Tuesday, February 18, 2025

ပျောက်နေတဲ့ ကမ္ဘာ

(၁)

ဟင်။
ကျွန်တော် လမ်းလျှောက်လာတယ်။ မဟုတ်ဘူး။ ကျွန်တော် လမ်းလျှောက်နေတာ။ ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် မြင်နေရတယ်။ ကိုယ်လမ်းလျှောက်နေတာကို ကိုယ်တိုင် ပြန်မြင်ရတာမျိုးဟာ တန်ပြန်မြင်နိုင်တဲ့ မှန်ထဲမှာပဲ မြင်ရမယ်လို့ ထင်ထားခဲ့တာ။ ခု ကျွန်တော် ဟာ ကျွန်တော် လမ်းလျှောက်လာနေတာကို မြင်နေရတယ်။ ဒီနေရာမှာတင် ဝဲနေတဲ့ အတွေးတွေကို ရပ်ရင် ကျွန်တော့်ကိုယ်ကျွန်တော် အာရုံစိုက် ကြည့်လိုက်တယ်။
ဟော ကျွန်တော် လက်မြှောက်လိုက်ပြန်ပြီ။ ကျွန်တော် တစ်စုံတစ်ယောက်ကို ခေါ်လိုက်တာလား။ တစ်စုံတစ်ယောက်ကို မြင်လိုက်မိတာလား။ ကျွန်တော်မြင်နေရတဲ့ ကျွန်တော့် ခန္ဓာကိုယ်ထဲက အမြင်အာရုံနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဆက်စပ်ကြည့်မိတယ်။ မဟုတ်ဘူးး။ ကျွန်တော် ဘာမှ မမြင်ရဘူး။ ဘာကိုမှ ဆက်စပ်လို့မရဘူး။ ကျွန်တော်ဟာ ကျွန်တော့်ခန္ဓာကိုယ်ကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်ဆိုတာ သေချာပါတယ်။ ဟာ… ကျွန်တော့်ခန္ဓာကိုယ်ကြီးဟာ ရုတ်တရက် ပြေးထွက်သွားပြန်တယ်။ ရုတ်တရက် ပြေးဆွဲပေမဲ့ မမိလိုက်ဘူး။ သေချာတယ်။ ဒါဟာ ဘီလူးစီးတဲ့ အိပ်မက်လို ကြောက်စရာကောင်းတဲ့ အိပ်မက် ဝင်္ကပါထဲ ကျွန်တော် ရောက်နေတာ ဖြစ်မယ်။ ပြန်ထွက်ဖို့အတွက် ကျွန်တော် မျက်လုံးတွေ ဖွင့်ကြည့်တယ်။ ကိုယ့်ခေါင်းကို ခေါက်ကြည့်တယ်။ ဘာသံမှ ထွက်မလာသလို ဟိုးအဝေးရောက်နေပြီ ဖြစ်တဲ့ ကျွန်တော့် ကိုယ်ခန္ဓာရဲ့ အလင်းမျှင်မျှင်လေးကလွဲလို့ ဘာကိုမှ ကျွန်တော် မမြင်ရဘူး။ ဘာသံမှ မကြားရဘူး။ အဲဒီလိုပဲ ကျွန်တော့်ရင်ဘက်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေသလို ခံစားချက်တစ်ခုလည်းရှိနေတယ်။ ကျွန်တော် ဘာဖြစ်နေသလဲ။
အဲဒီအချိန်မှာပဲ ဘုန်းခနဲ တစ်စုံတစ်ယောက်နဲ့ တိုက်မိပါတော့တယ်။ ကျွန်တော့် ကိုယ်ခန္ဓာ ကြီးမဟုတ်တာတော့ သေချာတယ်။ ထူးဆန်းတာက သူ့မျက်လုံးဟာ နက်မှောင်နေပြီး သူ့နှာခေါင်းဟာ တိုလွန်းနေတာပဲ။ ဒီလို မျက်လုံးအမှောင်ဆုံးလူကို ပထမဆုံးအကြိမ် တွေ့မိတာပဲ လို့ ကျွန်တော် တွေးလိုက်မိတယ်။ မဟုတ်ဘူး။ ချက်ချင်းချက်ချင်း တွေးဖြစ်သွားတာ။ ခန္ဓာကိုယ် ရဲ့ စွန့်ပစ်ခြင်းခံနေရတဲ့ ကျွန်တော့်မှာ အတွေးရှိသလား ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း မသိဘူး။



(၂)
မင်း… ငါ့ကို မမြင်ဘူးလား”
ကြားလိုက်ရတဲ့ အသံကြောင့် ကျွန်တော် ရုတ်တရက် လန့်ဖြန့်သွားမိတယ်။ သူ့အသံက အက်ကွဲကွဲနဲ့ အေးစက်ခြောက်ကပ်နေလိုက်တာ။
တောင်းပန်ပါတယ်ဗျာ.. ကျွန်တော့် ခန္ဓာကိုယ် ထွက်ပြေးသွားလို့ လိုက်ပြေးရင်း ကျွန်တော် မမြင်မိတာပါ… အဲဒီအတွက် တောင်းပန်ပါတယ်”
သူ ကျွန်တော့်ကို သနားစရာ သတ္တဝါ တစ်ကောင်လို ကြည့်တယ်။ ပြီးတော့ စုတ် သပ်ပြန်တယ်။
ဒီလောကမှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားလုံးက လုံးဝ အသုံးမပြုတဲ့ စကားလုံးပဲ။ မကြာခင် မင်း နေသားကျသွားမှာပါ”
ဒီစကားပဲ သူဆိုပြီး လှည့်ထွက်ဖို့ ပြင်တော့ ကျွန်တော် အပြေးတားလိုက်မိတယ်။
နေပါဦးဗျ။ ဒီလောက ဆိုတာ ဘာလောကလဲ။ ကျွန်တော် ရှိနေတဲ့ သာမန်လူ့လောကပဲ မဟုတ်ဘူးလား”
အိုး သူ့အပြုံးက စက်ဆုက်ဖွယ် ကောင်းလိုက်တာ။ သနားစရာ သတ္တဝါတစ်ကောင်ဆိုတဲ့ အကြည့်အပြင် မုန်းတီးမှု ပါတယ်။
ဟုတ်တယ်။ မင်းလို ခုမှ ရောက်လာတဲ့ လူတွေကို ငါ မုန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းတို့မှာ အမှတ်တရတွေ၊ မှတ်ဥာဏ်တွေ ပါတတ်လို့။ ပြီးတော့ ချစ်တာတွေ၊ ယုယတာတွေ၊ ခံစားတတ်တာတွေ၊ နာကျင်တာတွေကောပေါ့”
ဟ.. လူပဲဗျ မှတ်ဥာဏ်ရှိတာ ဆန်းသလား၊ ခံစားတတ်တာ ဆန်းသလား”
သူ့ စကားလုံးကို ခပ်ဆတ်ဆတ် ပြန်ဖြေမိပြီးမှ ကျွန်တော့်အတွေးကို သူ ဘယ်လိုများသိသလဲ လို့ တွေးဖြစ်မိတော့ ကျောထဲမှာ စိမ့်ခနဲ ဖြစ်သွားတယ်။ ဒီလူဟာ နာနာဘာဝများလား။ ကျွန်တော် သဘာဝလွန် ဖြစ်ရပ်တစ်ခုခုထဲများ ပိတ်မိနေလေသလား။
မဆန်းပါဘူး… အဲသလို ဘာမှမရှိတော့ဘဲ တစ်ခုခုကို နာကြည်းနေရတဲ့ ငါတို့က ဆန်းတာ။ မင်းနဲ့ငါ မတူညီမှုကပဲ အဲဒီဆန်းပြားမှုကို ဖြစ်စေတာ”
ကျွန်တော့်မေးခွန်းကို သူ ပြန်မဖြေဘူးလို့ပဲ ကျွန်တော်ယူဆလိုက်မိတယ်။ သူ့အဖြေဟာ အဖြေဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ တိကျသေချာတဲ့ အဖြေတစ်ခုမှ မဟုတ်ဘဲ။
ဒီလောက ဟာ ဘယ်မှာရှိလဲ မင်း သိလား”
မသိဘူး။ ”
သူ့အမေးကို ဘုတောပြီး ဖြေလိုက်တယ်။ အမှန်တကယ်လည်း ကျွန်တော်မသိဘူးလေ။ ကျွန်တော်သိတာက ကျွန်တော့်ခန္ဓာကိုယ်ဟာ ကျွန်တော့်ကို စွန့်ခွာပြီး ထွက်သွားတယ်။ ကျွန်တော့် ခန္ဓာကိုယ် အထူးသဖြင့် စိတ်ကိုယ်ထည်ကြီးဟာ အလွတ်ကြီးတစ်ခုလို ခံစားနေရတယ်။ ဒီလောက်ပဲ ကျွန်တော်သိတယ်။ တကယ်လို့ ကျွန်တော့်အတွေးသာ မှန်မယ်ဆို၇င်တော့ ကျွန်တော်ဟာ သဘာဝလွန် ဖြစ်ရပ်ထဲ ပိတ်မိနေတာပဲ ဖြစ်မှာပဲ။ ဒါမှမဟုတ် ကျွန်တော်ဟာ ခန္ဓာကိုယ်ကြီးကို လူ့လောကမှာ ထားခဲ့ပြီး သေဆုံးခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။
ငါ ပြောတာ သေချာနားထောင်၊ ဒီလောကဟာ ဘယ်မှာမှ မရှိတဲ့ လောက၊ မမြင်ရဘူး၊ ထုထည်မရှိဘူး။ နာကျင်မှုတွေ၊ မှောင်မိုက်မှုတွေနဲ့ ပိတ်လှောင်ထားတဲ့ လောကတစ်ခုပဲ။ မင်းဟာ မင်း မဟုတ်တော့ဘူး၊ မင်းဟာ အပိတ်ခံလိုက်ရတဲ့ စိတ်အပိုင်းအစ တစ်ခုပဲ”
ဟာ…. ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ”
သူ့ ဖြေရှင်းချက်ကို ကြားမှပဲ ကျွန်တော်ဟာ လူတစ်ယောက်အဆင့်က နိမ့်လျှောသွားတော့တယ်။ ဘာတဲ့။ စိတ်အပိုင်းအစ တစ်ခု တဲ့။ ကြည့့်ရတာ ဒီလူကြီး ရူးနေတာ ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ကိုက အရူးတွေရဲ့ ကမ္ဘာကို ရောက်နေတာ ဖြစ်မယ်။
လာခဲ့”
ကျွန်တော့်လက်ကို ရုတ်တရက်ဆွဲပြီး သူ လမ်းကြိုလမ်းကြား တစ်ခုဆီ ဆွဲခေါ်သွားပြန်တယ်။ ချက်ချင်းဆွဲခေါ်ခံရပြီး ရောက်လာတဲ့ လမ်းကြိုလမ်းကြား ပေမဲ့ ဒီလမ်းကို ကျွန်တော် မမြင်မိလိုက်တာတော့ အသေအချာပဲ။
(၃)
ဟိုးမှာ မင်းခန္ဓာကိုယ်၊ တွေ့လား။ သူ ဘာလုပ်နေလဲ”
ကျွန်တော့် ခန္ဓာကိုယ်က ရယ်နေတယ်။ ကျွန်တော်မပါဘဲ ..။ မဟုတ်ဘူး။ ကျွန်တော် က ဒီနေရာမှာရှိနေပြီး သူက ကျွန်တော့်သူယ်ချင်း နဲ့အတူ ခန္ဓာကိုယ် အသားကုန်လှုပ်ပြီး ရယ်နေတယ်။
သူက မင်းမပါလဲ ရယ်တာငိုတာ အကုန်လုပ်နိုင်တယ်၊ သူ့မှတ်ဥာဏ်ထဲမှာ မင်းမရှိလည်း သူလက်ခံထားတဲ့ နဂိုဘဝအတိုင်း သူ ဆက်နေနိုင်တယ်။ မင်း ရှိမှ သူ အကုန်လုံးကို ဆုံးရှုံးမှာ”
ဘာကို ဆိုလိုချင်တာလဲ။ ဟင့်အင်း။ ကျွန်တော် နားမလည်ဘူး။ ဘာကိုမှ နားမလည်ဘူး။
မြင်နေရတဲ့ ခန္ဓာကိုယ်ဆီ ကျွန်တော် ပြေးဝင်ဖို့ ကြိုးစားတယ်။ ထုထည်ကြီးမားတဲ့ နံရံကို ဝင်တိုက်လိုက်ရသလိုပဲ။ တိုက်မိတဲ့ အရှိန်ကြောင့် ခေါင်းတစ်ခုလုံး မူးနောက်သွားတာပဲ အဖတ်တင်တယ်။
သူကတော့ ကျွန်တော့်ကို သနားစဖွယ် ပုံစံနဲ့ ကြည့်နေတုန်းပဲ။
မင်း.. သေချာကြည့်။ မင်းဟာ မင်းကိုယ်တိုင် ပိတ်လှောင်ပစ်လိုက်တဲ့ စိတ်နာကြည်းမှု အစိတ်အပိုင်းပဲ။ မင်းကို သူ မေ့ထားပြီ။ မင်းဟာ သူ လုံးဝ လက်မခံလိုတဲ့ စိတ်အပိုင်းအစ ပဲ ဖြစ်လိမ့်မယ်”
ဟင့်အင်း။ ကျွန်တော် လက်မခံနိုင်ဘူး။ ကျွန်တော်ဟာ ကျွန်တော် မဟုတ်ဘူးဆိုရင် ကျွန်တော့်မိသားစုကို ဘာလို့ သတိရနေမှာလဲ။ ကျွန်တော့် ခန္ဓာကိုယ်ကို ဘာလို့ တမ်းမက်နေမှာလဲ။ အတွေးမဆုံးခင်မှာပဲ သူ ကျွန်တော့်ကို လှည့်ကြည့်တယ်။
မင်းကတော့ မင်းကိုယ်မင်း တွေးနေတယ် လို့ထင်မှာပဲ။ တကယ်က မဟုတ်ဘူး။ မင်း အတွေးတွေနဲ့ စကားပြောနေတာ။ ငါ စကားပြောနေတယ်လို့ မင်းမြင်တယ်။ ဒါပေမဲ့ ငါ ပါးစပ်ဟတာ မင်း ဘယ်နှစ်ကြိမ်မြင်ရလဲ”
သူ ပြောမှ ကျွန်တော် သတိထားမိတော့တယ်။ ကျွန်တော် တွေးတာ သူ့မျက်နှာကျက ဆိုးတယ်ဆိုတာကိုပဲ။ သူ ပါးစပ် ဘယ်နှစ်ကြိမ်ဟလဲ ဆိုတာကိုတော့ သတိမထားမိတာ အမှန်ပဲ။ ဒါဆို ကျွန်တော် ကော။ ကျွန်တော့် မျက်နှာကိုယ် ကျွန်တော် လက်နဲ့ လိုက်စမ်းမိတယ်။ ပါးစပ်၊ နှုတ်ခမ်း၊ မျက်လုံး။ အားလုံးဟာ နေသားတကျရှိမနေဘူး။ ကျွန်တော် လေဟာနယ်မှာ တစ်ခုခုကို လိုက်ဖမ်းနေရသလိုပဲ။
ကောင်လေး မင်းဟာ အကောင်အထည် မရှိတော့ဘူး။ မင်းဟာ စနစ်တကျ အပိတ်ခံလိုက်ရတဲ့ စိတ်ခံစားချက်တစ်ခု သက်သက်ပဲ ကောင်လေးရဲ့။ ခုချိန်မှာတော့ မင်း ဒါတွေကို သတိရကောင်း ရနေနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က မင်းဆိုတဲ့ ဒီစိတ်ခံစားချက်ကို ဘယ်တော့မှ ပြန်အမှတ်မရတော့ဘူးဆိုရင် မင်းဟာ ငါ့လိုပဲ အမှောင်ထဲမှာ တွယ်ရာမဲ့ လျှောက်သွားရတော့မယ်။”
အား.။ အား……….။ ကျွန်တော် ကုတ်ခြစ်အော်မိတယ်။ ကျွန်တော့် ကမ္ဘာမှာ အသံတွေ ဟိန်းထွက်လာပေမဲ့ ကျွန်တော့် ခန္ဓာကိုယ်ကတော့ ဘာမှမဖြစ်တဲ့အတိုင်း။ မေမေနဲ့ စကားပြောမပြတ်ဘူး။
ဒါကြောင့် မင်းလို လူသစ်ကို မုန်းတယ်လို့ ပြောတာ။ ငါ့မှာ ငါဘယ်သူလဲဆိုတာကိုတောင် သိခွင့်မရှိတော့သလို ဘယ်လိုခံစားချက်မျိုးဖြစ်လို့ အပိတ်ခံရတာလဲ ဆိုတာကိုတောင် ရှာဖွေခွင့်မရှိတော့ဘူး။ မင်းလိုမျိုး နာတယ် ကျင်တယ် ဆိုတာကိုတောင် မသိလို့ မုန်းတီးမှု နဲ့ချည်း နေ့တိုင်း နှစ်ပါးသွားနေရတဲ့ စိတ်ခံစားချက်ပေါ့။ အော်စမ်း။ ခုအချိန်မှာ ကြိုက်သလောက်ေ အာ်။ အချိန်တန်လာရင်တော့ မင်းလည်း ငါ့လို တစ်ကိုယ်တည်း လွင့်သွားရမှာပဲ။ နှုတ်ဆက်ပါ တယ် ကောင်လေး”
သူ လှည့်ထွက်သွားတော့မယ်။ ဟင့်အင်း။ လှည့်ထွက်ခွင့်မပြုနိုင်ဘူး။ ခုအချိန်မှာ သူဟာ ကျွန်တော့်အတွက် တစ်ဦးတည်းသော ကယ်တင်ရှင်ပဲ။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးပြီး မေးခွန်းတစ်ခု ကျွန်တော် မေးလိုက်မိတယ်။
ခင်ဗျား ပြန်ဖို့ ကြိုးစားကြည့်ဖူးလား၊ ကြိုးစားမယ်ဆိုရင်ကော ဘာတွေလိုလဲ၊ ဘယ်လိုလုပ်ရမလဲ”
ဟော သူ ကျွန်တော့် လက်ကို ဆွဲလိုက်တာနဲ့ပဲ ကျွန်တော်နဲ့သူဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အေးအေးလူလူ စကားပြောနေတဲ့ လူနှစ်ယောက် ပုံစံမျိုး ဖြစ်သွားပြန်ပြီ။ စားပွဲတွေ၊ ခုံတွေ ဘယ်ကရောက်လာတာလဲ ကျွန်တော်မသိဘူး။
ဒီလောကဟာ စိတ်တွေကိုချည်း စုစည်းထားတဲ့ လောကဖြစ်တဲ့အတွက် စိတ်နဲ့ဖန်တီးရင် အရာရာဖြစ်တယ်။ ပြင်ပလောကအပေါ်တော့ သက်ရောက်မှုမရှိဘူးပေါ့”
ကျွန်တော့်အတွေးစကားကို သူ ဖြေလိုက်တော့လည်း အဖြေက ရှင်းနေပြန်တယ်။ စိတ်နဲ့ တည်ဆောက်ထားတဲ့ လောက ဆိုတော့လည်း စိတ်ဆောင်ရင် အရာရာ ဖြစ်တာပေါ့။ အပြင်လောကကို ရောက်မသွားနိုင်တာ တစ်ခုက လွဲလို့ပေါ့။
မင်း ယုံမလားတော့ မသိဘူး။ ဒီလောကထဲမှာတင် ငါက တစ်ခါတလေဆို ငါကိုယ်တိုင် ဖြစ်နေပြီး တစ်ခါတလေဆို ငါမသိတဲ့ တခြားလူတစ်ယောက် ဖြစ်နေပြန်တယ်”
ခပ်အက်အက် စကားသံနဲ့ ဆိုလာတဲ့သူ့ကို ကျွန်တော် ငေးပဲ ငေးကြည့်နေမိတယ်။ အတန်ကြာမှ မေးခွန်းထုတ်လိုက်တယ်။
လူတစ်ကိုယ် စိတ်နှစ်မျိုး သဘောလား”
ဟက်ခနဲ သူ တစ်ချက်ရယ်တယ်။ သူ့ရယ်ဟန်ကိုကြည့်ရတာ မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့ရယ်သံကို နားထောင်ရတာလို့ ပြောရင် ပိုမှန်မယ်။ တစ်ခုခုကို မခံချိမခံသာ ဖြစ်နေပုံမျိုးပဲ။ ပြီးတော့ အရာရာကို လှောင်ပြောင်သရော်ချင်နေတဲ့ လူတစ်ယောက်လိုပဲ။ ထူးဆန်းတာကတော့ သူ့မျက်လုံးတွေ။ သိပ် ပြီး နက်ရှိုင်းလွန်းတယ်။ သူ့မျက်လုံးကို ကျွန်တော် တည့်တည့်မကြည့်ရဲဘူး။ တည့်တည့်ကြည့်လိုက်တာနဲ့ အဆုံးမရှိတဲ့ အမှောင်ထု ကမ္ဗလာကြီးထဲ ဆွဲသွင်းခံလိုက်ရသူလို ခံစားရတယ်။ အဲဒီခံစားမှုမျိုးက သိပ်အထီးကျန်ဆန်တယ် ဆိုတဲ့အကြောင်းကိုတော့ သူ့ကို တကူးတက ရှင်းမပြမိဘူး။
လူတစ်ကိုယ် စိတ်နှစ်မျိုး ဆိုတာကမှ တော်သေးတယ်။ ခုက ငါက တစ်ခြားလူတစ်ယောက် ဖြစ်သွားပြီဆိုတဲ့ အချိန်မှာ ငါ့ခန္ဓာကိုယ်ကပါ တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုမျိုးပဲ။ ငါက ငါ မဟုတ်တော့ခြင်းမှာ စိတ်ပိုင်းဆိုင်ရာပါမက ပြင်ပ ခန္ဓာကိုယ်ပါ ပါတယ်။ ဥပမာကွာ ငါ မင်းခန္ဓာကိုယ်က လွှင့်ပစ်လိုက်တဲ့ စိတ်အပိုင်းအစ တစ်ခု ဖြစ်ခဲ့တယ် ပဲ ဆိုပါစို့။ ငါက အရာအားလုံးကို မေ့သွားချိန်မှာ မင်းက ထပ်ရောက်လာခဲ့တယ်ပဲ ဆိုပါစို့။ ငါက မင်းပဲ။ မင်းက ငါ။ တစ်ဦးတည်း ဟုတ်ပေမဲ့ ငါတို့နှစ်ဦးလုံးဟာ တစ်ချိန်တည်းမှာပဲ မျက်နှာချင်းဆိုင်တွေ့နေကြပြီး စိတ်နှစ်မျိုးလုံးကို ခံစားနေရလိမ့်မယ်။ ဒီလောကထဲမှာ မင်းနဲ့ငါ့အပြင် ငါတို့ခန္ဓာကိုယ်ကြီးက လွှင့်ပစ်လိုက်တဲ့ စိတ်အပိုင်းအစတွေ ဘယ်နှစ်ခုလောက်များ ရှိမလဲ။ မင်းနဲ့ငါ ဘာလို့ ဆုံတွေ့ကြတာလဲ။”
ဟော…။ သူ့မျက်လုံးတွေ မှောင်လာပြန်ပြီ။ သူ့မျက်ခုံးတွေ ကြုတ်ပြန်ပြီ။ ကြည့်ရင်းကြည့်ရင်းနဲ့ အရာရာ မှောင်အတိကျသွားသူလိုပဲ။ ကျွန်တော် လွင့်စင်ထွက်သွားတာကိုပဲ မှတ်မိတော့တယ်။ ကျွန်တော် ဟာ သူနဲ့ ပေါင်းစည်းသွားတာလား၊ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို လက်ခံလိုက်တာလား၊ တခြားစိတ်အပိုင်းအစ တစ်ခုရောက်လာခြင်းပဲ လားဆိုတာကိုတော့ ကျွန်တော် ကိုယ်တိုင် မသိလိုက်တော့တာ အမှန်ပဲ။
အဆုံးစွန်နာကျင်မှုကို ခံစားရသူဟာ သူ့မသိစိတ်နယ်ပယ်ထဲကို အဲဒီနာကျင်မှုတွေ သွတ်သွင်းလိုက်တယ်။ အဲဒီလိုမသိစိတ်နယ်ပယ်ဖန်တီးထားမှုကြောင့်ပဲ သူဟာ သာမန်လူလို နေထိုင်ပြီး သာမန်လူလို ရှင်သန်နိုင်တာပဲ။ မသိစိတ်နယ်ပယ်က နိုးထလာပြီဆိုရင်တော့ အဲဒီလူဟာ အဆုံးစွန်ထိ ……..။”
ဘယ်တုန်းက ဖတ်ဖူးတဲ့ စာသားလဲ ကျွန်တော်မသိဘူး။ အဆုံးစွန်ထိ ဘာဖြစ်သွားမလဲ ကျွန်တော်မသိတာ အမှန်ပဲ။ အခု ကျွန်တော် သိချင်နေတာက တစ်ခုတည်း။ တစ်ခုတည်းပဲ။
ကျွန်တော် ဘယ်ကမ္ဘာကို ရောက်သွားတာလဲ။
#ရည်ဝေ_လင်းရောင်ခြည်

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...