ပြာလဲ့လဲ့မီးတန်းလေးများသည် တစ်ခုနှင့်တစ်ခု စပ်ယှက်လျှက် ညအမှောင်ထုကို ဖုံးအုပ်ထား၏။ ကလေးတစ်စုသည် ဆိတ်ငြိမ်စွာ ကစားနေကြသည်။ တဒေါက်ဒေါက် မြည်သံနှင့်အတူ ရောက်ရှိလာသော အဖိုးအိုတစ်ယောက်ကို မည်သူကမျှ သတိမထားမိသယောင်ရှိ၏။ အဖိုးအိုသည် တဲအိမ်များကို တစ်ချက်ဝေ့ဝဲကြည့်ရင်း ရွာလယ်ခေါင်ဟု ခေါ်နိုင်သောနေရာလောက်တွင်ရပ်လိုက်သည်။ ထို့နောက် ပြာလဲ့လဲ့မီးတန်းများကိုကြည့်ရင်း မီးပုံတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် မီးပုံတွင်းသို့ တစ်စုံတစ်ခုအားပစ်သွင်းလိုက်သလိုရှိ၏။ တစ်စုံတစ်ရာကိုလည်း တိတ်ဆိတ်စွာ ရေရွတ်နေပြန်သည်။ ထို့နောက် ညသည် ဆိတ်ငြိမ်ခြင်းနှင့်အမှောင်ကို ပို၍အားဖြည့်ပေးလိုက်သည့်အလား။ ကမ္ဘာလောကသည် ပို၍ပို၍ တိတ်ဆိတ်စွာ အေးစက်လာသည်။
အပြာရောင်မီးတန်းလေးများမှ မီးခိုးရောင်အရိပ်များသည် လူးလွန့်နိုးထလာဟန်ဖြင့် အဖိုးအိုရှေ့ကွင်းပြင်သို့ ခုန်ဆင်းလာသည်။ ထို့နောက် မီးခိုးများသည် တစ်ခုနှင့်တစ်ခုပူးပေါင်းသွားကြပြန်သည်။ ဖူးစပွင့်စပန်းလေးများ ကဆုန်ပေါက်ကာ ပျော်မြုးနေသည်။ ဝင်းလက်တောက်ပနေသည့် တေးသွားလေးများ ပြေးလွှားနေသကဲ့သို့ထင်ရ၏။ တိတ်ဆိတ်နေသော်ငြား နူးညံ့လှပသော မြင်ကွင်းများသည် ဟိုတစဒီတစ ပြေးလွှားနေသည်။ ကိုယ့်ပြေးလမ်းနှင့်ကိုယ် အပြိူင်းအရိုင်းဖူးပွင့်နေကြသော ပန်းပွင့်များသည် ခြေချော်သော်လည်းပြန်ထူမတ်မြဲဖြစ်သည်။ တချို့ပြန်မထူမတ်နိုင်သော ပန်းပွင့်များမှာမူ ငေးကြည့်လျှက်။ ပြန်ထူမတ်ချင်သည့် ပန်းပွင့်သည် ကိုယ်တိုင် မထူမတ်နိုင်သည့်အခါ ပြေးလမ်းပေါ်မှာ တွားသွားနေရတော့ပြန်သည်။ တချို့သော ပန်းပွင့်များမှာမူ ကံကောင်းထောက်မစွာပင် ကူညီထူမတ်ပေးသူများနှင့် တိုးပြန်လေ၏။ ထူမတ်နိုင်သည့် ပန်းပွင့်များကမူ အချိုးကျကျလျှောက်ရင်း တွားသွားပန်းပွင့်များးကို လှောင်သည့်အခါလှောင်၏။ ကူသည့်အခါ ကူသည်ရှိ၏။ ပန်းပွင့်လေးများ၏ အနောက်ဘက်ဆီသို့ အဖိုးအို မျှော်ကြည့်လိုက်သည်။ အယောင်ယောင်အမှားမှားဖြင့် မျက်ဝန်းအစုံကို ပိတ်လိုက်မိတော့မလိုပင် ဖြစ်သွားရ၏။
မတည့်အတူနေလောကကို ရိုးရှင်းသောအမြင်ဖြင့် မြင်လိုက်ရသလိုရှိသည်။ ပန်းပွင့်လေးများသည် တစ်ပွင့်နှင့်တစ်ပွင့် လက်တွဲရင်း နောက်ကွယ်တွင် အမည်းရောင် အဆိပ်များကို သယ်ပိုးထားကြသည်။ လွတ်လပ်လင်းပွင့်သော ပန်းပွင့်ကို အဖိုးအို ရှာသည်။အမောတကောဖြင့်ရှာသောငြားမတွေ့။ မတွေ့ရ။ အမည်းရောင်သည် ပန်းပွင့်များကြားတွင် ပို၍ အင်အားကြီးလာသလိုရှိသည်။
“အားးးးးးးးးးးးးးးးးးးး”
တိတ်ဆိတ်ခြင်းသည် ဝုန်းခနဲ ဖြိုခွင်းခံလိုက်သည်။ ညစ်ညစ်ညူးညူးအော်သံများနှင့် တေးသွားတစ်ခုသည် ပျံ့လွင့်လာသည်။ ကူပါကယ်ပါ တစာစာအော်နေသံများသည် အသံတို့၏ ဆူညံခြောက်ကပ်ခြင်းကိုပို၍ အားဖြည့်ပေးနေသလိုရှိ၏။ ပြေးလွှားကြောက်ရွံ့ခြင်းများ၊ တစ်ကိုယ်ကောင်းဆန်လိုမှုများသည် အုံနှင့်ကျင်းနှင့် ပြေးထွက်လာသည်။ ဟိုဒီပြေးလွှားနေသံများသည် အထိတ်တလန့်နိုင်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို သိသာထင်ရှားလာစေသည်။ တစ်ကိုယ်ကောင်းဆန်လိုမှုများသည် အမှောင်ကို ပို၍ပို၍ နက်နက်လာစေ၏။ အမှောင်သည် အဖိုးအို၏မြင်ကွင်းတစ်ခုလုံးအား သိမ်းကျုံးကာဆီးလိုက်သည်။ ထိုအချိန်တွင် အဖိုးအို၏ အမြင်စူးရှလွန်းသော မျက်လုံးသည် တစ်ခုသောနေရာဆီသို့ စိုက်ခနဲအကြည့်ရောက်သွား၏။
တွေ့ပြီ။ လွတ်လပ်လင်းပွင့်သော ပန်းပွင့်ကို အဖိုးအိုတွေ့ပြီဖြစ်သည်။ သို့သော် ထိုပန်းပွင့်သည် အရွယ်မရောက်သေး။
ကြီးနိုင်ငယ်ညှင်းနှင့် ခြေထိုးမှုများကြားဝယ် ထိုပန်းပွင့်သည် မည်ကဲ့သို့ အရွယ်ရောက်လေမည်လဲ။ အရွယ်ရောက်သည်ထိတိုင်အောင် လင်းပွင့်ဖြူစင်နိုင်ပါ့မလား။ အတွေးများစွာဖြင့် သက်ပြင်းချရင်း အဖိုးအို မီးပုံကို ငြိမ်းသက်ရန်ပြင်လိုက်သည်။ သို့သော် မငြိမ်းမိသေး။
ပန်းပွင့်လေးများသည် ဒီရွာ၏ အနာဂတ်ကို ပုံဖေါ်မည့် ဥယျာဉ်မှူးများသည်။ သူတို့တွင် အမည်းရောင်များကြီးစိုးနေလျှင် ရွာ၏အနာဂတ်သည်…….။ သက်ပြင်းသံကြီးသည် အဖိုးအို၏ နှာဝမှ မှုတ်ထုတ်လိုက်သည့် လေနှင့်အတူရောပါလာ၏။ အဖိုးအို မီးပုံဆီသို့ လက်လှမ်းလိုက်သည်။ လွတ်လပ်လင်းပွင့်သောပန်းလေးများသာ အရွယ်ရောက်သည်ထိ လွတ်လပ်လင်းပွင့်နိုင်ပါစေ ဟု ဆုတောင်းရပေတော့မည်။
“ဝုန်း”
အဖိုးအို၏ မျက်လုံးအစုံပြူးကျယ်သွားရသည်။ မထင်မှတ်သော မြင်ကွင်းတစ်ခုသည်မီးပုံကို မငြိမ်းသတ်မိစေရန် အဖိုးအိုကို ဆွဲဆောင်လေပြီ။ တစ်ပွင့်နှင့်တစ်ပွင့် အမည်းရောင်များဖြင့် ခြုံသိုင်းထားသော ပန်းပွင့်များကြားဝယ် လွတ်လပ်သော်လည်း မလင်းပွင့်သော ပန်းပွင့်လေးတချို့ရှိနေကြသည်မဟုတ်ပါလား။ အမည်းရောင်ရှိသော်လည်း ထိုအမည်းရောင်ကိုပင် တိုက်ချွတ်ဆေးကြောရန် ကြိုးစားနေကြလေသည်လား။ ထိုပန်းပွင့်လေးများသည် တစ်ပွင့်ချင်းစီ သီးခြားရှိနေရာမှ ရုတ်တရက် တစ်ပွင့်နှင့်တစ်ပွင့် ပူးကပ်သွားကြ၏။ ထို့နောက်……။
လွတ်လပ်လင်းပွင့်သော ပန်းလေးတစ်ပွင့် ပေါ်ထွက်လာပြီဖြစ်သည်။ ထိုပန်းပွင့်သည် အနီးမှ အမည်းရောင်ပန်းပွင့်ကို အစိမ်းရောင်နွယ်ခက်ကလေးတစ်ဖက်ဖြင့် ချိတ်ဆက်လိုက်သည်။ ထိုချိတ်ဆက်ခြင်းခံလိုက်ရသော ပန်းပွင့်သည် တစတစ လင်းလက်လာသော သူ့ကိုယ်သူကြည့်ရင်း အခြားသော အမည်းရောင်ပန်းကို သူ့နွယ်ခက်ဖြင့် ချိတ်ဆက်လိုက်ပြန်သည်။ ထို့နောက် တစ်ပွင့်ချင်းတစ်ပွင့်ချင်း……………။
အမည်းရောင်အစိုင်အခဲသည် ဖုံးအုပ်ထားရာမှ တစတစ တွန်းလှန်ခံလိုက်ရသလိုရှိ၏။ ထိုသို့ဖြင့် တစတစလင်းပွင့်လာသော မြင်ကွင်းသည် သာယာသော ပန်းခင်းကြီးတစ်ခင်းဖြစ်နေလေသည်။ တလိမ့်ကောက်ကွေးလဲကျလျှက်ရှိသော အမည်းရောင်အစိုင်အခဲများက ချောင်းမြောင်းကာ ဝင်ဖို့ကြိုးစားနေသည်ကိုလည်းတွေ့ရ၏။ သို့သော် ပန်းပွင့်လေးများ၏ ချိတ်ဆက်ထားသောနွယ်ခက်များအကြား အမှောင်ဝင်ဖို့ရာ လမ်းမရှိတော့ပြီထင့်။ အမှောင်သည် အောက်ခြေတွင်..ထိုင်နေလျှက်သာရှိလေပြီဖြစ်သည်။
အပြိုင်းအရိုင်းဖူးပွင့်ဝေဆာနေသော ပန်းပွင့်များကိုကြည့်ရင်း အဖိုးအိုေ ကျကျေနပ်နပ် ပြုံးလိုက်သည်။ မီးဖိုကို ငြိမ်းသတ်ဖို့ အချိန်ကျပြီဟူသည့် အတွေးဖြင့် အမှုန်တချို့ပစ်သွင်းဖို့ ပြုလိုက်စဉ်မှာပင် ချိတ်ဆက်ထားသည့် ပန်းပွင့်များကြားမှ အမည်းရောင် အစိုင်အခဲတစ်ခုသည် အလင်းသဏ္ဍန်တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။ ကြည့်ရင်းကြည့်ရင်းမှာပင် အမည်းစိုင်သည် ပန်းတစ်ပွင့်ကို ချုပ်ကိုင်လိုက်နိုင်ပြီဖြစ်သည်။
သို့သော် အဖိုးအို နှုတ်မှ ဂါထာတစ်ခုကို ရွတ်လိုက်ရင်း မီးဖိုကို ငြိမ်းသတ်လိုက်၏။ ပန်းပွင့်လေးများကို အမှောင်က ဖမ်းမှာကို သူမစိုးရိမ်တော့ပါ။ မည်မျှပင် အမည်းရောင်ကြီးစိုးခဲ့ပါစေ အမည်းရောင်ကို တိုက်ဖျက်မည့် အဖြူတစ်ပွင့်ရှိနေလျှင်ဖြင့် ပန်းပွင့်များအားလုံး လင်းလက်လာနိုင်သည် မဟုတ်ပါလား။ ပန်းပွင့်လေးများသည် အနာဂတ်၏ဥယျာဉ်မှူးများ ဖြစ်ကို ဖြစ်လာပေလိမ့်မည်။ လွတ်လပ်လင်းပွင့်သော ဥယျာဉ်မှူးများ..။
ပြာလဲ့လဲ့မီးတန်းလေးများသည် တစ်ခုနှင့်တစ်ခု စပ်ယှက်လျှက် ညအမှောင်ထုကို ဖုံးအုပ်ထား၏။ ကလေးတစ်စုသည် ဆိတ်ငြိမ်စွာ ကစားနေကြသည်။ တဒေါက်ဒေါက် မြည်သံနှင့်အတူ ပြန်လည်ထွက်ခွာသွားသောသော အဖိုးအိုတစ်ယောက်ကို မည်သူကမျှ သတိမထားမိသယောင်ရှိ၏။
ရည်ဝေ(လင်းရောင်ခြည်)
.png)
No comments:
Post a Comment