(၁)
နားထဲအူနေတဲ့ အသံတွေကို နားမထောင်ချင်ဘူး။ စိတ်ထဲမှာ နင့်နေတဲ့အရာတွေကို ဖွင့်ထုတ်ပစ်ချင်တယ်။ ညောင်းကိုက်နေတဲ့ မျက်ရိုးတွေကို အခါခါ ဖိနှိပ်မိတော့လွန်ခဲ့သော ဆိုတဲ့ စာတန်းတစ်ခုနဲ့ ငယ်ဘဝကို ပြေးမြင်မိတယ်။
အရောင်ဖျော့နေပြီဖြစ်တဲ့ ရေပုံးလေးကို ကိုင်ထားတဲ့ ကလေးငယ်ဟာလမ်းမကို မျှော်ကြည့်နေပေမယ့် လမ်းသွားလမ်းလာတွေကို ရေပက်ဖို့ မကြိုးစားခဲ့ဘူး။ ကလေးငယ်ရဲ့ဘေးကကျောက်ဂွေလေးထဲမှာ ရေမရှိဘူး။ ရေမှာဖို့ကလည်း ရေတစ်စည်ဖိုး ၅ ကျပ်မရှိလို့ တစ်အိမ်သားလုံးရေမချိုးပဲ ရှိနေရတဲ့ဘဝ။ ပြောမယ်ဆို အဲ့ဒီအချိန်တုန်းက တစ်မြို့လုံးရေရှားခဲ့ကြတာပါ။ရေချိုးချင်ပြီဆိုရင် ဟိုးတောင်တွေနောက်က စမ်းချောင်းလေးဆီ သွားကြရတာ။ သူဌေးတွေပဲ ရေသုံးကြတဲ့မှတ်မှတ်ရရ သင်္ကြန်ပေါ့။ အဲ့ဒီတုန်းက ကလေးငယ်ဘေးမှာ လက်ကလေးတစ်ဖက်ဟာ ကလေးငယ်ရဲ့ လက်ကလေးတစ်ဖက်ကိုကိုင်ရင်းအားပေးခဲ့တယ်။
ဟုတ်တယ်။ အဲဒီလက်ကလေးတစ်ဖက်ကို ကလေးငယ် မေ့နေခဲ့တယ်။
အမှတ်မရသေးတဲ့ အရာတွေကို ဆက်တူးဆွဖို့ နှလုံးသားကို အလုပ်ပေးလိုက်တော့မြင်ကွင်းတွေဟာ ပိုထင်ရှားလာတယ်။ အပေါင်ဆိုင်ကို အခါခါရောက်ခဲ့တဲ့ ခြေလှမ်းတွေ၊ အမေ့ဆူဆဲသံတွေ၊ အဖေ့ ဆူဆဲသံတွေဟာ မနေ့တစ်နေ့ကလို အတွေးထဲပေါ်လာတယ်။ နောက် လွယ်အိတ်လေးတစ်လုံးရဲ့အကြောင်းကိုမှတ်မှတ်ရရ စဉ်းစားမိသွားတယ်။ ကလေးငယ်မှာ လွယ်အိတ်လေးတစ်လုံးရှိခဲ့တယ်။
(၂)
သာမန်လွယ်အိတ်လေးတစ်လုံးပါပဲ။ ခြူတွေ မဆွဲဘူး။ အလှဆင်ထားတဲ့ကျစ်ဆံမြီးအမွှေးလေးတွေ မပါဘူး။ သာမန် ဗြောင်လွယ်အိတ်တစ်လုံး။ အရောင်က အနီရောင်။
အဲဒီလွယ်အိတ်လေးက ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ကြားမှာ တံတားတစ်စင်းဖြစ်ခဲ့တယ်။ကလေးငယ်နဲ့ အဲဒီလက်ကလေးပိုင်ရှင်ဟာ လွယ်အိတ်တစ်လုံးကို နှစ်ယောက်အတူ လွယ်ခဲ့ကြတာပေါ့။ကလေးငယ် ဒီနေ့ လွယ်အိတ်လေးကို သုံးရင် လက်ကလေးပိုင်ရှင်ဟာ စာအုပ်လေးတွေကို လက်ကနေကိုင်သွားရတယ်။လွယ်အိတ်အသစ်တစ်လုံးဝယ်ပေးဖို့ အမေ့အတွက်အဆင်မပြေချိန်မှာ ကလေးငယ်နဲ့ ဒီလက်ကလေးပိုင်ရှင်ဟာဒီလွယ်အိတ်လေးကိုပဲ သုံးခဲ့ကြရတာ။
“ဒီနေ့ ငါ့အလှည့်နော်” ဆိုတဲ့ စကားကို တစ်ယောက်တစ်လှည့်သုံးရင်း လွယ်အိတ်အနီလေးကိုအသုံးပြုခဲ့ကြတာ ၇ လ တိတိ။ ကလေးငယ်မေ့နေခဲ့တဲ့ လွယ်အိတ်လေး။
လွယ်အိတ်လေးဟာ ကလေးငယ်ရဲ့ စာအုပ်တွေကို ကြိုဆိုသလို လက်ကလေးပိုင်ရှင်ရဲ့စာအုပ်တွေကိုလည်း ကြိုဆိုတယ်။ တကယ်ဆို အဲဒီအချိန်တုန်းက လက်ကလေးတစ်ဖက်ဟာ ကလေးငယ်အတွက်အရာရာအားကိုးရာဖြစ်ခဲ့တယ်။
လွယ်အိတ်နီလေးတစ်လုံးနဲ့ လက်ကလေးတစ်ဖက်ဟာ ဦးနှောက်ထဲမှာဝဲဝဲတက်လာလို့ နှလုံးသားက ပိုပိုပြီးအောင့်တယ်။
ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေဟာလည်း တဝဲလည်လည်နဲ့။
(၃)
“မီးပျက်နေတယ် လမ်းတွေမှောင်နေမှာငါ ကြောက်တယ် ဒါပေမယ့် ကျန်ကျောင်းကားသွားကြည့်ချင်တယ် လိုက်ပို့ပေးနော်”
ကလေးငယ် ပြောတဲ့စကားကို လက်ကလေးပိုင်ရှင်က တသဝေမတိမ်း မှတ်ထားတတ်တယ်။ညကိုးနာရီ နာမည်ကြီးကျန်ကျောင်းဇာတ်လမ်းလာတဲ့ အချိန်ရောက်တာနဲ့ အိပ်ပျော်နေတဲ့ ကလေးငယ်ကိုနှိုးပြီး ရုပ်မြင်သံကြားရှိတဲ့ အိမ်ကို လိုက်ပို့တတ်တယ်။ အဲဒီအချိန်မှာ အမေနဲ့အဖေကရန်ကုန်မှာ။
အဒေါ်တစ်ယောက်ရဲ့ အိမ်မှာနေခဲ့ရတဲ့ ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ပိုင်ရှင်ဟာအရာရာထက် အရင်းနှီးဆုံးဖြစ်ခဲ့တယ်။ ဟုတ်တယ်။ အဲ့ဒါကို ကလေးငယ်မေ့ထားခဲ့ပါတယ်။ မေ့သွားခဲ့တယ်။
ကလေးငယ်နဲ့ လက်ကလေးပိုင်ရှင်ဟာ ကျောင်းအတူတူသွားဖက်ဖြစ်ခဲ့ပြီး ကလေးငယ်ရဲ့ အရှေ့မှာ မားမားမက်မက်ရပ်တည်ပေးခဲ့တာဟာလည်းဒီလက်ကလေးပိုင်ရှင်ပါပဲ။
“စာအုပ်ဖတ်ချင်လိုက်တာ”
ကလေးငယ်ဆိုတဲ့ စကားတစ်ခွန်းမှာ သူရော၊ ကလေးငယ်ပါ ပြိုင်တူထလို့ စာအုပ်တစ်အုပ်တစ်ခါဖတ် ငါးမူးပေးရတဲ့ နေရာကို အပြေးသွားခဲ့ကြဖူးတယ်။ ဒီလို စိတ်တူကိုယ်တူလူနှစ်ယောက်ဟာတစ်နေ့မှာ စိတ်ဝမ်းကွဲကြမယ်လို့များ ကြိုသိခွင့်ရှိခဲ့မယ်ဆိုရင်….။
ကလေးငယ်မေ့နေတဲ့ အရာတွေဟာ စီစီရီရီပေါ်လာခဲ့တယ်။ အတိတ်တွေဟာရုပ်မြင်သံကြားထိုင်ကြည့်နေရသလိုမျိုး အရာရာဟာ ထင်ထင်ရှားရှားပြတ်ပြတ်သားသား…။
(၄)
“နောက်ကနေ သေချာကိုင်ပေးထားနော် လဲလိမ့်မယ်”
အော်ကြီးဟစ်ကျယ်အော်နေတဲ့ ကလေးငယ်ကို လက်ကလေးတစ်ဖက်ပိုင်ရှင်ကပြန်ပြောတယ်။
“အေးပါဟ လက်ကိုင်ကို သေချာငြိမ်အောင်ကိုင်ထား သေချာသေချာ”
အသံက ကလေးငယ်နဲ့အတူ ပါလာပေမယ့် လက်လွှတ်လိုက်တာကို ကလေးငယ်မသိလိုက်ဘူး။ ကိုယ့်အရှိန်နဲ့ကိုယ် ခပ်ပြင်းပြင်းနင်းထွက်လာခဲ့ပြီးမှ အသံပျောက်လို့အနောက်ကိုလှည့်ကြည့်တော့ လက်ကလေးတစ်ဖက်ပိုင်ရှင် ကျန်ခဲ့ပြီ။ အဲဒါကိုအသိမှာပဲ နင်းလက်စစက်ဘီးလေးဟာဗုန်းခနဲလဲတော့တာပါပဲ။
အဲဒီတော့လည်း လက်ကလေးတစ်ဖက်ပိုင်ရှင်က အပြေးလာလို့ အပြစ်ပြောတယ်။
“ကိုယ့်ဘာသာ နိုင်အောင်ထိန်းလေ နောက်ကလူပါ မပါကို နင်ကဂရုစိုက်တာကိုး” တဲ့လေ။
ကလေးငယ်ကတော့ နှုတ်ခမ်းစူပွပွနဲ့ပဲ လက်ကလေးတစ်ဖက်ပိုင်ရှင်ကိုမျက်စောင်းထိုးနေမိတော့တယ်။
(၅)
ကန်စွန်းရွက်တွေကို စည်းနေတဲ့ အမေ့နားမှာ ကလေးငယ်နဲ့ လက်တစ်ဖက်ပိုင်ရှင်ဟာလျှော်တွေနဲ့ သူတို့ပါ လိုက်စည်းလို့ ပျော်ခဲ့ဖူးတယ်။ အမေ့ပြန်အလာကို နှစ်ယောက်သားစောင့်ရင်း ဗိုက်ဆာတာကို ကြိတ်မှိတ်နေခဲ့ရဖူးတယ်။ ရန်ကုန်ကို ရောက်ခါစ ကလေးငယ်ကို လမ်းမသိမှာစိုးလို့ကျောင်းလိုက်ပို့ပေးခဲ့တာကလည်း ဒီလက်တစ်ဖက်ပိုင်ရှင်ပါပဲ။
ကလေးငယ်ဟာ ဒီချိန်မှာနည်းနည်းတော့သိတတ်နေပြီဖြစ်သလို လက်တစ်ဖက်ပိုင်ရှင်ဟာလည်းကိုးတန်းကျောင်းသားဆိုတဲ့ အဆင့်ကိုရောက်ခဲ့ပြီ။
ကလေးငယ်ဟာ ကလေးငယ်မဟုတ်တော့ဘူး။ မိန်းကလေးဆိုတဲ့ အရွယ်ကိုရောက်လာခဲ့ပြီ။ဘဝတွေကတော့ထူးခြားမလာခဲ့ဘူး။ မိဘနှစ်ပါးကလည်း ရုန်းရင်းကန်ရင်း၊ ကလေးငယ်တို့နှစ်ယောက်လည်း ကျောင်းဝတ်စုံမသစ်မလွင်နဲ့ပဲကျောင်းကိုယ်စီတက်ခဲ့ကြရတယ်။
ကလေးငယ် ကန်စွန်းခင်းလေးကို မေ့ခဲ့တယ်။ ဟုတ်တယ်။ ကန်စွန်းခင်းလေးကိုမေ့နေခဲ့ပါတယ်။
(၆)
“နင် ဒီလောက်ထိ ပိုက်ဆံမသုံးသင့်ဘူးနော်ဆေးလိပ်ကို လက်ကမချတမ်းသောက်နေရအောင် နင်က သူဌေးသားမဟုတ်ဘူး”
“နင်က ဘာအဆင့်မို့လို့ ဘိလိယက်ခုံကိုမနားတမ်းသွားနေနိုင်တာလဲ ကိုယ့်ဘဝကိုယ်လည်း တွေးကြည့်စမ်းပါဦး”
“နင်ရန်ဖြစ်တိုင်း ရှင်းပေးနေရအောင်အမေနဲ့အဖေက သူဌေးမဟုတ်ဘူးဟဲ့ နည်းနည်းလေး ငဲ့ကြည့်ပါဦးလား”
ဘုရားရေ…။ဘယ်အရာတွေက ကလေးငယ်ရဲ့ ပါးစပ်ထဲ ဒီလို စကားကြမ်းကြမ်းရိုင်းရိုင်းတွေ တွန်းပို့ခဲ့ပါသလဲ။ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်အကြား ဘယ်အရာတွေ က ပိုင်းခြားသွားတာလဲ။ ဘာ့ကြောင့် ဒီလောက်ထိစိမ်းကားသွားတာလဲ။ ဘာ့ကြောင့် ရက်စက်ကြမ်းကြုတ်သွားတာလဲ။
“ငါ့ဘာသာ ဆေးလိပ်သောက်တာ နင်နဲ့ဘာဆိုင်လို့တုန်း နင်နဲ့အနေသာကြီးပါ”
“ငါ့အဆင့်အတန်းက နင့်အဆင့်နဲ့မတူဘူးလေ အဟင်း နင့်လို ဘွဲ့ရနဲ့တော့ ဘယ်တူမလဲဟငါက ကျောင်းမှပြီးအောင်မတက်နိုင်ခဲ့တာ ငါက တစ်လုံးချိုင့်ပဲလေ”
“ငါ့အဖေငါ့အမေမို့လို့ ရှင်းပေးတာပေါ့နင် ကြားက ဝင်ပြောစရာမလိုပါဘူး”
ဘုရားရေ..။လက်ကလေးတစ်ဖက်ဘက်ကလည်း ဒီလိုစကားကြမ်းတွေ ထွက်ခဲ့သတဲ့။ဘယ်အရာကများ ကလေးငယ်နဲ့ လက်ကလေးတစ်ဖက်ကြား စည်းတွေ ခြားပစ်ခဲ့ပါသလဲ။ နံရံထူထူတွေ ခြားခဲ့ပါသလဲ။ဒီ့ထက်ပိုကြမ်းတဲ့ စကားရိုင်းတွေ ထွက်ခဲ့သလို မိသားစုအပေါ်မှာ ကလေးငယ် လက်မခံနိုင်တဲ့အပြုအမှုဆိုးတွေလည်း လုပ်ခဲ့တယ်။
ခုတော့ လက်ကလေးတစ်ဖက်ပိုင်ရှင်ဟာလည်း ကလေးငယ်နဲ့ ဟိုးအဝေးမှာ။နေရာဒေသ ခြားနားတာမဟုတ်ပါပဲ စိတ်ချင်းဝေးကွာနေတာ။ သူ့မိသားစုနဲ့သူ တည်ငြိမ်နေလောက်ပြီထင်ပေမယ့်ခု ဒဏ်ရာရနေသတဲ့။ ကလေးငယ်ကို တွေ့ချင်သတဲ့။ ဆေးရုံပေါ်ကနေ အဖေနဲ့အမေ့ကို ပြောလိုက်သတဲ့။
ဘယ်လိုလုပ်ရမလဲ။ ဘာလုပ်ရမလဲ။
မုန်းခဲ့တာကတော့ ပြန်တွေ့ဆုံချင်စိတ်မရှိလောက်အောင်ကိုမုန်းခဲ့တာ။
“အမေတို့သားကို ဒီအိမ်ကိုလာခိုင်းရင် ကျွန်မ အဆောင်မှာသွားနေပစ်မယ်”
ဒီစကားနဲ့ကို ခြိမ်းခြောက်ခဲ့တာ။ ခုတေ့ာ သူဒဏ်ရာရတယ်ဆိုရုံနဲ့ကလေးငယ်ရဲ့ ရင်ထဲမှာ ဝမ်းနည်းမှုတွေ လှိုက်တက်လာပြီ။
“သမီးကိုတွေ့ချင်နေတယ် လာလိုက်ပါသမီးရယ်” တဲ့လေ။ အဖေကတော့ ပြောပြီးပြီးချင်း ဖုန်းချသွားတာပါပဲ။ကလေးငယ်မှာသာ အဲ့ဒီ့စကားတစ်ခွန်းမှာ ခေါင်းတွေနောက်ကျိပြီး ကျန်ခဲ့ရတာ။ ကလေးငယ်နဲ့လက်ကလေးတစ်ဖက်ကြား ခြားနားထားခဲ့တဲ့ အမုန်းတွေနဲ့ ကလေးငယ်စိတ်တွေရှုပ်ခဲ့ရတာ။
(၇)
မဖြစ်သေးပါဘူးလေ ဆိုတဲ့အတွေးနဲ့ ကား ငှားပြီး ဆေးရုံကိုလာခဲ့ပေမယ့် ဝင်တွေ့ဖို့ မစဉ်းစားခဲ့ဘူး။ အပြင်ကနေပဲ ချောင်းကြည့်ပြီး ပြန်သွားဖို့စဉ်းစားခဲ့တာ။အူအတက်ခွဲတယ်ဆိုတာ မသေနိုင်လောက်ပါဘူး ဆိုတဲ့အတွေးလေးတွေကလည်း ခပ်ပါးပါးပေါ့။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ပဲ ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲကလေးငယ်အပြေးသွားလိုက်မိတယ်။ အူအတက် ခွဲထားတယ် တဲ့။ ခွဲထားတဲ့ အူအတက်ကြီးက အကြီးကြီး။နောက် သူ။ နှာခေါင်းမှာ ပိုက်တန်းလန်းနဲ့ မှိန်းနေတယ်။ မျက်နှာတစ်ခုလုံးက ချောင်ကျလို့။
အစ်ကိုဆိုတဲ့ တော်စပ်မှုကို မေ့ပြီးပစ်ထားခဲ့တာကြာပြီ။ ဒါပေမယ့်ခုတော့..။
ကလေးငယ်ရဲ့ ရင်ထဲမှာ အောင့်တက်လာပြီ။ ဒီအူအတက်ခွဲတာလောက်ကိုမစိုးရိမ်ရလောက်ပါဘူးလို့ ထင်ခဲ့မိတာ။ အချိန်တွေဟာ အတ္တတွေကိုပါ ကြီးထွားလာစေခဲ့သလား။ အမြဲအားပေးနေကျလက်ကလေးတစ်ဖက်ကို မေ့ခဲ့တယ်။ လွယ်အိတ်အနီလေးကို ပါအောင်ယူလာဖို့ မေ့ခဲ့တယ်။ အခု အကုန်ပြန်ယူလာခဲ့ပါပြီ။
“အစ်ကို”
မခေါ်တာကြာပြီဖြစ်တဲ့ ဒီအသံဟာ မှိန်းနေတဲ့ သူ့မျက်လုံးတွေပွင့်လာမယ်လို့ အာမခံရဲတယ်။ တကယ်ဆို ကလေးငယ်နဲ့ လက်ကလေးပိုင်ရှင်ဟာ အတွဲညီတဲ့ ကစားဖေါ်ကစားဖက်ဖြစ်သလိုရန်ဖြစ်ဖေါ်ရန်ဖြစ်ဖက်လည်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မောင်နှမတွေလည်းဖြစ်ခဲ့ကြတယ်မဟုတ်လား။
ဖျတ်ခနဲ ပွင့်လာတဲ့ သူ့မျက်လုံးတွေဟာ ဟိုးကလေးဘဝတုန်းကလိုပဲ။ကလေးငယ်ကိုချစ်ခင်မှုနဲ့ ကြည့်နေတယ်။
“ဒီတစ်ခါ သင်္ကြန်မှာတော့ ရေမရှိမှာ ပူစရာမလိုတော့ဘူး” တဲ့။
အမေနဲ့အဖေနားမလည်လိုက်တဲ့ ဒီစကား၊ သူ့မိန်းမနားမလည်လိုက်တဲ့ဒီစကားကို ကလေးငယ်နားလည်လိုက်တယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment