`ဂျစ်ဂျစ်
----------------++++++++-----------------------
ရည်ဝေ(လင်းရောင်ခြည်)
------------------++++++++++++++------
`ဂျစ် ဂျစ်.ဂျစ်
ဂျစ်
တိုးသက်သော်လည်း
ပီပီသသကြားလိုက်ရသည့်အသံကြောင့် မျက်လုံးအစုံကို ဝေ့၀ဲကစားရငျး ပတ်ဝန်းကျင်တွင်
ရှာဖွေကြည့်မိသည်။ မတွေ့။ မည်သည့်အရာမှ မတွေ့။ ကားမောင်းနေခြင်းကြောင့် လေတိုး၍ပဲ
မကြားလေသလားဟု တွေးရင်း နားကိုပို၍ အာရုံစိုက်နားထောင်ကာ မျက်လုံးအစုံကို
ပိတ်လိုက်သည်။ သို့သော် မည်သည့်အသံမျှ မကြား။
နားကြားမှားတာ
ဖြစ်မည် ဟုတွေးရင်း ကားပြတင်းပေါက်ဆီမှတစ်ဆင့် သံသုမာလမ်းမထက်က လူများစွာ
ပျားပန်းခတ်လှုပ်ရှားနေသော စံပြဈေးကြီးကို ငေးကြည့်နေမိသည်။ ဒီရက်ပိုင်း
သတင်းစာများတွင် စိတ်ညစ်ဖွယ်ရာ သတင်းများသာ ကြီးစိုးနေသည်
ဆိုသည့်အတွေးဝင်ရောက်လာတော့ နံနက်ခင်းသတင်းစာထက်က သတင်းခေါင်းစဉ်ကို
အလိုလိုပြေးမြင်လာ၏။
ဘာတဲ့။ အမည်မသိမိန်းမတစ်ယောက် စိတ်ဖောက်ပြန်ကာ ကားပေါ်ရှိ လူများအား ဓားဖြင့် လိုက်ခုတ်ခြင်း ဆိုလားပဲ။ သတင်းခေါင်းစဉ်အနေနှင့် ပြောရမည်ဆိုလျှင် အတော်ပင်ရှည်ပြီး ယုတ္တိမဲ့သော ခေါင်းစဉ်ဖြစ်သည်။ သတင်းထဲတွင် ရေးထားသည်ကလည်း အမည်မသိမိန်းမတစ်ယောက် အကောင်းကြီးကနေ စိတ်ဖောက်ပြန်ကာ တစ်ခါမျှ မသိကျွမ်းဖူးသည့် လူများအား ဓားနှင့် လိုက်ခုတ်သည်တဲ့လေ။ ဓားနဲ့လိုက်ခုတ်တယ်ပဲ ထားပါတော့။ အပြင်သွားတာ ဓားက ပါလာတာတဲ့လား။ ကြိုတင်ကြံစည်မှု မဖြစ်နိုင်ဘူးတဲ့လား။ ဒီကားထဲမှာ သူအမုန်းဆုံးလူတစ်ယောက် ပါနေလို့ပဲ ဓားနဲ့လိုက်ခုတ်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။
စာရေးဆရာမ ပီသစွာ ဇာတ်လမ်းဆင်တွေးမိပြန်ပြီ ဆိုသည့်အတွေးနှင့်အတူ ဟက် ခနဲ ရယ်လိုက်မိစဉ်မှာပင် နားအစုံတွင် အသံတစ်ခု ကြားလိုက်ရသကဲ့သို့ရှိသည်။ ဟော..ပေါ်လာပြန်ပြီ။ ဒီ ဂျစ် ဂျစ် ဆိုသည့်အသံ။ မျက်လုံးအစုံကို ဝေ့၀ဲကွည့ျသောျလညျး မည်သည့်နေရာမျှ မတွေ့။ ကားစပယ်ယာကလည်း စပယ်ယာနေရာမှာ ရပ်လို့။ ကားကြီးကလည်း သမိုင်းလမ်းဆုံ သွားမယ့်ခရီးအတိုင်း ချီတက်ဆဲ။ နေ့ခင်းကြောင်တောင်ဆိုတော့လည်း ကားပေါ်က ခရီးသည်က အနည်းငယ်သာရှိသည်မို့ ဘယ်သူဘာလုပ်တယ်ဆိုတာကို အတိုင်းသားမြင်နေရတာပဲ မဟုတ်လား။
မျက်လုံးအစုံက မိမိဘေးထိုင်ခုံဆီ ရောက်မိစဉ်မှာပင် ရုတ်တရက် ကျောချမ်းသလို ဖြစ်သွားမိ၏။ မိန်းမတစ်ယောက်။ ဆံပင်ကုပ်ဝဲလောက်ကို အုတ်နီခဲရောင်ဆံပင်ကောက်ကောက်နှင့် ဖွာလန်ကျဲနေပုံက မပြုမပြင်ရှိသည့်ပုံနှယ်။ ဝတ်ထားသည့် အိကြၤ ီကလည်း ဟောင်းနွမ်းပုံမရှိသော်ငြား မသေမသပ်ရှိလွန်းလှသည်။ အထင်ရှားဆုံးက သူ့မျက်လုံးတွေ။ သူ့မျက်လုံးအစုံက ရှေ့ထိုင်ခုံ၏နောက်မှီဆီသို့သာ ကြည့်လျှက်။ လက်အစုံကလည်း ထိုနောက်မှီပေါ်တွင် တင်လျက်သား။ စထိုင်ကတည်းက ဘာလို့ သတိမထားမိတာလဲဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိရင်း အေးစက်နေသည့် လက်အချင်းချင်းကို ထွေးဆုပ်လိုက်မိသည်။
ယခင် မြန်မာ့ရုပ်မြင်သံကြားသတင်းများ၌ မိုးလေဝသကြေငြာသည့် ဦးထွန်းလွင်၏ သတင်းဆောင်းပါးများကို ပြေးသတိရလိုက်မိသည်။ သည်နှစ်က ရာသီဥတု ဖောက်ပြန်မှုအဆိုးဆုံးဖြစ်သည်ဆိုလား။ အပူချိန်အများဆုံးဖြစ်သည်ဆိုလားပဲ။ သည်တော့ နေ့ခင်းကြောင်တောင် စိတ်ဖောက်ပြန်သည်ဆိုတာက ဖြစ်နိုင်ချေရှိသည်ထင်သည်။ မိမိဘေးက မိန်းမလည်း နဂိုအိမ်က ထွက်လာတာ အကောင်းသားကို ကားပေါ်ရောက်မှ နေပူလို့ ဦးနှောက်သွေးကြွပြီး စိတ်ဖောက်ပြန်တာလည်း အဖြစ်နိုင်သားပဲ။
လက်သည်းများကို အနီရောင် တောက်တောက်ဆိုးထားပုံကိုက ဝတ်စားထားပုံနှင့်မလိုက်ဖက်။ ဟောဟော။ ထွက်လာပြန်ပြီ။ ၎င်း ဂျစ်..ဂျစ်..ဆိုသည့်အသံ။
ထိုမိန်းမ၏ မျက်ဝန်းအစုံက ရှေ့ခုံနောက်မှီထက်တွင် ရေးထားသည့် သင်္ဘောဆေးများကို စူးစိုက်ကြည့်နေပြီး လက်အစုံက ကုတ်ခြစ်နေခြင်းသာတည်း။ စိမ့်တက်လာသည့် ကြောက်စိတ်တို့ကြောင့် နဖူးထက်တွင် ချွေးသီးလာသလိုရှိသည်။ မိမိက သမိုင်းလမ်းဆုံရောက်မှ ဆင်းရမှာဖြစ်သည်။ ယခုမှ ညောင်ပင် မှတ်တိုင်ပဲရှိသေးသည်ဆိုတော့ ထိုင်ခုံမှ ထရအောင်ကလည်း ခရီးအဝေးကြီးကျန်သေးသည်။ ၎င်းမိန်းမသာ စောဆ်းသွားလျှင် ဘယ်လောက်ကောင်းလိမ့်မလဲ။
ဟိုးတလောက သတင်းတစ်ပုဒ်ကလည်း ယနေ့ဖတ်ရသည့်သတင်းလိုပင်။ ရုတ်ခြည်းစိတ်ဖောက်ပြန်ပြီး အနားရှိလူများကို အန္တရာယ်ပြုသည်တဲ့လေ။ သည်မိန်းမသာ ရုတ်တရက် စိတ်ဖောက်ပြန်ပြီး အန္တရာယ်ပြုမည်ဆိုလျှင် အရင်ဆုံး ခံရမည့်သူက မိမိသာ ဖြစ်လိမ့်မည်။ လက်တလော သူနှင့်အနီးဆုံးက ကိုယ်သာရှိသည်မဟုတ်လား။ ထိုမိန်းမ၏ နီရဲနေသော လက်သည်းများ၏ ကုတ်ခြစ်သံသည် ပို၍ ပို၍ စိပ်လာသလိုရှိသည်။ လက်အစုံ၏ ထွေးဆုပ်မှုသည် ပို၍ ညှစ်အားပြင်းလာ၏။ တကယ်လို့များ အန္တရာယ်ပြုလာလျှင် ဘယ်လိုကာကွယ်ရမှာပါလိမ့်။
လက်လွန်ပြီး ကိုယ်က လုပ်မိလျှင်လည်း အနည်းဆုံးတော့ ထောင်ကျဦးမည်သာဖြစ်သည်။ လူပုံအလယ်မှာလည်း စိတ်မမှန်သည့်လူကို ဖိနှိပ်သည့် နာမည်ဆိုးကြီးကို ခံယူရဦးမည်။ သူက ကိုယ့်ကို အန္တရာယ်ပြုမည်ဆိုလျှင်တော့ သူ့မှာက ကာကွယ်ပေးသည့် အရူးလက်မှတ်ရှိနေဦးမည်။ သက်ပြင်းရှည်ကြီးကို ချလိုက်သော်လည်း ရင်တွင်းမှာ ခဲဆွဲသလို ခံစားနေရခြင်းသည် ပျောက်မသွား။
ဟင်..။ သူ့လက်ကိုင်အိတ်ကလည်း ဂရုတစိုက် သိမ်းဆည်းထားသည့်ပုံမရ။ ပေကျံရ ဗလပွနှင့် ကလေးတစ်ယောက်ဆော့ကစားသည့် ပိုက်ဆံအိတ်အဟောင်းနှင့်ပင် တူသေးတော့သည်။ အိုအို။ သူ့အုတ်ခဲနီရောင်ဆံပင်တွေကြားထဲမှာလည်း ဗောက်တွေ အပြည့်ပါ့လား။ အော်ဂလီဆန်လာမှုနှင့်အတူ အန်ပစ်ချင်စိတ်သည် မည်သို့မည်ပုံဖြစ်လာသည်မသိ။ ရင်ထဲ၌ တစ်စုံတစ်ခုသည် တစ်ဆို့နေသလိုရှိသည်။ သည်မိန်းမကို ကြောက်စိတ်တွေသည်ပဲ တစ်ဆို့လာလေသလား။ အိုး..သိပြီ။ ခေါင်းစည်းထား၍ဖြစ်မည်။ ယနေ့မှပဲ ခေါင်းစည်းကြိုးနှင့် ဆံပင်မစည်းဘဲ ခေါင်းစည်းကြက်ပေါင်ကွင်း သုံးလေးကွင်းနှင့် တင်းကြပ်စွာ စုချည်ထား၍ ဖြစ်မည်။ အတွေးနှင့်အတူ ခေါင်းထက်မှ ကြက်ပေါင်ကွင်းများကို ဖြည်ချလိုက်တော့ ဆံပင်များသည် စည်းထားသည့်အရာအတိုင်း တွန့်လိမ်စွာ ဖြေလျော့သွားသည်။ သို့သော် ရင်တွင်းမှ တစ်ဆို့မှုသည် ပျောက်မသွား။ ဟော အသံမကြားရတော့။ ရင်တွင်းမှ တစ်ဆို့မှုသည် အနည်းငယ်တော့ နေသာထိုင်သာ ရှိသွားသလို ထင်ရသည်။ သို့သော် ထိုမိန်းမ၏ မျက်နှာကိုတော့ စေ့စေ့မကြည့်ရဲ။
`ဂျစ်..ဂျစ် ဂျစ် ဂျစ် ဂျစ် ဂျစ် ဂျစ် ဂျစ်.. ဂျစ် ဂျစ်
တိတ်ဆိတ်နေရာမှ ရုတ်ခြည်း စိပ်လာသည့် အသံနှင့်အတူ ရင်တွင်းမှ အော်ဂလီဆန်မှုသည် ပို၍ပို၍ ပြင်းထန်လာသည်မို့ နားအစုံကို လက်ဖြင့်ပိတ်ကာ မျက်လုံးအစုံကို ယောင်ယောင်ရမ်းရမ်းမှိတ်လိုက်မိသည်။ တော်ပါတော့။ ဒီအသံတွေ တော်ပါတော့။ အန်ချင်လှပြီ။ ဖြစ်နိုင်လျှင် ဒီမိန်းမကြီးကို ကျော်ဖြတ်ပြီး တခြားခုံမှာ သွားထိုင်ချင်သည်။ သို့သော် ထိုသို့ ကျော်ဖြတ်လိုက်လျှင်ပင် ၎င်း၏တည်ငြိမ်နေသည့်စိတ်ကို ဖျက်ဆီးမိသလိုဖြစ်မှာစိုး၍ မသွားရဲ။ တော်ကြာ ထိုင်နေအကောင်းသား၊ ထသွားမှစိတ်ဖောက်ကာ တစ်ခုခု လုပ်လိုက်လျှင် ခက်ရချည်ရဲ့။
ကားမှတ်တိုင်ကို သတိတရကြည့်လိုက်မိတော့ ချော်တွင်းကုန်းမှတ်တိုင်ပင်မရောက်သေး။ ကြောက်ဒေါသနှင့်အတူ ဒီ ၁၇၄ တွေ ကြာလှချေလား ဟု ပျစ်ပျစ်နှစ်နှစ်ဆဲလိုက်မိသည်။ အမှန်တကယ်ဆို သည်ချိန် ၈မိုင်လောက် ရောက်သင့်နေပြီ။ အဲဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲ။ ခုတော့ ထိုမိန်းမကလည်း မဆင်းသေးသလို မိမိမှာလည်း ရောဂါတက်နေရချေပြီ။ ခေါင်းတွင်းမှာ ငြီးစီစီဖြစ်ပြီး ကိုက်ခဲနေမှုက ဘယ်အချိန်ကတည်းက ရောက်လာသည်မသိ။
ကားပေါ်မှာ လူတွေ အများကြီးမပါပါဘူး၊ နေ့ခင်းကြောင်တောင် ခရီးသည်အများကြီးလည်း မလိုက်ပါဘူးမြန်မြန်မောင်းကြပါ ဟု အော်ပြောချင်စိတ်က လည်ချောင်းဝတွင် တစ်ဆို့တစ်ဆို့ ဖြစ်နေသည့် သဏ္ဍာန်ရှိသည်။
`ပျွတ်စ်
ဟင် ဘာသံလဲ။ ဟော ထပ်ထွက်လာပြန်ပြီ။ သူ့ပါးစပ်ထဲက ထွက်လာတဲ့အသံပဲ။ ကြည့်ကြည့်။ ပါးစပ်ကို လှုပ်စိလှုပ်စိနဲ့ လုပ်နေပြန်ပြီ။
`ချော်တွင်းကုန်း..ဆင်းမယ့် ခရီးသည်တွေ ပြင်ထားပါ ချော်တွင်းကုန်း..ချော်တွင်းကုန်း
စပယ်ယာ၏ ပျင်းရိပျင်းတွဲအသံကြောင့် ထရပ်ဖို့ ပြင်လိုက်စဉ်မှာပင် ထိုမိန်းမက ဦးစွာ ထရပ်လိုက်သည်မို့ ပျော်သွားမိသည်။ သို့သော် ထိုအပျော်က ကြာရှည်မခံ။ ထိုမိန်းမက ပြန်ထိုင်ကာ သူ့ပိုက်ဆံအိတ်ကို လှပ်ပြန်၏။ ဆင်းပါ၊ မြန်မြန်ဆင်းပါ ဟု တိုက်တွန်းနေသည့် စိတ်တွင်းမှအသံသည် ပြင်ပသို့ ထွက်လာတော့မည် ထင်ရ၏။အို ဒီတစ်ခါ သူမဆင်းလည်း ကိုယ်ဆင်းမည် ဟု ဆုံးဖြတ်ချက်ချရင်း သူ့ကို တွန်းထွက်မည်ဟု ပြင်လိုက်စဉ်မှာပဲ
`ဟေး သမီးလေးလား မေကြီးလေ သမလးအတွက် မုန့်ဝယ်လာမယ်နော် မေကြီးကို အာဘွားပေးပါဦး အာဘွား. အဟေးဟေး ဟုတ်ပ ယောကျ်ားရေ မိန်းမ ရှစ်မိုင်ရောက်တော့မယ်နော်.. ခု ချော်တွင်းကုန်း မှာ.. ခဏလေးပဲ ခဥလေး
ချိုကြည်နေသည့် အသံကြောင့် မျက်နှာဆီသို့ အလိုလိုအကြည့်ရောက်လိုက်မိသည်။ အို ကြည့်ပါဦး။ မိခင်တစ်ယောက်၏ ကြည်လင်ရှင်းသန့်သည့် မျက်နှာ ဟု သတ်မှတ်ချင်သည်။ သမီးအတွက် ဟု စာတန်းရေးထိုးထားသည့် မိခင်တစ်ယောက်၏ မျက်နှာ။ သမီးကိုချည်း ဂရုစိုက်နေရ၍ မိမိကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့သည့် အလှကြိုက်မိခင်တစ်ယောက်၏ မျက်နှာ။ ကြည့်ရတာ ကလေးက အတော်ငယ်ဦးမည် ထင်သည်။ သူကြီးပဲ စကားဆိုလို တစ်ဖက်မှာ ဝူးတူးဝါးတား အသံသဲ့သဲ့သာ ကြားရသည်။ အသက်ကြီးမှရသည့်ကလေးမို့များ သည်လောက်တောင် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘဲ အချစ်ပိုနေရတာလား ဟု တွေးမိရင်းရှက်ရွံ့အားနာမှုသည် မိမိ၏ မျက်နှာကို ပိုမိုပူနွေးလာစေသည်ထင်မိ၏။ တောင်းပန်စကားဆိုသင့်သည်ဟုလည်း ထင်မိသည်။ သို့သော် စိတ်တွင်းမှ ထိုခံစားချက်ကို တောင်းပန်စကားဆိုဖို့ဆိုသည်က ။
တော်တော်ကြာ အမည်မသိ မိန်းမတစ်ယောက် စိတ်ဖောက်ပြန်ပြီး ကားပေါ်ရှိ လူအပေါင်းကို လိုက်တောင်းပန်နေသည် ဟု သတင်းများမှာ ပါလာလျှင် ခက်ပေဦးမည်။ ယနေ့မှပဲ နေက ပိုပူသည် ထင်မိ၏။ သေချာပါသည်။ အခိုက်အတန့်တော့ နေပူရှိန်ကြောင့် ကြောက်စိတ်ကဲ ရူးသွပ်သွားခြင်းဖြစ်ပါလိမ့်မည်။
ရည်ဝေ(လင်းရောင်ခြည်)
.jpg)
No comments:
Post a Comment