“မင်း မျက်နှာလေးကချိုရွှင်နေတာပဲ မင်း လုပ်မှ အောင်မြင်မယ့် ကိစ္စပါကွာ သွားပါကူညီပါနော်”
“မင်းမှ မကယ်ရင် ငါတို့ အစာငတ်တော့မယ် သူငယ်ချင်းရယ် တောင်းပန်ပါတယ် ကူညီပါကွာ နော်”
သူက အင်းဆက်အမျိုးအစားဖြစ်ပေမယ့်ကံအကောင်းလွန်နေခဲ့သည်။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာ၏ အသွေးအသားကို စုပ်ယူရမှ ရှင်သန်ရမယ့် အမျိုး မဟုတ်ခဲ့ဘဲ ပန်းပွင့်တို့၏ မွှေးရနံ့ကို တခဏမျှ ရှုရှိုက်ရုံမျှဖြင့် ခွန်ပြည့်အားပြည့် လန်းဆန်းနေတတ်သည့် မျိုးနွယ် ဖြစ်သည်။ ရံဖန်ရံခါ ပန်းတို့ဝတ်ရည်ကို သူသောက်သုံးဖြစ်သည်။ သူ ဘယ်ကစဖြစ်တည်ခဲ့လဲ မသိသော်လည်း သူသိတတ်ပါပြီ ဆိုကတည်းက ဒီအင်းဆက်များသည် သူ့အတွက် ကစားဖေါ်ဖြစ်သည်။ သူ့အတွက် အမျိုးအဆွေဖြစ်သည်။
အင်းဆက်များကြားတွင် သူက မျက်နှာပန်းလှလွန်းလှသည်။ သူ့ကိုဆိုလျှင် ဟိုနေရာက လာပါဦး၊ ဒီနေရာက လာပါဦးနှင့် အမြဲတစေ ခင်မင်ကျွမ်းဝင်လိုမှုရှိကြသည်။ သူကလည်း ပျော်ပါသည်။ ထိုကဲ့သို့ သူငယ်ချင်းများအမျိုးအဆွေများနှင့် အတူရှိနေရခြင်းသည်ပင် သူ့အတွက်တော့ နိဗ္ဗာန်ဖြစ်သည်။ သူက သူငယ်ချင်းများအတွက် အသုံးဝင်သည်ဆိုလျှင်ပင် သူကျေနပ်ပါသည်။ တစ်ခုသာဝမ်းနည်းရသည်။ သူငယ်ချင်းများက အစားစားဖို့ လုံးပမ်းနေရချိန်တွင် သူက သူငယ်ချင်းများနှင့်အတူ မဟုတ်ဘဲ ပန်းရနံ့လေးသာ ရှုရှိုက်နေရ၍ဖြစ်သည်။
ဟိုးအရင်တုန်းကတော့ ဒီလို မဟုတ်ခဲ့။ သူငယ်ချင်းများအတွက် မခက်ခဲခဲ့။ သူနေထိုင်ရာ ပန်းတောထဲသို့ လာရောက်သူ အများအပြားရှိကြသည်ဟု ဆိုသည်။ ထို့ကြောင့် သူငယ်ချင်းများတွင် အစာရေစာ ခမ်းမည့်အရေးစိုးရိမ်စရာမရှိခဲ့။ ခုတော့ သူ၏ ပန်းတောကြီးကို လာရောက်သူ မရှိတော့။ အဝေးကပင်ငေး၍ နောက်ပြန်လှည့်သွားကြသည်။ ထို့ကြောင့် သူငယ်ချင်းများ အစာရေစာ ရှားပါးနေရသည်ကို သူ နားလည်ပါသည်။ ထို့အတွက်လည်း သူငယ်ချင်းများက သူ့ကို အကူအညီတောင်းနေခြင်းဖြစ်သည် မဟုတ်ပါလား။
အားလုံးကို ခြုံကြည့်လိုက်တော့ စိတ်မှာ နွမ်းလျသွားရသည်။ သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းများစွာဝယ် တောင်းပန်တိုးလျှိုးမှုတွေပါသည်။ တလက်လက်တောက်ပနေသည့် မျှော်လင့်ခြင်းတွေပါသည်။ သူ့ခေါင်းသည် ဦးနှောက်၏ အဆုံးအဖြတ်ကို မသိရသေးခင်မှာပင် အောက်သို့ စိုက်ကျသွားလေတော့၏။
“ဟေး ဒါမှငါ့သူငယ်ချင်းကွ”
“ဒါမှ ငါ့သူငယ်ချင်း အစစ်”
“ငါတို့ သူရဲကောင်း ကွ”
သူ့ကို ဆွဲယမ်းလှုပ်ခါ၍ ပျော်မြူးနေသော သူငယ်ချင်းများကို ငေးကြည့်ရင်း သူ ပြုံးနေမိသည်။ သို့သော် သူ့မျက်ဝန်းများက တစ်စုံတစ်ခုကို တားဆီးနေရသည့် သဏ္ဍာန် ခံစားနေရသည်။ ဘာ့ကြောင့်များလဲဟု သူ မတွေးတော့။ သူ့ကို ဆွဲယမ်းလှုပ်ခါနေသော သူငယ်ချင်းတို့နှင့်အတူ သူ ပျော်ပစ်လိုက်တော့၏။
-------------+++++++++++++++++-------------------
စိတ်က တင်းတင်းကျပ်ကျပ်နိုင်လှသည်။ အတောင်ပံနှစ်ဖက် ဖျတ်ခနဲဖျတ်ခနဲ ခတ်လိုက်ရင်း အရှေ့သို့အားယူတိုးသွားလိုက်သည်။ အနောက်ကို လှည့်ကြည့်တော့ သူ့ကို အားပေးနေသည့် မျက်ဝန်းပုန်းများ။ သစ်ပင်လေးများကြားတွင် ပုန်းကွယ်လျှက် အားပေးနေသည့် သူငယ်ချင်းများကို သူ နှစ်သိမ့်ပြုံးပြုံးလိုက်ရင်း ပန်းတောကြီး၏ အရှေ့စူးစူးသို့ ခရီးထွက်ခဲ့လိုက်တော့သည်။
ကတိ ပေးခဲ့မိပြီ ဆိုသည့် အသိကို နှလုံးသားမှာ ကမ္ဗည်းထိုးထားလိုက်၏။ ကတိ ဆိုသည့်အရာကို သူ တန်ဖိုးထားသည်။ ကိုယ် ပေးသည့်ကတိကို တည်အောင်လုပ်သလို ကိုယ့်ကို ပေးသည့်ကတိကိုလည်း တည်မှကြိုက်သည်။ ဒါသည်က သူ့အကျင့်။ သူက ကတိပေးခဲ့သလို သူငယ်ချင်းများထံမှလည်း ကတိတစ်ခု တောင်းခဲ့ပြီးသား။ ကတိတစ်ခု၏ ဆုံမှတ်ရောက်သည်ထိ သူ ကူညီရမည် မဟုတ်လား။ အတောင်ပံတို့သည် ခတ်ရင်းခတ်ရင်း ပို၍ အားပါလာသလို ထင်ရ၏။ အနောက်သို့ခေါင်းလှည့်ကြည့်လိုက်တော့ အရာရာသည် မှုန်ဝါးဝါးကျန်ခဲ့ပြီဖြစ်၏။ ဘေးပတ်ဝန်းကျင်တို့ကို ကြည့်လိုက်တော့လည်း သူ့အရှိန်ကပင် မြန်နေလေသလားမသိ။ ရိပ်ခနဲရိပ်ခနဲ ရွေ့လျားသွားသည်မှာ ကြောက်ဖို့ပင် ကောင်းလွန်းလှသည်။ သို့သော် သူ အရှိန်အဟုန်မြှင့်ကာ အတောင်ပံတို့ကို ခတ်လိုက်ပြန်သည်။ အရာရာသည် ရိပ်ခနဲ ရိပ်ခနဲ။
ထို့နောက်တော့…….။
----++++++++++++++++++++------------------
ပန်းလေးတွေ ညှိုးလာလေသည်လား။ ယခင်လို ပန်းရနံ့တို့ ရှုရှိုက်ရုံဖြင့် သူ အာသာမပြေတော့တာ သတိထားမိ၏။ သို့သော် မည်သည့်အရာဖြင့် အာသာဖြည့်ရမည်ကို သူ မသိသေး။ သူ့အတောင်ပံတို့ခတ်ဖို့ရာလည်း အားအင်လျော့လာပြီဖြစ်သည်။ အရှေပန်းတောဆီသို့ ငေးကြည့်လိုက်မိတော့ သူ ချက်ချင်း အကြည့်လွှဲလိုက်ရ၏။ ပန်းတောကြီးအလယ် ပန်းပွင့်များကြားပျော်နေသည့် မိန်းကလေးနှင့် မိန်းကလေး၏ လက်မောင်းများဝယ် ခိုတွယ်နေသော သူ့သူငယ်ချင်းများ။
“အား………………”
လက်မောင်းမှ သွေးတို့ တစက်စက်ကျလျှက် အော်ဟစ်ထွက်ပြေးသွားသည့် မိန်းကလေးကိုကြည့်ရင်း သူ သက်ပြင်းတစ်ချက်ချလိုက်မိသလို ပြင်ပကမ္ဘာကို ထပ်ထွက်ရဦးမည် ဆိုသည့်အသိဖြင့် စိတ်က လေးလံထိုင်းမှိုင်းလာသည်။ ထို့အတူ ဘယ်သူမှ သူ့အားတွန်းအားလာမပေးသေးခင် အတောင်ပံတို့ကို ဆတ်ခနဲ ခတ်ရင်း ပြင်ပကမ္ဘာသို့ ပြေးထွက်လာလိုက်မိတော့သည်။ ဒါ ဘယ်နှစ်ယောက်မြောက်လဲ ဟူသည့်အတွေးကို သူ မတွေးမိအောင် ကြိုးစားနေပါသည်။
အတိတ်ခရီးထွက်စဉ်ကာလကလို အနောက်ဆီသို့ ပြန်လှည့်မကြည့်မိတော့။ အနောက်ဆီသို့ ပြန်လှည့်ကြည့်လိုက်မိလျှင် ရမ္မက်တို့ဖြင့် ဝင်းဝင်းတောက်နေမည့် အာသာငမ်းငမ်းမျက်ဝန်းများကိုသာ မြင်ရမည်မဟုတ်ပါလား။
---++++++++++++---------
“မဟုတ်ဘူး။ ကျွန်တော့်နောက်ကို မလိုက်ပါနဲ့ သူတော်စင် ခင်ဗျားထင်သလို ကျွန်တော်က သန့်ရှင်းစင်ကြယ်တဲ့ လိပ်ပြာမဟုတ်ဘူး”
“ဟယ် လှလိုက်တဲ့ လိပ်ပြာလေးဟယ်” ဟု ဆိုကြရင်း သူ့နောက်သို့လိုက်ကာ အသွေးအသားဆုံးရှုံးရသူများချေပြီ။ ဒီတစ်ခေါက် မည်သူ့ကိုမျှ သူ မဆွဲဆောင်ရသေး။ သို့သော် အချက်ပြနေသည့်ခန္ဓာကိုယ်က ပန်းတောကြီးဆီမှ ရနံ့တို့ကို သူ ရှုရှိုက်ဖို့ အချိန်တန်ပြီဟု အသိပေးနေသည်။ ထို့ကြောင့် သူ အပြန်လမ်းဆီ ဦးတည်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ကိုမြင်၍ သူ့နောက်သို့ တကောက်ကောက်လိုက်လာသည့် ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်ကြောင့် သူ့မှာ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ အပြန်လမ်းကို မည်သို့ပင် ကွေ့ကောက်နေပါစေ။ ထိုသူတော်စင်က ကိုယ့်နောက်ထပ်ချပ်မကွာလိုက်ပါနေသည်။
လမ်းတစ်ဝက်ပင် ကျိုးချေပြီ။ အိုး အေးငြိမ်းလိုက်တာ။ ထိုသူတော်စင် သူ့ကို ကြည့်နေသည့်မျက်ဝန်းများ။ ကြည်လင်ရှင်းသန့်နေသည့် မျက်ဝန်းအစုံကိုကြည့်ရင်း သူ့စိတ်တို့ အေးငြိမ်းလာသည်။ ထိုအခါ အလန့်တကြား သတိရမိလိုက်သည်က အေးငြိမ်းမှုတို့ ပျောက်နေသည်မှာ ဘယ်လောက်တောင်ကြာမြင့်ပြီလဲ ဟုပင်။ ရုတ်တရက် အလန့်တကြားထရင်း အတောင်တို့ ခတ်ကာ ပျံလိုက်သည်။ အတော်ဝေးဝေးသို့ ပျံပြီးနောက်လှည့်ကြည့်မိတော့ သူ စိတ်အေးသွားရသည်။ သူတော်စင် ကျန်ခဲ့ပြီဖြစ်၏။ ပတ်ဝန်းကျင်ဆီ အကဲခတ်ရင်း သူ အောက်ခြေဆီသို့ ကြည့်မိပြန်သည်။ အရာရာသည် တိတ်ဆိတ်သွားသလိုရှိ၏။ ဒါ သူလား ဟု မေးရမလောက်ပင် စမ်းချောင်းလေးမှာ ထင်နေသည့် သူ့အသွင်သည် ကြမ်းတမ်းရင့်ရော်လွန်းလှ၏။ ဟိုးအတိတ်ဆီက သူသည် အရောင်အသွေးစုံလင်လှပလွန်းသည့် လိပ်ပြာလေးဖြစ်သည်။ စမ်းချောင်းလေးမှာ သူ့ကိုယ်သူပြန်ကြည့်ရင်း လှလိုက်သည့် ငါ ဟု ကြည်နူးခဲ့ဖူးသည်။ ခုတော့ သူသည် လိပ်ပြာအိုတစ်ကောင် ဖြစ်လေပြီလား။ လိပ်ပြာအိုတစ်ကောင်နောက်ကို သူတော်စင် ဘာအကြောင်းအရာနှင့်များ လိုက်လာပါသလဲ ဟု သိချင်စိတ်တို့ ဖြစ်ထွန်းလာရသည်။ သို့သော် သူနောက်ပြန်မလှည့်ရဲ။ ဟော တွေ့ပါပြီ။
သာယာကြည်နူးဖို့ကောင်းလွန်းလှသည့် ပန်းတောကြီးဆီ အဝင်ပေါက်ဟု ခေါ်ဆိုနိုင်သည့် လမ်းဆုံလေး။ အတောင်တို့ကို ခပ်ပြင်းပြင်းခတ်လိုက်သည်။ လတ်တလော ထို ပန်းရနံ့ကို ရှုရှိုက်ဖို့ သူ့အတွက် အရေးကြီးနေပါပြီ။ သူ လမ်းဆုံလေးမှ ချိုးရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တန့်သွားရ၏။ သူ့ရှေ့တွင် အမည်းရောင်တိမ်ဆုပ်ကြီးသဖွယ် ပိတ်ရပ်နေသော သူငယ်ချင်းများ။ သူတို့၏ မျက်နှာက မာတင်းလွန်းလှ၏။ မျက်ဝန်းတို့သည် ဒေါသကို မီးတောက်အဖြစ် မှုတ်ထုတ်ပေးဟန်ရှိသည်။
“တစ်ယောက်မှ ပါမလာဘူးလား၊ ငါတို့ မျှော်နေတယ်ဆိုတာ သိရဲ့သားနဲ့”
သူ ကြောင်အအနိုင်စွာ အဖြေမပေးနိုင်ခဲ့။ သူ့ကို ပန်းတောကြီးဆီမှာ ခေတ္တ အမောဖြေခွင့်ပေးပြီးမှ မေးသင့်ပါသည်။ သူ “စိတ်ပင်ပန်းလိုက်တာ” ဟု ရေရွတ်လိုက်မိသည်။
“ငါ ပန်းတောကြီးဆီ ဝင်ပြီးရင် အဖြေပေးပါ့မယ်ကွာ ခဏ”
သူ့စကားတို့အဆုံးသတ်ထိမပြောနိုင်ပဲ ပန်းတောကြီးရှိရာသို့ သွားရန်ပြင်လိုက်သည်။ သို့သော် အမည်းရောင်တိမ်စိုင်ကြီးများက သူ့ရှေ့သို့ ကာဆီးထားပြန်သည်။
“မင်း တစ်ယောက်ယောက်ကို ခေါ်လာခဲ့ပါ ပြီးမှ ပြန်လာခဲ့”
အိုး ဒါ သူ့သူငယ်ချင်းလား။ အမိန့်သံဆန်လွန်းလှသည်။ သူ မော့်ကြည့်လိုက်မိတော့ အနီရောင်တောက်နေသည့် မျက်ဝန်းများစွာက သူ့ကို ကြည့်နေသည်။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါ တကယ်မဟုတ်ဘူး။ သူ ခေါင်းခါရင်း အနောက်ဆီသို့ သုတ်ခနဲ ပြန်လှည့်လာခဲ့သည်။ မဟုတ်ဘူး ဆိုသည့် ညည်းတွားသံများကလည်းရင်မှာပြည့်နင့်နေသည်။
--------------+++++++++++----------------
အို သူတော်စင်။ စိတ်တို့ ခေတ္တငြိမ်းချမ်းသွားသလို ထင်ရ၏။ သူ့ကို လက်ကမ်းကြိုနေသည့် သူတော်စင့် လက်ပေါ်သို့ သူ သွားနားလိုက်မိသည်။ ထိုအခိုက်မှာပင် သူတော်စင်က ဖျတ်ခနဲ သူ့ကို တခြားလက်ဖြင့် ဖမ်းဆုပ်လိုက်သည်ကိုတွေ့ရ၏။ သူ မတားနိုင်ခဲ့။ ထို့အတူ ရုန်းကန်ဖို့ရာလည်း မတတ်နိုင်ခဲ့။ ငြိမ်ငြိမ်သက်သက်ဖြင့် သူတော်စင့် လက်ဖဝါးတွင် မှိန်းနေလိုက်မိသည်။ သူ ပင်ပန်းလွန်းနေပြီမဟုတ်ပါလား။
အနည်းငယ်သက်သာလာသည်နှင့် သူတော်စင့်ဦးတည်ရာကို လက်ချောင်းများကြားမှ သူ ကြည့်လိုက်မိသည်။ ရုတ်တရက် ထိတ်ခနဲ။ သူတော်စင် ဦးတည်နေသည့် နေရာသည် ပန်းတောကြီး တည်နေရာ ဖြစ်နေသည်မဟုတ်ပါလား။ သူ အားကုန်သုံးး၍ လက်ချောင်းများကြားမှ ထွက်ဖို့ကြိုးစားလိုက်သည်။ မရ။ လုံးဝမရ။
“ သူတော်စင်”
သူ အသားကုန်ကြုံးအော်လိုက်မိသည်။ သို့သော် သူတော်စင်မရပ်။ သူ ထပ်မံချောင်းကြည့်လိုက်သည်။ သစ်ပင်များကြားမှာ သူ၏ အမည်းရောင် သူငယ်ချင်းများ။ တားမှ တားမှ ဆိုသည့် စိတ်ဖြင့် သူ အားကုန်ရုန်းသည်။ မရ။ သူတော်စင့်လက်တို့က နွေးထွေးတင်းကျပ်လွန်းလှသည်။
“ဒီလူ ဘယ်လိုရောက်လာတာလဲ”
“လိပ်ပြာလွှတ်လိုက်တာလား မသိဘူး သူ ဘာ့ကြောင့်ပါမလာတာလဲ”
“အို တစ်နေရာရာမှာ သေနေပြီ နေမှာပေါ့ ဂရုမစိုက်စမ်းပါနဲ့ ငါတို့ နောက်ထပ် လိပ်ပြာတစ်ကောင် မွေးဖို့လုပ်ထားတာ အဆင်ပြေနေပြီမဟုတ်လား နက်ဖြန်သဘက်ဆို ဒီကောင် ပိုးတုံးလုံးကို ပေါက်ထွက်လာတော့မှာပဲ”
အို…… သူက သူတို့ ဖန်တီးထားတဲ့ လိပ်ပြာတဲ့လား။ သူ နားနှစ်နှစ်ဖက်ကို ယောင်ယောင်ရမ်းရမ်း ပိတ်လိုက်မိသည်။
“ဒီလိပ်ပြာနဲ့ဆို ဘယ်နှစ်ကောင်မြောက်လဲ မှတ်မိလား ”
သူငယ်ချင်းတစ်ယောက်၏ စကားကို ပြန်ဖြေသည့် သူငယ်ချင်းတစ်ယောက်၏ အသံအကြားမှာ သူ့စိတ်တို့ မာတင်းခက်ထန်သွားရ၏။
“ဟ တကူးတက မှတ်နေစရာလိုလို့လား ငါတို့အတွက် အသွေးအသားတွေ ရှာပေးပြီး အချိန်တန်ရင် သေမယ့်အကောင်လေးတွေကိုများ”
“အင်း ဒါ့ထက် ပန်းတောဘက်ကို ကလေးတွေ မသွားစေနဲ့ သေချာ သတိပေးထား ကြားလား ဒါ လိပ်ပြာတွေအတွက် သီးသန့်ထောင်ချောက်”
ထောင်ချောက်။ ထောင်ချောက်တဲ့။ မွေးကတည်းက ပိတ်မိနေတဲ့ ထောင်ချောက် တဲ့။ အိုး အနံ့။ သွေးနံ့တွေ ရနေပြီ။ ဒါဆို သူတို့ သူတော်စင့်လက်ခြေတွေကို ကိုက်ခဲနေပြီပေါ့။ သူ တားမရနိုင်စွာ ခြေတို့လက်တို့ တွန်းကန်လိုက်တော့ သူတော်စင့်လက်မှ လွတ်မြောက်သွား၏။ သူတော်စင်ကတော့ သူ့လက်သူ့ခြေမှ ခြင်များကို အလေးမထားဟန်နှင့် လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို ရှာနေသလို ရှိသည်။ ထို့နောက် သူတော်စင် လက်ထုတ်လိုက်ကာ တစ်စုံတစ်ခုကို ပန်းတောကြီးသို့ ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ဆီသို့ လက်ကမ်းလာပြန်သည်။ သူ သူငယ်ချင်းများကို လှမ်းကြည့်လိုက်တော့ သူ့ကို တစ်စုံတစ်ရာမျှ အလေးမထားသည့်ဟန်နှင့်။ သူတော်စင်နှင့် လိုက်သွားဖို့ သူ ဆုံးဖြတ်လိုက်သည်။
ရုတ်တရက် မွှေးရနံ့များ သင်းပျံ့လာသလိုရှိသည်။ ထိုမွှေးရနံ့နှင့်အတူ မီးခိုးစော်ဆန်သော အနံ့များပါ နှာခေါင်းတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည်။ အရှေ့ဆီသို့ကြည့်လိုက်တော့ သူ့့သူငယ်ချင်းများက အမည်းရောင်တိမ်စိုင်ကြီးသဖွယ် အုပ်စုဖွဲ့ကာ သစ်ပင်များကြားသို့ ရုတ်ခနဲ ပြေးဝင်သွားကြသည်ကို တွေ့ရ၏။ သူသင်္ကာမကင်းစွာ အနောက်သို့ လှည့်ကြည့်လိုက်တော့တဟုန်းဟုန်းတောက်နေသောမီးညွန့်များဖြင့် ပန်းတောကြီး။ သူ ပျော်ရွှင်ခြင်းလား၊ ကြည်နူးခြင်းလား မကွဲပြားသည့် ခံစားချက်ဖြင့် ပြုံးလိုက်မိသည်။ ထို့အတူ..သူတော်စင့်နောက်သို့ တဟုန်ထိုး အပြေးလိုက် လိုက်မိတော့၏။
“သုံးယောက်ဆို တော်ပါပြီကွာ ကတိပေးတယ် သုံးယောက်ပြီးရင် မင်း ရှာမပေးနဲ့တော့နော်”
ထိုအချိန်တွင် ကတိပေးသံကို ရုတ်တရက် ကြားသယောင်ရှိ၏။ သူ ကျေနပ်ပြုံးပြုံးလိုက်မိသည်။ သူက ကတိဖျက်ခဲ့သည်လား၊ ပျက်ခဲ့သည်လား သေချာစရာမလိုတော့ပါ။ သူဆိုသည်က သူငယ်ချင်းများ၏ ကစားစရာ အရုပ်ကလေးသာသာ မဟုတ်လား။
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment