သမိုင်းဆိုသည် နှစ်ပေါင်းများစွာတိုင် ထင်ကျန်နေသည့် အတိတ်ဟု သူမှတ်ယူပါသည်။ ထို့ကြောင့် သူ့ကိုယ်ပိုင်သမိုင်းကို သူကိုယ်တိုင် တည်ဆောက်ခဲ့သည်။ သူကိုယ်တိုင် ပြင်ဆင်ဖြည့်ဆည်းခဲ့သည်။ ပျက်လွယ်သည့် သမိုင်းကြောင်းများကို သူမဖန်တီးလို။ သို့သော် သမိုင်းကြောင်းများစွာကတော့ အသစ်တဖန်ထွက်ရှိလာသည့် အချက်အလက်များနှင့်အတူ ပျက်စီးခြင်းများစွာအောက်သို့ ကျရောက်လုလု ဖြစ်ခဲ့ချေပြီ။ ကိုယ်ပိုင်တည်ဆောက်ထားသော မြို့ရိုးသည် ခိုင်ခန့်သည်ဟု တွေးထင်ခဲ့၏။ သို့သော် ပုန်းအောင်းနေသည့် ရန်သူတပ်မသည် တရှိန်ထိုး ထိုးစစ်ဆင်လာသည့်အခါ….။
သို့သော် သူ ယုံကြည်နေချင်ပါသေးသည်။ သူတည်ဆောက်ထားသော မြို့ရိုးတွင် ချစ်ခင်လေးမြတ်မှုများကို အချိုးအစားညီစွာ ထိုးသိပ်ထားသည်မို့ လွယ်လွယ်နဲ့ မပြိုပျက်နိုင်ဟု သူ ယုံကြည်ချင်နေပါသေးသည်။ သို့သော် အက်ရာတို့ ဟိုတစ်စဒီတစ်စ ရှိနေပြီဖြစ်သော နံရံကိုကြည့်ရင်း မည်ကဲ့သို့ ဖာထေးရမည်ဟု သူ အဖြေရှာမရသေး။
သို့သော် သူ မျှော်လင့်ချင်နေပါသေးသည်။ နှစ်ပေါင်းများစွာတိုင်၊ ရက်ပေါင်းများစွာတိုင် တည်ဆောက်ထားသော ထိုမြို့ရိုးသည် လွယ်လွယ်နှင့် မကျိုးပေါက်နိုင်ဟု သူ ယုံကြည်ချင်ပါသည်။
(၁)
အတိတ် ဟု ခေါ်နိုင်ပါသည်။ စိတ်ကို ရင်းခဲ့သည်။ နှလုံးသားကို ရင်းခဲ့သည်။ စိတ်သွားတိုင်းကိုယ်ပါနိုင်သည့်အခြေအနေမို့လည်း စိတ်ခိုင်းရာရောက်သည့် အနေအထားဖြစ်သည်။ အရာရာတွင် စိတ်စေသမျှ လုပ်နိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ယူဝံ့ကြွားခဲ့သည်။ “ငါသည်သာ ငါ့ပဲ့ကိုင်ရှင်” ဆိုသည့် စိတ်ဖြင့် စိတ်ဦးတည်သမျှ ခြေတို့က ထပ်ချပ်မကွာ ရောက်ခဲ့သည်ချည်းသာ။
တည်ဆောက်ခဲ့သည်။ စိတ်သွားရာ ထပ်ချပ်မကွာလိုက်သည့် ခြေများနှင့်အတူ ဤမြို့ရိုးကိုပါ သူတည်ဆောက်ခဲ့သည်။ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လာသည့် မြို့ရိုးကိုကြည့်၍ ဘယ်တော့မှ မပြိုလဲနိုင်တော့ဟု ယုံကြည်မိသည်ထိပင်။ အက်ရာ မြူမှုန်မျှသော်မရှိဟု စိတ်ချလက်ချ ယုံကြည်ထားလိုက်သည်။
ထိုအခါ..။
ကိုယ့်ကို ကာကွယ်ပေးနေသည့် မြို့ရိုးရှိသည် ဆိုသည့်အသိဖြင့် လှမ်းသမျှခြေလှမ်းတိုင်းသည် ပို၍ပို၍ အားပြည့်လာသကဲ့သို့ရှိ၏။ ဘယ်သွားသွား ဘယ်ရောက်ရောက် အချိန်တန်လမ်းမှန်စေရန် မြို့ရိုးကိုကြည့်ရုံမျှဖြင့် သိသည်ဆိုသည့် စိတ်ခံစားချက်ကို ထူးထူးကဲကဲခံစားရ၏။
ရန်သူသည် သူတည်ဆောက်ထားသည့်မြို့တော်တွင်းသို့ တစ်စက္ကန့်မျှပင် ဝင်ရောက်မလာနိုင်ဟု စိတ်ချယုံကြည်လိုက်မိ၏။ အရာရာကို ရင်ဆိုင်ရန် အားအင်တို့စုစည်းမိသည့်အချိန်ဟု သတ်မှတ်လိုက်ပြီဖြစ်၏။ ရှေ့ဆီသို့ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းကို နောက်သို့ဆုတ်ရန်မည်သည့်အရာမျှ မတတ်နိုင်တော့ဟု စိတ်ချလက်ချ ယုံကြည်မိလိုက်ပြီဖြစ်၏။
(၂)
ကြိုတင်ပြင်ဆင်မှုရှိမထားသူ သူ့အတွက် ဒဏ်ရာသည် စူးနစ်လွန်း၏။ ဒဏ်ရာမှ ခါးသက်စူးနစ်သည့်အနာရှိန်သည် ညစဉ်ပင်အိပ်ပျက်စေ၏။ မြို့တော်သည် ညစဉ်ပင် မှောင်မိုက်ခဲ့ချေပြီ။ အေးခဲသည့်ညတိုင်းကို ခါးသက်စူးနစ်မှုနှင့်အတူ ဖြတ်သန်းနေရသော်လည်း သူသည်ကား အမှတ်မရှိသည့် ပိုးဖလံပမာ။ ပူမှန်းသိသိနှင့် မီးကိုတိုးဝင်သော ပိုးဖလံလေးများကို သနားစရာသတ္တဝါလေးမျာဟု နှိမ့်ချတွေးခဲ့ဖူးသည်။ ယခုတော့ သူသည်ပင် အနှိမ့်ချခံလူသားတစ်ဦးဖြစ်ချေပြီ။
သံယောဇဉ်ဆိုသည်မှာ အပူနှင့်အအေးကို သမမျှတစွာ ရောမွှေထားသော နွေးထွေးလုံခြုံသည့် ခြံထည်သာ။ သို့သော် သူသည်ကား အေးမြမှုအပိုင်းကို ကွယ်ပျောက်စေခဲ့ပြီထင့်။ ခြုံထည်သည် တစထက်တစ ပူသထက်ပူလာ၏။ သို့သော် သူ လွှတ်မချနိုင်သေး။ သူ့ကို သနားစရာသတ္တဝါ ဟု ခေါ်ဆိုနိုင်ပါသည်။
သံယောဇဉ်ဆိုသည့် ခြုံထည်ရှိ အပူထည်ကိုမှ လွှတ်မချဘဲ မလွတ်တမ်းဆွဲကိုင်ထားသူ ဖြစ်ချေပြီ။
ဟုတ်၏။ ပစ္စုပ္ပန်ဖြစ်သည်။ စိတ်သွားရာ ထပ်ချပ်မလိုက်နိုင်သည့် ခြေလှမ်းများနှင့်အတူ ခြုံထည်မှ အဆိပ်ကိုလည်း ထပ်တူကျ လက်ခံလိုက်ရပြီဖြစ်၏။ စိတ်တစ်ခုလုံး ကျွမ်းလုမတက် ပူလောင်နေပါသည်။
(၃)
ကြိုးဆိုသည်မှာ မည်သို့ပင်လွတ်ထွက်လုလုဖြစ်နေပါစေ၊ မလွတ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လက်ဖြင့်ဆွဲပေးထားမှ သာ ဖြစ်မည်။ သို့မှသာ ထိုကြိုးလေးမည်မျှပင် လွတ်ထွက်ဖို့ကြိုးစားပါစေဦးတော့၊ လွတ်ထွက်ဖို့ရာ ခက်ခဲလိမ့်မည်ဖြစ်သည်။ အကယ်၍သာ ထိုကြိုးလေးကို လွှတ်ချလိုက်မည်ဆိုလျှင် ထိုကြိုးလေးသည် လေတိုက်၍လွင့်ထွက်လိုက လွင့်ထွက်နိုင်သည်။ သို့မဟုတ် တစ်စုံတစ်ခုဖြင့် တိုက်မိခိုက်မိ၍လည်း ရောက်ရာပေါက်ရာသို့ ရောက်သွားနိုင်လေသည်။
ယခုကြိုးလေးသည် တချိန်ကတော့ ပူလောင်မှုများကြောင့်ပင် တချို့သောသံယောဇဉ်ခြုံထည်မှ အဝေးသို့ ပြေးထွက်ခဲ့ဖူးသည်။ မည်သည့်အရာကိုမျှ အနားသို့အကပ်မခံပါဘဲ အဝေးသို့ပြေးထွက်ခဲ့ဖူးလေသည်။ သို့သော် တစတစသိပ်သည်းလာသော ခြုံထည်၏အရှိန်ကြောင့်ပင် သူ့မြို့တော်ကို လင်းလက်စေရန် ဆောင်ရွက်နိုင်ခဲ့၏။ သူ့မြို့တော်သည် အရာရာထက်သာလွန်လွန်းဟု မှတ်ယူခဲ့၏။ သူတည်ဆောက်ထားသည့် မြို့ရိုး၏အရှိန်နှင့် သူ့မြို့တော်ကို အလုံခြုံအနွေးထွေးဆုံးဟု သတ်မှတ်ခဲ့ပါ၏။
ယခုတော့ သူသည် သူ့မြို့ရိုး၏အက်ရာကိုကြည့်ရင်း တစတစအေးခဲစူးနစ်မှုကို ခံံစားနေရပြီဖြစ်သည်။ ခြုံထည်မှ အေးမြမှုကို ပြန်လည်ရှာဖွေနေသော်လည်း အေးမြမှုကားပေါ်မလာ။ ပို၍ပို၍ကဲလာသည့် အပူရှိန်ကြောင့်ပင် အရာရာမှ ဝေးလွင့်ပြီလားဟု တွေးမိရပြီဖြစ်သည်။
ပစ္စုပ္ပန်သည် သူ့ဘက်ကပြင်ဆင်ဖို့ရာ ခဲယဉ်းသော အခြေအနေတစ်ခုဖြစ်နေသည်။ ထိုအခြေအနေကို မည်သို့ဖြည့်ဆည်းရမည်ဟု သူမသိ။ အဖြေသည် ရှာလေလေ ပို၍ ဝေးရာသို့ ပြေးလေ၏။ သူပြေးရာလမ်းကိုပင် မည်သို့ရှာရမည်မှန်း သူမသိ။ ကြိုးလေးသည် အဝေးသို့လွင့်ရမည်လား၊ မည်သူများဆက်လက်ဆွဲကိုင်ထားမည်လဲ ဆိုသည့်မေးခွန်းများစွာဖြင့် လှိုက်လှိုက်သည်းသည်းငိုမိသကဲ့သို့ရှိ၏။
သေချာပါသည်။ သူ သည်ခြုံထည်အောက် ဆက်ရှိချင်နေပါသည်။
(၄)
အက်ရာသည် အချိန်နှင့်အမျှ ကြီးရင့်လာချေပြီ။
စိတ်၏သက်ရှမှုသည်လည်း ပစ္စုပ္ပန်၏ ခရီးသွားမှုနှင့်အမျှ တိုး၍တိုး၍လာချေပြီ။
မြို့တော်သည်လည်း အလင်းပျောက်လုလု ဖြစ်ချေပြီတည်း။
သူတည်ဆောက်ထားသည့် သမိုင်းသည်ကား ပျက်လွယ်တော့လေမည်လား။
အရာရာသည် သူ မဖြေရှင်းနိုင်သည့် နယ်ပယ်၌တည်ရှိနေလေသည်။
သို့သော် သူ မျှော်လင့်ချင်နေပါသေးသည်။ နှစ်ပေါင်းများစွာတိုင်၊ ရက်ပေါင်းများစွာတိုင် တည်ဆောက်ထားသော ထိုမြို့ရိုးသည် လွယ်လွယ်နှင့် မကျိုးပေါက်နိုင်ဟု သူ ယုံကြည်ချင်ပါသည်။ တစ်စုံတစ်ယောက်သောသူကတော့ သူ့လက်ကို ဆက်လက်ဆွဲကိုင်ထားမည်ဟု ယုံကြည်နေချင်ပါသေးသည်။
ကြိုးလေးသည်ကား တလွင့်လွင့်ဖြင့် လေလွင့်ရမည်လား၊ တစ်စုံတစ်ယောက်၏ဆွဲကိုင်မှုကို ရရှိလေမလား မျှော်လင့်ချက်ဖြင့် …..။
------++++++++++++++++++--------
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment