Tuesday, February 18, 2025

ပြန်ဆုံမယ့်.. ညနေတွေ

.
"ဂရုစိုက်နော်"
"ညနေ ဆုံမယ်"
ကိုယ့်ရဲ့ မမှာဝံ့ဝံ့ စကားကို သူ ခေါင်းညိတ်ပြပြီး ကိုယ့်ကို ကျောခိုင်းလို့ ကားပေါ်တက်နေ​လေရဲ့....။
အဲဒီ ကျောခိုင်းသွားတဲ့ ခြေလှမ်းတွေ ဘယ်ကို သွားမယ်ဆိုတာ ကိုယ်သိနေတယ်။ မတရားမှုတွေကို တွန်းလှန်ဖို့သွားမယ်။ အများနဲ့အတူ ထိရှခံစားရပါတယ်ဆိုတဲ့အကြောင်းကို ညည်းဆိုဖို့ သူသွားမယ်။ ဒါပေမဲ့ သူရင်ဆိုင်ရမှာက လူ့မိစ္ဆာတွေ။ ဘယ်လိုစိတ်နဲ့များ အိမ်မှာကျန်နေခဲ့ရပါ့မလဲ လို့တွေးတော့ ဘေးမှာ အိပ်နေတဲ့ သားငယ်လေးကို ကြည့်မိတယ်။ လိုက်ချင်မိတဲ့ ခြေလှမ်းတွေဟာ တန့်ခနဲပဲ။ ကလေးတစ်ယောက်နဲ့ ငါ ဘာများလုပ်နိုင်မှာလဲ ဆိုတဲ့ သိမ်ငယ်စိတ်က အရာအားလုံးရပ်တန့်သွားစေတာပါပဲ။
"...."
"......."
တတုံတုံ တက်လာတဲ့ သတင်းတွေကို ကြည့်ရင်း ဖုန်းမဆက်မိအောင် ကြိုးစားနေရတယ်။ မျိုးစုံ ဖျက်ဆီးခံနေတယ်ဆိုတဲ့ သတင်းတွေထဲမှာ သူ ဘယ်နေရာမှာများ ရှိနေမလဲဆိုတဲ့ အတွေးကို မတွေးမိအောင် ထိန်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မရဘူး။ ရင်ထဲ လှိုက်ဆူနေတဲ့ သောကတွေကို ငြိမ်အောင် မထိန်းနိုင်တော့ ဘေးက သားကလေးသည်သာ ဒေါသ အာရုံကျရာ ဖြစ်လာတယ်။


သောကတွေ မငြိမ်တာကတော့ ခုမှမဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မဟုတ်လား။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ခံစားရကတည်းက၊ ငါတို့တော့ ကံဆိုးမိုးမှောင်ကျပြီ လို့ တွေးမိလိုက်ကတည်းက သောကတွေ ငြိမ်မှ မငြိမ်ခဲ့တာပဲ။ သက်ပြင်းတစ်ချက်ချရင်း တနေကုန် အော်ဟစ်နေတဲ့ ကိုယ့်ရဲ့ စကားတွေကြောင့် သားလေးလည်း နာကျင်ရောပေါ့လို့ တွေးရင်း သားလေးကို အသာဖက်လိုက်မိတယ်။
ပုံမှန်ဆို ကိုယ်က ဖုန်းမဆက်ပေမယ့် ကိုယ့်ဆီ မက်ဆေ့ပို့နေကျ သူဟာ ဒီနေ့တော့ မက်ဆေ့ဂျ်ပို့မလာဘူး။ သူ ပုံမှန် မက်ဆေ့ပို့နေကျ အချိန်ထက်တောင် နောက်ကျနေခဲ့ပြီပဲ။ သားကို ထမင်းကျွေးဖို့ လုပ်ရင်းက ဖုန်းကို မထိမိအောင် ကြိုးစားနေရတယ်။ တက်လာတဲ့ သတင်းတွေနဲ့ သတင်းမကြားရတဲ့ သူ အကြောင်းဆုံစည်းသွားတဲ့အခါ မတွေးကောင်းတဲ့အရာတွေ တွေးမိမှာ စိုးရတယ်လေ။
"ဟယ် ကားကြီးနဲ့ ဝင်တိုက်ပစ်လိုက်တာ တချို့ဆို ပွဲချင်းပြီးသေတာ တဲ့"
ဘေးအခန်းက အာမေဋိတ်သံကြောင့် ကိုယ့်ရင်ထဲမှာလည်း ထိတ်ခနဲ ဖြစ်သွားရတယ်။ ဒီနေ့ သူသွားမှာက ဘယ်ကိုပါလိမ့်။ ပုံမှန်သွားတာ ဘယ်နေရာပါလိမ့်လို့ ကပျာကသီ တွေးရင်း ဖုန်းမှာ တက်လာတဲ့ နိုတီတချို့ကို ဖြတ်ခနဲ လှမ်းကြည့်မိလိုက်တယ်။
အမြဲ ပြောနေကျ ကိုယ့်စကားကို သူမှတ်မိမှာပါ။ ကိုယ်က အာဇာနည်ရဲ့ မိန်းမ ဖြစ်ချင်တာ မဟုတ်ဘူး။ သူရဲကောင်းရဲ့ မိန်းမ ဖြစ်ချင်တာ မဟုတ်ဘူးဆိုတဲ့ စကားကို သူနားလည်မှာပါ။ ဘယ်လိုပဲ ဖြေတွေးတွေး ရင်ထဲက အပူက လျော့မသွားပြန်ဘူး။ ဖုန်းကို ယူပြီး သူ့နံပါတ်ကို နှိပ်လိုက်မိပေမယ့် မခေါ်မိပြန်ဘူး။ သူ့အနေအထားက အဆင်ပြေနေရင် တော်ရဲ့။ အဆင်မပြေဘဲ လွတ်အောင် ရှောင်နေရတဲ့ အနေအထားမျိုးဖြစ်ခဲ့မယ်ဆိုရင်၊ တစ်နေရာရာမှာ ပုန်းနေရတဲ့ အနေအထားမျိုး ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်ဖုန်းသံက သူ့အတွက် သေမင်းလက်နက် ဖြစ်သွားမှာကို ကိုယ်မလိုလားဘူး။ အိုး.. အတွေးနဲ့တင် နာကျင်လိုက်တာ။
ဖေဖော်ဝါရီ လအစတွေတုန်းကတော့ သူသွားရာနေရာတွေဆီ ကိုယ့်ကို သူခေါ်သွားခဲ့တာပဲ။ ဒါပေမဲ့ တဖြည်းဖြည်းကြမ်းရမ်းလာတဲ့အနေအထားမှာတော့ သူက ကိုယ့်ကို ချန်ထားခဲ့သလို ကိုယ့်တားမြစ်မှုကိုလည်း လက်မခံခဲ့ပြန်ဘူး။
သူ သွားပါရစေ တဲ့။ တစ်နိုင်ငံလုံး ကံဆိုးမိုးမှောင်ကျတဲ့အနေအထားမှာ လုပ်နိုင်တဲ့ ဒီတစ်ခုလေးတော့ သူ လုပ်ပါရစေတဲ့။ ကိုယ် ဘယ်လို ဆက်တားမြစ်ရမလဲ။ ကြိတ်မနိုင်ခဲမရ သူ့ပြောစကားသံတွေကြားမှာ ကိုယ်ကိုယ်တိုင် လိုက်ပါချင်ခဲ့ပေမယ့် သူကတော့ ကိုယ့်ကို ခေါ်မသွားခဲ့ပြန်ဘူး။ ဗိုက်ထဲက ကလေးနဲ့ သားကြီးအနား နေပါတဲ့။ ကိုယ့်မှာ ဒီအချိန်မှာမှ အမေတစ်ယောက် အဖြစ်ရောက်ရှိနေလေခြင်းဆိုပြီး ယူကြုံးမရ ဖြစ်ရပြန်တယ်။ ဒီအချိန်မှာမှ ကိုယ်ဝန်ဆောင်သည်အဖြစ်ရောက်ရှိလေခြင်းဆိုပြီး ယူကြုံးမရ ဖြစ်ရပြန်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဟာ သူ့အတွက် အားနည်းချက်ဖြစ်လေမလား ဆိုတဲ့ ကြောက်စိတ်နဲ့ ကိုယ့်မှာ အိမ်မှာ ချန်ခဲ့ရတာပါပဲ။
ဖုန်းမှာ ဖေ့စ်ဘုက်ခ် ဖွင့်ရင်း တက်လာတဲ့သတင်းတွေ၊ မြို့နယ်စုံ ဂရုက သတင်းတွေ ဖွင့်ကြည့်မိတယ်။ ဘယ်နေရာမှာတေ့ာ ရှိသေးတယ်။ ပိတ်မိနေတဲ့သူတွေ ဒီကို ဆက်သွယ်ပါ ဆိုတဲ့ ပို့စ်တွေ ကြည့်ရင်း အလိုလို မျက်ရည်ဝဲလာတယ်။ သူများတွေတောင် အိမ်ပြန်ဖို့ စီစဉ်နေကြပြီ။ အိမ်အပြန်ခက်သူတို့အတွက် လမ်းဖန်တီးပေးနေကြပြီပဲ။ သူကကော မက်ဆေ့ဂျ်တစ်ခုတလေတောင် ကိုယ့်ဆီ မပို့နိုင်လေဘူးလား။
တကယ်ဆို ကိုယ်နဲ့သူ အခုနောက်ပိုင်း ရန်မဖြစ် စကားမများတာ ကြာခဲ့ပြီပဲ။ နေ့စဉ် လူ့မိစ္ဆာတွေဆီ ဆန္ဒပြဖို့အရေးသွားနေတဲ့ သူ့ရဲ့အသက်ဟာ ဘယ်အချိန်အထိ တည်မြဲမယ်မှန်းမသိရတဲ့အခါ ကိုယ့်စိတ်မှာ အလိုလိုကြောက်စိတ်တွေ ဝင်လာတာကို သူ သိပါ့မလား။ လူ့မိစ္ဆာတွေရဲ့ မတရားမှုကို လက်မခံကြောင်း ဗီနိုင်းတွေ ထုတ်တယ်။ ပိုစတာတွေ ထုတ်တယ်။ လူထုဆန့်ကျင်မှု​တွေ လုပ်ကြတယ်။
ဒါပေမယ့် ဒါတွေဟာ တကယ်ရော အရာရောက်ပါ့မလား။ လူ့မိစ္ဆာကတော့ တိုင်းပြည်ကို ဖျက်စီးဖို့ သူ့ရဲ့လမ်းကို စလျှောက်လိုက်ပြီလေ။ သူ့အတွက် ဒီပိုစတာတွေ၊ ဗီနိုင်းတွေက အရေးမှမပါဘဲလေ။ နိုင်ငံတကာလား။ နိုင်ငံတကာက သိတောင် ဘယ်တုန်းကများ အရေးတယူ လုပ်ခဲ့ဖူးပါလိမ့်။ ဒီအတောအတွင်း နိုင်ငံတကာနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြစ်လာခဲ့ပါလိမ့်။ တကယ်တမ်းမှာ အကြောင်းအရာမျိုးစုံနဲ့ ဝမ်းနည်ူကြောင်း၊ ယူကြုံးမရကြောင်း စာတွေ ထုတ်ရုံကလွဲလို့ သေသွားတဲ့ အသက်တွေအတွက် ဘယ်နိုင်ငံတကာကများ တာဝန်ယူခဲ့လို့လဲ။ ဘယ်သံရုံးကများ တာဝန်ယူခဲ့လို့လဲ။ နိုင်ငံရေးတကယ်သိသူတွေအမြင်မှာ ဘယ်လိုရှိမလဲ မသိပေမယ့် ကိုယ်လို သာမန်မိန်းမတစ်ယောက်အတွက်တော့ နိုင်ငံတကာဆိုတာ ကယ်တင်ရှင် လို့ လေလုံးထွားပြီး ကိုယ်တို့ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ ပေးနေတာပါပဲ။
"မေမေ... ကာတွန်း.. ကာတွန်း"
ကာတွန်းကြည့်မယ်ဆိုတဲ့ သားကို ကာတွန်းဖွင့်ပြရင်းက ဖုန်းကို ကြည့်မိပြန်တယ်။ ဒီဆန့်ကျင်မှုကို တဆင့်မြှင့်ဖို့ လိုလာပြီဆိုတဲ့ လှုံ့ဆော်သတင်းတွေနဲ့အတူ လူပေါင်းများစွာ သေဆုံးသွားတဲ့အကြောင်း သတင်းတွေ အပြည့်နဲ့။ သက်ပြင်းနဲ့အတူ ဖုန်းကိုပါ အောက်ပြန်ချလိုက်မိတယ်။
"....."
သားကြည့်နေတဲ့ ဖုန်းရဲ့ဗိုက်ဗာမှာ စာတစ်ခု ဝင်လာတယ်။ ငါ ပြန်လာနေပြီ တဲ့။ ဒါ သူ့ဆီက သတင်းစကားပဲ ဆိုတာ သိသိချင်း ရင်ထဲမှာ အေးငြိမ်းသွားတယ်။ ဒါဆို သိပ်မကြာခင် ဆုံမှာပါ ဆိုတဲ့ စိတ်နဲ့ အိမ်ရှေ့တံခါး ကိုဖွင့်လိုက်တယ်။ အတော်ကို အချိန် လင့်နေပြီပဲ။ အမှောင်ရိပ်တောင် ပြေးစပြုနေပြီပေါ့။
တံခါးဖွင့်ဖွင့်ချင်းပဲ ကိုယ့်မျက်နှာကို လေတစ်ချက် ခပ်ကြမ်းကြမ်း နမ်းရှိုက်သွားတယ်။ ပြန်ဆုံခွင့်မရှိတဲ့ တချို့လူတွေအကြောင်း အလိုလို အတွေးထဲ ရောက်လာပြန်တယ်။ တချို့က အိမ်ပြန်ခွင့်မရှိတော့ဘူး။ တချို့က ပြန်ဆုံခွင့်မရှိကြတော့ဘူးပဲ။ ကိုယ့်ရဲ့ အေးငြိမ်းသွားမှုကိုပဲ ကိုယ့်မှာ ပြန်ရှက်ရွံ့နေရပြန်တယ်။
ဟော အိမ်ရှေ့မှာ ကားရပ်သွားတယ်။ သူ ဆင်းလာပြီ။ ဒီနေ့တော့ အတော်မောပန်းလာတယ်ထင်ရဲ့။ ခြေတွေလက်တွေမှာလည်း ပွန်းပဲ့ရာအပြည့်နဲ့။ နွမ်းလျနေတဲ့ မျက်နှာနဲ့ သူ ကိုယ့်ရှေ့လာရပ်တယ်။
"ဆောရီးဟာ.. ဒီနေ့ ဖုန်းဆက်ဖို့ အခြေအနေဘယ်လိုမှ မပေးဘူး ဖြစ်သွားတယ်၊ လာ အိမ်ထဲ သွားရအောင်လေ "
ပြောပြောဆိုဆိုနဲ့ သူက ကိုယ့်ရှေ့ကနေ အိမ်ထဲကို လှမ်းဝင်သွားတယ်။
ကိုယ့်မှာတော့ ဒီလိုပြန်ဆုံခွင့်ရတဲ့ ညနေတွေကို ဘယ်အချိန်ထိ ပိုင်ဆိုင်ရမှာလဲ .. လို့တွေးရင်း အားနာရှက်ရွံစိတ်တွေနဲ့အတူ သက်ပြင်းပူကြီး မှုတ်ထုတ်လိုက်မိတာပါပဲ။
ဒီနေ့ သူသွားခဲ့သလို နောက်နေ့တွေမှာလည်း သူသွားဦးမှာပဲ။ အဲဒီထက် ပိုလာရင် ကိုယ့်ကို ထားခဲ့ပြီး သူဟာ လက်နက်ကိုင်လမ်းစဉ်ကိုတောင် ရွေးနိုင်သေးတာမဟုတ်လား။ ဘယ်အချိန်ဘယ်နေရာမှာ ကိုယ့်ကို သူထားခဲ့မလဲ ဆိုတာကိုပဲ ကြိုမသိနိုင်တာ။
နောက်ဆို ဖုန်းမဆက်နိုင်တောင် မက်ဆေ့ဂျ်လေးတော့ ပို့ပါဟာ .. လို့ ကိုယ်ခပ်တိုးတိုး ဆိုမိတယ်။ ကိုယ့်စကားကို သူ ကြားမကြားတော့ ကိုယ်လည်း မသိပြန်ဘူး။ မှုတ်ထုတ်လိုက်မိတဲ့ သက်ပြင်းနဲ့အတူ ကျလာတဲ့ မျက်ရည်စတွေကို သုတ်ဖို့အတွက် အနောက်ခန်းဆီ ကပျာကသီ ပြေးခဲ့မိလို့လေ။
ရည်ဝေ

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...