ရင့်ကျက်ဖွယ်
အသက် ၄၀
@@@
ဒီနှစ်တွေထဲ
ကျွန်တော့်မှာ တစ်စိမ့်စိမ့်တွေးရင်း တသိမ့်သိမ့်ရယ်နေရတဲ့ အတွေးတစ်ခုရှိတယ်။
မှန်ထဲကြည့်ရင်းလည်း တွေးမိတယ်။ အပြင်သွားတိုင်းလည်း တွေးမိတယ်။ အိမ်ထဲမှာ
အလကားနေရင်းလည်း တွေးမိတာပဲ။ ယုတ်စွအဆုံးပြောရရင် တစ်ယောက်ယောက်နဲ့
ဖုန်းပြောနေရင်းတောင်မှ အဲဒီအတွေးဝင်လာမိရင် ကျွန်တော်ဟာ တဟိဟိနဲ့ ရယ်ချင်စိတ်တွေ
ဖြစ်မိတော့တာပဲ။ အဲဒီအတွေးကတော့ ငါ ဟာ အသက် ၄၀ ပြည့်တော့မှာပါ့လား ဆိုတဲ့အတွေးပဲ။
ပထမဆုံးကျောင်းစတက်တော့
ကျောင်းသားကြီးဖြစ်ပြီ ဆိုပြီး မိဘတွေက လက်ခုပ်လက်ဝါးတီးအားပေးကြတယ်။
ကျွန်တော်တို့မှာလည်း ပထမဆုံးကျောင်းစတက်တဲ့အချိန်မှာတော့ ငါ
လူကြီးဖြစ်ပြီဆိုတဲ့အတွေးနဲ့ ကျေနပ်မိပျော်ရွှင်မိပေါ့လေ။ ဟော.. ဆယ်တန်းတက်ပြီလည်း
ဆိုရော၊ ဘဝရဲ့တစ်ဆစ်ချိုးတော့ ရောက်ပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ်
တကယ့်အရေးကြီးပုဂ္ဂိုလ်ကြီးတွေထင်ကြပြန်ရော။ ဘွဲ့ရပြန်တော့ လုပ်ငန်းခွင်မှာ
ကြိုးစားရတေ့ာမယ်ဆိုပြီး ကိုယ်ကိုယ်တိုင် လူကြီးဖြစ်ပြီထင်သလို
မိဘအသိုင်းအဝန်းကလည်း လက်ခုပ်တီးကြ အားပေးကြပေါ့။
အခုလို အသက် ၄၀ ပြည့်ခါနီးလည်း ဆိုရော၊ လက်ခုပ်တီးအားပေးသူတွေ ရှားသွားကြတယ်။ ဘာတွေပေါလာလဲ ဆိုတော့ ရင့်ကျက်တည်ငြိမ်ရမယ့် အရွယ်လို့ သတ်မှတ်သူတွေ များလာကြတယ်။ ဒါပေမဲ့ ကျွန်တော့်မှာတော့ မှန်ထဲကြည့်လိုက်တိုင်း ရင့်ကျက်တည်ငြိမ်တဲ့အရာဆိုတာကို တွေ့ရမယ် မထင်ဘူး။ ပိုင်ဆိုင်တာတွေ နည်းနေလို့များလားလို့ တွေးမိတော့လည်း မဟုတ်ပြန်ဘူး။ အိမ်ထောင်ဖက်နဲ့ ကလေးနှစ်ယောက်ရှိတယ်ဗျာ။ ထိုက်သင့်တဲ့ ပစ္စည်းဥစ္စာရှိတယ်ဗျာ။ ပျော်စရာကောင်းတဲ့ မိသားစုရယ်၊ မချမ်းသာပေမယ့် မဆင်းရဲတဲ့ အနေအထားရှိတယ်ဆိုရမှာပေါ့။ ဒါပေမဲ့ဗျာ အသက် ၄၀ နားနီးနေတဲ့ ကျွန်တော်လို လူတစ်ယောက်အတွက် ရင့်ကျက်တည်ငြိမ်မှုဆိုတာကို ကိုယ်ကိုယ်တိုင်ကို ရှာမရဘူး။
ဘယ်လောက်ထိ ရှာမရလဲဆို ကျွန်တော့်ရဲ့အလုပ်က ကလေးတွေက အခါကြီးရက်ကြီးမှာ ကျွန်တော့်ကို လာပြီးကန်တော့တာကို လက်မခံနိုင်တဲ့အထိပါပဲ။ ငါ အသက်မကြီးသေးပါဘူးကွာ ဆိုတဲ့အကြောင်းအရာက တစ်ချက်။ လူလူချင်း လေးစားမှုပြဖို့ ကန်တော့တယ် ဆိုတာကို လက်မခံနိုင်တာက တစ်ချက်ပေါ့။ ကလေးတွေရဲ့ စေတနာကို လက်ခံပြီး ဆုတွေ ပေးလိုက်ရတယ်ဆိုပေမယ့် နောက် မလုပ်ရ၊ မကန်တော့ရ ဆိုပြီး စည်းကမ်းချက် သတ်မှတ်လိုက်တဲ့အထိကိုပါပဲ။ ကျွန်တော်ဟာ လူကြီး ဆိုတဲ့ ကဏ္ဍမှာ မကျွမ်းကျင်နိုင်သေးဘူး။
မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရင် အရင် အတိုင်းလို့ ခံစားရတာပဲ။ ဆံပင်နည်းနည်းဖြူမယ်ဗျာ။ အသားအရည်ကတော့ ငယ်နုစဉ်ကလို ဘယ်ကြည့်ကောင်းတော့မလဲ၊ သေချာတာပေါ့။ ဒါပေမဲ့ဗျာ အသက် ၄၀ အရွယ်မှာ ရှိသင့်ရှိထိုက်တယ်လို့ ယူဆထားကြတဲ့ ရင့်ကျက်တည်ငြိမ်မှုကိုတော့ ကျွန်တော်ကိုယ်တိုင် ရှာမရဘူး။ ကျွန်တော်တို့ဟာ အသက်အရွယ်အပိုင်းအခြားပေါ်လိုက်ပြီး ဘာတွေရှိသင့်တယ်၊ ဘာတွေတော့ မရှိသင့်ဘူးဆိုပြီး ဝေဖန်ဆန်းစစ်ခံနေရပေမယ့် အဲဒီဝေဖန်ဆန်းစစ်မှုတွေထဲမှာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ပျော်ရွှင်မှုတွေကတော့ မေ့လျော့ထားခံရပြန်ရော။
တချို့ကပြောကြတယ်။ အသက် ၃၀ ကျော်လာပြီဆိုရင် ပိုင်ဆိုင်မှုတစ်ခုခုတော့ ရှိထားသင့်ပြီတဲ့။ ပြီးရင် ကိုယ်ပိုင်မိသားစုတစ်စုလေးလည်း ရှိရမတဲ့။ အဲဒီထက်ပိုလာပြီဆိုရင်တော့ ဘယ်သွားသွား လူလေးစားရတဲ့ အဆင့်လေးရှိရမတဲ့။ သတ်မှတ်ချက်တွေကလည်း တယ်များသကိုး။ အဲဒီလို လူလေးစားဖို့ကလည်း ကိုယ်တိုင်က ရင့်ကျက်တည်ငြိမ်ဦးမှ ...တဲ့။ အသက် ၄၀ ဆိုရင်တော့ သေချာတယ်။ လူကြီးလို့ ဆိုကြပြီကိုး။ လူကြီးက လူကြီးလိုနေ ဆိုတဲ့ စကားတွေ အပြောခံရပြီ။
အသက် ၄၀ အရွယ် လူသားတစ်ဦးမှာ Rap သီချင်းတွေ နှစ်သက်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း၊ အသက် ၄၀ အရွယ် လူသားတစ်ဦးကလည်း Fashion စီးကြောင်းမှာ နစ်မြောခွင့်ရှိတယ်ဆိုတဲ့အကြောင်း၊ အသက် ၄၀ အရွယ် လူသားတစ်ဦးမှာ အချစ်မှာ ပျော်ဝင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို လူအတော်များများက လက်ခံလေ့မရှိကြဘူး။ ၄၀ ကျော် လူတွေ တစ်ယောက်နဲ့တစ်ယောက် စုံမက်လို့ လက်ထပ်ကြပြီများဆိုရင် ပြောလိုက်ကြတာ။ လူတွေလူတွေ။ ဒီအရွယ်ကြီးမှ တရားစခန်းဝင်ကြပါ့လားတို့။ ဒီအရွယ်ကြီးမှ ဘာလုပ်မှာလဲတို့။ ဟော Rap တို့ R&B တို့၊ Rock တို့လို ဂီတ ကြိုက်တဲ့ ၄၀ ကျော်တွေလည်း မနေရပါဘူးဗျာ။ ကလေးကလားနိုင်လိုက်တာတို့။ အခုအချိန်ထိ ပေါကောင်းတုန်းတို့ ပြောခံရတာပါပဲ။ တစ်ခုတော့ သတိထားမိတယ်။ လူတွေကို အသက်အရွယ်နဲ့ အဲဒီလို တိုင်းတာသူတွေကပဲ နိုင်ငံခြားက မင်းသားမင်းသမီးတွေ ရဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ကြည့်တတ်ကြတယ်။ နိုင်ငံခြားက အသက် ၄၀ ကျော်မင်းသမီးတစ်ယောက် ဘော်ဒီတောင့်တောင့်နဲ့ လှပြီဆိုရင် သေချာစိတ်ဝင်တစားကြည့်တတ်ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံထဲက အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်က အဲဒီလိုဝတ်ပြီစားပြီဆိုရင်တော့ အသေးစိတ်ကြည့်ရင်း ဝေဖန်ပိုင်းခြားတတ်ကြပြန်ရော။
အဲဒီလို သတ်မှတ်ချက်တွေကြားထဲမှာ Rap သီချင်း Rock သီချင်းကြိုက်တဲ့၊ သီချင်းအော်ဆိုရတာကို နှစ်သက်ဆဲဖြစ်တဲ့၊ အချစ်ဆိုတာ တကယ်ရှိကြောင်း ယုံကြည်တဲ့ ကျွန်တော့်အတွက်တော့ ငါ ဟာ အသက် ၄၀ နားနီးနေပါ့လားဆိုတာကြီးက ယုံရခက်ခက်ပဲရယ်။ ကလေးနှစ်ယောက်နဲ့ သူငယ်ချင်းပေါင်း ပေါင်းတဲ့အတွက်လည်း အသက်ကွာတယ် မခံစားရသလို အိမ်ထောင်ဖက်နဲ့ကလည်း ရင်ဘက်ချင်း ဂျပ်ပင်ထိုးထားကြသူတွေမဟုတ်လား။ ဝေးကွာတယ်ဆိုတဲ့အကြောင်းကို အိပ်မက်ထဲမှာတောင် မခံစားမိဘူး။ ဒါပေမဲ့ မကြာခင် အသက် ၄၀ ပြည့်တော့မှာပါ့လား ဆိုတဲ့အတွေးကတော့ ငါ နဲ့ အတော်လေး ဝေးကွာနေပါ့လားလို့ တွေးမိတဲ့အရာပေါ့။
ငါဟာ အသက် ၄၀ နားနီးနေပြီ။ အဲဒီလိုတွေးရင်း ကိုယ်ကိုယ်ကိုယ် တည်ငြိမ်သူဖြစ်ဖို့ ကျွန်တော်ကြိုးစားကြည့်သားပဲ။ ရင့်ကျက်သူဖြစ်ဖို့ ကျွန်တော် ကြိုးစားကြည့်သားပဲ။ အခါခါကြိုးစားပြီး အခါခါမအောင်မြင်တဲ့အကြောင်းအရာလို့ ဆိုရမယ်။ ချစ်ခင်ရင်းနှီးသူတွေနဲ့ အတူရှိနေရင် သီချင်းနဲ့အတူ ကချင်လာတယ်၊ ဆိုချင်လာတယ်၊ ရယ်စရာဟာသတွေ ပြောရင်း ခန္ဓာကိုယ်ကို တသိမ့်သိမ့်လှုပ်ရယ်မယ်။ လူအများရှိတဲ့နေရာမှာလည်း ဒါတွေကို လုပ်ဖြစ်နေဆဲဆိုရင် ကျွန်တော်ဟာ တစ်ခုခုများ မှားနေခဲ့ပြီလား လို့ တွေးမိတာလည်း အခါခါပေါ့။
အသက် ၄၀ ဆိုရင် ရင့်ကျက်တည်ငြိမ်ဖို့ လိုလာပြီဆိုပြီး ဘယ်သူတွေကများ တကူးတက သတ်မှတ်ခဲ့ကြပါလိမ့်။ တကယ်တော့ သူတို့ မေ့နေကြလို့ နေပါလိမ့်မယ်။ လူဖြစ်ပြီဆိုကတည်းက ကိုယ်တိုင်တာဝန်ယူရမယ့် အရာတွေကို (ကြောက်ခဲ့ပေမယ့်) တကယ်တမ်း တာဝန်ယူလာရတဲ့အခါ ကျွန်တော်တို့ဟာ ဘယ်အရာကိုမှ ကျော်သွားလို့မရခဲ့ပါဘူး။ ရှုံးနိမ့်ဖို့ လိုအပ်တဲ့အခါ ရှုံးနိမ့်ပေးခဲ့ရသလို အနိုင်ရဖို့ လိုအပ်လာတဲ့အခါမှာလည်း အနိုင်ရခြင်းဆိုတဲ့ ပီတိကို ခံစားခဲ့ကြရတပါပဲ။ ဘဝတစ်လျှောက် အတွေ့အကြုံတွေကို အရင်းအနှီးလုပ်ရင်း ဘဝကို ပိုပြီးကောင်းသထက်ကောင်းအောင် ကြိုးစားတည်ဆောက်ခဲ့ကြရတာပဲ မဟုတ်လား။
အသက် ၄၀ မပြည့်သေးပေမယ့် ဘဝကို တည်ငြိမ်အောင် ကြိုးစားလျှောက်လမ်းနေကြတဲ့ ကလေးငယ်တွေ၊ လူငယ်တွေ အများကြီးပဲလေ။ သူက အိမ်ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လှမ်းက ကူညီပေးနေတာ ဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ ပညာရေးအဆက်ပြတ်ပြီး ကြုံရာကျပန်း အလုပ်လုပ်နေကြရတဲ့ ကလေးတွေလည်း များသလို ပညာရေးခါးဆက်ပြတ်တဲ့ ဒဏ်ကြောင့် ဘဝကို ဖြစ်သလို ဖြတ်သန်းနေကြသူတွေလည်း အများသားမလား။ အသက် ၄၀ မတိုင်ခင် ရင့်ကျက်တည်ငြိမ်လိုက်ရတဲ့ ဘဝတွေကြားမှာ အသက် ၄၀ ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲသင့်အရွယ်လို့ ဘာလို့များ သတ်မှတ်လိုက်ကြတာပါလိမ့်။
အသက် ၄၀ တဲ့။
ဘာပဲလုပ်လုပ် လက်ခုပ်လက်ဝါးတီးအားပေးမယ့်သူတွေ လျော့လာတဲ့ အသက် ၄၀၊ ဘာပဲလုပ်လုပ် ဘယ်အချိန် ခြေလှမ်းမှားမလဲ ဆိုပြီး စောင့်ကြည့်ခံနေရတဲ့ အသက် ၄၀၊ ဘာပဲ လုပ်လုပ် ကိုယ်လုပ်သမျှ ကိုယ်တိုင်တာဝန်ယူဖြေရှင်းရတော့မယ့် အသက် ၄၀၊ ဘာပဲလုပ်လုပ် ဆုံးဖြတ်ချက် မှန်ကန်ပါ့မလားလို့ ကိုယ်တိုင် တွေးကြောက်နေရတဲ့ အသက် ၄၀ ကို ကျွန်တော်ဟာ မကြာခင် ဖြတ်သန်းရပါတော့မယ်။ အင်း ဖြတ်သန်း ဆိုတဲ့စကားအစား ကျော်ဖြတ်ရတော့မယ်ဆိုတဲ့ စကားလုံးကို သုံးရမယ် ထင်ပါရဲ့။ ဘယ်လိုပဲ ပြောပြော အသက် ၄၀ ဆိုတဲ့အပိုင်းအခြားကို ကျွန်တော်ဟာ ဖြတ်သန်းရပါတော့မယ်။
အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘဝမှာ ကိုယ်ကိုယ်တိုင် ပျော်ရွှင်ရမယ့်အကြောင်းတရားတွေကိုတော့ မေ့ထားလို့မဖြစ်ပေဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေနောက်လိုက်ရင်း ပျောက်ဆုံးသွားတဲ့ လိုချင်ဆန္ဒတွေကို အကုန်လုံးမဖြည့်ဆည်းတောင်မှ အနည်းငယ်တော့ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်မလား။
ဘယ်လိုပဲပြောပြော တစ်နေ့တစ်နေ့ ငါဟာ အသက် ၄၀ ပြည့်တော့မှာပါ့လားဆိုတဲ့အတွေးကို မဖြစ်မနေတွေးရင်း ရယ်မိတဲ့ရက်တွေ များလာတာတော့ အမှန်ပါပဲ။ ဒီအရွယ်မှာ လူတွေအပေါ် တန်ဖိုးဖြတ်ဖို့ မေ့လျော့လာပြီး ချစ်ခင်ရင်းနှီးမှု ဆိုတဲ့အရာကို ပိုမက်မောလာတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောဆိုလို့ရတဲ့သူကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။ ဆုံးဖြတ်ချက်တွေ ပိုမှန်ကန်လာတယ်။ ကိုယ်စိတ်နဲ့ ကိုယ့်ဘဝကို ကောင်းကျိုးမပေးတဲ့အရာတွေကို ဖြေလျော့ပစ်တတ်လာတာကို ရင့်ကျက်တည်ငြိမ်လာတယ်လို့ဆိုရင်တော့ ဒါဟာ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ ရင့်ကျက်တည်ငြိမ်မှုပဲ ဆိုရမှာပေါ့။
တကယ်ပါ။ ပြောရမယ်ဆိုရင် အခုနေ မှန်ထဲ ထကြည့်လည်း ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အသက် ၄၀ နားနီးနေပြီ မထင်သေးပါဘူး။ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် အသက် ၄၀ နားနီးပြီနော် လို့ အသိပေးရင်းက ၄၀ ဆိုတဲ့ စကားလုံးက ဝေးနေဆဲလို့ ခံစားရဆဲပါပဲ။
ဗိုက်နည်းနည်းပူမယ်၊ ဆံပင်နည်းနည်းဖြူမယ်၊ ကျယ်ကျယ်လောင်လောင် ရယ်တတ်လာမယ် ဒါတွေဟာ ၄၀ ကျော်ရဲ့ ပြယုဂ်ဆိုရင်တော့ ကျွန်တော်လည်း အဲဒီပြယုဂ်ထဲ စာရင်းသွင်းလို့ ရနေခဲ့ပါပြီ။
အမှန်ပါ။ ကျွန်တော်ဟာ မရင့်ကျက်သေးတဲ့ အသက် ၄၀ ပြည့်ခါနီး လူတစ်ယောက်လို့ပဲ ဆိုရမှာပေါ့။
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment