသည်။ သူ့ဘက်သို့ မျက်နှာလေးသော်မျှ လှည့်မလာခဲ့။
“ဘယ်ကိုသွားရင် ကျွန်တော် ရှာဖွေတဲ့အရာနဲ့ နီးစပ်မလဲ”
“ဘယ်ကိုသွားရမလဲ”
စိတ်ကြီးက ဆန်းကြယ်လွန်းလှသည်။ ကိုယ်တိုင်မသိသည့်အရာတစ်ခုကို ထိုလူတွေ သိနေလိမ့်မည်ဟု ဘာ့ကြောင့်များ သေချာနေပါသလဲ။ သို့သော် အဖြေပြန်မရသော အခြေအနေကြောင့် စိတ်တိုလွန်းစွာ
“ဘယ်ကို သွားရမလဲ” ဟု
အာခေါင်ခြစ်အော်လိုက်သော်ငြား မကြားသယောင် ပြုနေမြဲပြုနေသူတွေကတော့ သူ့ကို ယောင်လို့ပင် လှည့်မကြည့်။ ဆူညံနေသည့် အသံများကြား သူ့အသံက ပျောက်ရှနေရော့သလား။ တစ်စုံတစ်ခုကို သူ လိုက်ရှာရမည်။ သူ့တွင် တာဝန်တစ်ခု ထမ်းပိုးထားသည်မဟုတ်ပါလား။ ထိုတစ်စုံတစ်ခုကိုတွေ့မှ သူ့တာဝန် ကျေမည်။ သို့သော် ထိုတာဝန်တစ်ခုဆိုတာကလွဲ၍ ဘာတာဝန်လဲဆိုတာကို သူမသိ။ မမှတ်မိ။ တစ်စုံတစ်ခုအတွက် သူ့တွင် တာဝန်တစ်ခုပါလာသည်။ ဒါပဲ သူသိသည်။
.
ငြိမ်းချမ်းလိုက်သည့် မျက်ဝန်းများ။ အိုး မျက်ဝန်းတွေ ပြုံးသွားလိုက်တာ။ ဖျက်ခနဲဖျက်ခနဲ ပူလောင်ကျိန်းစပ်သည့် အလင်းရောင်များကြောင့် သူ ယောင်ယောင်ယမ်းယမ်းခေါင်းငုံ့လိုက်မိသည်။ ဘယ်အရာလဲ။တစ်ခုခုက သူ ရောက်နေသည့် လမ်းကြားမှာ ဝင်ရောက်နှောင့်ယှက်နေသည်ကတော့ သေချာပါသည်။ ဒါ ဘယ်အရာလဲဟု လိုက်ရှာဖို့ စဉ်းစားစဉ်တွင်ပင် ပြုံးနေသည့်မျက်ဝန်းတို့ ပျောက်ရှသွား၏။
သူ့ပတ်ဝန်းကျင်သည်လည်း ပြန်လည် မှောင်မိုက်သွားပြန်၏။
.
----++++---
အိုး သောင်းသောင်းဖြဖြကြိုဆိုနေလိုက်ကြတာ။ ဒါ ဘယ်သူတုန်းဟု သူ အမောတကော လိုက်ငေးကြည့်မိသည်။ ဆေးတံကြီးကိုခဲလျှက် လူတစ်ယောက် မြင်းလှည်းပေါ်မှ ဆင်းလာသည်။ ထိုလူ့ကို အားလုံးက ဝမ်းသာအားရ ကြိုဆိုနေကြသည်။ ကြည့်ချင်ဇောအားကြီးစွာဖြင့် သူ အရှေသို့ တိုးဖို့ကြိုးစားလိုက်သည်။ မပေါက်။ တိုးမပေါက်။
ပြုံးပျော်ချိုရွှင်နေလိုက်ကြတာဟု သူ ကျိန်ဆဲရင်း ထိုသူ့မျက်နှာကို အမိအရလိုက်ကြည့်လိုက်မိသည်။ ဟာ….။ လွတ်လပ်ရေးဖခင်။သူတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး။ ဒါဆို သူက သေသွားတာလား။ မေးခွန်းမဆုံးသေးခင်ပင် သူ့ပတ်ဝန်းကျင်သည် မှောင်မြဲမှောင်လျှက်ကိုမှ အမှောင်ထုကြီးနစ်မြုသွားသလို ခံစားလိုက်ရ၏။ ရင်ထဲမှာ အေးခနဲ။ ဝေး၍ဝေး၍ကျန်ခဲ့သော ထိုမြင်ကွင်းဆီသို့ သူ ပြန်သွားဖို့ ကြိုးစားသော်လည်း မရ။ သူ့ခြေအစုံသည် အမှောင်ထု၏ စုပ်ယူမှုတွင် တစတစနစ်မြုပ်သွားတော့သည်။
.
----++++------
“ပဲပြုတ်နဲ့ နံပြား စားချင်တယ်”
နေရာအနှံ့ကပ်ထားသော ထိုစာသားများကို မမြင်ချင်မတွေ့ချင်အဆုံး မြင်နေတွေ့နေရသည်။ ထူးဆန်းလွန်းတာကတော့ ပြဇာတ်ခုံပေါ်ရောက်နေသူလိုမျိုး သူလှမ်းကြည့်လိုက်သည့်အရာတိုင်းသည် အလင်း ကွက်ကွက်မျှ ဖေါ်ပြထားကြခြင်းဖြစ်သည်။
.
သူ ရောက်ရှိရာနေရာတွင်ပင် လူတွေတန်းစီထိုင်နေကြသည်။ လမ်းမကျယ်ကြီးတောက်လျှောက် တန်းစီထိုင်နေသည့် လူများသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ရှိ၏။
“ဘာကို စောင့်နေတာလဲ၊ ဘယ်သူလာမှာမို့လို့လဲ”
မဖြေ။ သူ့အမေးစကားကို မကြားသည့်အလား ထိုသူသည် လမ်းမကျယ်ကြီး၏ အနောက်ဘက်ကိုသာ ငေးမောကြည့်နေသည်။ အဖြေတစ်ခုကို မဖြစ်မနေရဖို့ လိုအပ်လာသည်ဟူသည့်အတွေး ဘာ့ကြောင့်ဝင်ရောက်လေသည်မသိ။ တစ်ယောက်ပြီးတစ်ယောက် သူ လိုက်မေးမိသည်။ မဖြေ။မည်သူမျှ မဖြေ။ သူ့ကို မြင်ဟန်သော်မျှ မပြ။
.
ထိုအချိန်တွင်ပင် သူ နာမည်မခေါ်တတ်သော ကားကြီးတစ်စီး ဆိုက်ရောက်လာသည်။ ထို ကားကြီးပေါ်မှ လက်ကလေးတစ်ခုက နှုတ်ဆက်သည့် သဏ္ဍာန်ဖြင့် လက်ပြနေလေသည်။ ထိုလက်ကလေးတွင် လက်သည်းနီဆိုးထားသည်ကို သူ မြင်လိုက်ရ၏။ ထိုလက်သည်းနီ၏အနောက်ဘက်တွင် ကြိုးစလေးတွေ။ ထိုလက်ပိုင်ရှင်သည်ပြုံးရွှင်သော သဏ္ဍန်ဖြင့် လက်ပြနှုတ်ဆက်ရင်း ကားကြီးကဝူးခနဲ မောင်းထွက်သွားပြန်သည်။ နံရံမှ စာသားများနှင့်ဆက်စပ်၍ ထိုသူ မည်သူဖြစ်သနည်းဟု အထူးတလည်စဉ်းစားစရာမလိုပါပဲ ဦးနှောက်ကြီးက တွေးတောလိုက်မိသောအခါ သူ ဘယ်နေရာကို ရောက်နေသလဲဟု ထပ်ထပ်စဉ်းစားလိုက်သောအခါ ….။ ထိုအချိန်တွင်ပင် ရုတ်တရက် ဆွဲခေါ်ခံလိုက်ရပြန်သည်။ အမှောင်ထု၏ စုပ်ယူမှုကို သူ လမ်းမလွှဲနိုင်ခဲ့။ ပြေးသည် ။ အရှေ့သို့မရောက်ပါပဲ အမှောင်ထုတွင်သာ တဖြည်းဖြည်း…နစ်ဝင်သွားရတော့၏။
.
--------+++++++++++------------------
ပြုံးနေသည်။ သူသည် ပြုံးနေသည့် မျက်ဝန်းများရှေ့သို့ရောက်နေသည်ကို သတိထားမိသည်။ ဒီတစ်ခါကော သူ အမှောင်ထု၏ ဝါးမြိုမှုကို ကြုံရဦးမှာလားဟူသည့် မရေမရာအတွေးများကိုတွေးရင်း မျက်ဝန်းပြုံးများကို ပြန်စိုက်ကြည့်လိုက်သည်။
သူ ထိတ်လန့်ကြောက်ရွံ့နေသည်ဆိုဦးတော့၊ သူ့ကြောက်ရွံ့မှုကို တပါးသူသိအောင် သူ မဖေါ်ပြနိုင်ပါ။ ထိုကဲ့သို့ ဖေါ်ပြခြင်းကို အရှုံးဟု သူသတ်မှတ်သည် မဟုတ်ပါလား။
.
“ဘယ်ကိုရောက်နေတာလဲ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ”
သူ့အသံကို သူကိုယ်တိုင် ထိတ်လန့်သွားရသည်။ ထို့အတူ ကျေနပ်သွားရသည်။ ဒါ သူပထမဆုံး အသံထွက်လာခြင်းပဲ ဟု သိလိုက်မိတော့ သူ့မေးခွန်းတို့ကို မဖြေသည့်သူတို့ကို သူ စိတ်မဆိုးမိတော့။ သူကိုယ်တိုင် အသံတိတ်မေးနေခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။
မျက်ဝန်းပြုံးများက သူ့ကို ငေးကြည့်လျှက်ရှိဆဲ။ တည်ငြိမ်လွန်းလှသည်။ သူ ထပ်မေးလိုက်သည်။
“ကျွန်တော်ရှာနေတဲ့ အရာ ဘယ်မှာလဲ ခင်ဗျားသိသလား”
“မင်း ခု တွေ့ခဲ့တာတွေက တစ်စုံတစ်ခုနဲ့ တစ်စုံတစ်ရာတွေပဲ မဟုတ်လား ”
ဆွံ့အစွာ အဖြေမပေးနိုင်ခဲ့။ တစ်စုံတစ်ခုကိုတွေ့လျှင် သူ့တွင် တာဝန်ရှိသည်။ ထိုတာဝန်ကို သူ ထမ်းရွက်ရမည်။ သို့သော် သူ တာဝန် မကျေပွန်နိုင်သေး။ သူသိသည်က မည်သည့်တစ်စုံတစ်ခုကိုမျှ သူ မတွေ့သေး။
“မတွေ့ဘူး မတွေ့ခဲ့ဘူး ကျွန်တော် ဘယ်တစ်စုံတစ်ခုကိုမှ မတွေ့သေးဘူး”
“နေပါဦး ခု မင်းတွေ့ခဲ့တဲ့ အရာတွေမှာ ပြန်စဉ်းစားကြည့်ပါဦး ဘာထူးခြားတာများရှိသလဲလို့”
.
မျက်ဝန်းညို၏ စကားကြောင့် သူ တိတ်ဆိတ်သွားမိသည်။
အပြုံးများ။ လူတိုင်းလိုလို ပြုံးနေကြသည်။ တချို့က မျှော်လင့်ချက်များဖြင့် အပြုံးဖြူ။ တချို့က ကြိုးစများနှင့် အမည်းရောင် အပြုံး။ အိုး ဘယ်လိုလဲ။ အပြုံးမှာတောင် ကွဲပြားသတဲ့လား။
“လူတိုင်း ပျော်ရွှင်နေရင် ပွဲတော်လို့ သတ်မှတ်လို့ရတယ်နော် ထားပါတော့ ခုမင်းရောက်ခဲ့တဲ့နေရာတွေကို ပွဲတော်လို့ အလွယ်တကူ သတ်မှတ်ကြည့်လိုက်”
မျက်ဝန်းပြုံး၏ အပြောကို သူ ခေါင်းညိတ်ပြလိုက်၏။ ဟုတ်သည်။ လူတွေ ပျော်နေသည်။ သို့သော် ထိတ်ခနဲ သတိရသွားမိသည်က သူမပျော်ခဲ့။
“ဒါပေမယ့် ကျွန်တော် မပျော်ခဲ့ဘူး”
“ဒါက မင်းက တာဝန်ကို ဂရုစိုက်နေတာကိုး မင်းတာဝန်ကို ကော မှတ်မိလား မင်းပျော်ခဲ့တဲ့ ပွဲတော် တစ်ခုတော့ရှိမှာပါ”
သေချာလွန်းသည့် မျက်ဝန်းပြုံး၏စကားသံကို သူ ခေါင်းမခါနိုင်ခဲ့။ ဟုတ်သည်။ သူ ပျော်ခဲ့သည့် ပွဲတော်ရှိသည်။ သို့သော် ထိုပွဲတော်ကို သူ ဘယ်တော့မှ မကြံုံနိုင်တော့ ဟူသည့် အသိက ဦးနှောက်ထဲဝင်လာပြန်သည်။
“မကြုံနိုင်ဘူးလို့ မတွေးပါနဲ့ လူတွေက တစ်စုံတစ်ခုကို မျှော်ကိုးလွန်းတဲ့အခါ ဘုရားသခင်လို ကိုးကွယ်လာချင်ကြတယ် အေး အဲဒီလိုလူတွေထဲကမှ ဖေါက်ထွက်ပြီး လူအားလုံးရဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုကို ဖန်တီးပေးတဲ့သူဟာ ပေါ်ကို ပေါ်လာမှာပဲ ဘယ်သူမျှ မပေါ်လာရင် သူကိုယ်တိုင် လူဝင်စားပြီး ပြန်လာလိမ့်မယ် တစ်ခုပဲ မင်းတို့မှာ တာဝန်ရှိတယ် အဲဒီတာဝန်က မင်းတို့ရဲ့ နောင်လာနောက်သားတွေကို လူ့ကျင့်ဝတ်နဲ့ နိုင်ငံချစ်စိတ် သင်ပေးနိုင်ရမယ် အဲဒါဟာ မင်းတို့မှာ တာဝန်အရှိဆုံးပဲ မင်းတို့ကိုယ်တိုင်လည်း ကြိုးစားနိုင်ရမယ်”
ရုတ်တရက် အရာရာသည် ဖျတ်ခနဲဖျတ်ခနဲ။ အမှောင်တို့ကြီးကြီးစိုးစိုး။ ထို့နောက်တော့ သူ့ရင်တစ်ခုလုံး အေးစိမ့်ကာ အမှောင်၏ ဆွဲခေါ်မှုနောက်သို့….။
သူရှာနေခဲ့သည့် တစ်စုံတစ်ရာသည် ဘာများလဲ..။ သူ့တာဝန်ကကော….။
----++++----
စူးရှလင်းလက်လွန်းသည့် နေရောင်တို့အား သူ အမောတကော လိုက်ဖမ်းဆုပ်နေမိသည်။ အမှောင်ထုကြီး ပျောက်နေသည်ဖြစ်ကြောင့် ဖျတ်ခနဲ သတိရသည်။
ပွဲတော်။ ပွဲတော်ဆိုသည့် အသံသည် နှလုံးသားတွင် ပဲ့တင်ကျန်၏။ သူ ဘာကိုတွေ့ရှိခဲ့ပါသလဲ။ သူ ဘာတာဝန်တွေ ကျေပွန်ခဲ့ပါသလဲ။
နှလုံးသားနှင့် ဦးနှောက်မပါဝင်သော ပွဲတော်တို့သည် အမှန်တကယ် သွားရောက်ဖို့ လိုအပ်ပါသလား။ တချိန်ချိန်တွင် တစ်စုံတစ်ယောက်ကတော့ နှလုံးသားနှင့်ဦးနှောက်ပါဝင်သော ပွဲတော်တို့ကို ဖန်တီးနိုင်ပါလိမ့်မည်။ ထို့အတွက် အချိန်စောင့်ရန်လိုအပ်ပါသည်။
အရာရာ တိတ်ဆိတ်နေတော့၏။ အလင်းကတော့ စူးရှလျှက်ရှိဆဲ။
သူ့တွင် သမိုင်းပေးတာဝန်တစ်ခုရှိသည်ဟူသည့် အသိကိုသာ အထပ်ထပ် ရိုက်သွင်းလိုက်သည်။ သူတွင်မက သူနှင့် ပတ်သတ်ရာပတ်သတ်ကြောင်း၊ အသိုင်းအဝိုင်းတွင်ပါ ထိုတာဝန်ကို လက်ဆင့်ကမ်းရမည်ဟု သန္နိဋ္ဌာန်ချမှတ်လိုက်သည်။ ထို့နောက် ပြတင်းတံခါးကို ဖွင့်လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းက ဆွံ့အသွားစေသည်။ လက်သည်းနီပိုင်ရှင် လက်ကလေးပါဝင်သော ကားကြီး။ ထိုကားနောက်မှ သူတစ်လူငါတစ်မင်း အုပ်စုများ။ ထိုအုပ်စုများနောက်တွင် ကြိုးထုံးများစွာနှင့် လူတစ်ယောက်။ မျက်လုံးအစုံကို မှိတ်လိုက်၏ ။ မျက်ရည်အစုံကျလာသည်။ သူ ဆက်ပြေးမည်။ ဒီတာဝန်ကို ဆက်ထမ်းပိုး၍ သက်ထက်ဆုံးပြေးမည်။ ရောက်လေရာနေရာတိုင်းသို့ လက်ဆင့်ကမ်းမည်။
ပွဲတော် ဆိုသည့်နေရာသို့ သူ မည်သည့်အခါမျှ မသွားတော့။ မှန်ရှေ့သို့ သွားရပ်လိုက်မိသည်။ အပ်ကြောင်းအထပ်ထပ်နှင့် သူ့ကိုယ်သူ ငေးကြည့်ရင်း သူ ဆက်ပြေးလိုက်နေလိုက်တော့သည်။ အမှောင်ထုကြီးကတော့သူ့နောက်သို့ လိုက်ဆဲထင်ပါသည်။ ထို့အတူ သူ့ဝန်းကျင်တွင် ကြိုးထုံးများစွာနှင့် လူတစ်ယောက်လည်း ရှိနေနိုင်ပါသည်။
ဟော အမှောင်ထုကြီး လာပြီထင်ပါသည်။ ပြီးလျှင် သူ့ကို လိုရာကြိုးဆွဲကဖို့ ပွဲတော်ဆီ ခေါ်ဆောင်ရန်ကြိုးစားဦးမည်။ မရ။ ဒီတစ်ခါတော့ ပြေးပါတော့မည်။ သက်ထက်ဆုံးပြေးပါမည်။ ပြေးနေပါလိမ့်မည်။
သူသည် နှလုံးသားနှင့် ဦးနှောက်ကင်းသော ပွဲတော်များအတွင်းသို့ မကျရောက်ရန် ပြေးဖို့ကြိုးစားနေရသူ တစ်ယောက်လည်း ဖြစ်ပါ၏။ သို့သော် တစ်ချက်တစ်ချက်လာလာငြိသော ကြိုးတို့ကြောင့် ခြေလက်တို့သည် သူတို့ဆွဲသလိုပါပါသွားရ၏။ ထိုကြိုးတို့ ဖြုတ်ဖို့ရာ သူ ကြိုးစား၍မရနိုင်ပါ။ သူ ပြေးဖို့သာ တတ်နိုင်ပါသည်။ ။ သူ့အတွက်ကြိုးစားပေးမည့်သူများကတော့ တစ်ချိန်ချိန် ပေါ်ထွက်လာမည် ထင်ပါ၏။
သူ အပြေးသမားတစ်ယောက် ဖြစ်ပါသည်။
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment