Tuesday, February 18, 2025

ကိုယ်တိုင်ထုဆစ်ရမယ့် ကိုယ်ပိုင်ပန်းပုများ

 ကိုယ်တိုင်ထုဆစ်ရမယ့် ကိုယ်ပိုင်ပန်းပုများ

........//
အံ့ဩစရာပါပဲ။ ဒါကို ခင်ဗျားသိလား...။
ဘဝ ဆိုတာ ကိုယ်လိုသလို ထုဆစ်လို့ရတယ်...တဲ့။ ခင်ဗျားက ပျော်ရွှင်ချင်တာလား၊ ဝမ်းနည်းချင်တာလား။ အရာအားလုံးဟာ ခင်ဗျားရဲ့ သတ်မှတ်ချက်ဖြစ်သလို အရာအားလုံးဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်ထုဆစ်မှုအရ ကြုံတွေ့လာတာချည်းပါပဲ။ ဒါကို ကျွန်တော့်အတွေ့အကြုံနဲ့ရင်းပြီး ဧကန်မုချ မှန်ကန်ကြောင်းထပ်လောင်းပြောကြားပါရစေ။ လူတစ်ယောက်ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေဆိုတာ ကိုယ်ပိုင်ထုဆစ်မှုနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားတွေပဲဆိုတာ...ကိုလေ။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပျော်ရွှင်ပါစေရည်ရွယ်ချက်နဲ့ တလိမ့်ချင်း စီးဆင်းလာတဲ့ ခဲလုံးလေးတွေရှိသလို နာပါစေကျင်ပါစေ ရည်ရွယ်ချက်နဲ့ ပစ်ပေါက်လာတဲ့ ခဲလုံးလေးတွေရှိတယ်။ စကားလုံးသန်ရာသန်ရာအစုလိုက်၊ စိတ်အတွေးသန်ရာသန်ရာ အစုလိုက် ပြည့်ညှပ်လာတဲ့ ခဲလုံးလေးတွေဟာ ကျွန်တော့်တို့ရဲ့ နေ့စဉ်ဘဝမှာ စုပြုံစီးဆင်းနေတော့တာပဲ။

လူပဲလေ။ လူပဲ။ ကိုယ့်ဆီတကူးတက စီးဆင်းလာတဲ့အရာတွေကို ဘယ်လိုများ ငြင်းပယ်နိုင်မတဲ့လဲ။
အဲဒီလိုနဲ့ပဲ ကိုယ့်ဆီ တမင်တကာ ရည်ရွယ်ပစ်ချလာတဲ့ ခဲလုံးလေးတွေကို တစ်ခုချင်းစီ စစုဖြစ်ခဲ့တယ်ပဲဆိုကြပါစို့ဗျာ။
တဖြည်းဖြည်းချင်း များလာတဲ့ ခဲအပုံလိုက်ကြီးမှာ ဘယ်ခဲလုံးလေးကတော့ ကိုယ့်ကို ဘယ်လိုနာကျင်စေခဲ့တာ ဆိုတဲ့ အမှုန်အမှိုင်းတွေတော့ မကျန်တော့ပါဘူး။ တူရာတူရာ အစုလိုက်၊ ခံစားချက်အစုလိုက် သိပ်သည်းသွားတဲ့ ကျောက်ပုံအစုအဝေးကြီးပဲ ကျန်ခဲ့တော့တာပါ။ ကျောက်ပုံအစုအဝေးကိုယ်စီကို ငေးကြည့်ရင်း ဘယ်လိုပုံစံ ထုဆစ်ရမလဲ ဆိုတဲ့အကြောင်းကိုပဲ တွေးနေရတာဟာ ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်ပေါ့။
ကျွန်တော် ကျွမ်းကျင်တဲ့ ထုဆစ်မှုအလိုက် လှပအံ့ဖွယ် ရုပ်တုကြီးပဲ ဖြစ်သွားမလား၊ အသုံးမကျတဲ့ အမှုန်အမွှားအဖြစ်ပဲ အသွင်ပြောင်းသွားမလား။ ဘယ်အရာကမှတော့ ကံသေကံမ မပြောနိုင်။ ကြားဖူးကြမလားတော့မသိဘူး။ စာ ကောင်းခြင်းမကောင်းခြင်းဟာ လူကို ဘယ်လောက်ထိ ပြောင်းလဲစေနိုင်မယ်ဆိုတာမသိပေမယ့် စာဖတ်အားများတဲ့လူကတော့ စာဖတ်အားအလိုက် ပြောင်းလဲနိုင်သတဲ့။ အထူးသဖြင့် ရသစာပေပေါ့။ ဒီခဲလုံးလေးတွေရဲ့ သဘောကလည်း အဲဒီအတိုင်းပါပဲ။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်စေ၊ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်ဖြစ်စေ ကိုယ့်ဆီ ရောက်ရှိလာတဲ့အခါ ကိုယ်ဘယ်လိုအသုံးချမလဲပေါ် မူတည်ပြီး သူ့ရဲ့ ပုံရိပ်အသစ် တဖန်ထွက်ပေါ်လာရတာပါပဲ။ ဘာကိုလက်ခံပြီး ဘယ်လိုပုံစံ ထုဆစ်မလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ့။
ထူးဆန်းတာတစ်ခုကတော့ ကိုယ့်ဆီရောက်ရှိလာတဲ့ ပျော်ရွှင်မှုခဲလုံးလေးတွေရဲ့အငွေ့အသက်ကတော့ ကျွန်တော်တို့ရွေးချယ်မှုအရ အချိန်အတော်ကြာအထိ လင်းဖြာနေတာပါပဲ။ အချိန်နည်းနည်းပဲ လင်းဖြာမလား၊ အချိန်အကြာကြီးလင်းဖြာမလားဆိုတာကတော့ ကျွန်တော်တို့ရွေးချယ်မှုပေါ် မူတည်တာပေါ့လေ။
ကျွန်တော်ကတော့ လင်းဖြာမှုကို သဘောကျတယ်။ အမှောင်ကို ကြောက်တယ်။ ယုတ်မာမှုကို ရွံမုန်းတယ်။ အဲဒီအချက်တွေကြောင့်ပဲ ကျွန်တော်ဟာ နာကျင်ဖွယ်ခဲလုံးလေးတွေကို စုထားရင်း ကောင်းမွန်တဲ့ပုံရိပ်တစ်ခုဖြစ်ပေါ်လာအောင် ထုဆစ်မိတော့တာပါပဲ။ နာကျင်ဖွယ်အရာတွေကို လက်ခံထားရင်း နာကျင်ကြောက်မက်ဖွယ်ပုံရိပ်ဖန်တီးဖြစ်လောက်အောင်ထိတော့ မမိုက်မဲချင်ဘူးလေ။
ခင်ဗျားဘာသာခင်ဗျား ဘာကောင်ကြီးပဲဖြစ်နေပါစေ၊ ဘယ်လောက်ကြီးပဲ ချမ်းသာနေပါစေ၊ ဘယ်လောက်ကြီးထိပဲ လူချစ်လူခင်များနေပါစေ၊ ဘယ်လောက်ကြီးထိပဲ လူမုန်းများနေပါစေ၊ ဘယ်လောက်ကြီးထိပဲ ဂုဏ်သိက္ခာကြီးမားနေပါစေ။ သေသွားတဲ့အခါ ခင်ဗျား ဘာရနိုင်မလဲ စဉ်းစားကြည့်မိဘူးလား။ ကျွန်တော်တော့ စဉ်းစားမိဖူးတယ်။
အဲဒါ သိလား။ သေသွားတဲ့အခါ လူတွေမှာ ကျန်နိုင်ခဲ့တာ ချစ်ခြင်းတရားပဲရှိတယ်။ အမုန်းတွေ၊ စက်ဆုက်မှုတွေဟာ အချိန်တန်ရင်ပျောက်ကွယ်သွားပြီး ချစ်ခြင်းတရားကတော့ သေသူကို အချိန်အတော်ကြာအထိ တည်တံ့စေနိုင်တယ်။ အဲဒါကြောင့်ပဲ ဘဝမှာ ချစ်ခြင်းတရားတွေ ဖန်တီးဖို့အရေးကြီးတာပေပဲ။ ကျွန်တော့်အတွက်ကတော့ သေပြီးရင် ဘာမှန်ကျန်မနေနိုင်တဲ့ကမ္ဘာအတွက် မစဉ်းစားနိုင်ပါဘူး။ ရှင်သန်ဆဲကာလမှာ ပျော်ရွှင်ခြင်းတွေနဲ့ဖြတ်သန်းဖို့ပဲ အလေးသာပါတယ်။
ကံကောင်းတဲ့အချက်ကတော့ ကျွန်တော့်ဘဝမှာ အမှောင်တွေကို အချိန်ကြာကြာ မဖြတ်သန်းရဘဲ လင်းဖြာမှုတွေနဲ့ ဖြတ်သန်းရတဲ့အချက်ပါပဲ။ ကျွန်တော့်ဆီကို ဖြတ်သန်းစီးဆင်းလာတဲ့ထဲမှာ ချစ်ခြင်းတရားနဲ့ဆက်စပ်တဲ့ ပျော်ရွှင်ဖွယ်ခဲလုံးလေးတွေဟာလည်း များတယ်လေ။
ဒီလိုဆိုလို့ ကျွန်တော့်ဆီကို နာကျင်ဖွယ်ခဲလုံးလေးတွေရောက်မလာဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် လက်ခံနိုင်တဲ့အတိုင်းအတာမှာပဲ ရပ်တန့်ပစ်လိုက်ပြီး ပျော်ရွှင်ဖွယ်ကြည်နူးဖွယ်အံ့အားသင့်ဖွယ်ပန်းပုလေးအဖြစ်ကို အလျှင်အမြန်ပြောင်းလဲလိုက်နိုင်ခြင်းကြောင့်ပါပဲ။ ဒါကကိုပဲ ကျွန်တော့်ဘဝမှာ ပျော်ရွှင်မှုတွေများပြားပြီး မပျော်ရွှင်မှုတွေ အဝေးလွင့်စေခဲ့တာပေါ့။
ခင်ဗျားကော ... ဘာကို လက်ခံပြီး ဘာကို ထုဆစ်မယ် စဉ်းစားထားလဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင်ပန်းပုလေးတွေကို ဘယ်လိုပုံရိပ်ဆီ ယိမ်းမလဲ။ ဘာကိုပဲ လုပ်လုပ် ကျွန်တော်ပြောတဲ့အချက်ကလေးကိုတော့ မမေ့စေချင်ဘူး။ ပျော်ရွှင်ဖွယ်ရာပဲဖြစ်ဖြစ်၊ နာကျင်ဖွယ်ရာပဲ ဖြစ်ဖြစ် အရာအားလုံးက ကိုယ့်လက်ထဲမှာ၊ ကိုယ်တိုင် ထုဆစ်မှရမှာ ဆိုတဲ့အကြောင်းကိုပေါ့....။

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...