မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းမှာ
ဝါကျလေးက တစ်ကြောင်းတည်း။ မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းမှာ အစိမ်းရောင်စကားပန်းတွေ
ပွင့်နေခဲ့တာပဲ။ အရောင်တွေ မတွေးပဲ သွန်ချလိုက်တဲ့ အိပ်မက်တိုင်းမှာ နေရာယူထားသူက
တစ်ယောက်တည်းပဲရှိခဲ့တယ်။
--------++++++++++++++------------------------------
တဝီဝီမြည်တမ်းနေတဲ့လမ်းမကြီးထက်
တစ်ယောက်တည်းလျှောက်လာခဲ့ပေမယ့် စိတ်မှာ နစ်ဝင်သွားတဲ့ ဆူးတစ်ချောင်းကတော့
ကိုယ်နဲ့ အတူ ပါမြဲပါလျှက်ပဲ။ ဟိုသွားဒီလာ ခရီးတိုင်းမှာ ကျစိမ့်လေးတစ်ခွက်
အမြဲပါဖြစ်ကြောင်း သူသိအောင် သတင်းမပို့ချင်ပါဘူး။ သူ့မျက်ခွံလေးတွေ အညိုရောင်သမ်းမှာစိုးတယ်။
သူ့ လက်သည်းပန်းရောင်လေးတွေကို ကိုယ့်ဝင်သက်ထွက်သက်နားမှာ ထားချင်မိတာ ခဏခဏပဲ။
ဒါပေမယ့်လည်းလေ ကိုယ် တောင်းဆိုဖို့မဝံ့ခဲ့ဘူး။
ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ဂျ်တိုင်း
ပြန်စာမလာခဲ့ဘူး။ ဖတ်သွားခဲ့တာပဲလေ ဆိုတဲ့ အသိနဲ့ နာနာကျင်ကျင်ကျေနပ်လိုက်ရတာ
အခါခါ။ ကိုယ့်လက်ဖဝါးလေးတွေ အေးစက်နေတဲ့အကြောင်း သူ့ကို ပြောပြချင်ခဲ့တာ အခါခါ။
မျှော်လင့်ခြင်းက ရူးသွပ်မှုကိုပါသယ်ဆောင်လာခဲ့သလား။ ဟင့်အင်း။ ကိုယ်မသိဘူး။
အတိတ်ပျောက်မယ့်အိပ်မက်တွေကိုပဲ တရှိုက်မက်မက်လိုက်ရှာနေခဲ့မိတယ်။
သိလား လို့ ခပ်ပြုံးပြုံးမေးဖူးတဲ့
သူ့စကားသံတွေမှာ ကိုယ် တွေးဖူးတာပေါ့။ သူ့အသံ ဘာ့ကြောင့် ကြမ်းရှနေခဲ့ပါသလဲ ဆိုတဲ့
အမေးစကားတွေနဲ့။ ကျွန်တော်ကလို့ သူပြောခဲ့တဲ့ စကားပေါင်းများစွာကို
မမှတ်သားမိခဲ့ပေမယ့် သူ့အပြုံးတိုင်းမှာ ယောင်ယောင်လေးမဲ့နေတဲ့ သရော်မှုလေးကို
ကိုယ် အမှတ်ရတယ်။ အတူတွဲလျှောက်ဖူးခဲ့တဲ့ လမ်းတွေ သိပ်မများခဲ့ပါဘူး။
လျှောက်ခဲ့ဖူးတဲ့ လမ်းတိုင်းဟာလည်း ရင်မှာစူးနစ်ကျန်ခဲ့တာတော့ ကိုယ်
အညှာလွယ်ခြင်းလို့ပဲ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်မိတယ်။
သိုင်းပြိုင်သလိုပဲ
ရေနွေးကြမ်းတစ်ခွက်မှာ သူနဲ့ကိုယ်က အာရုံချင်းပြိုင်ခဲ့ဖူး၊
သူ့နှုတ်ခမ်းစူပုတ်ပုတ်ကိုကြည့်လို့ ကိုယ့်မှာ ပြုံးပျော်ခဲ့ရဖူးတယ်။
သူ့မျက်ဝန်းလေးတွေ သိပ်ရီတာပဲ။ တခါတခါကျတော့လည်း ရီဝေဝေနိုင်လွန်းလှတယ်။
သူ့မျက်ဝန်းအတိမ်အနက်ကိုကြည့်လို့ သူ့တစ်နေ့တာကို ကိုယ့်မှာ
အဓိပ္ပါယ်ဖွင့်ခဲ့ဖူးတာပေါ့။ သိပ်ကြည်နူးဖို့ကောင်းတာပဲ။ ချစ်မိသူတစ်ယောက်ရဲ့
တစ်နေ့တာကို ကိုယ့်စိတ်ကူးလေးနဲ့ ပုံဖေါ်ခွင့်ရခြင်းဟာ ဘယ်လောက်ထိ
ရင်ခုန်ကြည်နူးရသလဲ ခံစားမိတဲ့နေ့က ကိုယ်ငိုတယ်။ ငိုခဲ့တယ်။
အသွားအပြန်မရှိတဲ့ ချစ်ခြင်းတရားမှာ
နေဝင်နေထွက် ငေးမောနေရတဲ့ ဘဝကို ကိုယ်ခုထိ စိတ်မကုန်သေးဘူး။ ချစ်တယ်၊ ချစ်ခဲ့တယ်၊
ချစ်နေမိတယ်၊ ချစ်နေမိဆဲ ဆိုတဲ့အတွေးတွေနဲ့ ရူးတဲ့ညတိုင်းမှာ ကိုယ့်အသိစိတ်က
မှိုင်းမှိုင်းညှို့ညှို့။ ကူကယ်သူမဲ့တဲ့ ချောက်နက်ကြီးလို့ တိတ်တခိုး
အမည်တပ်မိတော့ ကိုယ့်ချစ်ခြင်းကို ပြန်အားနာသွားမိတယ်။ အချစ်ဟာ အပြစ်ရှိတယ် ဆိုတဲ့
ခံစားချက်ကြီးက သူနဲ့မှ မထိုက်တန်ခဲ့ပဲလေ။ တကယ်ဆို မှာ.သူက ကိုယ် ချစ်မိသူကလည်း
ကိုယ်။ သူ မုန်းမိတဲ့ ကိုယ်က သူ့ကို ချစ်သွားမိတာ ကိုယ့်အပြစ်။ အချစ်ဆိုတဲ့
ခုံရုံးကြီးကို သူနဲ့အတူကျော်ဖြတ်သွားချင်စိတ်တွေက တစ်နေ့တခြားလေးလံလာတယ်။
တစ်နေ့တခြား လေးလံ လာခဲ့တယ်။
သူ့ကို ငေးကြည့်နေမိတဲ့
ကိုယ့်ချစ်ခြင်းကို ကိုယ် သိပ်လှောင်ချင်တာပဲ။ ကိုယ်က သူ့တစ်နေ့တာကို
အရိပ်လိုငေးလို့။ သူက တစ်စုံတစ်ယောက်ရဲ့ တစ်နေ့ကို အရိပ်လိုငေးလို့။
အဲဒီတစ်စုံတစ်ယောက်က အခြားတစ်စုံတစ်ယောက်ဆီမှာ။သံသရာဆိုတာကြီးက လည်တတ်တယ်ဆို။ ခုထိ
ပြန်လှည့်မလာသေးတဲ့ သူ့မျက်ဝန်းတွေကို ကိုယ် သိပ်သနားတာပဲ။ သူ့ချစ်ခြင်းတွေ
ပုံပေးထားတဲ့ မိန်းကလေးကို ကိုယ် သိပ်သနားတာပဲ။ သူ့ချစ်ခြင်းတရားကို
မျက်ကွယ်ပြုခြင်းဟာသူမအတွက် ကြီးလေးတဲ့ အမှားတစ်ခုဆိုတာ မသိလေလျော့သလား။
သူ့ချစ်ခြင်းတွေကို ဖြေသိမ့်မပေးနိုင်တဲ့အခါ ကိုယ် သိပ်ငိုချင်တာပဲ။ သူ့မျက်ဝန်းလေးတွေ
တစ်နေ့တခြား ညိုမှောင်လာစေတဲ့ မိန်းကလေးဆီ ဖြစ်နိုင်ရင် စာပါးလိုက်ချင်တယ်။ သူက
နှလုံးသားကြီးမြတ်တဲ့ လူသားတစ်ယောက်ပါ လို့လေ။ ကိုယ်ကလား။ ကိုယ်ကတော့
အလှောင်ခံချစ်ခြင်းတရားသက်သက်ပါ။ တန်ပြန်မရှိတဲ့ ချစ်ခြင်းတရားမှာ
မြုပ်နှံလိုက်မိတဲ့ နှလုံးသားကို ခုထိ ပြန်ဆွဲမထုတ်နိုင်သေးဘူး။ ဒါပေမယ့်လည်း
နာနာကျင်ကျင်နဲ့ ကျေနပ်ပါတယ်။
အိုး သူ့ခြေသန်းလေး ငိုနေတယ်။
အရင်နေ့တွေလောက်မချောတော့ဘူး။ ပေကျံနေတဲ့ မြေမှုန်တွေနဲ့ ခြေသန်းလေး ငိုနေတယ်။
သူ့ဆံပင်လေးကတော့ ခုထိ မှုန်ဝါးဝါးနက်နေတုန်း။ သူ့နှုတ်ခမ်းလေးက ခုထိ
သရော်တော်တော်အပြုံးလေးချိတ်ထားတုန်းပဲ။သူ့လက်မလေးမှာ ကိုယ်မျှော်လင့်ထားတဲ့
လက်သည်းလေး မရှိတော့ဘူး။ သိပ်မလှတော့သလိုပဲ။ သူ့မျက်ဝန်းလေးက ပြုံးနေတာပဲ။
တစ်စုံတစ်ခု ကျေနပ်ပျော်ရွှင်စရာများရှိခဲ့ရင် ကိုယ်ပါ ပျော်ချင်တာပေါ့။
သိခွင့်ရဖို့ မတောင်းဆိုဝံ့ပါဘူးလေ။ ကိုယ်ဆိုတာက ပုန်းလျှိုးကွယ်လျှိုးနဲ့
ကိုယ်ပျောက်သိုင်းသမားလို ချစ်ခြင်းတရားကို သိုဝှက်ရသူမဟုတ်လား။
အချစ်တဲ့။ လက်သည်းလေးတွေလိုပဲ။
ဘယ်လောက်တုံးတုံး မသုဉ်းဘူး။ တစ်ရက်နှစ်ရက် မေ့ထားရုံနဲ့
အင်တိုက်အားတိုက်ကြီးထွားလာတဲ့ အရာလို့ပဲ ကိုယ်ဆိုလိုက်ချင်ရဲ့။ မေ့ထားတယ်။
မေ့ခဲ့တယ်။ မေ့နေခဲ့တာပဲ။ ဒါပေမယ့်လည်းလေ မီးခဲပြာဖုံးက ပိုအပူကဲကြောင်း
သိလိုက်ရတယ်။ ကိုယ် ကျေနပ်ပါတယ်။
----------------++++++++++++++++++++++-------------------------------
ဟယ်လို အစ ဒါပဲနော် အဆုံး
ပျက်သုဉ်းသွားတဲ့ ဖုန်းကောလေးမှာ ကိုယ် ခဏခဏဖွင့်နားထောင်မိတာ ကော ရက်ကော်ဒါ(Call
Recorder)လေး။ သိပ်ထူးဆန်းတာပဲ။ စကားအစအဆုံးကို
မှတ်ထားရုံမကဘူး။ ရင်ခုန်သံကြိမ်နှုန်းအစအဆုံးကို မှတ်ပေးထားလို့ ကျေးဇူးတင်တယ်။
အလွမ်းနွံထဲက ဆွဲထုတ်ဖို့ ကောရက်ကော်ဒါလေးက ကိုယ့်ကယ်တင်ရှင်။ ရှတတကြမ်းအက်နေတဲ့
အသံလေးမှာ ကိုယ့်စိတ်လေးက သိပ်ပြီး ပျော်ဝင်တာပဲ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။
တားခွင့်ရတဲ့ ချစ်ခြင်းသာရှိရင် ရိုမီယိုနဲ့ ဂျူးလိယက်လည်း ကမ္ဘာကျော်မှာမဟုတ်ဘူး။
ကိုယ်လည်း သူ့အတွက် ချစ်ခြင်းနဲ့ နိုင်ငံမကျော်ပေမယ့် အိမ်ကျော်ပစ်လိုက်မယ်။
ကျွန်တော် တဲ့လေ။
သူ့စကားအသုံးအနှုန်းမှာ ကိုယ့်ရင်ခုန်သံပျော်ဝင်နှုန်းကို တိုင်းတာဖို့
ဘယ်သိပ္ပံပညာရှင်မှ တတ်နိုင်မယ်မထင်ဘူး။ ကိုယ်ကလည်း ကိုယ်ပါပဲ။
သူ့စကားအသုံးလေးအတိုင်း လိုက်သုံးပစ်လိုက်တယ်။ ကျွန်တော်ပါလို့။
---------------++++++++++++++++----------------------
မပြောဖြစ်ခဲ့တဲ့ စကားလုံးတိုင်းမှာ
ဝါကျလေးက တစ်ကြောင်းတည်း။ မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းမှာ အစိမ်းရောင်စကားပန်းတွေ
ပွင့်နေခဲ့တာပဲ။ အရောင်တွေ မတွေးပဲ သွန်ချလိုက်တဲ့ အိပ်မက်တိုင်းမှာ နေရာယူထားသူက
တစ်ယောက်တည်းပဲရှိခဲ့တယ်။
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို
မပြောဖြစ်ခဲ့သလို မေ့ပစ်ခဲ့တဲ့ မျက်ဝန်းတိုင်းဟာလည်း အိပ်မက်မှာ
အမြဲရှင်သန်နေခဲ့တယ်………….။ သူ သိနိုင်မယ် မထင်တဲ့ ကိုယ့်ကမ္ဘာက
သူ့အစိမ်းရောင်မျက်ဝန်းတွေနဲ့ ခြယ်သထားကြောင်း ပြောဖို့ ကိုယ် မကြိုးစားဝံ့ဘူး။
ကိုယ့်အပြစ်နဲ့ကိုယ်
သူ့အတွက်ချစ်ခြင်းတရားကို ဆက်ထမ်းပိုးနေမိ။
“ချစ်တယ်……ဗျာ ” လို့
အကြိမ်ကြိမ်အော်မိတဲ့ စကားလုံးတွေက တိုးတိတ်ဆွံ့အ ပဲ့တင်သံပြန်မလာသလို
တန်ပြန်မေတ္တာ ပြန်မလာနိုင်တဲ့ ကမ္ဘာ သူမုန်းနေတဲ့ ကိုယ့်ရဲ့ ကမ္ဘာ။
ခြောက်သွေ့ကြမ်းရှလွန်းတယ်။
ရည်ဝေ(လင်းရောင်ခြည်)
.jpg)
No comments:
Post a Comment