Tuesday, February 18, 2025

သုညတစ်ကောင်၏ ပြောင်းလဲခြင်း ဖြစ်စဉ်


ကမ္ဘာကြီးညာသည်။ လှလှပပကြီးညာတတ်သည်။ ကျွန်တော် ကျရှုံးသည်။ ရှင်သန်ဖို့ ကြိုးစားမည်။

 သုညလေး တန်ဖိုးရှိလာတော့ အမြင့်ကိုပဲ မျှော်မိ၊ အကျနာမှာကို ကြောက်တတ်ခဲ့၏။ အရာရာကိုရှောင်ပုန်း အခွံအောက်က လိပ်လေးတစ်ကောင်လို မျက်စိသူငယ်နားသူငယ်နှင့် ရှိလက်စ တန်ဖိုးလေးကျမှာ ကြောက်တတ်ခဲ့သည်။

ဟော ကြောက်ကြောက်ရွံ့ရွံ့နှင့်သုညလေးပြုံးနေပြန်ပြီ။ ပြုံးမိပြန်ပါပြီ။

သုညတစ်ကောင်တွင် တန်ဖိုးရှိပါသလား။ ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် သုညတစ်ကောင်ဖြစ်ပါသည်။ ကျွန်တော့်တွင် သူရှိမှ ကျွန်တော်၏ တန်ဖိုးသည် အမြင့်သို့တက်လာသည်ကိုတော့ ကျွန်တော်သိသည်။ သုညတစ်ကောင်အတွက် တန်ဖိုးဆိုသည့်အရာကို မကျွမ်းကျင်မရင်းနှီးပါ။ သုည၏ တာဝန်သည် နောက်ပါးမှ ကပ်နေဖို့သာဖြစ်သည်။ သို့သော် ကျွန်တော် တစ်ကောင်တည်းနေချင်ပါသည်။ သုညလေးတစ်ကောင်တည်းရှိနေလျှင်မူ ဝလုံးဟု သတ်မှတ်ကြကာ သုညလေး၏ တန်ဖိုးသည် စာတစ်လုံးအဖြစ်သို့ ရောက်ရှိလာသည်မဟုတ်ပါလား။ သို့သော် ကျွန်တော် သုညတစ်ကောင်သာဖြစ်သည်။ 

ဝလုံး အတုအယောင်သာ ဖြစ်နေသေးသည်။



တချိန်မှာတော့ ဝလုံးလေး အစစ်အမှန်အဖြစ်သို့ ရောက်ရှိချင်ပါသည်။

(-)

သူ ကျွန်တော် နားလည်မှုတို့ တဖြည်းဖြည်းပျောက်ရှခဲ့ပြီဖြစ်၏။ သူနှင့် ကျွန်တော့်ကြား တွဲစပ်ထားသော သံယောဇဉ်တို့ကို သူကိုယ်တိုင်ဖြည်ချနေသလို ကျွန်တော်ကိုယ်တိုင်လည်း ဖြတ်ချနေပါသည်။ ကျွန်တော် လိပ်ခွံလေးထဲဝယ် ပုန်းမနေချင်တော့ပါ။ နောက်ပါးမှ ကပ်မနေချင်တော့ပါ။ ထပ်မံပြောဆိုရလျှင် ကျွန်တော်ဝလုံးလေးဖြစ်ချင်ပါသည်။ တစ်ကောင်တည်းသော သုညအဖြစ်နှင့်အတူ ဝလုံးအစစ်အမှန်ဘဝသို့ ရောက်ရှိချင်ပါသည်။

အေးဆေးငြိမ်သက်နေသော ကျွန်တော့်ဘဝကို အနည်းငယ် ပူလောင်ဆူညံခြင်းများနှင့် ကျွန်တော် နိုးထလိုက်ပါမည်။ ထိုပူလောင်ဆူညံခြင်းများနောက်ပါးမှကပ်ပါလာသော ဒဏ်ရာတို့ကိုလည်း မည်မျှပင် ကြောက်ရွံ့စေကာမူ၊ ဘယ်သူမပြု မိမိမှု ဆိုသည့်စကားအတိုင်းပင် ကျွန်တော် လက်ခံရပါမည်။ 

တခါတခါ အတိတ်ဆိုသော အရာကို ကျွန်တော် တော်တော်မုန်းပါသည်။ သူနှင့် ကျွန်တော့်ကြားဝယ် အတိတ်များစွာရှိသည်။ သူနှင့် ကျွန်တော်သာ သိသော နားလည်မှုများစွာရှိသည်။ သူနှင့် ကျွန်တော်သာ နားလည်သော ခံစားချက်များစွာရှိသည်။ သူနှင့် ကျွန်တော်သာ ပျော်ရွှင်နိုင်သော ပျော်ရွှင်မှုများစွာရှိသည်။ ယခုတော့ ထိုအတိတ်မှန်သမျှတို့ကို လွမ်းဆွတ်ဖွယ်ရာအဖြစ် သတ်မှတ်ရတော့မည်ဖြစ်၏။ အတိတ်ဝယ် အမြဲနေထိုင်ချင်၍ မရဟူသည့် စကားကို ယခုတော့ လက်တွေ့ကျကျ အသုံးချရတော့မည်ဖြစ်၏။ သို့သော် ကျွန်တော့်ကို လွမ်းဆွတ်တမ်းတစေသော ထိုအတိတ်ကို တခါတရံကျွန်တော်မုန်းပါသည်။

သူ နှင့် ကျွန်တော့် အကြားဝယ် ကာရံထားသော ကြင်နာချစ်ခင်မှုတံတိုင်းသည် မပါးလျသေးပါ။ ပို၍ထူထပ်သိပ်သည်းလာ၏။ သို့သော် သူ ကျွန်တော် ဆက်လက် ဆက်စပ်ဖို့ရာ အကြောင်းပြချက်ရှားပါးနေပြီဖြစ်သည်။ သုညလေးကို တန်ဖိုးမြှင့်ပေးခဲ့သူမှာ သူဖြစ်သည်ကို ကျွန်တော် ဘယ်သောအခါမျှ မေ့မည်မဟုတ်ပါ။ လေးစားချစ်ခင်မှုအတိုင်းအတာကိုလည်း ဘယ်သောအခါမျှ လျှော့ချမည်မဟုတ်သလို သူ့ကိုလည်း ဘယ်သောအခါမျှ အပြစ်ပြောဆိုလိမ့်မည်မဟုတ်ပါ။

သူ့နောက်ပါးမှ သုညလေးကို သူ အလွန်ချစ်ကြောင်း ကျွန်တော် ခံစားသိဖြင့် သိရှိပါသည်။ နှလုံးသားဖြင့်သိရှိပါသည်။ သို့သော် သုညလေးကို သူ့အတိုင်း ကြိုးစားစေချင်စိတ်ဖြင့် သုညလေးနှင့် သူ့အကြား နားလည်မှုတို့ ပါးလျသွားသည်ကိုတော့ သူ သိနိုင်မည်မထင်။

သုညလေး၏ ရည်မှန်းချက်သည် တစ်နေ့တွင် ဝလုံးလေးတစ်လုံးအဖြစ်သို့ရောက်ရှိရေးသာဖြစ်သည်။

(-)

ခံယူချက် မတူညီသည့်အခါ ဆိုသမျှစကားတို့သည် စေတနာတို့မည်မျှပင်ပါစေကာမူ၊ အဆုံးသတ်ဝယ် ဒေါသနှင့် ဝေဒနာတို့သာ ကျန်ခဲ့၏။ သူနှင့် ကျွန်တော်သည် ကိုယ့်ခံယူချက်ကို လွှတ်ချဖို့ တမင်ပင် မေ့လျော့ထားခဲ့သူများဖြစ်ကြောင်းကိုတော့ နှစ်ယောက်လုံး လက်ခံထားကြသည်မှာ အမှန်ပင်။ 

မိုးစက်များကြားဝယ် သူနှင့်ကျွန်တော်သည် တစ်ယောက်ကိုတစ်ယောက် ဖက်ကာငိုခဲ့သော မျက်ရည်များရှိသည်။ မိုးစက်များကြားဝယ် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို မထီမဲ့မြင်အပြုံးနှင့် အတူလျှောက်ခဲ့ဖူးသည်။ မိုးစက်များကြားဝယ် တစ်ယောက်ကိုတစ်ယောက် စောင့်မျှော်ခဲ့သည့် နေ့ရက်တို့ရှိခဲ့ဖူးသည်။ သူကြိုးစားခဲ့သမျှတို့သည် ကျွန်တော့်အတွက်ဖြစ်ကြောင်း သူထပ်ခါထပ်ခါ မပြောခဲ့သော်လည်း ကျွန်တော် နားလည်ခဲ့သည်။ သူပြောသမျှစကားတို့သည် မည်မျှပင် ဒေါသသံသင့်နေစေကာမူ ကျွန်တော့်ကောင်းကျိုးအတွက်သာ ဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့သည်။ သို့သော် ကျွန်တော်သည် သုညလေးတစ်ကောင်ဖြစ်နေသည်။ အရွယ်ရောက်သော်လည်း မရင့်ကျက်သေးသော သုညတစ်ကောင်ဖြစ်နေပါသည်။ မရင့်ကျက်သေးသူပီပီ ချင် ဆိုသည့်စကားကို မကောင်းသောအချင်းအရာမှလွဲ၍ ကောင်းသောအချင်းအရာတို့ကို စမ်းကြည့်ချင်သည်။ ကောင်းသော အကြောင်းအရာတို့ကို မြည်းကြည့်ချင်သည်။ ဝါသနာဆိုသောအရာလေးကို ပံ့ပိုးလာချင်မိသည်။

ထိုအချိန်မှစ၍ သူနှင့် ကျွန်တော့်ကြား နားလည်မှုတို့ ပါးလျသွားသည်ဟု ဆိုလျှင် မှန်လေမည်လား။

တားမြစ်သောအကြောင်းအရာတို့၌ ကောင်းသော ချင်ခြင်းတပ်မှုတို့ပါ ပါဝင်လာသည့်အခါ သုညလေး စိတ်ရှုပ်လာတော့သည်။ ထို့အပြင် ဝါသနာပါ ပါလာသည့်အခါ အရွယ်ရောက်သူတို့ ထုံးစံအတိုင်း ကလန်ကဆန်လုပ်ဖို့ကြိုးစားမိတော့၏။ ယခုတော့ သူနှင့် ကျွန်တော့်အကြား လမ်းခွဲတစ်ခု ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီဖြစ်သည်။

ထိုလမ်းခွဲလေးကိုကြည့်ရင်း မျက်ရည်ကျဖို့ ကျွန်တော် မကြိုးစားတော့ပါ။ အနန္တော အနန္တငါးပါးနှင့် နှိုင်းယှဉ်ရလောက်အောင်ပင် ကျွန်တော့်ဘဝအတွက် အရေးပါခဲ့သော သူ့အား ကျွန်တော် ထားခဲ့ပါတော့မည်။ ကျွန်တော့်ဘဝဝန်များကို မပေးလိုတော့။ ထို့အတူ ကျွန်တော်၏ စိတ်ရှုပ်စရာများကိုလည်း ရင်မဖွင့်လိုတော့။

သူနှင့် ကျွန်တော်၏ လမ်းခွဲဝယ် ပြုံးပျော်ရွှင်စွာစကားဆိုနိုင်သူများထဲတွင် သူကော ကျွန်တော်ပါ မပါဝင်ခဲ့ပါ။ ထိုလမ်းခွဲအတွက် သူသည်လည်း မျက်ရည်ကျနေမည်ဖြစ်သလို ကျွန်တော်သည်လည်း သူနှင့် ပတ်သတ်သော အတိတ်တို့ကို တမ်းတရင်း ငိုကြွေးနေမည်သာ ဖြစ်၏။ သို့သော် သူနှင့် ကျွန်တော် ပြန်လည် ဆက်စပ်ဖို့ရာ မဖြစ်နိုင်တော့။ သူနှင့်ပတ်သတ်၍ သူ့နောက်ပါးမှကပ်ပါလာမည့် အရာတချို့ကို ကျွန်တော် နားလည်မှုမပေးနိုင်တော့သလို သူသည်လည်း ထိုနည်း၎င်းပင်။

 သို့သော် သုညလေး သည် ဝလုံးလေးအဖြစ်သို့ ရောက်ရှိသွားမည့်အခါဝယ် အဦးဆုံးအသိပေးလိုသူကတော့ သူသာ ဖြစ်နေသေးသည်။ ဘဝ၏ စိတ်ရှုပ်စရာများကို ရင်မဖွင့်လိုတော့သော်လည်း ဘဝ၏ အောင်မြင်မှုအပေါင်းကို သူသိအောင် ပြောပြချင်သည်။ လမ်းခွဲဝယ် မည်မျှပင် ရပ်နေစေကာမူ ကျွန်တော့်ကို စိတ်ပူနေမည့် သူ့အတွက် ကျွန်တော် အေးချမ်းစွာ အဆင်ပြေနေပါတယ် ဟူသည့်အမှာစကားတို့ ပါးလိုသေးသည်။

 တစ်နေ့နေ့မှာတော့ သုညလေးသည် ဝလုံးလေးအဖြစ်သို့ အမှန်ပင် ရောက်ရှိရမည်။ ဒါသည် ကျွန်တော်၏ သံန္နိဌာန်ပင်ဖြစ်သည်။

(-)

 ကမ္ဘာကြီးညာသည်။ ရှင်သန်ခဲ့သော ဘဝတစ်လျှောက်လုံးဝယ် သူနှင့် ကျွန်တော့်ကြား နားလည်မှုတို့ ဘယ်သောအခါမှ ပျောက်ရှမသွားဟူသည့် ခံစားချက်များဖြင့် ယုံကြည်ချက်များဖြင့် ကျွန်တော့်ကို ညာခဲ့သည်။ ရှင်သန်ခဲ့သော ဘဝတစ်လျှောက်လုံးဝယ် ကျွန်တော့်ကို နွေးထွေးမှုမပေးသော ပတ်ဝန်းကျင်ဝယ် တစ်ယောက်တည်းသော နွေးထွေးမှုပေးသူ သူသည် ဘယ်သောအခါမျှ ခွဲခွာသွားမည်မဟုတ်ဟူသည့် ခံစားချက်များ၊ ယုံကြည်ချက်များဖြင့် ကျွန်တော့်ကိုညာခဲ့သည်။

 ကျွန်တော် ကျရှုံးပါသည်။ နားလည်မှုတို့ပျောက်ရှနေသော သူ့အသွင်ကိုကြည့်ရင်း ၊ နွေးထွေးမှုတို့ ပျောက်ဆုံးနေသော သူ့အသွင်ကိုကြည့်ရင်း ကျွန်တော် ရင်ကွဲမတက် ငိုချင်ပါသည်။ ရင်ကွဲမတက် ကျရှုံးပါသည်။ သို့သော် ကျွန်တော် ကြိုးစားမည်။ သုညလေးသည် သူမြှင့်ပေးထားသော လက်ကျန်တန်ဖိုးလေးတို့ဖြင့် ကြိုးစားနေကြောင်းနေပါသည်။ သို့သော် ဘဝအောင်မြင်ရေးထက် ဝလုံးလေးဖြစ်ဖို့ အရေးဆိုတာသာ သိလျှင်ဖြင့် သူငြိုငြင်လေဦးမည်လား။

 ကောင်းကင်ဝယ် တိမ်စိုင်တိမ်လိပ်တို့သည် အသွင်အမျိုးမျိုး ပြောင်း၍ ရွေ့လျားနေသည်။ ပုံသဏ္ဍန်တစ်ခုမှတစ်ခုသို့ပြောင်းရာတွင် သူတို့ဝယ် ကြောက်ရွံ့စိတ်များရှိလေမလား။ အညိုရောင်ခြယ်သထားသော တိမ်စိုင်တချို့ကတော့ ပုံသဏ္ဍန်မျိုးစုံပြောင်းနေရသည်ကိုပင် မြူးထူးနေဟန်နှင့် ဖျတ်ခနဲဖျတ်ခနဲ ရွေ့လျားသွားပြန်သည်။

 သုညလေး ကြောက်ရွံ့နေပါသည်။ သူ မပါသောခရီးကို လျှောက်လှမ်းဖို့ ကြောက်ရွံ့ပါသည်။ ရှင်သန်ခဲ့သောဘဝတစ်လျှောက်လုံးဝယ် နောက်ကွယ်မှ ထောက်ပံ့ပေးသော သူ မပါတော့မည့် ခရီးကို လျှောက်လှမ်းဖို့ ကြောက်ရွံ့နေပါသည်။ သို့သော် ကိုယ့်နောက်တွင် ရှိနေဦးမည့် မိဘနှစ်ပါးအတွက်၊ ကိုယ့်ခံယူချက်တစ်ခုအတွက် မျက်စိမှိတ်၍ လျှောက်လှမ်းပါတော့မည်။ ကြောက်ရွံ့စိတ်တို့ လှိုင်နေဆဲရှိသော်ငြား ရှိလက်စတန်ဖိုးလေးတို့ကို ဖြတ်ချရပါတော့မည်။ ကျွန်တော်သည် သုညလေးတစ်ကောင်သာဖြစ်ကြောင်း ကိုယ့်ကိုယ်ကို ပြန်အသိပေးရင်း သုညလေး၏ တန်ဖိုးထက် မမြင့်အောင် ကြိုးစားနေပါသည်။ ကျွန်တော်ဖြစ်ချင်သည်မှာ ဝလုံးလေးသာဖြစ်၍ ထိုအကြောင်းအရာကို သူနားလည်အောင် ကျွန်တော် ကြိုးစားမပြောတော့ပါ။ သူ့အတွက် ၊ သူဆိုသည့် ကျွန်တော်၏ အစ်မအတွက် လုပ်ရပ်နှင့်သာ သက်သေပြပါတော့မည်။

 ကျွန်တော် တန်ဖိုးရှိသော ဝလုံးလေးအဖြစ်သို့ရောက်ရှိချင်ပါသည်။ ထို့အတွက် ဝလုံးအစစ်အမှန်အဖြစ်သို့ ရောက်ရှိဖို့ ကြိုးစားပါမည်။ 


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...