Tuesday, February 18, 2025

မမဒိုင်ယာရီ

 “မမဒိုင်ယာရီ”


တစ်ခန်းလုံးအမှောင်ချထားပေမယ့် ဖွင့်ထားတဲ့ ပြတင်းပေါက်က ၀င်လာတဲ့ အလင်းသဲ့သဲ့ဟာ ဒိုင်ယာရီစာအုပ်ဆီ ဖြာကျနေတယ်။ အရှေ့ဆုံးစာမျက်နှာမှာ ရေးထိုးထားတဲ့ အမည်နာမတစ်ခုရှိသလို ဘယ်တော့မှ အဆုံးသတ်မိမှာမဟုတ်တဲ့စာမျက်နှာမှာတော့ ဘယ်တော့မှ ရေးထိုးမှာမဟုတ်တဲ့ တခြားနာမည်တစ်ခုပဲ ရှိပါလိမ့်မယ်။
‘….’
‘…..’
တိတ်ဆိတ်မှုပဲကြီးစိုးနေတယ် ဆိုတဲ့အကြောင်း ဒိုင်ယာရီမှာ ချမရေးတော့ဘဲ ဘောပင်ကို အဖုံးပိတ်ပြီး စားပွဲပေါ်ကို ရှင်းလိုက်တယ်။ တကယ်ဆို တချို့နေ့စွဲတွေက မဖြစ်မနေ ဒိုင်ယာရီထဲမှာ ထည့်မှတ်ဖို့မှ မလိုဘဲလေ။ ဒါပေမယ့်လည်း တချိ့နေ့ရက်တွေက ဒိုင်ယာရီထဲမပါလဲ နှလုံးသားမှတ်ဥာဏ်ထဲမှာ ကျန်ခဲ့တာပါပဲ။ ဥပမာ မမ နဲ့ စတွေ့ခဲ့တဲ့ နေ့စွဲလိုပေါ့။
အဲဒီနေ့က မှတ်မှတ်ရရ ဇွန်လလယ် ဖြစ်ပြီး မိုးမရွာခဲ့ဘူး။ ပြီးတော့ ကျွန်တော့်မှာ ထီးပါခဲ့တယ်။ အအေးဆိုင်အ၀င်အထွက်မှာ တိုက်မိတဲ့ လူနှစ်ယောက်ရဲ့ အကွာအဝေး။ အဲဒီလောက်ပါပဲ။ မမနဲ့ ကျွန်တော် အဲဒီနေ့က အဲဒီလိုထက်ပို မရင်းနှီးခဲ့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အားနာပြုံးပြုံးပြရုံ၊ ပြီးတော့ တစ်ယောက် မျက်နှာကိုတစ်ယောက်က ဖျတ်ခနဲ စေ့စေ့ကြည့်လိုက်ရုံလောက်ပါပဲ။
မမကော ကျွန်တော်ပါ ခဏတွေ့ရုံနဲ့ သိပ်သိသာထင်ရှားတတ်တဲ့အမျိုးအစားထဲမှ မပါ၀င်ခဲ့တာပဲလေ။


()
‘သြော်’
သိစိတ်ရဲ့ နှုတ်ဆက်မှုဖြစ်တဲ့ သြော်ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ မမနဲ့ ကျွန်တော် မျက်နှာချင်းဆိုင်ဖြစ်တော့ ဒုတိယတွေ့ဆုံမှုပေါ့။ အဲဒီနေ့က မမ စကတ်အပြာလေး၀တ်လို့၊ ဘယ်ဖုံးဘလောက်စ်အပြာလေး နဲ့ နှုတ်ခမ်းသားနီနီလေး။ ဘာကြောင့်မှန်းမသိပေမယ့် အဲဒီနေ့က မမ ကျွန်တော့်မျက်လုံးထဲမှာ အရမ်းလှနေခဲ့တယ်။ မမ က ပရဟိတအသင်းရဲ့ လုပ်အားပေးတဲ့။ ကလေးငယ်များနဲ့အတူ ထပ်တူငိုကြွေးသူ တဲ့။ ပြီးတော့လေ မမ က စာအုပ်တွေကို သိပ်ချစ်တယ် တဲ့။
မိဘမဲ့ ကလေးကျောင်းက အလှုမှာ ကျွန်တော် စစုဆောင်းမိခဲ့တဲ့ မမရဲ့ အချက်အလက်လေးတွေ ပေါ့။ ဒါတွေ ဒိုင်ယာရီ ထဲ ထည့်မှတ်မရေးခဲ့ပါဘူး။ ကျွန်တော့်မှာ အနာဦး ရှိနေခဲ့မှတော့ မမရဲ့ နာမည်ကို ဒုတိယအနာ ဖြစ်မှာစိုးစိတ်နဲ့ ချမရေးဖြစ်ခဲ့ဘူး။
စိတ်ကူးထဲ၊ အိပ်မက်ထဲ ထည့်မက်ထည့်တွေးမိရုံလောက်ပါပဲ။ လေတိုက်တော့ လှုပ်ခါသွားတဲ့ သစ်ရွက်လေးလို၊ လေအတိုက်မှာ ခဏလောက်တော့ ရူးမိတာပေါ့ မမရယ်။
()
‘မှတ်မိပါတယ်’
သိပ်နားထောင်လို့ကောင်းတဲ့ အသံချိုအေးအေးလေးပဲ။ မှတ်မိပါတယ် ဆိုတဲ့ ၀န်ခံသံလေးကြားတော့ မှတ်မိကြောင်း ၀န်မခံမိတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းလားမုန်းမိရဲ့။ အဲဒီနေ့က မမနဲ့ ကျွန်တော်ဟာ ယုံကြည်မှုကို ကိုးကွယ်ရာလူထုဆီ ခေတ္တအလည်ရောက်သွားခဲ့ကြ။ အားမာန်ပြင်းပြင်းနဲ့ ရေရွတ်ကြတဲ့ ကဗျာပွဲရဲ့ အသက်ရှုသံကို နားဆင်ခဲ့ကြ။ သြော် မမက စာရေးခြင်းကို ဝါသနာပါတဲ့ စာရေးဆရာမ တဲ့လေ။ ကျွန်တော်ကတော့ ကချော်ကချွတ် ဟိုမရောက်ဒီမရောက်ကလေးပါ မမရယ်။
‘မမက စာရေးဆရာမဆို ကဗျာတွေကို ဘာလို့ လက်ခုပ်တီးကြိုဆိုရတာလဲ’
ကျွန်တော့်အမေးစကားကို မမ ပြုံးရုံကလွဲလို့ ဘာစကားမှမဖြေခဲ့ဘူးပဲ။ ကဗျာတွေ မရေးသူတစ်ယောက်က ကဗျာတွေကို လက်ခုပ်တီးတယ်ဆိုတာ အမှန်အတိုင်းပြောရရင် မမဆီမှာ ကျွန်တော်သဘောမကျတာ ဒီတစ်ချက်ပဲပေါ့။
ကျွန်တော်က ကဗျာ ချစ်သူဖြစ်သလို ကဗျာရေးသူဆိုတော့ နည်နည်းအစွန်းရောက်တယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။
ဒါက တတိယမြောက်တွေ့ဆုံခြင်း။
()
မနေနိုင်မထိုင်နိုင် ဒိုင်ယာရီထဲ နာမည်ချရေးမိတဲ့နေ့ပေါ့။ အဲဒီနေ့က မမ စံပယ်ပန်းလေးပန်ခဲ့တယ်။ ပြီးတော့ အဖြူရောင်ရင်ဖုံးပေါ်မှာ မရမ်းရောင်ပန်းခက်လေးသွယ်လို့။ မရမ်းရောင်ချိတ်လုံချည်လေးနဲ့။ မမဟာ အဲဒီနေ့က စံပယ်ပန်ခဲ့ပြီး မရမ်းရောင်နဲ့လိုက်ဖက်အောင် အထက်စီးဆန်ခဲ့တယ်။
‘..’
‘….’
‘…’
မမတို့ရဲ့ ပဋိပက္ခမှာ ဘယ်သူမှားပြီး ဘယ်သူမှန်ခဲ့တာလဲမသိခင် မမရဲ့လက်ဝါးတွေ အဲဒီကောင်လေးပါးပြင်ထက်ကျခဲ့တာကို ကျွန်တော် တားခဲ့မိတယ် မမ။
‘ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလိုနေပါ’
ခပ်တင်းတင်းဆိုတဲ့ မမရဲ့စကားသံက မာကြောသံအဆင့်မှာ ကျွန်တော် ကြက်သေသေနေတုန်းမှာပဲ အဲဒီကောင်လေး ထွက်သွားခဲ့ပြီ။
‘မမ နဲ့ ဘာမှမတော်ဘူး ဒီတိုင်းလာနှောက်ယှက်နေလို့ ရိုက်ပစ်ချင်တာ မောင်ရဲက ဘာလို့ရောက်လာမှန်းမသိဘူး’
ကျွန်တော့်ကို ချော့ဟန်ပေါက်တဲ့ မမရဲ့စကားသံက ခုချိန်ထိ ဒိုင်ယာရီမှာ ကျန်နေသေးတယ် မမ။ ယောက်ျားတစ်ယောက်ရဲ့ မာနဲ့ ဒေါသဟာ သိပ်ပြင်းထန်လာရင် အဆိပ်ပဲ မမရဲ့။ မမကို အဆိပ်ထိမှာစိုးလို့ပါကွယ်။ ကျွန်တော့်စေတနာကို နားလည်စေချင်လို့ပါ။
အနာဦး ကို ရံဖန်ရံခါ နာကြည်းခြင်းနဲ့ သတိရမိစိတ်တွေဟာ ခုတော့ ပျောက်တစ်ခါရှတစ်လှည့်။ စားလည်း မမ၊ သွားလည်းမမ၊ အချိန်နာရီတိုင်း မမသာ စိုးမိုးနေပြန်တယ်။
စာအုပ်တွေကို ချစ်မြတ်နိုးသူ မမဟာ ယောက်ျားတွေရဲ့ အဆိပ်ကို သိပ်အထင်သေးတာ ဆိုးတာပဲ။ အဲဒီနေ့က မမအတွက် ဒိုင်ယာရီမှာ ဒီလို ရေးမှတ်ခဲ့။
‘သိပ်ဆိုးတဲ့ လူဆိုးမလေး ပဲ’ လို့လေ။
()
စိတ်ထင်ရာ နေတတ်ထိုင်တတ်တဲ့ ကျွန်တော့်မှာ အလုပ်ဆိုတာက ရှိတလှည့်မရှိတလှည့်၊ အိမ်ထောက်ပံ့အားနဲ့ ၀မ်း၀ခါးလှလို့ ဘ၀မပျက်ပေမယ့် ကိုယ်ပိုင်အသုံးစရိတ်က တိုရေရှားရေ နိုင်လှရဲ့။
မမရဲ့ မွေးနေ့ ဆိုတာလေး ရောက်မလာခင်ထိပေါ့။
မမရဲ့ မွေးနေ့လေး ကို ဒိုင်ယာရီမှာ တိတ်တိတ်လေးမှတ်လို့ ပေးချင်တဲ့ လက်ဆောင်လေးကိုတွေးပြီး စိတ်ကူးနဲ့ရူးရတာ ကျွန်တော့်အတွက် ပျော်စရာအကောင်းဆုံးနေ့တွေ ဖြစ်ကြောင်း မမတစ်ယောက်တော့ သိလိမ့်မယ်မထင်ဘူး။ အဲဒီနေ့ကစလို့ ကျွန်တော်ဟာ စာပေတိုက်တစ်တိုက်ဆီမှာ အကျဉ်းသားတစ်ယောက်အဖြစ်ဆင်းသက်လို့ မမအတွက် ကြိုးစားခဲ့တယ် ဆိုပါစို့မမရယ်။
တကယ်က အဲဒီအနာဦး ဘယ်အချိန်ကတည်းက ပြိုပျက်သွားမှန်းမသိခဲ့။ ပြီးတော့ အနာဦးဟာ အနာဦး ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း သတိတရတောင် မတွေးမိခဲ့။ အနာဦးဟာ အလိုလို မှေးမှိန်ပျောက်ကွယ်ခဲ့ပါတယ် မမကျေးဇူးနဲ့။
မထင်မှတ်ဘဲနဲ့ မမက ကျွန်တော့်အတွက် မြည်သံစွဲလင်္ကာလေးဖြစ်ခဲ့တယ်။ မမက ကျွန်တော့်အတွက် တိုင်တည်ဖေါ်တေးလေးဖြစ်ခဲ့တယ်။ မမက ကျွန်တော့်အတွက် အိပ်မက်ဦးလေးဖြစ်လာခဲ့တယ်။
အိပ်မက်ထဲမှာပေါ့….။
တစ်ချိန်တုန်းကတော့ အိပ်မက်ဖေါ်လေးတစ်ယောက်ဟာ သူ့အနာဂတ်အတွက် ကျွန်တော့်အိပ်မက်ကို နင်းချေသွားဖူး၊ တစ်ချိန်တုန်းက အိပ်မက်ဖေါ်လေးက သူ့ဘ၀အတွက် ကျွန်တော့် နှလုံးသားဆီ ဓါးနဲ့ကမ်းဖူး၊ အခုတော့ အနာဦးလေးဟာ ကျွန်တော့်ရဲ့ တစ်ချိန်တုန်းက အိပ်မက်ဖေါ်။
()
အဲဒီနေ့က မမရဲ့ မွေးနေ့မဟုတ်ခဲ့ရင်၊ ဒါမှမဟုတ်၊ အဲဒီနေ့မှာ မမဆီအရောက်မလာဖြစ်ခဲ့ရင်၊ အဲဒီနေ့ဟာ မမမွေးနေ့လို့ ကျွန်တော်သာ အမှတ်မထားမိခဲ့ရင် ကျွန်တော့်နေ့ရက်တွေ အရင်လိုပဲ အထီးကျန်ဆန်နေပေမယ့် သိပ်ခမ်းနားနေဦးမှာပါ မမ။ ခုတော့ ကျွန်တော်က ကျွန်တော့်သေတွင်းကို တူးခဲ့မိပြီ။
အနာဦး နဲ့ မမ ဟာ သိပ်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ ဆိုရင် မမ ကျွန်တော့်အနားရောက်ရှိလာခဲ့ခြင်းဟာ တိုက်ဆိုင်မှုတစ်ခုလား။ ဘုရားသခင်ထံတီးတိုးတောင်းဆိုကြည့်ရအောင်ကလည်း ကျွန်တော်က ခရစ်ယာန်မဟုတ်ခဲ့။ အရှိဝါဒကိုပဲ လက်ခံတဲ့နောက် အနာဦးရဲ့ စကားလုံးများ သွတ်သွင်းရာ မမ နားပါးပါးလေးဆီ ဘယ်လိုစကားလုံးနဲ့မှ သံတော်ဦးမတင်ဖြစ်တော့ဘူး။
မုန်းလိုက မုန်းပါစေ။
ဖြစ်လိုက ဖြစ်ပါစေ။
ရှိလိုက ရှိပါစေ။
()
ပိတ်သိမ်းထားတဲ့ ဒိုင်ယာရီထဲ မမတို့မွေးနေ့ဆီက မမရဲ့ ပြုံးပျော်မြူးနေတဲ့ ပုံလေးတွေ ပါတယ်။ သိစိတ်နဲ့မေ့လို့ မသိစိတ်နဲ့ တမ်းတထားတဲ့ မမရဲ့ စကားလုံးအကြောင်းအရာတွေပါတယ်။ ပြီးတော့ မမ သိပ်မုန်းတီးခဲ့တဲ့ ကျွန်တော့်မျက်လုံးတွေ ပါတယ်။
အဲင်္ဒီနေ့က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါပဲ။ အနာဦးနဲ့ ကျွန်တော့်အကြား က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကလည်း လျှို့ဝှက်ချက်ပဲ။

အရာရာ…….ပိတ်သိမ်းသင့်ပေမယ့် မပိတ်သိမ်းသေးတဲ့ ဒိုင်ယာရီ။ တစ်နေ့နေ့ မမသိလာမယ်ဆိုရင် အရာအားလုံးနောက်ကျနေပြီထင်ပါရဲ့။
()
‘ထောက်’
စားပွဲပေါ်က လွတ်ကျလာတဲ့ ဘောပင်လေးမှာ အဖုံးပါမလာဘူး။ စားပွဲထက်က အသံတွေက တစ်ခုခုအိုင်ထွန်းသွားသလိုလိုနဲ့။ ကျေးဇူးပြုပြီး ကုတင်ထက်က တစက်စက်ကျနေတဲ့ သွေးစက်တွေကို မြစ်ဖျားမခံပါနဲ့။
ဖြစ်လိုရာ ဖြစ်နေပါစေ။

ရည်ဝေ(လင်းရောင်ခြည်) 

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...