အပြင်ကကြည့်လိုက်ရင်တော့ ခြေလေးချောင်းဟာ ယိုင်နဲ့နဲ့။ အကာအရံတွေကပေါက်လိုပေါက်ပြဲလိုပြဲ။ အိမ်တော့အိမ်ပါပဲ။ ဒါပေမယ့်ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အိမ်။ အဲဒီအိမ်ထဲမှာ မှန်တစ်ချပ်မှ ရှိမနေခဲ့ဘူး။
ကိုယ့်ရုပ်ကိုယ်ကြည့်ဖို့မှန်မရှိဘူး။ အိမ်ကို အလှဆင်ဖို့ မှန်မရှိဘူး။ ပြီးတော့ ဆံပင်ဖြီးသင်ဖို့ ဘီးတစ်ချောင်းတလေ မရှိဘူး။
စားပွဲအိုလေးတစ်လုံးပေါ်မှာ ဖုန်တက်နေတဲ့စာအုပ်ပုံတစ်ပုံတော့ ရှိခဲ့တယ်။ ပြီးတော့ ရှိနေတယ်။ အိမ်ရဲ့ ထောင့်တစ်နေရာမှာတော့ သောရေအိုးစင်လေးတစ်လုံး ။
ပန်းအိုးမရှိဘူး။ ဒါပေမဲ့ အိမ်ခေါင်းရင်းမှာတော့ ဘုရားဆင်းတုတော်တစ်ဆူနဲ့ သောက်တော်ရေ တစ်ခွက်ရှိတယ်။ ပြီးတော့ ပန်းကန်ပြားတစ်ချပ်ပေါ် ခွေခွေလေး ချထားတဲ့ စံပာ်ပန်းကုံးသုံးကုံးရှိတယ်။
ပြီးတော့ ဆံပင်တွေ ဖွာလန်ကျဲနေတဲ့ လူတစ်ယောက် အိမ်ကြမ်းပြင်မှာ လဲလျောင်းနေတယ်။
သူ့ကို မြင်သမျှလူတိုင်းက အရူးလို့ သတ်မှတ်ထားကြလေရဲ့။ ဒါပေမယ့် အရူးဟာ ဘယ်သူ့ဆီကိုမှ လက်မဖြန့်ဘူး။ တောင်းမစားဘူး။ အမြဲလိုလို တိတ်တိတ်ဆိတ်ဆိတ်ပဲနေလေ့ရှိရဲ့။
အရူးဟာ သူ့ခြံထဲက အဝီစိတွင်းထဲကရေကိုခပ်ပြီး အိမ်ရှေ့ကိုမနက်တိုင်းရေဖျန်းတတ်တယ်။ မနက်ပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် သူ့ကိုနုတ်ဆက်စကားဆိုသူတွေကို သူဘယ်တော့မှပြန်ပြောလေ့မရှိဘူး။ ရုတ်စွအဆုံး မျက်လုံးတောင်လှန်မကြည့်တတ်ဘူး။
အရူးရဲ့အိမ်လေးကို လာလေ့လာကြသူတွေရှိတယ်။ ကလေးတွေလာတယ်။ ကာလသားလူငယ်တွေလာတယ်။ ဘယ်သူတွေ လာလာ အရူးဟာ သူ့ဖုန်တက်နေတဲ့စာအုပ်ပုံကို မထိသရွေ့ ဘာတစ်ခုမှ မပြောဘူး။
အရာရာလွတ်လပ်ငြိမ်းချမ်းကြပါစေ ဆိုတဲ့စကားတစ်ခွန်းကိုပဲ တတွတ်တွတ်ရွတ်လို့ အရူးဟာ မနက်နိုးထလာရင် လက်အုပ်တစ်ချက်ချီတယ်။ ညအိပ်ယာဝင်ရင် လက်အုပ်တစ်ချက်ချီတယ်။
အရူး ဟာ ဘာနဲ့စားသောက်နေမှန်းမသိတဲ့ ဒီရပ်ကွက်လေးအတွက်တော့ ပဟေဠိတစ်ခုပါပဲ။ သေချာကတော့ အရူးဟာ ဒီရပ်ကွက်လေးမှာ နေထိုင်ခဲ့တာ ဆယ်စုနှစ်ကျော်ခဲ့ပြီ။
ရပ်ကွက်ထဲကလူတွေဟာ တစ်ယောက်အိမ်တစ်ယောက် အလည်ရောက်ကြတဲ့အခါတိုင်း ဧည့်ခန်းမှာမှန်ချိတ်မထားတဲ့ အိမ်ကိုတွေ့ရင် အရူးအိမ် လို့ စနောက်တတ်ကြသည်ထိ မှန်မရှိတဲ့အရူးအိမ်လေးဟာ နာမည်ကျော်ကြားလာခဲ့တယ်။ ဒါပေမယ့် အရူးအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ကန်စွန်း ငရုတ် ခရမ်းချဉ် စတဲ့အသီးလေးတွေရဲ့နာမည်ကတော့ ပါးလျတိုးတိတ်ဆဲ။
အရူးဆီကအသီးအရွက်တွေဟာ တားမြစ်ချုပ်ချယ်မှုမရှိဘူး။ ခူးချင်သူခူးလို့ရတယ်။ စားချင်သူစားလို့ရတယ်။ အရူးရဲ့ ခြံဝင်းလေးဟာ တံခါးရှိပေမယ့် ဘယ်တော့မှ စေ့မထားဘူး။ အမြဲတမ်း ဖွင့်ထားလေရဲ့။ အမြင်မတော်က တံခါးစေ့ပေးခဲ့တောင် အရူးဟာ တံခါးကို ပြန်ဖွင့်ပေးတတ်တယ်။
အရူးရဲ့အိမ်အောက်မှာ ခွေးလေခွေးလွင့်တချို့နားတတ်တယ်။ အဲဒီအတွက် အရူးဟာ ခွက်တစ်ခုထဲ ရေအမြဲထည့်ပေးထားတတ်တယ်။
အရူးရဲ့အိမ်ဝင်းလေးဟာ အမြဲလို သန့်ရှင်းနေတတ်တယ်။ အမှိုက်သရိုက်ကင်းတယ်။ဒါပေမယ့် ဘယ်အချိန်က အရူးလှဲလိုတယ်ဆိုတာကို ဘယ်သူမှ မသိကြပြန်ဘူး။
အရူးရဲ့ ရှုပ်ပွပွဆံပင်နဲ့ဖိုသီဖက်သီနေထိုင်တတ်ပုံကို မြင်သူတိုင်းက လက်ညိုးထိုးလှောင်ကြရတာ ပျော်တယ်။ အရူးကတော့ သူ့ဟန်အတိုင်းနေမြဲနေလို့။
ဘယ်သူနဲ့မှ တကးူတကစကားမဆိုတတ်ပါဘူး။ ရံဖန်ရံခါအိမ်ပြင်ထွက်တတ်တာကလွဲလို့ပေါ့။
မှန်ရှိတဲ့အိမ်နဲ့ မှန်မရှိတဲ့အိမ်ဘာကွာသလဲဆို မှန်မရှိတဲ့အိမ်က အရူးအိမ်လို့ လူတိုင်းသိကြတယ်။ အရူးနဲ့လူကောင်း ဘာကွာသလဲဆို ဆံပင်စုတ်ဖွားနဲ့ ဖိုသီဖက်သီနေတတ်သူဟာ အရူးလို့ သိကြတယ်။
အရူးဟာအရူးဖြစ်သလား ဆိုတာကိုတော့ ဘယ်သူကမှ လိုက်ဆန်းစစ်မနေကြသလို အရူးကလည်း ဆန်းစစ်မနေပါဘူး။ ပူထုဇနောဥမ္မတကော ဆိုတဲ့စာလေးကိုသာ သူ့အိမ်မှာ မြေဖြူနဲ့ရေးထားလို့ အမှီအခိုကင်းတယ်လို့ သူယုံကြည်တဲ့ ဘဝမှာနေပျော်နေတုန်းပဲ။
သူသေဆုံးချိန်မှာ ကျန်ခဲမယ့် အိမ်အတွက်မပူသလို စာအုပ်တွေအတွက်လည်းပူမနေပါဘူး။ သည်အိမ်လေးကို ဇရပ်လို သူသဘောထားသလို လာတည်းမယ့်သူတွေအတွက် အသုံးဝင်နေမယ်ဆိုတာ သူယုံကြည်နေမိလို့ပါပဲ။
အနည်းဆုံးတော့ သူရှင်သန်နေချိန်မှာ ဘယ်သူ့မှ မမှီခိုခဲ့သလို သူသေဆုံးချ်န်မှာလည်း ဇရပ်လေးတစ်ခုတော့ ကျန်ခဲ့တယ်ဆိုတဲ့ပီတိနဲ့အရူးရဲ့အိမ်လေးဟာ အမြဲ ပွင့်မြဲပွင့်လျှက်။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment