Tuesday, February 18, 2025

တောဟု မမည်ငြား


 (၁)

 ဝေးနေသည်။ တိတ်ဆိတ်မှုတွေ ဝေးနေသည်။ လူအုပ်စု တစ်စုချင်းစီဆီမှ ပေါင်းစပ်ထွက်ပေါ်လာသည့် အသံများသည် ချိန်သားကိုက်ပေါက်ကွဲပျက်စီးနေသည့်အလား နားဝတွင် သွေးတို့လျှံကျစေ၏။ သစ်ပင်တို့ရှိသည်။ သာယာစွာတိုက်ခတ်နေသော လေနုအေးတို့ရှိသည်။ သို့သော် တောကား တောမမည်တော့။

တော သည် အစဉ်အမြဲလူသံကင်းမဲ့နေရမည် ဟု မည်သည့်တရားရှင်မျှ မပြောကြားခဲ့။ တောသည် အစဉ်အမြဲ အေးငြိမ်းနေရမည် ဟု မည်သည့်တရားရှင်မျှ မပြောကြားခဲ့။ လက်ချောင်းများသည်ပင် တစ်စုံတစ်ခုသောအခြေအနေ၌ အတိုအရှည်ညီပေ၏။ တောသည်လည်း တစ်စုံတစ်ခုသော အခြေအနေကြောင့် ငြိမ်သက်တိတ်ဆိတ်မှုမရှိခြင်းငှာ ဖြစ်နိုင်စွမ်းပေ၏။ ငြိမ့်ငြိမ့်သက်သက်တိုက်ခတ်နေသော လေပြေသည် အေးသလားပူသလား ခွဲခြားဖို့ခက်လှ၏။ လေပြေမှန်သမျှ အေးငြိမ်းသည်ဟု မည်သူမျှ မပြောကြားခဲ့။ လက်ရှိပတ်ဝန်းကျင်အနေအထားသည် စိတ်အပူများဖြင့် မီးတို့အလျှံတညီးညီးတောက်လောင်နေသကဲ့သို့ရှိသည်။ တောသည် တောမမည်၍ဘဲ အပူသည် ကြီးမားပြန့်ကားစွာ လောင်မြိုက်နေသလောဟု တွေးစရာဖြစ်လာ၏။

 အဘယ့်ကြောင့်ဆိုသော် သူရောက်နေသည့် တောသည် လူ တော ဖြစ်ချေသည်။


 (၂)

 လက်ဝါးများကို ဖြန့်၍ မီးအလင်းရောင်အောက်တွင် ဖြန့်ကာ နံရံထက်ရှိ အရိပ်ကိုကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လက်ချောင်းများက ပြန့်ကားလျှက် အတိုအရှည်မညီကြ။ ထို့နောက်အရိပ်ကိုကြည့်၍ လက်ကို မျိုးစုံလှုပ်ရှားမိပြန်သည်။ လိုချင်သည့်အရိပ်အရောက်မှာတော့ သူ ရပ်လိုက်သည်။

အမှန်ပင် လက်ချောင်းများသည် အတိုအရှည်ညီလျှက်၊ အရွယ်အစားညီလျှက်ရှိသည်။ သို့သော်အရိပ်များ ဖြစ်သည်။ ပြင်ပရှိ လက်ချောင်းများတော့ ထိုကဲ့သို့ အရိပ်တွင် အရွယ်အစားညီစေရန် ကော့သည့်လက်ကကော့လျှက်၊ လိန်ထားသည့်လက် လိန်ထားရလျှက် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ။

သို့ဆိုလျှင် လက်ချောင်းတောင် အတိုအရှည်မညီဘူး ဟု ဆိုသည့်စကားကို ပြန်လှန်တွန်းလှန်၍ရပြီဖြစ်၏။ ဟုတ်သည်။ မွေးကတည်းက မပါလာသော လက်ချောင်းများကို အရွယ်အစားညှိ၍မရသလို ယခုကဲ့သို့ အရိပ်များမှန်နေခြင်းကိုလည်း အမှားဟု ဆို၍ မရ။

 သို့ဆိုလျှင်ဖြင့် ဤကမ္ဘာလောကကြီးဝယ် အတု တို့မှန်ဖို့ အစစ်များ လိမ်ညာပေးနေရသလော ဟု မေးစရာဖြစ်လာသည်။ ထို့အတွက်ကြောင့်ပင်…

 ကိုယ့်ယုံကြည်မှုကို ကိုယ်ပြန်ဆန်းစစ်ဖို့ သူ မရဲဝံ့။

 (၃)

 အခြေအနေ သုံးမျိုးရှိသည် ဟု ဆိုကြပါစို့။ ငယ်စဉ်ဘဝက မျက်လုံးထဲတွင် မိဘနှစ်ပါးသည် သူရဲကောင်းဖြစ်ခဲ့ဖူးသည်။ အခြေအနေ ၁ ဟု ဆိုကြပါစို့။ အခြေအနေ ၂ အရ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့်ပင် အမှန်တရားတချို့ကြောင့် မိဘနှင့်သားသမီး ဆက်နွယ်မှုကို လက်ခံပြီး မိဘနှစ်ပါးသည် ကိုယ့်အုပ်ထိန်းသူ ဟု လက်ခံခဲ့ကြသည် ဆိုပါစို့။ အခြေအနေ ၃ အရ မိဘ သည် ကိုယ့်တာဝန်ဝတ္တရားဟု သတ်မှတ်၍ မိဘ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြသည် ဟုပဲ ဆိုကြပါစို့။

 ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များအရ ယုံကြည်သက်ဝင်ခဲ့မှုများသည် အခြေအနေနှင့်အချိန်အခါကို မူတည်၍ ပြောင်းလဲသွားကြသည်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် မဆန်းစစ်သမျှ ပြန်လည်တွေ့ရှိနိုင်မည်ဟု သူ မထင်ပါ။ တချို့သောအကြောင်းအရာများသည် ဖြစ်ချိန်တန်သော အကြောင်းအရာများကြောင့် ဖြစ်ခဲ့၍ တချို့သော အကြောင်းအရာများသည် တွန်းပို့ခံခဲ့ရခြင်းသာ ဖြစ်သည်။ တစ်စုံတစ်ရာကို ယုံကြည်ကိုးကွယ်မှု၌ မျက်စိမှိတ်ကိုးကွယ်ဖို့ သူ အလိုမရှိပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ထက် အမှန်တကယ် သက်ဝင်ယုံကြည်၍သာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ သူ မပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဘဝ၌ ကိုးကွယ်မှုမျိုးစုံကို လူတိုင်းရွေးချယ်ခဲ့ဖူးကြသလို သူကိုယ်တိုင်လည်း ရွေးချယ်ခဲ့ဖူးသည်။

 အဆုံးသတ်၌ သူရွေးချယ်ခဲ့သည့် အမှန်တရားမှာ ငွေကြေးသာ ဖြစ်ကြောင်း မမေ့မလျော့ သူ မှတ်မိနေပါသည်။ ထို့အတူ ငွေကြေး၏ သစ္စာရှိမှုကိုလည်း သူ ယုံကြည်ခဲ့ကြောင်းကိုတော့ နှလုံးသားတွင် ကမ္ဗည်းထိုးထားပါသည်။

 (၄)

 လူပီပီသသ လူတော၌ မနေချင်သူ သူ့အတွက် ခမ်းနားကြီးမြတ်သည်ဟု ထင်ခဲ့ဖူးသော နေရာသို့ မရောက်ရောက်အောင်သွားခဲ့ဖူးသည်ဟု ဆိုလျှင် ရယ်ကောင်းရယ်နိုင်ပါသည်။ သို့သော် အမှန်တကယ်ပင် သူ သွားခဲ့ဖူးပါသည်။ နှလုံးသား၊ အချိန်၊ ငွေကြေး အစစအရာရာ ရင်း၍ သူသွားခဲ့ဖူးပါသည်။

 သို့သော် ခမ်းနားကြီးမြတ်သော ထိုဌာနေသည် လူပီသ သူများထက် ပို၍ လူပီသနေချေသည်။ လူပီသသူများက ငွေငတ်သည်။ ထိုသူများကား သိက္ခာငတ်ကြပေသည်။ တချို့တချို့သော သူများကား ငွေကော၊ သိက္ခာပါ ငတ်ကြလေသည်။

 သူကဲ့သို့ လူမပီသသေးသူများသည် ထိုဌာနေသို့ မရောက်ရောက်အောင် သွားကြသည်။ သွားလိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဌာနေသည် လူမွန်လူမြတ်ပီသစေသော နေရာတစ်ခုဟု ထင်မြင်ကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုဌာနေသည်ကား သူကဲ့သို့ လူမပီသသေးများအား လက်ကမ်းကြိုဖို့ရာ မဝံ့ရဲကြ။ ထိုနေရာသည် နာမည်စာလုံးများကို မှန်ဘောင်သွင်း၍ အရိပ်အောက်၌ စားပွဲတစ်လုံးထားကာ လာသမျှ လူမပီသသေးသူများအား လက်စတုံးသတ်ဖြတ်ဖို့ ကြံသည့် ဌာနေကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတွင် နာမည်စာလုံးကို မှန်ဘောင်သွင်းခွင့်ရသူများအဖို့ ထိုဌာနေ၏သတ်မှတ်ချက်ပြည့်မီစေရန် တချို့သော လူညွန့်များကို တုံးစေသည်။ တချို့သော လူညွန့်များကို နိုးထစေသည်။

 တချို့သော သူများကား သူကဲ့သို့ လူမပီသသေးများကို လက်ကမ်းကြိုဆိုကြပါသည်။ လူတောတွင်ကျင်လည်ရန် နည်းလမ်းကောင်းများပေးကြသည်။ သို့သော ်လူနည်းစုပင် ဖြစ်၏။ 

 လူယုတ်မာများကြီးစိုးသောဌာနေကို လူနည်းစုတစ်စုကို ယုံကြည်၍ ဆက်လက်မကိုးကွယ်နိုင်တော့သည့်အခါ ရွေးချယ်မှုတစ်ခုကို သူ ပြုလုပ်ရတော့သည်။

 ယခုတော့ သူ့သက်ဝင်ယုံကြည်ရာဌာနေတစ်ခုကို သူကိုယ်တိုင်ပင် သတ်ဖြတ်လိုက်ပြီဖြစ်သည်။ တချို့သော အမှားတို့သည် မှားမှန်းသိလျှင် ပြင်ဖို့ ရဲဝံ့သင့်သည် မဟုတ်ပါလား။

 အမှားဟု သိလိုက်သည့်အချိန်တိုင်းသည် ပြင်ဆင်ဖို့အကောင်းဆုံး အချိန် ဖြစ်သည်ဟု သူ လက်ခံထား၏။

(၅)

အမှန်ပင် သူ၏အဆုံးသတ်ရွေးချယ်မှုသည် သစ္စာမပျက်သော ငွေကြေးတို့ ပျော်ရွှင်ရာဌာနေတစ်ခု ဟု ရဲရဲဝံ့ဝံ့ ဝန်ခံချင်ပါသည်။ တချို့သော သက်ဝင်ယုံကြည်မှုများကို သူကိုယ်တိုင် ခုတ်ဖြတ်ပစ်ခဲ့ကြောင်းကိုတော့ ဤလူတောတွင် ထုတ်မပြောတော့။

နားတွင် သွေးများ လျှံကောင်းလျှံနေနိုင်ပါသည်။ သစ်ပင်တို့ ခြောက်သယောင်းနေနိုင်ပါသည်။ စီးဆင်းနေသော စမ်းချောင်းလေးသည်ပင် ခေတ္တရပ်တန့်နေနိုင်ပါသည်။

သို့သော် သူတော်စင် ဟု အမည်တပ်၍ သူယုတ်မာများရှိသော ဌာနေထက် လူမိုက်ဟု အမည်တပ်၍ သူတော်တုများမရှိသော နေရပ်၌ သူ ပျော်အောင် နေနိုင်ပါလိမ့်မည်။ အမှန်ပင် လူတော၌ သူ ရပ်နေပါသည်။ သိန်းသန်းကဋေကုဋာချီသော ငွေကြေးများကို ရေတွက်နေကောင်း ရေတွက်နေနိုင်ပါလိမ့်မည်။ သို့တည်းမဟုတ် လူမှုအပူတောများကြားဝယ် နစ်မြုပ်ကောင်းနစ်မြုပ်နေပါလိမ့်မည်။

ဟုတ်၏။ လူမိုက်ဟု အမည်ခံ၍ လူမိုက်တို့တော၌ နေထိုင်ရခြင်းက သာ၍ မြတ်သည်မဟုတ်ပါလား။ အရိပ်တို့မှန်သလို အစစ်များလည်း မှန်ကန်ဖို့သာ သူ လိုလားပါသည်။ အမှန်ပင် သူ ဗုဒ္ဓဘာသာကို နှလုံးသားမှ သက်ဝင်ယုံကြည်ခဲ့ပါသည်။ သက်ဝင်ယုံကြည်ဆဲ လည်း ဖြစ်၏။

(၆)

အရှိကို အရှိအတိုင်း မြင်မိခဲ့သည့်အတွက် သူ တော ပြောင်းခဲ့ပါ၏။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...