Tuesday, February 18, 2025

လူ

 လူ…

အဲဒီနေရာ…လို့ပဲ လွယ်လွယ်ဆိုကြပါစို့ဗျာ။ ဘယ်သူမှ မသိတဲ့ အဲဒီနေရာမှာပေါ့။ အချိန်တန်လာရင် ဟိုဟိုဒီဒီရောက်သွားတတ်တဲ့ တောင်စဉ်ရေမရ အတွေးတွေကအစ အကြောင်းပြချက်မရှိဘဲ ခုန်ခုန်ထွက်လာတတ်တဲ့ အမြီးအမောက်မတည့်တဲ့ စကားလုံးတွေအဆုံး ပြီးတော့ လုံးဝလူသိခံလို့မရတဲ့ ကျွန်တော့်စိတ်ရဲ့ အမှောင်ဆုံးအပိုင်းတွေ သိမ်းဆည်းထားမယ်။
ပြီးရင်ကျွန်တော့်ရဲ့ လူသိနည်းနေတဲ့ အလိုရမ္မက်တွေ၊ အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေကောပေါ့။
ခဏလေး….။ ဒီခံစားချက်တွေ မရှိခဲ့ရင် ကျွန်တော် လူအခွံတစ်ကောင်များ ဖြစ်သွားနိုင်သလား။ ဘယ်လိုဖြစ်တည်မှုမျိုးက်ိုမှ တုန့်ပြန်နိုင်စွမ်း မရှိတော့တဲ့ လူအခွံတစ်ကောင်လေ။ ဖြစ်လည်း မတတ်နိုင်ဘူး။ ဒါတွေကို သိမ်းဆည်းဖို့ နေရာ လိုနေတယ်။ ကျွန်တော့် လူခွံထဲမှာ ထပ်သိမ်းဆည်းထားဖို့ မဆံ့တော့ဘူးလေ။ ဟိုဒီပြေးလွှားနေတဲ့ တောင်တောင်အီအီအတွေးတွေဟာ နေ့ဆို အိပ်ငိုက်ဖို့ ခက်စေပြီး ညဆို အိပ်မပျော်အောင် ပြုစားတယ်။ ပြီးတော့ အကြောင်းအရာအစုံကို လိုက်ခံစားနေရင်းဖြစ်တည်လာတဲ့ အတ္တဒေါသတွေကလည်း ကျွန်တော့်အတွက်တော့ မာရ်နတ်ပဲ။ ဘယ်တော့မှ ငြိမ်းချမ်းမှုမရရှိအောင် ပြုလုပ်နေသလိုမျိုး။


တစ်ခါတစ်ခါဆို ကျွန်တော် တွေးမိတယ်။ ကျွန်တော့်ဘဝတစ်ခုလုံး တိတ်ဆိတ်သွားရင် သိပ်ကောင်းမှာပဲ လို့လေ။ အခုတော့ ကျွန်တော့်ဘဝကြီးက သိပ်ဆူညံလွန်းနေတယ်။ မကျေနပ်ချက်တွေများတယ်။ တောင်စဉ်ရေမရ အချိန်တွေကုန်ဆုံးနေတယ်။ ကုန်ကုန်ပြောရရင် ဘဝကြီးဟာ အဓိပ္ပါယ် မဲ့နေသလိုမျိုး။ ဘာတစ်ခုမှ ဘဝထဲက ရစရာ မရှိတော့သူလိုမျိုး ကျွန်တော်ဟာ အဓိပ္ပါယ်မဲ့ရှင်သန်နေထိုင်နေရတယ်။ ဆူညံနေတဲ့အရာတွေ ပျောက်သွားရင် တစ်ခုခုတော့ အဓိပ္ပါယ်ရှိလာလိမ့်မယ်ထင်တယ်။ ဒီလိုနဲ့ပဲ ကျွန်တော် နေရာတစ်ခုကို စိတ်ကူးယဉ်မိခဲ့တယ်ပဲ ဆိုပါတော့။
စမ်းချောင်းလေးရှိမယ်။ မြက်ခင်းစိမ်းတွေ ပြည့်နှက်နေမယ်။ အပေါ်ကနေ မိုးအုပ်ထားတဲ့ သစ်ပင်ကြီးတွေရှိနေမယ်။ ကျေးငှက်သာရကာတွေရဲ့ သာယာဖွယ် တွန်ကျူးသံလေးတွေရှိမယ်။ အဲဒီနေရာက စမ်းချောင်းလေးရဲ့ ဟိုးအနက်ဆုံးထိ တူးဆွပြီး ကျွန်တော့်ရဲ့ အလိုရမ္မက်ဒေါသတွေ၊ မာနတွေ၊ မောဟတွေအပြင် တောင်စဉ်ရေမရ အရာအားလုံး ပစ်ထည့်သိပ်ထည့်ထားမယ်ဗျာ။ ပြီးရင်တော့ ကမ္ဘာလောကထဲကို ကျွန်တော် ပြန်လာခဲ့မယ်။ ဘယ်လို ညစ်ထေးမှုမှမရှိတဲ့၊ ဘယ်လိုမှောင်မိုက်ခြင်းမှ မရှိတဲ့ လူအကောင်းစားလေး တစ်ယောက်အနေနဲ့ ကျွန်တော် ပြန်လာခဲ့မယ်။ ဘယ်လိုကြည့်ကြည့် အပြစ်ကင်းစင်တဲ့ လူသန့်လူချောလေးတစ်ယောက်လိုပေါ့။
ကျွန်တော့်လက်သည်းတွေကြားကနေ တစ်ချက်တစ်ချက် ထိုးထွက်လာတဲ့ အပြစ်မကင်းစိတ်တွေ ကွယ်ပျောက်သွားရင်၊ ကျွန်တော့်အရေပြားကနေ တစ်ချက်တစ်ချက် ထိုးထွက်လာတဲ့ အလိုရမ္မက်တွေအပြင် ခန္ဓာကိုယ်ထဲက တဟုန်ထိုး ရုန်းကြွချင်နေတဲ့ ဒေါသတွေသာ ကွယ်ပျောက်သွားရင် ကျွန်တော်ဟာ အတော်ရည်မွန်တဲ့ လူရည်ချွန်လေး ဖြစ်နိုင်တယ်။ လူကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုပညာတွေ တတ်ကျွမ်းသင့်သလဲ ဆိုတာ ကျွန်တော်မသိပေမယ့် လူတွေအမြင်ကောင်းဖို့ ဘယ်လိုအရာတွေ လုပ်ဆောင်ပေးရမယ်ဆိုတာ ကျွန်တော်သိတယ်။ ခက်တာက အဲဒါကကို ကျွန်တော့်ကို လူယုတ်မာတစ်ယောက်အဖြစ်တွန်းပို့နေလေသလားပဲ။
အိုး…။ ကျွန်တော် အတ္တကြီးမိပြန်ပြီ။ သိပ်ကို ညွတ်နူးဖွယ်ကောင်းတဲ့ နေရာလေးမှာ ကျွန်တော့်အလိုရမ္မက်တွေ ထားခဲ့မလို့တဲ့လေ။ စိတ်ကူးယဉ်နေရာလေးဆိုပေမယ့် သိပ်ကို သာယာနာပျော်ဖွယ်ကောင်းလွန်းတယ်မလား။ အလိုရမ္မက်လို၊ ဒေါသမောဟတို့လို အမှောင်တွေ မကြီးစိုးသင့်တဲ့နေရာ။ နာကျင်စရာတွေ မမြိုချထားသင့်တဲ့ နှလုံးသားကုန်းမြေ။
ခက်တာပဲ။ ကျွန်တော့်လူခွံထဲမှာ အလိုရမ္မက်တွေက ထိန်းမနိုင်သိမ်းမရ ရုန်းကြွလာပြန်ပါပြီ။ ဟိုဟာလေးလိုချင်လိုက်တာ၊ ဒီဟာလေး လိုချင်လိုက်တာနဲ့ ကမ္ဘာလောကကြီးမှာ မြင်မြင်သမျှအရာအားလုံးက ကိုယ့်ကို မြူဆွယ်ဖြားယောင်းနေသလိုမျိုး…။ မြင်ကွင်းထဲက အရာအားလုံးဟာ လင်းလက် လှပလို့။ လိုအင်ဆန္ဒလား၊ အလိုရမ္မက်လား။ ဒါတွေ ဘယ်ကနေ စတာပါလိမ့်။ သေချာတာကတော့ မြင်ဖူးကြားဖူးတဲ့ အရာတွေပဲ ဖြစ်ပါလိမ့်မယ်။ မမြင်ဖူးမကြားဖူးပဲ ဘယ်လိုများ တပ်မက်စိတ် ဖြစ်ရတည်ရပါ့မလဲ…။ မဟုတ်ဘူးလား။
ဘာတွေကို ဘယ်လိုပဲ လိုချင်လိုချင်၊ ဘာတွေကို ဘယ်လိုပဲ မုန်းတီးမုန်းတီး အဆုံးသတ်ချိန်ကတော့ ရှိတာပါပဲ။ လူတိုင်းလူတိုင်းမှာ အဆုံးသတ်ချိန် ရှိတယ်။ အဲဒီအတွက်တော့ ကျွန်တော်လည်း ကြိုသိတယ်။ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒတွေ ရဲ့ အဆုံးသတ်ချိန်ဟာ ဘယ်တော့လဲ ဆိုတာကို ကျွန်တော် ကြိုသိနေတယ်။ ဘယ်သူမှ ရှောင်လွှဲမရတဲ့ သေခြင်းတရား ဟာ ဘဝ ဆိုတဲ့ ဖြစ်တည်မှုထဲက ဆက်နွယ်မှုအားလုံးရဲ့ အဆုံးသတ်ရာပဲ။ အဆုံးမသတ်နိုင်ခဲ့တဲ့ လိုအင်ဆန္ဒတွေလည်း သေခြင်းတရားနဲ့ဆုံရင် ပျောက်ကွယ်ရတာပါပဲ။ ဒါပေမဲ့ သူကပဲ အစဖြစ်ပြန်သေးတာ။ နောက်ဘဝတစ်ခုထဲ လက်ပစ်ဝင်လိုက်ဖို့အတွက်လေ။ ဟုတ်တယ်။ သေခြင်းဆိုတာ အရာအားလုံးရဲ့အဆုံးသတ်ရာဖြစ်သလို တစ်စုံတစ်ခု ဖြစ်တည်ဖို့အတွက် ကနဦးဖြစ်စဉ်လည်း ဟုတ်တယ်လို့ ကျွန်တော်တော့ ယူဆမိတာပဲ။
တချို့လူတွေဟာ ဝဋ်ကြွေးသိပ်ကြီးသတဲ့။ ဒီဖက်ဘဝက အနာကို နောက်ဘဝအထိ သယ်ဆောင်သွားကြသတဲ့။ ဒီဖက်ဘဝက လိုအင်ရမ္မက်တွေကို ဟိုဖက်ဘဝမှာ ကြီးထွားအောင် လုပ်ကြသတဲ့။ ကျွန်တော် အဲဒီလောက်ထိတော့ လူမိုက်မဆန်ချင်ဘူး။ ဘဝတစ်ခုချင်းစီမှာ မမိုက်မဲဖူးရ မရှိရလေအောင် နည်းနည်းပဲ မိုက်မဲချင်တာ။ ဘဝကူးပြီးတော့ မိုက်မဲမှုတွေ လက်ဆင့်ကမ်းမသယ်ချင်ပြန်ဘူး။
အဲဒါကြောင့်ပဲ နေရာလေးတစ်ခုရှာပြီး ကျွန်တော့်ရဲ့အလိုရမ္မက်တွေကို ထိန်းအုပ်ထားချင်တာလေ။ လူအမြင်ခံလို့မရမယ့် ကျွန်တော့်ရဲ့ ဒေါသမောဟတွေကို သိမ်းအုပ်ထားချင်တာ။ ကျွန်တော်ထင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ့်လျှို့ဝှက်ချက်ကို သိမ်းဆည်းထားတဲ့ လျှို့ဝှက်နေရာ ရှိလိမ့်မယ်လို့လေ။ ဘ.. ဝ ဆိုတဲ့ ဖြစ်တည်မှုထဲမှာ တချို့က ပျော်ရွှင်မှုတွေကို လျှို့ဝှက်ထားချင်ပြီး တချို့က နာကျင်မှုတွေကို လျှို့ဝှက်ထားချင် ထားနိုင်တာပေါ့။ တချို့ကတော့ အဆုံးစွန်သော ပျက်သဉ်းမှုတွေကို သိမ်းဆည်းပြီး တချို့ကတော့ တကူးတက လွမ်းမပြချင်တော့တဲ့ အတိတ်တချို့ကို သိမ်းကောင်းသိမ်းနိုင်တာပေါ့။
ကျွန်တော်ကတော့…. ဘယ်သူမှ မမြင်သေးတဲ့ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအချို့ကို သိမ်းထားလိုက်ချင်တော့တာပဲ။ လုံလုံလောက်လောက် မိုက်ခဲ့ပြီးပြီလေ။ မိုက်ခဲ့သမျှ အရာအားလုံး လူမြင်စရာတော့ မလိုဘူးမလား။ ဒါကိုက လူပီသခြင်းလို့ ကျွန်တော်တော့ မြင်မိတာပဲ။
ခင်ဗျားကော ခင်ဗျားရဲ့ဘဝထဲမှာ ဘာကို လျှိ့ဝှက်ထားချင်ခဲ့လဲ။ တွေးကြည့်ပါ့လား။ ခင်ဗျား တစ်ခါမှ မမြင်ဖူးတဲ့ခင်ဗျားအစစ်ကို ပြန်မြင်ချင်မြင်ရနိုင်မှာပေါ့…..။
#ရည်ဝေ

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...