Tuesday, February 18, 2025

“အမှောင်ငတ်သူ”


 အရောင်တွေမည်းနက်နေသည်လား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ဖုံးအုပ်ထားမှုအောက်ကျရောက်နေသည်။ 

“အရောင်တွေဆာလိုက်တာ”

ရေဆာသည်ဆိုသည့်ခံစားချက်လိုပင် သူ ယခုအရောင်တွေဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင် ….. ပိန်းပိတ်အောင် ထူထပ်နေသည့် အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက်ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစား နေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော  ….. ဒီအမည်းရောင်အုပ် ဆောင်းအောက်ကလွတ်ဖို့ ဘယ်လိုအော်ရမလဲဟု အပြင်းအထန်စဉ်းစားနေမိသည်။ 

 ငှက်ဆိုသည်မှာ ပျံရင်းသေ၊ လူဆိုသည်မှာ ကြံရင်းသေသတဲ့။  ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင် အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။



@@@@@@

“အရောင်တွေ ဆာလိုက်တာ”

ကြံစည်နေရင်းမှပင် တီးတိုးရေရွတ်မိပြန်သည်။ နေ့ခင်းအလင်းရောင် မည်သို့ရှိသနည်းဆိုသည်ကို သူ မမေ့သေးပါ။ စူးရှ ဝင်းလက်လွန်းသည့် နေ့အလင်းရောင်သည် အအိပ်မက်လွန်းသော သူ့ကိုနှိုးသည့်အတွက် ပြတင်းတွင် လိုက်ကာများထားကာ သူ တားမြစ်ခဲ့ဖူးသည်။ ယခုတော့ သူ နေအလင်းရောင်ကို တမ်းတမိနေပြီ။ နေအလင်းရောင်ကို ငတ်မွတ်မိနေပြီ။ 

 ထိုအချိန်မှာပင် ဒီချိန်မှာ တစ်စုံတစ်ယောက်ကို တွေ့ချင်ပါသလားဆိုသည့်မေးခွန်းသည် ဖျတ်ခနဲ ဦးနှောက်အတွင်းသို့ ဝင် လာ၏။ အယောင်ယောင်အယမ်းယမ်းဖြင့် သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်မိသည်။ ဗလာ …. အမည်းရောင်သာမြင်နေရသော သူ့ အတွက်တော့ သူ့လက်နှစ်ဖက်သည် ဗလာသာဖြစ်သည်။ အကယ်၍ တွေ့ဆုံမည့်သူသည်လည်း သူ့လို ဗလာသာဖြစ်နေခဲ့လျှင်ဖြင့် ကံကောင်းထောက်မလွန်း၍သာ ကြုံနိုင်ခြင်းဖြစ်ပေလိမ့်မည်။ တစ်ယောက်နှင့်တစ်ယောက် ချော်ထွက်သွားနိုင်သည့် နည်းလမ်းပေါင်း များစွာထဲမှာ ဆုံစည်းနိုင်သည့် တစ်ရာနှုန်းကို သူတို့ ဆုပ်ကိုင်နိုင်ခဲ့၍ ဖြစ်သည်။

 သို့သော် သူ မတွေ့ချင်ပါ။ ထိုသူသည်လည်း သူ့လို ဗလာဖြစ်နေခဲ့လျှင် သူ မတွေ့ချင်ပါ။ သူက အရောင်ငတ်နေသူသာ ဖြစ်သည်။ အရောင်ဆာနေသူသာဖြစ်သည်။ သူ့လို ဗလာတစ်ကောင်ကို လေကုန်ခံဖို့သက်သက်ဖြင့်တော့ သူ မတွေ့ချင်ပါ။ အကယ် ၍ ထိုသူ့မှာသာ အရောင်တစ်မျိုးမျိုးပါလာမည်ဆိုလျှင်ဖြင့် သူ တွေ့လိုပါသည်။  

 ရှေ့သို့ ဆန့်တန်းထားသော လက်နှစ်ဖက်သည် တစ်စုံတစ်ခုကိုထိခတ်သွားသလို ထင်ရ၏။ လက်ကိုအလျှင်အမြန်ပြန်ရုတ် ဖို့ ကြိုးစားလိုက်သည်။ သို့သော် မလွှတ်။ သူ့လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲထားသလို ထင်ရသည်။

 “အရောင် မင်းမှာ အရောင်ပါလား။ အရောင် ပါလာလား”

 အသက်ရှုသံပြင်းပြင်းဖြင့် အငမ်းမရမေးသံတစ်ခုကို သူ ကြားလိုက်ရသည်။ သို့သော် လူကိုမူ သူ မမြင်ရ။ သူ့လက်ကိုဆုပ် ကိုင်ထားသည့် တစ်ဖက်မှ ဗလာလူကို မမြင်နိုင်မှန်းသိရက်သူ ခေါင်းခါပြမိသည်။

 “ဟင့်အင်း မပါဘူး။ ပါမလာဘူး။ ကျွန်တော်လည်း လိုက်ရှာနေတာ”

 ရုတ်တရက် ဟိန်းထွက်လာအသံကြောင့် သူ့ ခန္ဓာကိုယ်တစ်ချက်တုန်သွားရ၏။

“မင်း ညာတာ”

“မညာဘူး။ တကယ်ပြောတာ။ တကယ်ပြောတာပါ။ ကျွန်တော် ဒီနေရာကိုဘယ်လိုရောက်နေမှန်းမသိဘူး။ ကျွန်တော်သိတာ ကတော့ ဒီနေရာကိုရောက်ကတည်းက ခုထိအရောင်ကို ကျွန်တော် မတွေ့ရသေးဘူး”

“မဖြစ်နိုင်ဘူး”

အသံတစ်သံမှ ထွက်လာခြင်းမဟုတ်ပဲ လူအများမှ မဖြစ်နိုင်ဘူးဟု တီးတိုးငြင်းဆိုလိုက်သည့် စုပေါင်းအသံထွက်လာသည်။ သူ နားမလည်။ ဘာ့ကြောင့် ထိုသို့မဖြစ်နိုင်ဟု ငြင်းဆိုကြောင်းကို အမှန်တကယ်ကို နားမလည်။

“ကျွန်တော့်ကို အရောင်တွေရှိရာ လမ်းပြပေးပါ့လား”

“မသိဘူး”

ပထမအသံမဟုတ်ပဲ အသံတစ်မျိုး ပြောင်းသွားသလိုရှိသည်။ ထို့နောက်လက်မှ အသာအယာဖယ်ခွာသွားသည်ကို ခံစား လိုက်ရသလို ရုတ်တရက် တိတ်ဆိတ်သွားပြန်၏။

“ဟေ့လူ …. ဟေ့လူ …. လမ်းပြောသွားပါဦးဗျာ။ ဟေ့လူ”

ဘာသံမျှ မကြားရတော့….. 

@@@@@@@@@

“…..…..”

ရုတ်တရက် သူ ပျော်သွားသည်။ အသံများ။ အသံများကြားနေရသည်။ မျှဉ်းမျှဉ်းလေး ရှုရှိုက်နေသည့် ဝင်သက် ထွက်သက် သံများ။ ထိုအရာတို့နောက်မှ အသာအယာစိတ်နှစ်ကာ နားထောင်ကြည့်လိုက်သည်။ မှိန်ပျပျအလင်းစတို့ကို တွေ့လိုက်ရသလို ထင် မိ၏။ သို့သော် ဖမ်းဆုပ်၍မရသေး။ သို့သော် အလင်းစမှိန်မှိန်လေးတွေ့ပြီဟူသည့်အသိဖြင့် စိတ်တွင် အနည်းငယ် အားတက်သွားသ လိုရှိ၏။ အရောင်တွေဆာနေသည့် သူ့ရင်ဝယ် အနည်းငယ် အဆာပြေသွားသလိုရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ 

“သူ ဘာ့ကြောင် အမှောင်အုပ်ဆောင်းအောက် ရောက်နေခဲ့တာလဲ။ သူ ဘာကြောင့် အလင်းပျောက်နေခဲ့တာလဲ။ သူ ဘာ ကြောင့် ဘာကြောင့်…………..အား”

 တွေးရခက်လွန်းသည့် မေးခွန်းများစွာမှဖယ်ခွါရန် သူ ပင်ပန်းတကြီး အော်လိုက်မိသည်။ သို့သော် သူကြောက်လန့်တကြား ဖြစ်သွားရသည်။ အသံ။ သူ့အသံဘယ်မှာလဲ။ သူ့အသံကို သူပြန်မကြားရ။ ဒါဆို ခုနကလူနှင့်ပြောတုန်းကဘာကြောင့်ကြားရတာလဲ။ တရစပ်မေးခွန်းများအောက် သူ အသံထွက်ကြည့်ရင်း စိုးထိတ်လာသည်။

 ကြောက်ရွံ့စိတ်ဆိုသည်မှာ ဒါကိုခေါ်သလား။ ငါ မလွတ်မြောက်နိုင်လောက်ဘူးဆိုတဲ့စိတ် အကြီးုစိုးခံလိုက်ရလေပြီလား။ အို  လူဆိုတာ ကြံရင်းသေသတဲ့။ ငါဘာ့ကြောင့် လက်လျှော့ရမှာလဲ။ စိတ်ကို ရုတ်ချည်းအားတင်းရင်း အသက်ရှုသံသဲ့သဲ့တို့ကို နားစိုက် ထောင်လိုက်သည်။ သို့သော်မကြားရ။ မြင်လိုက်ရသည့် ပြောက်ကြားအလင်းစများသည်လည်း ဘယ်အချိန်ကတည်းကပျောက်ကွယ် သွားသည်မသိ။ အရာအားလုံးသည် အမှောင်အတိဖြင့်။

“မင်း အရောင်တွေ ဆက်မရှာတော့ဘူးလား”

ခနဲ့သံဟုသတ်မှတ်နိုင်သည့်အသံဟု သူ့စိတ်တွင်းမှ သတ်မှတ်လိုက်သည်။

“ခင်ဗျားကို ကျွန်တော်က ဘာကြောင့် ပြောပြရမှာလဲ”

“အကောင်းမေးတာပါကွာ။ မင်း အရောင်စုံတဲ့ကမ္ဘာကို ပြန်သွားချင်ရင် နည်းတစ်ခုတော့ရှိတယ်“

စိတ်မှာဖျတ်ခနဲဖြစ်သွားသည်။ အရောင်စုံတဲ့ ကမ္ဘာကို ပြန်သွားချင်ရင်တဲ့။ အို သူများဆီက အကူအညီယူရမှာတဲ့လား။ ကိုယ် တိုင်လည်း လမ်းရှာနိုင်သားပဲ။ ကိုယ်မသိတဲ့ဂြိုလ်ကိုရောက်နေတဲ့ ကမ္ဘာသားတစ်ဦးဖြစ်နေလေပြီလား။ စိတ်အလျဉ်ကို ကိုယ်တိုင်မီ အောင် မလိုက်နိုင်သေးခင် နှုတ်မှမေးခွန်း မေးသွားရသည်။

“ဘယ်လိုနည်းလဲ”

“မင်းရဲ့စိတ်တစ်ခြမ်းကို သူ့ကို ကြီးစိုးခွင့်ပေးမယ်ဆိုရင် သူက မင်းကို မြေကမ္ဘာပေါ်ရောက်အောင် ကူညီပေးလိမ့်မယ်”

“ဘယ်သူတုန်း”

“မိစ္ဆာ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စိတ်တစ်ခြမ်း ဟုတ်လား။ ကိုယ့်စိတ်ကိုယ်ပိုင်တယ်လို့ ဘယ်သူပြောသလဲ။ ကျွန်တော့်စိတ်ကို ကျွန်တော် မပိုင်ဘူး။ ကျွန်တော့်နှလုံးသားနဲ့ ဦးနှောက်နဲ့ ပိုင်တာဗျ။ ဒီတော့ စိတ်တစ်ခြမ်းကိုလည်း ကြီးစိုးခွင့်မပေးနိုင်ဘူး။ အရောင် တွေရှိတဲ့ကမ္ဘာကို ကျွန်တော်ကိုယ်တိုင် လိုက်ရှာမယ် ”

ယုတ္တိမရှိဟုတွေးရင်း စိတ်တိုတိုနှင့် အော်ဟစ်ပြောဆိုလိုက်မိသည်။ ထိုလူသည် ထိုလူပြောသည့် မိစ္ဆာ၏ လက်ထောက်ပင် ဖြစ်နေနိုင်သည်ဟု စိတ်ပေါက်ပေါက်ဖြင့်တွေးကာ အမှောင်ထုမှာပင် မျက်စောင်းထိုးရင်း သူ ရှေ့ဆက်ရန်ပြင်လိုက်သည်။

 “အင်း တစ်ချိန်ကတော့ ငါလည်း မင်းလို တွေးခဲ့မိတာပေါ့။ ကိုယ်တိုင် ထွက်ပေါက်လိုက်ရှာနိုင်မယ်လို့။ ခုတော့ အရောင်စုံ တဲ့ကမ္ဘာကိုမမြင်ရတာ ဘယ်လောက်ကြာပြီလဲ။ ငါမသိဘူး။ ငါကိုယ်တိုင်လည်း ပြန်ထွက်သွားလို့ မရတော့ဘူး။ မိစ္ဆာက သူ့ဆီကို ရောက်လာတဲ့လူတိုင်းကို အချိန်တစ်ခုထိ သတ်မှတ်ပေးထားတာ ငါက သတ်မှတ်ချိန်စေ့သွားတဲ့သူပါကွာ”

 တိတ်ဆိတ်ခြင်းနှင့် ဆွံ့အခြင်းရောနေသည့်အသံကို နားထောင်ရင်း သူ မေးခွန်းတစ်ခုကို သတိရလာသည်။

“ခဏ ခဏ ကျွန်တော်မေးစရာရှိသေးတယ်”

“မေးလေ”

“ခင်ဗျားနဲ့ပြောရင် ကျွန်တော့်အသံကိုကြားရပြီးတော့ ကျွန်တော့်ဘာသာကျွန်တော် အော်ကြည့်ပြောကြည့်တာ ဘာလို့ မကြားရတာလဲ”

“ဘယ်ကြားရမလဲ။ မင်းနဲ့ငါနဲ့ပြောတုန်းက ငါက မင်းရဲ့ဘေးနားမှာ ပဲ့တင်သံအဖြစ် ပြန်လာဖို့ကြားခံနယ် အဖြစ်ရှိနေတယ် လေ။ မင်းမရှိပဲ ငါတစ်ယောက်တည်း ကိုယ့်ဘာသာပြောရင် ငါလည်း ကြားရမှာမဟုတ်ဘူး။ ဒီနေရာကစကားပြောချင်ရင် ကိုယ့်စကား ကိုနားထောင်မယ့် ပဲ့တင်သံလူ ရှိရတယ်။ အသံတွေများလေလေ အသံနောက်မှ အလင်းမှုန်လေးတွေ ရှိလေလေပဲ။ ဒီနေရာမှာ ငါလို လူတွေအများကြီးရှိနေတယ်။ ငါတို့အတွက်တော့ အသံနောက်က အလင်းစမှုန်မှုန်လေးတွေဟာ စိတ်ဖြေရာပေါ့ကွာ”

 တိတ်ဆိတ်သွားပြန်သည်။ မေးခွန်းဖြေပြီး ထွက်သွားသည်လား။ သို့မဟုတ် အနားတွင်ရပ်တန့်နေသည်လား။ မသိ …. သူ မသိ။ သူသိသည်ကတော့ သူ ဘာလုပ်ရမလဲဟူသည့်မေးခွန်းသာ ဖြစ်သည်။ ထိုမေးခွန်းကို ထပ်ခါတလဲလဲရွတ်ရင်း သူဆက်လျှောက် လာလိုက်သည်။

လမ်းဆုံးလျှင် ရွာတွေ့မည်ဆိုသည့် စကားတစ်ခွန်းကိုအမှတ်ရမိသည်။ တစ်ခါတစ်ရံ လမ်းဆုံးလျှင်လည်းရွာပျောက်နေတတ် ကြောင်း ရောင်စုံကမ္ဘာသို့ရောက်လျှင် မှတ်တမ်းတင်ရဦးမည်ဟု စိတ်မှာတေးထားလိုက်မိ၏။ 

 အမှောင်ထုက ပို၍ ပို၍ ကြီးရင့်လာသလိုထင်ရ၏။ အသက်ရှု၍မဝဟူသည့် ခံစားချက်အပြင် အရောင်ဆာသည့်ဒဏ်ကိုပါ အလူးအလဲ ခံစားနေရသည်။ အချိန် သူ အချိန်စေ့လေပြီလား။ မိစ္ဆာပေးထားသည့် အချိန်စေ့လေပြီလား။ အိုမဖြစ်နိုင်တာဟု တွေးရင်း ခေါင်းခါလိုက်သည်။ ထို့နောက် လုပ်မိလုပ်ရာဖြင့်

“ဟေး”

သူ အော်ဟစ်လိုက်မိသည်။ ပြန်ကြားရ၍ သူပျော်သွားမိ၏။ 

“ငါ မင်းဘေးမှာ ရှိနေတယ် မင်း ဘယ်အချိန်ထိ တိုက်ခိုက်နိုင်မလဲလို့”

ထူးဆန်းလွန်းသည့်စကားဟု တွေးရင်း အသံလာရာသို့ မျှော်မှန်းကြည့်လိုက်မိသည်။

“ဒီအချိန်ဆို သူ သိနေလောက်ပြီ မင်း သူ့အပေးအယူကို လက်ခံတော့မယ်ဆိုတာကို”

“ဒီမှာ ကျွန်တော် ခင်ဗျားပြောတဲ့ မိစ္ဆာကို အယုံအကြည်မရှိဘူးဗျ ခုက အော်ဟစ်ကြည့်ရုံတင်”

“ခဏစောင့်လိုက်ပါ။ မိစ္ဆာလာတော့မယ်။ ငါ မင်းဘေးနား တောက်လျှောက် ကပ်လိုက်နေတာက မိစ္ဆာလာမှာမို့လို့ ကပ် လိုက်နေတာ မိစ္ဆာလာရင် အရောင်တွေအများကြီး ပါလာတယ်။ မိစ္ဆာရဲ့ကိုယ်ပေါ်က အရောင်တွေကြည့်ခွင့်ရလိုက်တဲ့အချိန်ဟာ ငါ့ အတွက်တော့ ကောင်းကင်ဘုံမှာ ရှိသလို ခံစားရလို့ပဲ ဒါက ငါ့အတွက် စိတ်ဖြေဆေးတစ်မျိုးပေါ့”

 ထိုသူ့စကားအဆုံးသတ်တွင်ပင် ရုတ်တရက် အေးစိမ့်ခြင်းတို့ လွှမ်းခြုံလာသလို ခံစားရသည်။ ထို့နောက်တော့အလင်းများ။ အို ကြည်နူးဖို့ကောင်းလိုက်တာ။ အရောင်တွေ အရောင်တွေ။ ရေငတ်ပြေသွားပြီဆိုတဲ့ ခံစားချက်လိုပါပဲလား။ သူ အရောင်ငတ်ပြေ သွားပြီဖြစ်သည်။ ထိုအရောင်များကြားတွင် တစ်စုံတစ်ယောက်ရပ်နေသည်ကို ခံစားလိုက်သည်။ အသေအချာကြည့်လိုက်တော့ သူ။ ဟုတ်သည်။ သူ ရပ်နေသည်။ အရောင်စုံအသွေးစုံဖြင့် သူ ရပ်နေသည်။ ကယောင်ကတမ်းဖြင့် ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်လိုက် သည်။ ဗလာသည် ဗလာသာဖြစ်၏။ 

 “မင်း သိပြီးပြီထင်ပါတယ် ငါ့အပေးအယူကို”

ဘာကြောင့် ခေါင်းညိတ်ပြလိုက်သလဲ။ မသိ။ သူ မသိ။

“တစ်ကနေတစ်ဆယ်အတွင်းရေမယ်။ အဲဒီအချိန်အတွင်းမင်းအဖြေပေးပါ။ ဒီချိန်မှာမှအဖြေမပေးဘူးဆိုရင် နောက်ထပ်အခွင့် အရေးမရတော့ဘူးမှတ်ပါ”

တစ်ကနေတစ်ဆယ်။ 

“တစ်၊.. နှစ်၊ ..သုံး၊…လေး၊….ရှစ်၊…ကိုး၊….”

“လက်ခံတယ်”

ဟိန်းထွက်သွားသည့် ကိုယ့်အသံကိုယ် နှစ်ခြိုက်စွာပြုံးမိရင်း သူခေါင်းညိတ်ပြလိုက်သည်။ စိတ်တစ်ခြမ်းကို ကြီးစိုးမယ်တဲ့။ လူတွေ၏စိတ်ဆိုသည်ကို ကြီးစိုးထားသူများမှာ ဦးနှောက်နှင့် နှလုံးသားဖြစ်သည်ကို ဤမိစ္ဆာသိမည်မထင်။ ထို့အတွက်သာ စိတ်တစ် ခြမ်းကြီးစိုး ခွင့်တောင်းခြင်းပင်။ အပြင်ကမ္ဘာ ပြန်ရောက်လျှင် ဦးနှောက်နှင့် နှလုံးသားကိုသုံး၍ ကိုယ့်စိတ်ကိုယ်ပြန်ပြီး အုပ်စိုးခွင့်ရနိုင် သည်မဟုတ်ပါလား။

“လှလိုက်တာ” 

ဟုတီးတိုး ရေရွတ်လိုက်မိသည်။ မိစ္ဆာ၏အပြုံးသည် ထိုမျှလှပါသလား။ သူ ထိုကဲ့သို့ လှအောင် တစ်ခါမျှ မပြုံးဖူးပါ။ ထို့ နောက်တော့ အလင်းတို့က သူ့ကိုစုပ်ယူသွားသလိုရှိသည်။ အလင်းဝဲဂယက်ထဲသို့ ယက်ကန်ယက်ကန်မျောပါရင်း သတိထားလိုက် မိသည်က မျက်ဝန်းတစ်စုံ။ သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းတစ်စုံ။ အားကျနေသည့် မျက်ဝန်းများဖြစ်သည်မို့ သူ့ဘေးနားမှတစ် လျှောက်လုံး ကပ်လိုက်လာသည့်လူဟု တစ်ထစ်ချ ယုံကြည်လိုက်တော့သည်။

@@@@@@@@

“ထထ နေဖင်ထိုးအောင် အိပ်မှာလား ထတော့ မျက်နှာသစ်ရေမိုးချိုးပြီးရင် မနက်စာ လာစားတော့”

တွန်းနှိုးခံံလိုက်ရမှုကြောင့် သူ့မျက်ဝန်းအစုံတို့ ပွင့်သွားရသည်။ မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့ရသည်က မေမေ။ အိုး ….. ဒါဆို မိစ္ဆာတွေ၊ အရောင်တွေဆိုတာ အိပ်မက်ပေါ့။ ဝမ်းသာလွန်းစွာဖြင့် မေမေ့ပါးကို ရွှတ်ခနဲနမ်းလိုက်ရင်း ရေချိုးခန်းဆီသို့ ထွက်လာလိုက် တော့သည်။

“လာ ဒီမှာ သားအကြိုက် မုန့်ဟင်းခါး ”

မုန့်ဟင်းခါးကို သူ ဘယ်တုန်းက ကြိုက်ခဲ့လို့လဲ။ တစ်ခါမှ မကြိုက်ခဲ့ဖူးပါဘူးဟုတွေးရင်း ပေါင်မုန့်မီးကင်ဆီသို့ လက်လှမ်း လိုက်မိသည်။ မေမေက တစ်ချက်သာမျက်လုံးလှန်ကြည့်ပြီး ဘာမှမပြော။ ပေါင်မုန့်မီးကင်သုံးချပ်လောက်စားအပြီးမှာတော့ သူဗိုက်ဝ သွားပြီမို့ ခြံထဲသို့ လမ်းဆင်းလျှောက်ရန်ပြင်လိုက်စဉ်

 “ပြောတော့ ပေါင်မုန့်မီးကင်က တူးစော်နံလို့မကြိုက်ဘူးဆို မြန်မာ့ရိုးရာ မုန့်ဟင်းခါးလေးပဲ အမြဲပြင်ပေးပါဆို….”

တရစပ်ထွက်လာသည့် မေမေ့စကားများကြား သူ အထိတ်တလန့်သတိထားလိုက်မိသည်က ထိုစကားများသည် သူပြော ခဲ့ဖူးသည်ဆိုတာကိုပင်။ သို့ဆိုလျှင် ပေါင်မုန့်မီးကင်ကို ဘယ်သူရွေးချယ်တာလဲ။ ဘယ်သူရွေးချယ်တာလဲ။ သူအိမ်အပေါ်ထပ်သို့ ပြေးလာရင်း ကိုယ်လုံးပေါ်မှန်ရှိသည့် ဗီရိုရှေ့ရပ်ကာ သူ့မျက်နှာသူ ပြန်ကြည့်လိုက်မိတော့ မျက်နှာတစ်ခြမ်းက ပြုံးနေသည်။ ဟုတ် သည်။ နှုတ်ခမ်းတစ်ဖက်ကွေးကာ ပြုံးနေသည်။ ထိုနှုတ်ခမ်းကွေးရှိသည့်ဘက်မှ မျက်လုံးသည် အမည်းရောင်များပို၍ ထူထပ်နေလေ သလား။ ထိုမျက်ဝန်း၏ စူးရဲမှုက ကျန်မျက်လုံးထက် ပိုပြီး စူးရဲနေလေသလား။ 

“ဟော ဒါလေးပြောတာကိုပဲ ဘယ့်နှယ် နှုတ်ခမ်းကြီးတစ်ဖက် တွန့်ပြုံးတာတုန်း။ ကြည့်မကောင်းဘူး သားငယ်ရုပ်ဆိုးတယ်”

 နောက်မှ ထွက်လာသည် မေမေ့အသံကြောင့် သူ ကြောင်ကြောင်အအဖြင့် မှန်မှအကြည့်လွှဲကာ ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့် ပိတ်လိုက်မိတော့သည်။ ထို့နောက် ခြံထဲပြေးဆင်းလာလိုက်တော့သည်။ အရောင်တွေ၊ သူကြည့်ချင်သည့်အရောင်တွေကိုသွားကြည့်ရမည်။

သူဟာ သူလား။ မိစ္ဆာလား သူကိုယ်တိုင် ဝေခွဲမရသေး။ သူ မိစ္ဆာ၏အစီးနင်းခံနေရသည်မှာ ဘယ်လောက်ကြာပြီလဲဟုယောင်ယောင်ယမ်းယမ်းတွေးလိုက်မိတော့ သူ ခေါင်းခါယမ်းလိုက်မိသည်။ မသိ။ သူ မသိ။

လှလိုက်တာ။ ခြံထဲမှာ အပင်တွေ မျိုးစုံအောင် စိုက်ထားသည်ပဲ။ အစိမ်းရောင်၊ အနီရောင်၊ အဖြူရောင်၊ အို နေ၏အလင်းရောင်လေးသည်လည်း ချစ်စရာကောင်းသည်။ မေမေ့အသားရောင်လေးသည်လည်း ချစ်စရာကောင်းသည်။

“မင်းက အရောင်ကိုကြည့် ငါက မင်းကိုယ်ကို ခိုင်းမှာပေါ့ကွာ ဟားဟားဟား”

ကြားလိုက်ရသည့် သူ့အသံကြောင့် ဆတ်ခနဲဖြစ်သွားသည်။ မိစ္ဆာ။ သူ ခေါင်းခါလိုက်ရင်း

“ငါက ငါကွ။ ငါ့ကိုယ်ကို ငါပဲ ခိုင်းမှာပေါ့”

“မရတော့ဘူး။ မင်းရဲ့ကျန်တဲ့စိတ်တစ်ခြမ်းနဲ့ ငါနဲ့ လျှို့ဝှက်သဘောတူညီမှုယူပြီးပြီ။ မင်းရဲ့ အလင်းရောင်စိတ်ခြမ်းကို ငါဝင်ပြီးရင် သူနဲ့ငါနဲ့ပူးပေါင်းပြီး မင်းခန္ဓာကိုယ်ကို အုပ်ချုပ်မယ်လို့ စာချုပ်ချုပ်ထားပြီးသားကွ။ ဟား ဟား ဟား မင်းရဲ့ အမည်းရောင်စိတ်တစ်ခြမ်းက မင်းဘေးနားကနေ တောက်လျှောက်ကပ်လိုက်လာတဲ့သူဆိုတာကိုကော မင်းသိရဲ့လား ဟင်။ အမှောင်ထုကနေ မင်း လွတ်မြောက်ဖို့ တစ်မိနစ်အလိုမှာ မင်းကိုမိသွားတာပဲ ”

 မဟုတ်ဘူးဟု ခေါင်းခါရင်း သူ့လက်နှစ်ဖက်ကို အသားကုန်လေတွင် ဝေ့ယမ်းကြည့်လိုက်သည်။ မရ။ မရတော့။ သူ …. သူ့ကိုယ်သူ မပိုင်တော့။ သူ အမြင်တွင် အရောင်များသာ ဟိုဒီဝဲလှည့်လျှက် ကျန်တာ ဘာမျှမမြင်ရတော့။ ဖျတ်ခနဲ မျက်ဝန်းတစ်စုံကို ပြန်လည်မြင်ယောင်မိသည်။ အားကျနေသည့်မျက်ဝန်းများဟု ထင်မှတ်မှားခဲ့မိ၏။ မဟုတ်။ သေချာကြည့်တော့ မျက်ဝန်းထောင့်စွန်းမှာ အနီရောင်အတ္တများ။ အနီရောင်အတ္တများ ကြီးစိုးနေသည့် မျက်ဝန်း။

သူ မျက်ဝန်းအစုံကို မှိတ်လိုက်သည်။ သို့သော ်အရောင်တွေက ပျောက်မသွား။ မှိတ်ထားသည့် မျက်ဝန်းတွင်မှာပါလာရောက်စွဲထင်နေသည်။ မျက်လုံးအစုံကိုဖွင့်လိုက်တော့လည်း အရောင်တွေ။

သူ အမှောင်ငတ်တတ်လာပြီဖြစ်သည်။

သူ 

အမှောင်ကိုဆာလောင်နေခဲ့သည်မှာ 

အတော်ကြာပြီဖြစ်၏။ 

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...