ကုတ်ခြစ်နေမိသည့် သူ့လက်သည်းများကို သူပြန်ကြည့်သည်။ ရုတ်တရက် သူထိတ်လန့်သွားမိသည်။ သူကုတ်ခြစ်နေမိသည့် ဆွေးမြေ့နေသည့် သစ်သားသည် တစ်မှုန်တစ်လေတောင်မပျက်စီးပါဘဲ သူ့လက်သည်းများသည်သာ ကျိုးပဲ့လျှက်ရှိ၏။ သူက ကြောင်တစ်ကောင် ဖြစ်သည်ကတော့ သေချာပါ၏။
ဟုတ်သည်။ သူက ကြောင်တစ်ကောင်ဖြစ်သည်ဟု သူ့ကိုယ်သူ သေချာခဲ့ပါ၏။ ယခုတော့ မေးရတော့မည်ဖြစ်သည်။ ကြောင်တစ်ကောင်၏လက်သည်းသည် သစ်သားအဆွေးကိုပင် မကုတ်ခြစ်နိုင်ခဲ့ဘူးဆိုလျှင် မည်သို့သောအရာအတွက် ရှင်သန်နေခဲ့ပါသနည်းဟု။
(က)
စမ်းချောင်းထက်တွင် သစ်ရွက်များမျောနေသည်။ ထိုသစ်ရွက်များပေါ်တွင် ပုရွက်ဆိတ်များ အုံကာခဲကာ ကယ်ပါယူပါတစာစာအော်နေသည်ကို သူတွေ့ရ၏။ သူ့ခြေလှမ်းတို့ကို စမ်းချောင်းအစပ်သို့ချလိုက်သည်။ ချက်ချင်းပင် သူ့ခြေလှမ်းတို့ကို ပြန်ရုတ်လိုက်ရ၏။ သူက ကြောင်တစ်ကောင်ဖြစ်နေခဲ့သည်။ သို့သော် သူသည် ပုရွက်ဆိတ်များ၏ အသက်ကို ကယ်ခွင့်မရှိ။
(ခ)
ကျွန်းတစ်ခုပေါ်တွင် ပိတ်မိနေသည့် သူ့အတွက် ရှားပါးလာသည့် အစာရေစာနှင့်အတူ ရေပြင်ထက်ဆီသို့သာ ခဏခဏကြည့်နေမိသည်။ သူသည် ဝမ်းစာအတွက် အသက်သတ်ခဲ့သည်ကလွဲ၍ မည်သို့သောမကောင်းမှုမျိုးကိုမျှ မလုပ်ခဲ့ကြောင်း သူ ကျိန်ဆိုဝံ့ပါသည်။
ဤမှန်သော သစ္စာစကားကြောင့် ကယ်ဆယ်သူ ပေါ်ပါစေ ဟု သူ သစ္စာဆိုလိုက်မိသည်။ သစ္စာဆိုပြီးခဏ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ဖက်ကမ်းသို့ ရောက်နေခဲ့သည်မှာ အဘယ်သို့သော အကြောင်းကြောင့် ဟု သူမသိပါ။ သို့သော် သူက ကြောင်တစ်ကောင်ဖြစ်ပါသည်။ ထို့အတွက် ဝမ်းစာအတွက် ကြွက်များကို သတ်ရပေဦးမည်။
(ဂ)
သူ့ကို မသတ်ပါနှင့် ဟု တောင်းပန်နေသော ကြွက်တစ်ကောင်ကို တွေ့သည့် ခဏ သူ အံ့သြသွားရသည်။ ကြွက်ဆိုသည်ကား ဘဝပေးအသိအရပင် မည်သူ့ကိုမျှတောင်းပန်သူမဟုတ်။ ရန်သူတွေ့သည်နှင့် ပြေးတတ်သည်ချည်းသာ ဖြစ်သည်။ မတောင်းပန်ဘဲ ပြေးမည်ဆိုလျှင် ပင် ထိုကြွက် လွတ်နေလောက်ချေပြီ။
သို့သော် ထိုအသိကို သိလျှက်နှင့်ပင် ကြွက်၏တောင်းပန်သံသည် သူ့နားတွင် ပျားရည်ဆမ်းသကဲ့သို့ရှိ၏။ မသတ်စေချလျှင် ဘာလုပ်ပေးမလဲ ဟု မေးလိုက်ရသည်ကိုက သူ့ကိုယ်သူ ကေသရာဇာခြင်္သေ့မင်း ဟု အထင်ရောက်စေ၏။ ထိုကြွက်က သူ့နောက်သို့ ကြည့်ရင်း ဘာလုပ်ပေးရပေးရပါ ဟု ပြောလိုက်သည့်စကားအကြားတွင် ခေါင်းကို မော့ကာ ခြင်္သေ့ကဲ့သို့ တဝေါင်းဝေါင်း အော်ရယ်ကြည့်မိ၏။ သို့သော် တညောင်ညောင်သာ အသံထွက်လာသည်။
ခေါင်းကို ပြန်လည်ငုံ့ကာ ကြည့်လိုက်စဉ်မှာတော့ ထိုကြွက်သည် တောင်းပန်သူသည် သူမဟုတ်သည့်အလား မာန်တက်နေပေတော့၏။ ထိုအချိန်မှာပင် သူ့ကိုယ်သူ သတိထားလိုက်မိတော့ သူ့တစ်ကိုယ်လုံးတွင် ချည်မျှင်များအပြည့်ရှိနေချေပြီ။ တရားခံကို ရှာကြည့်လိုက်တော့ ထိုကြွက်၏အပေါင်းအပါကြွက်များသည် သူ့ကိုယ်ကို ချည်နှောင်ထားသည့် ချည်မျှင်များကို ကိုင်လျှက်..။
သူသည် ကြောင်တစ်ကောင် ဟုတ်ပါရဲ့လား။ ကြွက်များ၏ ခြိမ်းခြောက်မှုကို ရရှိခဲ့သည့် သူသည် ကြောင်တစ်ကောင် ဟုတ်ပါရဲ့လား။ ရုန်းထွက်၍ လွတ်မြောက်ခဲ့သည့် ချည်မျှင်များကို ငေးကြည့်နေမိသော်လည်း သူအဖြေမရ။
(ဃ)
လက်သည်းတို့ ကျိုးပျက်လျှက်ရှိနေသည့် ကြောင်အိုကြီးတစ်ကောင်သည် ဇရပ်အိုကြီးတစ်ခုတွင်နေထိုင်ပါသည်။ ပုံပြင်မဟုတ်သော၊ ဒဏ္ဍာရီမဟုတ်သော အဖြစ်မှန်ဖြစ်ပါသည်။
သို့ရာတွင် သူသည် ကြောင် အစစ်အမှန်ဟုတ်ပါရဲ့လား သူ့ကိုယ်သူမသိပါ။
သူ့အမေနှင့်အဖေကတော့ ကြောင်မျိုးနွယ်စိတ်များဖြစ်ကြောင်း သူသိပါ၏။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment