တဆက်ဆတ်တုန်နေသည့် လက်များဆီမှ တစ်စုံတစ်ခုကိုတောင့်တနေကြောင်း အသိပေးနေသည်။ မဖြစ်ဖူးဟူသည့်အသိ နှင့် တားထားသော်ငြား လက်တို့ကတော့ တဆတ်ဆတ်တုန်နေဆဲ။
ညှီနံ့နဲ့ ချိုရှငံကျိနေတဲ့ ဒီအရသာဆိုတာသေချာပါသည်။ လျှာဖျားမှတဆင့် စီးဝင်လာမှုနှင့်အတူ လူတစ်ကိုယ်လုံး လေထဲ မြောက်တက်နေသလိုထင်ရ၏။ တိမ်လွှာစီးနေသည့်အရသာဆိုသည်မှာ ဒါကိုခေါ်လေသလား။သူမ လိုချင်တပ်မက်ခဲ့သောအရာ ပိုပြီးခက်နက်နက်လေးတူးဆွလိုက်တော့ လက်ဖျံမှ နာကျင်မှုက အသည်းထိစိမ့်သွားရ သည်။ သို့သော် သူမ မရပ်နိုင်။ ဒီအရသာကနေ ရုန်းမထွက်နိုင်။ လျှာဖျားမှအရသာသည် တစ်ကိုယ်လုံးရှိ အကြောများစိမ့်သွား လောက်အောင်ကို ဆွဲဆောင်မှု ပြင်းလွန်းလှသည်။ လုံလောက်သော ကျေနပ်နှစ်သိမ့်မှုတစ်ခုရသည်ထိ ဒီအရသာကို သူမ ဆက် လက် သုံးဆောင်ရမည်။ နှလုံးမှ အောင့်တက်လာခြင်းကြောင့် လက်ဖျံကို နှုတ်ခမ်းဝမှ ဖြုတ်လိုက်မိသည်။ လက်ဖျံမှ နာကျင်မှုသည် နှလုံးထိ စီးဆင်းသွားလေသလား။ ဘာဖြစ်ဖြစ် ဒီနေ့အတွက်တော့ လက်ဖျံကို အနားပေးသင့်နေပြီ။
လက်ဖျံမှနာကျင်မှုသည် တစ်ကိုယ်လုံး လွင့်တက်လုအောင်ထိ တက်ကြွနေသော စိတ်တို့ကို မထိန်းနိုင်။ လက်ဖျံကိုပတ်တီး စည်းဖို့ရာကြည့်လိုက်တော့ လက်ဖျံတွင် သွားကိုက်ရာများသည် နေရာအနှံ့အပြား၌ ရှိနေပြီဖြစ်သည်။ ဒီအကျင့်ကို သူမ ရပ်သင့်ပြီဟု သတိပေးရင်း ပတ်တီးစည်းနေမိသည်။ သို့သော် သူမစိတ်ကို သူမ နိုင်ပါမည်လားဆိုသည့်အတွေးကို တွေးမိတော့ လန့်သွားရသည်။ မဖြစ်၊ မဖြစ်ချေတော့။ သည်အကျင့်ကြီး ဖျောက်မှ ရတော့မည်။ ဒီအကျင့်နှင့် သူမ ရင်းနှီးမိသည်မှာ မကြာသေးပေမယ့် လက်ကတော့ သူ့ဒဏ်ရာတွေကို ပြသရင်း နားသင့်ပြီဟု အကြံပေးချေပြီ။
မျက်လုံးအစုံကို မှိတ်ရင်း လျှာဖျားမှလက်ကျန်ကို အရသာ ခံနေမိသည်။ ထို့အတူ စိတ်တို့ကလည်း…….။
(၁)
“အာ့”
လက်ကို ကြည့်ရင်း စိတ်ညစ်သွားမိသည်။ ဒီလက်ကိုရှသွားလောက်အောင်ထိ သူမ ရဲ့အတွေးတွေ ဘယ်ရောက်နေပါသလဲ ဟုလည်း ကိုယ့်ကိုယ်ကို စိတ်တိုရင်း လက်ကို ဖိဖို့ရာ အနီးအနားသို့ရှာကြည့်တော လက်ခုစုတ်ကလွဲ၍ ဘာမျှမရှိ။ လက်ကို ဘေစင် တွင်ဆေး၍ ဖိလိုက်တော့ ထွက်လာသော အနီရဲရဲမဟုတ်သည့် ပန်းရောင်ဖျော့ဖျော့သွေးစတို့ကိုကြည့်ရင်း သူမ နှုတ်ခမ်းခြင့် ဖိကိုက် ချင်လာသည်။ လက်ကို နှုတ်ခမ်းသို့တင်မိရင်း သွေးတို့ကို စုပ်ထုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်ထွေးချလိုက်တော့ မြေပြင် ဝယ် ပြန့်ကျဲသွားသည်က ပန်းနုရောင်တံတွေးစများ။
အိုး နှမြောလိုက်တာ။
ကိုယ့်အတွေးကိုယ် ထိတ်လန့်သွားရရင်း မြေပြင်မှ အကြည့်လွှဲလိုက်ရသည်။ ဘာကို နှမြောတာလဲဟု မသေချာစွာဖြင့် ခဲတံ ဆက်ချွန်လိုက်သည်။ သို့သော် နှုတ်ခမ်းထက်ရှိအရသာခံ လျှာလေးကတော့ ချွဲကျိကျိငံတံတံအရသာလေးကို စွဲကျန်စွာဖြင့် ထပ်မံ ကာ လိုချင်နေသေးကြောင်း ပြောပြနေသလိုလို။ သတိတရနှင့် လက်မှ ဓါးရှရာကို ကြည့်လိုက်တော့ ဖြူဖျော့နေသည်မှာ ရှိသမျှသွေး တို့ အစုပ်ခံလိုက်ရသည့်ဟန်မျိုး။
“အော် ငါ့ညီမရယ် ခဲတံချွန်ချင်တာများ ကိုကိုကြီးကို ချွန်ခိုင်းပေါ့။ ခုတော့ လက်ထိသွားရပြီမလား။ သွား…သွား ပလာစတာ သွားကပ်ချေ။ ခဲတံ ကိုကိုကြီးချွန်ထားလိုက်မယ်”
အနားကပ်ပြောလိုက်သည့် ကိုကိုကြီးစကားသံကြောင့် အထိတ်တလန့်မော့ကြည့်လိုက်မိကာ ဆေးပစ္စည်းများထားသည့် အခန်းသို့ ပြေးသွားလိုက်မိသည်။ လက်မှ နာကျင်မှုနှင့်အတူ ရင်ထဲဝယ် တစ်စုံတစ်ရာကိုပါ ကျေနပ်နှစ်သိမ့်နေခဲ့သည်ကိုတော့ ကိုကို ကြီးအား မပြောပြဖြစ်ခဲ့။
xxxxx
မဟုတ်ဖူး။ မဆေးနဲ့လေ။ နှမြောဖို့ကောင်းလိုက်တဲ့ သွေးတွေ ရေနဲ့အတူ မျောသွားကြရရှာတယ်။
ဇော်ဇော့်လက်မှ သွေးများဆေးနေသည်ကိုကြည့်ရင်း အတွေးတွေက သူမကို နှိပ်စက်လာသည်။ မခံနိုင်လွန်းစွာနှင့် မျက်လုံး အစုံကိုမှိတ်လိုက်တော့ မျက်ဝန်းထဲပေါ်လာသည်က အနီရောင်။ အနီရင့်ရင့်အရောင်များ ဟိုတစ်စဒီတစ်စ ပြန့်ကျဲလျှက်။ လက်မှဆစ် ခနဲ နာကျင်သွားသလိုရှိ၏။ သတိဝင်၍ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ တစ်နေ့က ဓါးရှသည့်အနာကို နှုတ်ခမ်းဝတွင်တေ့ကာ သွားဖြင့်ကိုက်ဖြတ်ဖို့ ကြိုးစားနေခြင်းပင်။ အလန့်တကြားနှင့် လက်ကိုရုတ်လိုက်မိရင်း ဇော်ဇော့်ကိုကြည့်လိုက်တော့ ဇော်ဇော်နှင့်သူ့ သူငယ်ချင်းကဖြင့် ခြင်းလုံးပြန်ခတ်နေပြီဖြစ်သည်။ ခြင်းလုံးခတ်၍ လဲရာမှ ဇော်ဇော့်လက်ဝယ် ကျောက်ခဲနဲ့ခြစ်မိကာ ဒဏ်ရာရသွား ခြင်းဖြစ်သည်။ ကျောင်းမှ အပြန်လမ်းတစ်လျှောက်ဝယ် ကျောင်းကစားကွင်းအတွင်းမှ ဇော်ဇော့်ဒဏ်ရာကိုသာ မြင်ယောင်နေမိသည်။ အနီရောင်။
ဖေဖေနှင့် မေမေ့အခန်းဆီမှ လဲပြိုသံများနှင့်အတုူ ဆူညံလွန်းသည့်အသံများစွာ ထွက်ပေါ်လာခြင်းကြောင့် နားနှစ်ဖက်ကို လက်ဖြင့် ဇွတ်အတင်း အုပ်ထားလိုက်မိသည်။ ကိုကိုကြီး ထွက်သွားပြီဖြစ်သည်။ ကိုကိုကြီးသည် သူမတို့နှင့်မနေ။ ပုသိမ်မှ အဖိုး အဖွားများနှင့်သာ သွားနေမည်ဟုဆိုကာ ထွက်သွားခြင်းပင်ဖြစ်သည်။ မေမေ မတားခဲ့။ ဖေဖေကလည်း မတားခဲ့။ ညစဉ်ရန်ဖြစ်နေ သော မေမေနှင့်ဖေဖေ့ကို တစ်ညတွင် ကိုကိုကြီးဝင်ဆွဲ၍ ကိုကိုကြီး ပါးတစ်ခြမ်းရောင်ကိုင်းနေခဲ့ဖူးသည်။ ထိုနေ့မှစ၍ ကိုကိုကြီး ပုသိမ်သို့ ထွက်ခွာသွားခဲ့ခြင်းပင်။
မျက်ဝန်းအစုံကို မှိတ်ရင်း အိပ်စက်ဖို့ကြိုးစားမိသည်။ သို့သော် မှိတ်ထားသည့်အမြင်လွှာတွင် ဇော်ဇော့်လက်ဖျံက သွေးများ ရဲလျှက်ပေါ်လာသည်။ ခေါင်းကို ဆတ်ခနဲခါပစ်မိရင်း မျက်လုံးအစုံကို ဖွင့်လိုက်မှိတ်လိုက်လုပ်ကာ အာရုံပြောင်းကြည့်သည်။ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာသည်က အနီကွက်များ။ တလက်လက်တောက်ပနေသော အနီကွက်များ။ လျှာဖျားမှ စိမ့်ဆင်းလာသည့် ချဉ်တင်တင် အရသာကြောင့် ခံတွင်းချဉ်တယ်ဆိုတာ ဒါမျိုးများလားဟုတွေးရင်း ရေထသောက်လိုက်သည်။ သို့သော် မပြေသေးသလိုလို။ ယောကျာ်းလေးများ ခံတွင်းချဉ်လျှင် ဆေးလိပ်သောက်ကြသည်ဟု ကြားဖူး၏။ သူမကကော ခံတွင်းချဉ်ခြင်းပျောက်ဖို့ရာ ဘာလုပ်ရ မည်လဲ။
မျက်ဝန်းအစုံက စာကြည့်စားပွဲပေါ်မှ ခဲချွန်ဓါးလေးရှိရာသို့ရောက်သွားသည်။ မဖြစ်သင့်ဘူးဟု အလန့်တကြားခေါင်းခါလိုက် မိရင်း စောင်ခြုံထဲသို့ တိုးဝင်လိုက်သည်။ သို့သော် မျက်ဝန်းအစုံသို့ လာရောက်နှောင့်ယှက်နေသည်က ခဲချွန်ဓါးတစ်ချောင်း။
(၂)
မေမေနှင့်ဖေဖေသည်လည်း ပုသိမ်ရှိ ကိုကိုကြီးထံဝယ် သွားရောက်နေထိုင်ခဲ့ပြီ ဖြစ်သည်။ သူမကတော့ ဘွဲ့ရကတည်းက ရန်ကုန်တွင် အဆောင်ငှားနေရင်းဖြင့်သာ ကျန်ရှိခဲ့၏။ ဒီအချိန်မှတော့ မေမေနှင့်ေဖေဖေ့ကြားဝယ် ဆက်လက်ဝင်မပါလိုတော့။ အကြောင်းအရာမဲ့ ခေါင်းစဉ်မဲ့ ရန်ပွဲများကိုလည်း မကြားချင်တော့။ ထို့အတွက်ပင် ရန်ကုန်တွင် ကျန်ရှိခဲ့ခြင်းပင်။
ညစဉ် အိပ်မက်များခြောက်လှန့်နေသည့်ကြားမှ အနီရင့်ရင့်အိပ်မက်ကို သူမ မေ့လျော့နိုင်အောင် ကြိုးစားနိုင်ခဲ့သည်။ မျက်စိ ရှေ့ဝယ် အနီနှင့်ပတ်သတ်သမျှ မည်သည့်အရာနှင့်မျှ မထိတွေ့မိအောင် ကြိုးစားနိုင်ခဲ့ပြီဖြစ်၏။ သို့သော် အနီရောင်သည် သူမရှေ့ သို့ တစ်ကျော့ပြန်ရောက်ရှိလာသောအခါ …………
xxxx
“သွယ် ဒီနေ့ အလုပ်မနားဘူးလား။ နင် မနေ့ညက ဖျားနေလို့ နားမယ်ထင်လို့ ငါက မခေါ်ပဲ ထွက်လာခဲ့တာ”
“အမသွယ် ဒီနေ့ အလုပ်လာတာ နောက်ကျတယ်နော်”
အိအိနှင့် သန့်ရှင်းရေး အလုပ်သမားလေးများ၏ နှုတ်ခွန်းဆက်သံကို ခေါင်းသာငြိမ့်ပြနိုင်ရင်း ပြန်ပြုံးပြဖို့ကိုတော့ စိတ်မပါခဲ့။ ကိုယ့်အလုပ်ရှိရာ ကောင်တာဆီသို့သာ ခြေတို့ ဦးတည်နေမိရင်း။
ဘောက်ချာကို လက်မှကျွမ်းကျင်စွာ ရေးနေသော်လည်း စိတ်က အလုပ်တွင်မရှိပြီ။ ကွန်ပြူတာမှ အလိုအလျောက် တွက် ထုတ်ပေးသော ဆော့ဖ်ဝဲနှင့် ငွေရေစက်နှစ်ခုကြောင့်သာ အလုပ်တို့ တိကျနေခြင်းဖြစ်သည်။ ရေနေမိသော မှန်အချပ်ရေ တို့ကို ဘောက်ချာနှင့် ကိုက်ညီမညီ ပြန်စစ်ဆေးလိုက်သည်။ ထို့နောက် ဘောက်ချာကို အိအိဆီ လှမ်းပေးလိုက်ရင်း သူမ နောက်ထပ်ဝယ် ယူသူဆီသို့ လှည့်လိုက်စဉ် လက်ဖမိုးဆီမှ စူးခနဲ ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ လက်ဖမိုးဝယ် သွေးစို့နေသည် ကို တွေ့ရ၏။ မှန်ချပ်နှင့်ထိကာ ရှသွားခြင်းသာ။
စို့တက်နေသည့် သွေးစလေးတို့ကို ကြည့်ရင်း လှိုက်ခနဲ ခုန်တက်လာသော ပျော်ရွှင်မှုတို့ကို ထိန်းမရနိုင်ခဲ့။ ခြောက်သွေ့ နေသော ခံစားချက်တို့သည် ရုတ်တရက် စိမ်းလန်း စိုပြည်လာသလို ထင်ရ၏။ မှန်ဆိုင်မှာ သူမ အလုပ်ဝင်လာတာ လေးလနီးပါးရှိ သော်ငြား တစ်ခါမျှ မှန်မရှဖူး။ မရှဖြစ်အောင် သတိထားခဲ့သည်။ ခုတော့ ထိုကဲ့သို့နေခဲ့ခြင်းသည်ပင် သူမ စိတ်၏နုပျိုမှုတို့ ပျောက်ဆုံး ခြင်းအစဟု စွဲမှတ်လိုက်၏။ စိတ်ထဲမှ တဒိတ်ဒိတ်ခုန်လာသော ပျော်ရွှင်မှုနှင့်အတူ လတ်ဆတ်သည့်ရနံ့တို့ကို ရှုရှိုက်လိုက်၏။
“အမသွယ် ပလာစတာ”
ဝန်ထမ်းတစ်ယောက် ပေးလာသော အနာကပ်ပလာစတာကိုယူရင်း ဝန်ထမ်းများ နားနေခန်းဆီသို့ ထွက်လာလိုက်သည်။ အနောက်က ကျန်ခဲ့သူတို့ကတော ထင်လိမ့်မည်။ ပလာစတာ ကပ်ရန် အနာကို သွားဆေးခြင်းဟု။ အနာကို သွားဆေးသည်ကတော့ ဟုတ်ပါသည်။ သို့သော် ပလာစတာကပ်ရန် သီးသန့်တော့ မဟုတ်။
“သွယ် သူဌေးခေါ်နေတယ် နင့်ကို”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ လာခဲ့မယ်ဟူသည့် သဘောနှင့် ခေါင်းဆတ်ပြ လိုက်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်ရန်ပြင်လိုက်သည်။ မှန်ရှရာလေးကို ကွက်နေသော သွားရာလေးများကို မမြင်ရန် ပလာစ တာ နောက်တစ်ခုလိုအပ်ပါသည်။ ဒီအချိန်မှာတော့ မနေ့ကတည်းက လိုအပ်နေသော တစ်စုံတစ်ရာသည် သူမ ကိုယ်ထဲသို့ ခုန်ဆင်း ကာအားအင်တို့ ဖြည့်ဆည်းပေးလိုက်သလို ထင်ရ၏။ လှမ်းလိုက်သမျှ ခြေလှမ်းတိုင်းသည် အားအင်တို့ အပြည့်လွန်နေလေမလားဟူ သည့် အတွေးဖြင့် ခြေလှမ်းတို့ကို သိမ်မွေ့မှုရှိအောင် အေးအေးသက်သာ လှမ်းလိုက်ရသည်။
“သမီး သွယ်လေး နေကောင်းရဲ့လား ”
“ကောင်းပါတယ် အန်တီ” ပြန်ဖြေလိုက်သည့် သူမ၏ အသံမှာ အားအင်အပြည့်ပါနေသည်ဟု သူမ ယုံကြည်သည်။
“အမသွယ်လေးက တစ်နေ့တစ်ခြားကြောက်ဖို့ကောင်းလာပြီ။ ပိန်ညှော်ဖြူဆုပ်နေတဲ့ မျက်နှာနဲ့ အလုပ်ကို ဘယ်လိုများ လာပါလိမ့်။ အမအိအိကကော သူ့သူငယ်ချင်းကို နားဖို့မပြောဘူးလား မသိဘူး”
“အမသွယ်လည်း သနားပါတယ်။ သူ့အဖေနဲ့အမေက ပုသိမ်သွားတဲ့ လမ်းမှာတင် အက်ဆီးဒန့်နဲ့ ဆုံးသွားတာ မကြာသေး ဘူးတဲ့။ ဒါပေမဲ့ သူကလိုက်မသွားပဲ ရန်ကုန်မှာပဲ ကျန်နေပြီး အလုပ်ချည်းဖိလုပ်နေတယ်။ တော်တော်စိတ်ထောင်း ကိုယ်ကြေဖြစ်နေ တယ် ထင်တယ်”
နောက်နားဆီမှ ကြားနေရသော စကားသံတို့ကို သူမ သရုပ်မခွဲတတ်။ ဘာအကြောင်းအရာကိုပြောနေတယ် ဆိုတာကိုပင် တော်တော်နားထောင်ယူရ၏။ စိတ်ထောင်းကိုယ်ကြေဆိုသော စကားလောက်သာကြားရသည်မို့ ခေါင်းကို ဆက်ခနဲခါယမ်းပစ်ရင်း အလုပ်လုပ်ဖို့ကြိုးစားလိုက်သည်။ ထိုအကြောင်းအရာကို စဉ်းစားဖို့ထက် ဆတ်ခနဲဆတ်ခနဲ ကျဉ်တက်လာသော လက်မှ အနာက နာကျင်မှုကို ပြေလျော့စေလိုခြင်းမဟုတ်ပါပဲ လျှာဖျားမှတောင့်တမှုကို ပိုပြင်းထန်လာနေသည်မဟုတ်ပါလား။ ဒီနေ့သည်သူမအတွက် အားအင်တို့ ပိုပြည့်ဖြိုးနေသလို ထင်ရ၏။ အကြောင်းအရာကို တကူးတက ရှာဖို့ရာမလိုတော့။ ပလာစတာကပ်ထားသော လက်ဖမိုး လေးကြောင့်သာဖြစ်သည်ဟု သူမ တစ်ထစ်ချ ယုံကြည်ပစ်လိုက်သည်။
(၃)
ကုထင်ထက်အိပ်နေသည့် အိအိ၏ ကုပ်သားဖွေးဖွေးလေးအောက်မှ သွေးကြောစိမ်းများက သူမကို ညှို့ယူနေသလိုလို။ တစ် ချက်တစ်ချက် တိုက်ခက်လာသည့် ပန်ကာမှလေကြောင့် အိအိ၏ ဆံပင်တိုနှံ့နှံ့လေးများက ကုပ်သားလေးထက်မှဝဲပျံသွားတိုင်း ဖျတ် ခနဲ တွေ့လိုက်ရသည့် သွေးကြောစိမ်းလေးများမှ ပို၍ ခုန်လှုပ်နေသလိုထင်ရ၏။ လက်ထဲမှ ဓါးဖြင့် ထိုသွေးကြောလေးကို ထိုးခွဲဖို့ ပြင် လိုက်စဉ်ပင် ….
“အား”
ဖျတ်ခနဲ လန့်နိုးသွားမိသည်။ ရင်တစ်ခုလုံး ခြောက်သွေ့နေ၍ ရေတစ်ခွက်ကို အလျှင်အမြန်သောက်လိုက်ရသည်။ သူမတစ် ယောက်တည်းသာရှိသော အိပ်ခန်းလေးကတော့ အိမ်မြောင်စုတ်ထိုးသံမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်နေဆဲ။ သူမ ဘာ့ကြောင့်များ နေ့ ခင်းက အဖြစ်အပျက်ကို ပြန်မြင်မက်နေရပါသလဲ။ နေ့ခင်းက အိအိရဲ့အခန်းဆီသို့သွားတုန်းက အိအိက အိပ်ချင်ယောင်ဆောင်ကာ သူမကို ခြောက်လန့်ခဲ့သည်။ သို့သော် သူမကို ဆက်လက်ခြောက်လန့်နေခဲ့တာက အိအိ၏ လည်ပင်းပေါ်မှ သွေးကြောမျှင်လေး များ။ ထိုသွေးကြောမျှင်လေးများကို လက်ဖြင့်ကိုင်ကြည့်ဖို့ ကြိုးစားလိုက်စဉ်မှာပင် အိအိက ဝါးခနဲအော်ကာ ခြောက်လန့်လိုက်ခြင်း ဖြစ်သည်။
လျှာဖျားမှ ငံကျိကျိနှင့် ချိုရှညှီမြသော အရသာကို တောင့်တနေသလိုထင်ရ၏။ သတိတရဖြင့် လက်ကို မကြည့်လိုက်တော့ ဓါးရှရာလေးက အနာကပ် ပလာစတာလေး ကပ်လျှက်သား။ ထိုမှတစ်ဆင့် လက်ကောက်ဝတ်ကို ကြည့်လိုက်မိတော့ လက်ကောက် ဝတ်မှ သွေးကြောစိမ်းမြမြလေးက သူမ၏ စိတ်တို့ကို မရိုးမရွဖြစ်စေပြန်သည်။ မဖြစ်သေး။ တစ်နေ့ကပင် သွားဖြင့် အသေအကျေ ကိုက်ခဲ့ပြီးပြီ။ အနည်းဆုံးတော့ တစ်ပတ်လောက်နားမှ ဖြစ်မည်။
“ကလင် ကလင် ကလင် ကလင်”
နာရီ အလမ်းပေးသံကြောင့် နာရီကိုကြည့်မိတော့ မနက် ခုနှစ်နာရီခွဲပြီဖြစ်သည်။ အိပ်ယာမှထရင်း အလုပ်သွားရန် ပြင်ဆင် လိုက်သည်။ ရေချိုးနေသည့်အချိန်မှာပင် မျက်ဝန်းတို့က လက်မှအနာဆီသို့ မကြခဏအကြည့်ရောက်သွားသည်ကိုတော့ သူမ တား မရနိုင်။ သို့သော် လက်ကောက်ဝတ်မှသွေးကြောစိမ်းစိမ်းလေးတို့ကိုတော့ မမြင်နိုင်အောင် ရေချိုးခန်းမီးအရှိန်ဖြင့် တားထားနိုင်လိုက် ပါသည်။
(၄)
ကြည့်လက်စ ဇာတ်လမ်းမှ သရဲကားကို ကြည့်ရင်း သူမ ကိုယ့်သွားကိုယ် ပြန်စမ်းကြည့်နေမိသည်။ သူမမှာကော အစွယ်များ ရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုသည့်အတွေးလေးကလည်း တဖျတ်ဖျတ်နှင့်။ စိုစွတ်နေတဲ့ အမှောင်တွေမှာ လျှောက်သွားဖို့ လင်းလက်တဲ့ မျက်ဝန်းတစ်စုံရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲလေ …
“ဟိတ်”
နောက်နားဆီမှအသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ အဆောင်နေသူငယ်ချင်းဖြစ်သလို လောကတွင် သူငယ်ချင်းဟူ ၍ တစ်ဦးတည်းသာရှိသည့် အိအိ။ အိင်္ကျီလက်ပြတ်လေးနှင့် အဆောင်နေရင်း ဘောင်းဘီတိုလေး ဝတ်ထားသည်မှာ ချစ်စဖွယ်။
“အမယ် သူက သရဲကားကြည့်နေတာကို … ဒီခွေ ဖွင့်ကွာ ကိုရီးယားကား ကြည့်ရအောင် ”
ပေးလာသည့် ခွေကို ဖွင့်လိုက်ရင်း အခန်းမီးကို မှိန်လိုက်သည်။ ဝင်းလက်နေသည့် သွေးကြောများကို သူမ မမြင်မတွေ့လို။ ကိုရီးယားဇာတ်လမ်းတွဲကလေးနောက် သူမပါ လိုက်ပါမိသွားသည်။ အိမ်ထောင်ရေးဇာတ်လမ်းကောင်းလေးကို သူတို့မို့ရိုက်တတ် လွန်းသည်။
“ဘုတ်”
ရုတ်တရက် ပေါင်ပေါ်သို့ ဘုတ်ခနဲကျလာသောအရာကြောင့် ကြည့်လိုက်တော့ အိအိ။ သူမ ပေါင်ပေါ်သို့ ခေါင်းလေးဘေး တစ်စောင်း တင်ထားသလိုရှိ၏။ အိအိကို အခန်းပြန်အိပ်ဟု ပြောရန် နှိုးဖို့ပြင်လိုက်စဉ် တစ်စုံတစ်ရာက သူမကို ညှို့ယူသွားသည်။ ဆံပင်ကုပ်ဝဲလေးအောက်မှ ကုပ်သားဖွေးဖွေးလေးများ။ ရုတ်တရက် သွားတို့မှ တစ်စုံတစ်ခုကို ဆာလောင်လာသလိုရှိ၏။ သူမ ငတ် နေသည်။ ဟုတ်သည်။ သူမ ငတ်နေတာ ကြာပြီဖြစ်သည်။
တဆစ်ဆစ်ကိုက်ခဲလာသည့် လက်ကောက်ဝတ်ကြောင့် သူမ လျှာဖျားမှ တစ်စုံတစ်ရာကို ပို ပို တောင့်တလာသလိုလို ရှိ၏။ သူမ ဘာလုပ်ချင်နေတာလဲ။ မဖြစ်သင့်ဘူးဟုတွေးရင်း ဇွတ်အတင်းနှိုးရန်ပြင်လိုက်တော့ လက်က အိအိ ကုပ်သားလေးများဆီဝယ်လူး လွန့်နေပြန်သည်။ သွားများ ယားယံခြင်းဝေဒနာကို ဘယ်လိုကုစားရမလဲလေ။ အနေရခက်စွာ အိအိကုပ်သားများဆီမှ အကြည့်လွှဲ လိုက်သည်။ သို့သော် ပြန်ကြည့်မိပြန်သည်။ ကိုကိုကြီး လက်တစ်ဖက်ကို သူမ ကိုက်ခဲ့သည်။ ကိုကိုကြီး မငို၊ မငိုခဲ့။ မေမေနှင့်ဖေဖေ ရန်ဖြစ်သည့်ညက ကိုကိုကြီး၏ လက်တစ်ဖက်ကို သူမ ကိုက်ခဲ့ဖူးသည်။ ဖျတ်ခနဲ သွေးစက်တို့ ပြန့်ကျဲနေသော လက်တစ်ဖက်ကို အမြင်တွင် လျှာဖျားက ပို ပို ယားယံလာသည်။ သို့သော် မျက်လုံးအစုံကိုမှိတ်ရင်း အိအိကို နှိုးဖို့ကြိုးစားလိုက်သည်။ သူမ အောင်မြင် ပါ့ မလားဟု ကိုယ့်ကိုယ်ကို မယုံမရဲ။ အိအိကို နှိုးနိုင်ပါ့မလား။ သူမကိုယ်သူမ ကျရှုံးတော့မည်လေလား။
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment