(၁)
အလုပ်ကိစ္စဖြင့် တစ်နေကုန် အချိန်ကုန်သွားသည်မို့ အိမ်ပြန်လမ်းကို ခပ်သွက်သွက်လှမ်းလာသော မသီတာ၏ ခြေအစုံသည် အိမ်ထဲသို့အဝင်မှာပင် တန့်၏။ ညီမဖြစ်သူ စန္ဒာ၏တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ထမင်းစားနေကြသော သားတော်မောင်နှစ်ကောင်။ ရိုးရိုးတန်းတန်း စားနေကြတာ မဟုတ်။ စန္ဒာက ခွံ့ကျွေးနေခြင်းသာ။
“ဟေး… မေကြီး ပြန်လာပြီ… သားတို့အတွက် မုန့်ပါလား”
ထိုင်ရာမှ မထဘဲ မေးလိုက်သည့် သားအကြီးကောင်ကို မသီတာ ခေါင်းခါပြလိုက်မိသည်။
“စန္ဒာ ဒီနေ့ အလုပ်နားတာလား”
“မဟုတ်ဘူး မကြီး… နေ့တစ်ဝက် ပဲ ဆင်းရတာ”
စန္ဒာ့ အဖြေစကားကြောင့် ပါလာသည့် အိတ်ကို စာကြည့်ခန်းထဲသို့ သွားထည့်ရန်ပြင်နေသည့် မသီတာတစ်ယောက် ငွေ့ငွေ့ပြုံးမိလေ၏။ စန္ဒာ့အကြောင်း ဘယ်သို့ဘယ်ပုံ ဆိုက်နေပြီဆိုတာကို သူ သတိမမူမိသည်မှာ ကြာပါပြီကော။ မှတ်မှတ်ရရ ဆိုရမယ်ဆိုလျှင် စန္ဒာ ပင် မသီတာတို့အိမ်မှာ လာနေသည်မှာ ၅ နှစ်ကျော်ခဲ့ပြီ။ စန္ဒာ့အလုပ်လည်း သုံးလေးခုထက် မနည်း ပြောင်းခဲ့ပြီ ဖြစ်သည်။ မည်သို့သော အလုပ်တွေပြောင်းသည်ဆိုတာကို မသီတာ မသိသော်လည်း ကိုအောင်ငြိမ်းကတော့ သိပေလိမ့်မည်။ သူကိုယ်တိုင် အလုပ်အင်တာဗျူးတွေ လိုက်ပို့ပေးခဲ့သည်ကိုး။
“ငါ ခဏနားလိုက်ဦးမယ် … စာကြည့်ခန်းထဲမှာပဲရှိမယ်… ဟိုနှစ်ကောင် မုန့်ဖိုးယူမယ်ဆို စောစောစီးစီး လာယူထား”
ပြောပြောဆိုဆိုဖြင့် စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။ တံခါးကို လော့ချလိုက်သည်နှင့် တစ်ပြိုင်နက် မသီတာ၏ ခြေအစုံသည် ပျော့ခွေကာ အောက်သို့ ပုံကျ၏။ ပင်ပန်းသည်။ သိပ်ပင်ပန်းလွန်းသည်။
.
(၂)
“သားလေးရယ် အိပ်ပါကွယ် တီတီ သီချင်းဆိုမယ်.. သားလေးရယ် အိပ်ပါတော့ တီတီ သီချင်းဆိုချော့… ပစ်တိုင်းထောင်ကြီး ဘုတိုတို မျက်နှာပြုံးချိုချို ပစ်ချင်သလို ပစ်လို့ကျ ကျရာထောင်လို့ က…….”
မှေးခနဲ ဖြစ်လုလု မသီတာ၏ မျက်လုံးအစုံသည် စန္ဒာ၏ အသံကြောင့် ဖြတ်ခနဲ ပွင့်သွား၏။ ဖုန်းမှ နာရီကို ကြည့်လိုက်တော့ ည ၈ နာရီ ခွဲချေပြီ။ အမှန်တကယ်ဆို ဒီချိန်က သားငယ်ကို သိပ်ရမည့် အချိန်မဟုတ်။ သို့ပေမယ့် စန္ဒာ သားငယ်ကို သိပ်နေပြီ ဆိုလျှင်…………။ အတွေးမဆုံးမီပင် မသီတာ့ ရင်သည် ဆက်ခနဲ ခုန်သွား၏။ ဒီချိန်ဆို ကိုအောင်ငြိမ်း ပြန်လာပြီလားမသိ။ သို့သော် စိုးစဉ်းမျှ အသံမကြားရ ဆိုတော့ ကိုအောင်ငြိမ်း ပြန်မလာလောက်သေးတာတော့ သေချာသည်။
.
“ကိုး တစ်လီ ကိုး ကိုး နှစ်လီ တစ်ဆယ့် ရှစ်..”
ဧည့်ခန်းရှေ့မှ ထွက်ပေါ်လာသည့် သားကြီး၏ အသံတိုးတိုးကို ကြားတော့ မသီတာ ကျေနပ် ပြုံး ပြုံးမိသည်။ သားကြီးကတော့ အတန်းထဲမှာ ဒီလလည်း အဆင့် တစ် ရပေဦးမည်။ တကယ်တော့ အဆင့် ၁ မပြတ်တမ်းရသည် ဆိုသည်မှာ မသီတာ့အတွက် အဆန်းမဟုတ်။ စန္ဒာလည်း အကြိမ်ကြိမ် အဆင့် တစ် ရခဲ့ဖူးသည်။ စန္ဒာတို့ အတန်းထဲမှာတော့ အဆင့် တစ် သည် စန္ဒာ့၏ ဂုဏ်ပုဒ်။ အစ်မကြီးဖြစ်သူ မသီတာ၏ အားပေးမှုကြောင့်ကော စန္ဒာ၏ ကြိုးစားမှုကြောင့်ပါ ဖြစ်သည်။ ဘာတဲ့။ ထိုစဉ်တုန်းကတော့ စန္ဒာ ပြောခဲ့ဖူးသည်။
“မကြီး အတွက် သမီး ပိုကြိုးစားမယ် နော်” တဲ့လေ။ ခုတော့ … သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ဆွဲရှိုက်ရင်းက မသီတာ၏ စိတ်အစုံသည် ငယ်ဘဝစာမျက်နှာများကို ဖြတ်ခနဲ လှပ်လိုက်မိချေပြီတည်း။
(၃)
“အစ်ကို ရေ ဒါ သီတာ့ ညီမလေး စန္ဒာ တဲ့… အမေနဲ့အဖေ အလုပ်တွေ ရှုပ်နေတော့ သီတာပဲ ထိန်းကျောင်းပေးနေရတာပါပဲ အခု လည်း သင်တန်း တက်ချင်တယ် တဲ့လေ အမေနဲ့ အဖေ့ကို မပြောရဲဘူး တဲ့..ဒါနဲ့ သီတာလည်း အမေနဲ့အဖေ မသိအောင် သင်တန်းကြေး ခိုးပေးနေရတယ်”
“အာကွာ အဓိပ္ပါယ် မရှိတာ… ဒီလိုနဲ့ တို့နှစ်ယောက်က ပိုပိုဝေးတော့မှာပဲ . .. တကယ်က ပိုက်ဆံ စုရတော့မှာ”
ချစ်သူ ဖြစ်သူ၏ အလိုမကျသည့်ဟန်ကြောင့် သီတာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထို့နောက်
“အစ်ကို့ကို သီတာ တစ်ခုတော့ ပြောချင်တယ် သီတာနဲ့ စန္ဒာဆိုတာ အသက် ၇ နှစ်ကွာတဲ့ ညီအစ်မပေမယ့် သီတာ့ မွေးစားသမီးလိုပဲ ..သူမွေးကတည်းက သီတာ ထိန်းကျောင်းခဲ့ရတာပါ. . . ခု သီတာကိုယ်တိုင် ရန်ကုန်မှာ အလုပ်တက်လုပ်ပြီ ဆိုမှ ထားခဲ့ရတာ.. သီတာနဲ့ အစ်ကို တို့လက်ထပ်တဲ့အချိန်မှာ စန္ဒာလည်း လာနိုင်တာပဲ အဲဒီအခါ အစ်ကို့ဘက်က ဒီလိုစိတ်မျိုးနဲ့ဆိုရင် . . . .”
…………….။
ခပ်လေးလေး ညိတ်နေမိသည့် ခေါင်းအစုံကို မတ်ရင်း မသီတာ နှုတ်ခမ်းတွန့် ပြုံးလိုက်မိသည်။ ကိုအောင်ငြိမ်းနှင့် မသီတာတို့ လက်ထပ်တော့ နှစ်ဖက်မိဘ က သဘောမတူသဖြင့် နှစ်ဦးသား ဘဝကို ရင်ဆိုင်ခဲ့ရသည်။ ကြုံသမျှ အခက်အခဲကို ကျားကန်ခဲ့ရသည်။ မူလက နှစ်ယောက်လုံး ဝန်ထမ်းပေမယ့် သားကြီးကို မွေးအပြီးမှာတော့ မသီတာ ဝန်ထမ်းမလုပ်တော့ဘဲ ရှိတဲ့ ပိုက်ဆံဖြင့် အိမ်ခြံမြေလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ ဖြစ်သည်။
အိမ်ခြံမြေ ပွဲစား သီတာဦး ဆိုသည့် နာမည် ဖြစ်လာဖို့တော့ နှစ်နှစ်လောက်ထိ ရင်းလိုက်ရသည်။ ဒုတိယ သားငယ်ကို ကိုယ်ဝန်ဆောင်ပြီဆိုတော့ မသီတာ အိမ်မှုကိစ္စများ မနိုင်နင်းတော့။ ထိုအချိန်မှာပဲ မိဘနှစ်ပါးက စန္ဒာ့ကို မသီတာ့ဆီ ပို့လိုက်ကြတာ ဖြစ်သည်။ ကိုအောင်ငြိမ်းကတော့ ရစကတည်းကအတိုင်း အစိုးရအလုပ်မှာ ရရစားစား ဘဝနှင့်သာ။ ရထူးတက်သည်ရယ်လည်း မရှိ၊ လစာတိုးသည်ရယ်လည်း မသိရ။ တိုးသည် ဆိုဦးတော့။ မသီတာ ရှာသည့် ပိုက်ဆံက ပိုမို၍ များပြားနေသည်မို့ မသီတာကိုယ်တိုင် သတိမမူမိခဲ့တာ ဖြစ်မည်။ ထို့အတူ စီးပွားရေးကို ကျားကုတ်ကျားခဲ လိုက်နေမိသည့် ဒေါ်သီတာတစ်ယောက် သားလည်းမမှုပြီ၊ ယောက်ျားလည်း မမှုခဲ့သည်မို့ ယနေ့လို ခံစားနေရတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
..
နှာခေါင်းဝ သို့ တိုးဝင်လာသည့် ဆေးလိပ်နံ့ကြောင့် ကိုအောင်ငြိမ်း ပြန်ရောက်လာပြီ ဖြစ်ကြောင်း မသီတာ အတပ်သိလိုက်သည်။ သို့ဆိုလျှင် သိပ်မကြာခင်မှာပဲ စန္ဒာက ထမင်းခူးကျွေးတော့မည် ပေါ့။
“ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်တာ လက်မခံပါနဲ့ အစ်မရယ်… ပတ်ဝန်းကျင်မှာလည်း ကြားမကောင်းဘူး အမြင်မတော်ဘူးလေ”
“အစ်မရေ ကိုယ့်လူကိုယ် နိုင်အောင် ထိန်းပါ အစ်မရယ် ပတ်ဝန်းကျင်က အစ်မကို မေးငေါ့နေကြပြီ”
“အစ်မရေ ကိုယ့်လူမို့ အမုန်းခံပြီး ပြောရဦးမယ် အစ်မ ယောက်ျား ကို အဲလောက်စိတ်မချနဲ့ နည်းနည်း checking လိုက်ကြည့်ဦး”
ကိုအောင်ငြိမ်းနှင့် စန္ဒာ့အသံကို ကြားရလို ကြားရငြား နားစွင့်နေဆဲမှာပင် စကားလုံးများစွာ နားထဲသို့ တိုးဝင်လာ၏။ ပွဲစားတန်းရောက်တိုင်း၊ အသိမိတ်ဆွေများနှင့် တွေ့တိုင်း ကြားရလေ့ရှိသော စကားလုံးများ ဖြစ်သည်။ ထိုစကားသံများကြားရတိုင်း မသီတာ အပြုံးဖြင့်တုံ့ပြန်မိမြဲ။ အမှန်တကယ်တော့ ဖောက်ပြန်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အခါခါ ဖြစ်ကြောင်း ရင်ဖွင့်ပြချင်၏။ စိတ်သောက ကို ညည်းဆိုပြချင်၏။ သို့သော် သားနှစ်ယောက်၏ မျက်နှာလေးများကို ပြန်မြင်ယောင်မိတော့ နှုတ်ဆိက်၍သာ နေမိလေတော့သည်။
.
“သားကြီး အိပ်တော့နော် တီလေး နားဖာကလော်ပေးမယ် လာ..လာ”
ဟော စန္ဒာပင် သားကြီးကို သိပ်တော့မည်။ မျက်လုံးအစုံက နာရီကို တကူးတကကြည့်မိပြန်သည်။ ဒီလိုအချိန်ဆိုလျှင် စန္ဒာက မသီတာ့အနားသို့ လာ၍ စကားများဆိုနေတတ်ပြီး ကိုအောင်ငြိမ်းက သားတို့နှင့် ကစားတဲ့ အခိုက်အတန့်မဟုတ်ပေဘူးလား။ အရာရာသည် တိတ်ဆိတ်နေသကဲ့သို့ရှိသည်။ တစ်ချိန်တုန်းကတော့ စန္ဒာ့ကို မသီတာကိုယ်တိုင် နားဖာချေး ကလော်ဖူးခဲ့သလို သီချင်းပေါင်းစုံနဲ့လည်း သိပ်ခဲ့ရသည်။ စန္ဒာက အမေ့နို့ အမှတ်နှင့် မသီတာ့ထံ ကပ်ခဲ့သည့် ရင်ဖိုမှုကိုပင် ယနေ့တိုင် မမေ့နိုင်သေး။
“မကြီး သမီးကြီးလာရင် မကြီးကို ဒီလောက် မပင်ပန်းစေရဘူးနော် စာကြိုးစားမယ်..ဆရာဝန်ကြီး ဖြစ်အောင်လုပ်မယ်.. ပြီးတော့ မကြီးကို ရှာကျွေးမယ်.. မကြီးလည်း ယောက်ျားမယူရဘူးနော်”
စန္ဒာ့စကားသံ တချို့ကို ကြားယောင်မိတော့ နှုတ်ခမ်းတွင် အပြုံးငွေ့ငွေ့သမ်း၏။ တစ်ချိန်ကတော့ မသီတာနှင့် စန္ဒာသည် အများကပင် သားအမိ ထင်ရလောက်အောင် ရင်းကပ်သူများ ဖြစ်သည်။ မိဘနှစ်ပါးရှိသော်လည်း မသီတာပင် စန္ဒာ့အားကိုးသူ သဖွယ် ရှိနေခဲ့တာ ဖြစ်သည်။ ယခုတော့………….။ မိဘနှစ်ပါး ဆုံးပြီးနောက် စန္ဒာတစ်ယောက် ဦးဆုံးအကြိမ် အဖြစ် အားကိုးတွေ့သွားခြင်း ဖြစ်မည်။ သက်ပြင်းတစ်ချက်သည် သူ့အလိုလို ရှိုက်၏ မသီတာ၏ ရင်အစုံသည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂမျှ မပါဘဲ ဖားဖိုကဲ့သို့ နိမ့်တုံမြင့်တုံ ရှိချေပြီ။
.
(၄)
“ဒေါက်..ဒေါက်..ဒေါက်……..မကြီး.”
တံခါးခေါက်သံနှင့် အတူ မရဲတရဲ နှင့် လှမ်းခေါ်လာသည့် အသံကြောင့် မသီတာ မျက်လုံးအစုံကို ဖွင့်လိုက်မိသည်။
“ဝင်ခဲ့လေ စန္ဒာ”
တံခါးကို လှပ်လာသည့် စန္ဒာ၏ မျက်လုံးအစုံသည် နီရဲမို့အစ်နေသယောင်ရှိ၏။ သားတို့ကြောင့် ငိုတာတော့ မဟုတ်နိုင်။
“..သမီး.. သမီး ဖွင့်ပြောစရာရှိတယ်”
မည်သို့မျှ ခံစားချက်မရှိသူလို မျက်နှာသေဖြင့် မသီတာ နားထောင်နေလိုက်သည်။ အမှန်တကယ်တော့ စာဖတ်ခန်းထဲသို့ တကူးတကလာပြီး ခွင့်တောင်းသည့် ညီမငယ်ပြောမယ့်အရာကို မသီတာ ကြိုတင်ခန့်မှန်းမိနေပြီ ဖြစ်သည်။ သို့သော် မပြောပါနဲ့ဟု မတားရက်။ မှန်တယ်ထင်လိုသူတွေ မှန်ကြပါစေလေ။
“ပြောလေ. စန္ဒာ”
တိုးသော်လည်း ပြတ်သားသည့် မသီတာ့ စကားအဆုံးတွင် စန္ဒာတစ်ယောက် ဘာစကားမှ ဆက်မလာနိုင်တော့ဟန်နှင့် တွေတွေကြီးရပ်နေရှာသည်။ ထိုစဉ်မှာပဲ ကိုအောင်ငြိမ်းက လိုက်ကာစကို မကာ အခန်းတွင်းသို့ ရောက်ရှိလာပြန်၏။ ကိုအောင်ငြိမ်းရောက်ပြီဆိုတော့ တစ်ခုခု ပြောစရာရှိတာက ပိုသေချာလာပြီဖြစ်သည်ပဲ။ သားနှစ်ယောက်တော့ မောမောပန်းပန်း နဲ့ အိပ်လုပြီဖြစ်မည်။ မသီတာလည်း အိပ်ချင်နေပြီ ဖြစ်သည်။ မသီတာ မျက်မှန်ကို ချွတ်လိုက်ရင်း မျက်လုံးအစုံကို လက်ဖြင့်ပွတ်လိုက်စဉ်မှာပင် . . .
“မိန်းမ စန္ဒာ့အစား ငါ ပြောမယ် ငါတို့. .. . .. ”
ကိုအောင်ငြိမ်း စကားမဆက်ခင် မသီတာ လက်ကာ ပြလိုက်သည်။ ထို့နောက်
“ဒီနေ့က စပြီး ကျွန်မ စာဖတ်ခန်းမှာပဲ အိပ်တော့မယ်”
ရုတ်တရက် ထကာ ပြောလိုက်သည့် မသီတာ့ တုံးတိတိ စကားကြောင့် ကိုအောင်ငြိမ်းကော စန္ဒာပါ မသီတာ့ကို လှည့်ကြည့်လာ၏။
မသီတာကတော့ နဂိုကတည်းက ကြိုယူထားသည့် စောင်ကို အိပ်ယာခင်းအဖြစ် ခင်း၍ ခြင်ထောင်ထောင်ကာ သူတို့နှစ်ယောက်၏ အကြည့်ကို မသိနိုးနား ရှောင်ကွင်းရင်း မျက်နှာသေဖြင့်ပင်
.
“ ရှင့်ကို ကွာပြီး အိမ်ထောင်ကွဲ တစ်ယောက်အဖြစ် ကျွန်မမရပ်တည်နိုင်သလို သားနှစ်ယောက်ကိုလည်း မျက်နှာ မငယ်စေချင်ဘူး စန္ဒာ့ကိုလည်း ဖောက်ပြန်သူအဖြစ် အများက လက်ညိုးထိုးမှာကို ကျွန်မ လက်မခံနိုင်ဘူး ဒီတော့ ဒီနေ့က စပြီး ကျွန်မ စာဖတ်ခန်းမှာ အိပ်မယ် ရှင်ဟာ ကျွန်မ ယောက်ျား ဖြစ်သလို သားတို့ရဲ့ အဖေလည်း ဖြစ်တယ်.
. ..ဒါပေမယ့် ကျွန်မတို့အချင်းချင်း ဘာမှမသက်ဆိုင်တော့ဘူးလို့ မှတ်ပါ စန္ဒာ ညီမလေးက မကြီးရဲ့ ညီမ ဖြစ်ပေမယ့် ကိုအောင်ငြိမ်းကတော့ အစ်မ နဲ့ ဘာမှမသက်ဆိုင်တဲ့ လူဖြစ်သွားပြီ ညီမလေး စိတ်သန့်သန့် နဲ့နေပါ..
ကျန်တာ ဘာစကားမှ လာမပြောပါနဲ့ ကျွန်မ အိပ်ချင်ပြီ.. နှစ်ယောက်လုံး သွားပါတေ့ာ”
စန္ဒာ့ ခန္ဓာကိုယ်လေး တစ်ချက် တုန်သွားတာကို သတိထားမိသော်လည်း ကိုယ်အောင်ငြိမ်း ပွေ့ပိုက်လိုက်ဖြစ်၍ မသီတာ မနှစ်သိမ့်သာပါ။ ထို့နောက် ထွက်ခွာသွားသည့် သူတို့နှစ်ယောက်နောက်သို့ အကြည့်တို့ရောက်သော်လည်း မသီတာ မျက်ရည်မဝဲမိ။ အရင်းနှီးဆုံးသူ၏ သစ္စာဖောက်ခြင်းကိုလည်း ခံခဲ့ရပြီ။ အယုံကြည်ရဆုံးသူ၏ သစ္စာမဲ့ခြင်းကိုလည်း ကြုံခဲ့ရပြီ။ အတွယ်တာဆုံး သားနှစ်ယောက်၏ အချစ်ကိုလည်း ညီမငယ်ထံ ပေးဆပ်လိုက်ရပြီ ဖြစ်သည်မို့ ကြေကွဲခြင်းဆိုတာ ဘာလဲ မသီတာ မသိပြီ။ မသိပြီတည်း။ ဝေ့သီလာသော မျက်ရည်တို့ကြောင့် မျက်လုံးအစုံကို မှိတ်လိုက်တော့ အိပ်ခန်းထဲရှိ ဗီရို ထဲမှ ကွာရှင်းစာချုပ်ကို ပြေးမြင်သည်။ ကိုအောင်ငြိမ်း၏ တစ်ဖက်သတ် လက်မှတ်များ ဖြည့်စွက်ထားသော စာချုပ်ကို မသီတာ လက်မခံလိုခြင်းမှာ သားတို့အတွက်ကြောင့်လား၊ စန္ဒာ့အတွက်ကြောင့်လေလား၊ သို့တည်းမဟုတ် မသီတာ့အတွက်ကြောင့်လေလားဆိုသည်ကိုတော့ …………..။
…
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment