ရှဲခနဲ အော်မြည်ကာ အားပြင်းပြင်းနှင့် ရှည်ထွက်လာသော မီးညွန့်ကို ကြည့်ကာ သူ ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက် ဂေါက်ကို ကျွမ်းကျင်စွာကိုင်၍ သစ်သားလက်ကိုင်ရှည်တပ်ထားသော ဇွန်းခွက်ထဲရှိ ခဲတုံးတို့အား အရည်ဖျော်ဖို့ရာပြင်လိုက်သည်။ ခြေထောက်တစ်ဖက်ကလည်း ဖါးဖိုကို ခပ်မှန်မှန် နင်းလျှက်ရှိသည်။ သည်ခဲစတို့ကို အရည်ဖျော်ကာ ခဲတိုင်ရှည်အဖြစ်ပုံသွင်းရမည်။ သူဌေးက တစ်ပေခန့်ရှည်သော ခဲချောင်း ဆယ်ချောင်း ပုံသွင်းရမည်ဟု မှာထားသည်။ ခဲချောင်းကို ပုံသွင်းပြီးမှ ပင် ထမင်းစားပါတော့မည် ဟု တွေးရင်း တကျုတ်ကျုတ်နှင့် ဆာလောင်နေသော ဝမ်းဗိုက်၏ အချက်ပြနေမှုကို မသိကျိုးကျွံ ပြုထားလိုက်မိသည်။
ဂေါက်ဝမှ ထွက်လာသော မီးညွန့်သည် ဖါးဖိုကို မှန်မှန်နင်းပေးသော်လည်း ခဲချောင်းသုံးချောင်းခန့်လောင်းအပြီးမှာတော့ တဖြည်းဖြည်းနှင့် သေး၍သွားသည်။ မီးအားလည်း မပြင်းတော့။ နောက်ဆုံး မီးညွန့်ပါသေသွားတော့သည်။ မီးခြစ်နှင့် မီးပြန်ညှိသော်လည်း မီးညွန့်က သေးမြဲသေးလျှက်။ ဒီတိုင်းဆိုလျှင်တော့ မဖြစ်ချေဟု တွေးလိုက်ရင်း ဂက်စ်အိုးထဲ လောင်စာထည့်ရန်ပြင်လိုက်သည်။ ဓါတ်ဆီအနည်းငယ် ဖြည့်၍ ဂေါက်၊ ဖါးဖို၊ ဂတ်စ်အိုး ပြန်အတွဲအပြီးဝယ် ဖါးဖိုကိုနင်းရင်း မီးခြစ်ကို ခြစ်ကာ မီးညှိလိုက်တော့ မီးညွန့်က ဝုန်းခနဲ အရှေ့သို့ပြေးလာသည်။ ဇွန်းပေါ်သို့ မီးစကို တင်လိုက်တော့ ခဲသားတို့သည် တရိရိ ကြွေသွားကြတော့သည်။ ခဲကြွေသည့် ညှော်နံ့ကလည်း နှာခေါင်းစည်း ကိုကျော်လွန်လျှက် တစ်ချက်တစ်ချက်ဝယ် အဆုတ်ထဲသို့ ရောက်လာချင်သည်။
လောင်စာ၏ အင်အားကြောင့် အရှိန်တညီးညီးနှင့် တောက်လောင်နေသည့် မီးညွန့်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ပြန်မြင်နေသလို တွေးထင်မိတော့ ဖါးဖိုနင်းလက်စခြေထောက်သည် တုန့်ခနဲရပ်ချင်၏။ သူလည်း ဘာများထူးသလဲလေ။ ငယ်နုတုန်းမှာ ဘဝကို အစွမ်းကုန်ကြိုးစားနိုင်ပေမယ့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်လာခဲ့သည့် အိုမင်းရင့်ရော်မှုသည် နောက်ဆုံးမှာတော့ လက်ကျန်မီးစတောင်မရှိအောင် ပျောက်ဆုံးသွားမှာ မဟုတ်လား။ အသက်ကြီးရင့်ဖို့ မဆိုထားနှင့်။ လက်ရှိအချိန်မှာပင် နေ့စဉ်ရှုရှိုက်နေရသည့် ခဲငွေ့တွေကြောင့် ခဲဆိပ်ဖြေဆေး ထိုးဖို့ရာ ဆရာဝန်က တိုက်တွန်းထားသည်။ အနည်းငယ်မျှ ပင်ပင်ပန်းပန်းလုပ်လိုက်သည်နှင့် အသက်ရှုက ကျပ်ချင်၏။ အမောက မခံနိုင်တော့။ မိန်းမအတွက်၊ သားအတွက် ဆိုသည့် အတွေးဖြင့် စိတ်ကိုတင်းထားချိန်မှာ အလုပ်ကြိုးစားချင်စိတ်သည် ဝုန်းခနဲ တောက်လောင်လာသလိုမျိုး တက်တက်ကြွကြွ ရှိနေတတ်ပေမယ့် လုံးဝကို မခံနိုင်လောက်အောင်ထိ အားပြတ်ချိန်မှာတော့ မီးညွန့်လေးသေးသွားသလိုမျိုး အင်အားတို့ယိုင်နဲ့ရသည်။ သူဌေးဆီက ခွင့်လည်းမတောင်းရဲပြန်။ တစ်နေ့တာ ဝင်ငွေ ၄၀၀၀ ဆိုသည်မှာ ဘွဲ့ရပညာတက်မဟုတ်သော သူ့အတွက် ကံထူးဆုပင်။ ရံဖန်ရံခါ ဘောက်ဆူးပါပေးလျှင် တနေ့တာဝင်ငွေ ၆၀၀၀ ထိရှိသည်။ အခု ဘက္ထရီပညာတက်နေသည်ဆိုတာကလည်း သူဌေးသင်ပေး၍ပင်။ မိအေးကိုတော့ ဈေးဖိုးထဲကနေ ရသလောက် စု ပါဟု ပြောရဦးမည်။ ငါးတန်းကျောင်းသားမို့လို့ သားအတွက် ကုန်ကျငွေနည်းသော်လည်း နောင်အရှည် ဒီအတိုင်းသာ သွားလျှင် သူ အလုပ်ဆက်လုပ်နိုင်ဖို့ရာ မသေချာတော့။ ဒီတော့ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ဖို့ရာ ကြိုးစားရမည်။ ဆင့်အထွာ မတက်နိုင်ပေမယ့် ပရွက်ဆိတ်လည်း ပရွက်ဆိတ်အထွာ ဆိုသလိုမျိုး အသီးအရွက်တုတ်ထိုးရောင်းတာလေးမျိုးနှင့် လည်း စ၍ရသည်မလား။ ခဲညှော်နံ့က ပို၍ ပြင်းလာသည်ထင့်။ ခေါင်းပင် မူးဝေချင်လာသည်။ ခဲချောင်းတို့ကို ရေတွက်ကြည့်တော့ ခြောက်ချောင်းသာ ရှိသေးသည်။ ဗိုက်ကလည်း ဂွီဂွီဂွမ်ဂွမ်အော်မြည်လျှက် ရှိဆဲ။ မီးညွန့် သေးသွားပြီမှန်း ယခုမှ သတိထားမိသည်။ ဒီမီးညွန့်နှင့်ဆိုလျှင်တော့ ခဲချောင်းလေးချောင်းဖျော်ရန် မိနစ်နှစ်ဆယ်မျှ ကြာမြင့်ပေလိမ့်မည်။ မီးအားပြင်းလျှင်တော့ ခုနှစ်မိနစ်ခန့်မျှသာ ကြာလိမ့်မည်။ ဂေါက်မှ ခလုတ်ကိုနှိပ်ကာ မီးစကို သိမ်းလိုက်ရင်း လောင်စာထည့်ရန် ဂတ်စ်အိုးနှင့် သွယ်ထားသော ပိုက်ကို ဖြုတ်လိုက်သည်။ ဒီတစ်ခု ဖြုတ်ရုံမျှနှင့်လည်းမပြီး။ ဖါးဖိုနှင့် ဂတ်စ်အိုးတွဲထားသော ပိုက်ကိုလည်း ဖြုတ်ရဦးမည်။ မဖြုတ်လျှင် လောင်စာက ဂတ်စ်အိုးထဲသို့ လျှောလျှောရှုရှုမဝင်နိုင်။ ပိုက်မှ ပေနေသည့် ဓါတ်ဆီတို့ကို မသုတ်မိလျှင်လည်း မီးညှိသည့်အခါ အခန့်မသင့်လျှင် မီးကူးကာ မီးလောင်နိုင်ပြန်သည်။
ကိုယ်နှင့် သက်ဆိုင်သည့်အလုပ်ဝယ် အန္တရယ်ဖြစ်မှာစိုး၍ သတိထားကြသော်လည်း လူတော်တော်များများသည် လူမှုရေးမီးကူးတတ်သည်ကို သတိမပြုကြ။ မီးလောင်မှသာ ဟိုလူက စကားသယ်ယူပို့ဆောင်ရေးလုပ်သည်၊ ဒီလူက ဘာဖြစ်သည်ဟု ပြစ်တင်ပြောဆိုတတ်ကြရုံသာ။ တကယ်တမ်း ကိုယ်သာ မပြောခဲ့ဘူးဆိုလျှင် သယ်ယူပို့ဆောင်ရေးသည် ကိုယ့်အား အန္တရာယ်ဖြစ်နိုင်ပါမည်လား။ တချို့ ကူးသည့်မီးများကျ မရှောင်နိုင်ပြန်။ ဟိုတလောကပင် မိန်းမ၏ အမေက ငွေငါးသောင်းလာချေးသေးသည်။ ဝင်မစွတ်ဖက်ချင်၍ မျက်နှာလွဲထားသော်ငြား ရှိစုမဲ့စုနှင့် ဝယ်ထားသော မိန်းမနားကပ်လေး မရှိတော့တာကို မြင်နေရသည်။ ဒါမျိုးကျ ရှောင်မရသည့်မီး ဟု သတ်မှတ်ချင်မိသည်။
သူ့တွင် တစ်ခုတော်သေးသည်က မိဘနှစ်ပါးက ချန်ထားပေးသော အမွေဖြစ်သည့် ဆယ်ပေအိမ်လေးကြောင့်သာ အသက်ရှုချောင်နေရခြင်းပင်။ နို့မို့ ညားခါစကလိုသာ အိမ်ငှားရမည်ဆိုလျှင်ဖြင့် သားအတွက် စုလို့ရမှာကို မဟုတ်တော့။ ဟော… ခဲချောင်း အကုန်လောင်းပြီးသွားချေပြီ။ နှာခေါင်းစည်းကို ဖြုတ်ရင်း လက်တို့ဆေးတော့ တချို့ ခဲမှုန်စများက တွယ်ကပ်နေဆဲ။ အိမ်ရောက်မှ အသေအချာဆေးတော့မည်။ ဗိုက်က တော်တော်ဆာနေပြီ။ ထမင်းချိုင့်ကိုဖွင့်လိုက်တော့ မိန်းမ၏ အကောင်းဆုံးလက်ရာ ဟင်းနုနယ်ရွက်ကြော်နှင့် ငရုတ်သီးထောင်းကို မြင်ရသည်။ ကြက်ဥကြော်လေးကတော့ ထမင်းပေါ်တွင် တင်လျှက်။
ဒီနေ့မှပင် အိမ်အပြန်လမ်းသည် အခါတိုင်းထက် ရှည်လျားနေသည်။ လေးလံသော ခြေထောက်တို့က ပစ်လှဲချစရာ နေရာ လိုအပ်နေသည်ဟု သတိပေးနေသည့်ဟန်။ ဒီနေ့က တော်တာ်အလုပ်များသလို ဘောက်ဆူးကလည်း သုံးထောင်တောင်ရသည်မို့ ပင်ပန်းရကျိုးနပ်ပါသည်။ ဟော…. တဲသာသာစုထားသည့် အိမ်လေးတွေကို မြင်၇တော့ ခြေလှမ်းတို့သွက်လာပြီ။ ထိုတဲအိမ်စုလေးဝယ် သူ၏ ဆယ်ပေအိမ်စုတ်လေးရှိသည်လေ။ မိဘနှစ်ပါးထားသွားတုန်းကတော့ တကယ့် အိမ်ကောင်းလေးပင်၊ သူ့လက်ထက်ကျတော့ မပြင်နိုင်တော့။ ပေါက်နေသည့် ထရံတို့ကို ပြင်ဖို့ရာ အချိန်လည်းမပေးနိုင်တော့။ သို့သော် စုထားသည့်ပိုက်ဆံက သုံးသိန်းတော့ရလောက်ပြီမို့ နောက်ထပ်နှစ်နှစ်လောက်လုပ်လိုက်လျှင်ဖြင့် ဘက္ထရီဆိုင်ဖွင့်ဖို့ရာ အရင်းအနှီးရလိမ့်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်သာ အလုပ် လုပ်ဖို့ရာ ခွန်အားတွေ ပြည့်နေခြင်းပင်။ မိဘအမွေအနှစ်အိမ်လေးရောင်း၍ အရင်းအနှီးလုပ်ဖို့ရာလွယ်သော်လည်း သည်လိုနေရာမျိုးဝယ် ကိုယ်တိုင်ပြန်ဝယ်နိုင်ဖို့ရာ ခဲယဉ်းလှသည်။ ရောင်း၍ရသည့်ငွေလေးသည် အခုမှ အကွက်ဖေါ်ကာစ မြေကွက်မျိုးလောက်သာ ဝယ်၍ရမည်။ ဒါတောင် တချို့မြေကွက်တွေက သူလက်ရှိနေသည့် အိမ်ထက်ပင် ဈေးကြီးသေး၏။ မြက်ရိုင်းတွေ ပြိုင်းပြိုင်းရိုင်းရိုင်းပေါက်နေသော မြေကွက်ကို သိန်း ၇၀၀ ကျော်တတ်တာလည်းရှိ၏ ဝယ်သူကလည်းဝယ်၏။ သူ့မှာတော့ မြင်ရသမျှ ပါးစပ်အဟောင်းသားကြည့်နေရရုံသာ။ ကိုယ့်အိမ်လေးရောင်းပါမှ ရသည့်ငွေက သိန်းလေးငါးဆယ်သာ။ ဒီလောက်ငွေနှင့်ဆိုလျှင်တော့ .. အတွေးကို အဆုံးမသတ်ပဲ ပြုံးမိပြန်သည်။
“အစ်ကို ပြန်လာပြီလား စားပွဲပေါ်မှာ ထမင်းခူးပြီးသားရှိတယ် အစ်ကို သားကတော့ ဟိုဘက်အိမ်က ကျောက်ဒိုးနဲ့ သွားဆော့မယ်ဆိုပြီး ထွက်သွားတယ်” ဟုဆိုလာသည့် မိန်းမ၏ အသံနွမ်းယဲ့ယဲ့ကြောင့် အခန်းထဲသို့ဝင်တော့မည့် ခြေလှမ်းတို့တုံ့သွားရသည်။ လှည့်ကြည့်လိုက်တော့ မျက်နှာကလည်းနွမ်းနေသည်။ သို့သော် မျက်လုံးများကတော့ ဆုံးဖြတ်ချက် ချရခက်နေသော အရောင်တို့သမ်းနေပြန်သည်။
“လွယ်အိတ်အရင်ချိတ်ပြီး ထမင်းအရင်စားလိုက်ပါဦး ပြီးမှ ညီမ ရှင်းပြမယ်” ဟု သူမမေးရသေးခင်ပင် ပြောလိုက်သော မိန်းမ စကားကြောင့် အခန်းထဲဝင်ကာ လွယ်အိတ်ချိတ်လိုက်ရသော်လည်း စိတ်ဝယ် စိုးထင့်နေပြန်သည်။ ဘာအကြောင်းကိစ္စများရှိလေသလဲ ဟု။
နားကြားများ မှားသလား ဟု တွေးရင်း နားရွက်ကို လက်ဖြင့် ဆွဲခါလိုက်မိသည်။ ကိုယ်ဝန်ရှိနေပြီတဲ့လား။ ထပ်မံရလာမည့် ရင်သွေးလေးကို မျှော်မှန်းကြည့်လိုက်မိတော့ နှလုံးသားဝယ် ကြည်နူးပီတိတို့ တစိမ့်စိမ့် ဝေဖြာလာသလိုလို။ ဒါဆို မိန်းမက ဘာ့ကြောင့် စိုးထိတ်နေတာလဲ၊ ဘာ့ကြောင့်မပျော်ရွှင်တာလဲဟုတွေးရင်း မိန်းမမျက်နှာကိုကြည့်လိုက်မိတော့ နွမ်းယဲ့ယဲ့ဖြစ်နေဆဲ။
“သားက နောက်နှစ်ဆို ခြောက်တန်းရောက်ပြီနော် မွေးမယ့်စရိတ်စကနဲ့ ကုန်မှာကျမှာတွေနဲ့ ဒီကြားထဲ တနေ့ဝင်ငွေ ၄၀၀၀ တောင် ဟိုကုန်ဒီကုန်နဲ့ ညီမတို့ သုံးသိန်းတည်းစုမိသေးတာ ကလေးထပ်ယူရင်….” ဟုသာဆိုရင်း ထပ်မံမဆက်တော့သော မိန်းမ၏စကားကို အဆုံးထိတွေးရင်း နားလည်လိုက်မိ၏။ ဟုတ်သည်။ မိသားစုလေး သုံးယောက်တည်းတောင် ဒီလောက်လုံးပန်းနေရလျှင်………………။လက်ရှိသူဌေးဆီ အလုပ် လုပ်သည့် နှစ်နှစ်တာကာလတွင်မှ သူ ပိုက်ဆံစုနိုင်ခဲ့တာဖြစ်သည်။ သားလေး အလိုကျ ရုပ်မြင်သံကြားစက်တစ်လုံးကို လပေးဝယ်ယူနိုင်ခဲ့တာဖြစ်သည်။ ဒီသူဌေးဆီ အလုပ်မရခင်က အိမ်ပင် ပေါင်ရလုနီးပါးရုန်းကန်ခဲ့ရသည်။ နောက် သူ့အသက်ကလည်း လေးဆယ်ပြည့်လုနီးပါး။ သို့သော် သားလား၊ သမီးလား မသေချာသေးသည့် ရင်သွေးလေးက နှလုံးအိမ်ဝယ် တဝဲလည်လည်နှင့်။ နှစ်လသာ သက်တမ်းရှိသေးသည့် သန္ဓေသားလေးအတွက် ဆုံးဖြတ်ချက်ကို ဘယ်လိုချရမလဲ ဟူသည့်အတွေးနှင့် မိန်းမကို စကားမဆိုမိပါပဲ အိပ်ဖို့ရာပြင်လိုက်မိသည်။ သူ ဘာမှမပြောသေးလျှင်တော့ မိန်းမက ဘာမှလုပ်မည်မဟုတ် ဟု စိတ်ချထားလိုက်ပါသည်။
နားထဲသို့ တိုးဝင်လာသည့် သီချင်းသံကြောင့် အလူးအလဲ ထလိုက်မိသည်။ ဒီသီချင်းသံက သူ့အိမ်နှင့် နှစ်အိမ်ကျော်ရှိ လက်ဖက်ရည်ဆိုင်မှ ဖွင့်ခြင်းဖြစ်သည်။ ဒီလိုအသံကျယ်ကျယ်ဖွင့်ပြီဆိုလျှင် ရှစ်နာရီထိုးပြီဖြစ်သည်။ နာရီကိုကြည့်မိတော့ ရှစ်နာရီကို ဆယ်မိနစ်စွန်းစပြုချေပြီ။ အလုပ်သို့ ပုံမှန်ရောက်ချိန်က ရှစ်နာရီဖြစ်သည်မို့ ဘာ့ကြောင့်များ မနှိုးရသလဲ ဟု မိန်းမကို စိတ်တိုချင်မိ၏။ ရေမိုးချိုးပြီး ထမင်းစားပွဲပေါ်ရှိ အုပ်ဆောင်းကို လှပ်မိတော့ ထမင်းဟင်းတို့နှင့်အတူ စာလေးတစ်စောင်က ဆီးကြိုနေပြန်သည်။ “အစ်ကို တစ်ခါမှ နေမြင့်အောင်မအိပ်ဖူးဘူး မနေ့ကလည်း အိမ်ပြန်နောက်ကျတယ်ဆိုတော့ ပင်ပန်းနေမလားလို့ မနှိုးခဲ့တာ” ဟူသည့် စာလေးက သူလည်း စေတနာလေးနှင့် မနှိုးခဲ့တာ ဟူသည့်အတွေးနှင့် ဒေါသတို့ကို ပြေစေ၏။
တော်သေးသည်။ အလာမှာပင် အခါတိုင်းကြာတတ်သော ဘက်စ်ကားက ဒီနေ့တော့ ချက်ချင်းတွေ့၍ စီးလာနိုင်လိုက်သည်မို့ ရှစ်နာရီနှစ်ဆယ့်ငါးမိနစ်တွင်ပင် အလုပ်သို့ရောက်လာ၏။ သူ၏ အားနာပြုံးဖြင့် တောင်းပန်စကားကို သူဌေးက အရေးမလုပ်သည့်အလား။ တစ်ခြား ဂရုစိုက်စရာကိစ္စများရှိနေလို့လား ဟု ပင် တွေးမိသေး၏။
ထမင်းစားဖို့ရာ ထမင်းချိုင့်ကို ဖွင့်စဉ်မှာပင် သူဌေးရောက်လာ၍ ဘာများခိုင်းမလဲဟုတွေးရင်း လှည့်ကြည့်လိုက်မိသည်။ “ငါ….. ငါ ကလေးမရနိုင်တော့ဘူးတဲ့ကွာ.. ” ဟု အစချီကာ သူ့ရှေ့ ခေါင်းငိုက်စိုက်ကျနေသော သူဌေးကိုကြည့်ရင်း သူ့မှာ တအံ့တသြ။ အဘယ့်ကြောင့်ဆိုသော် သူဌေးကော၊ သူဌေးကတော်ကောပါ အသက်ငယ်ကြသေးသည်မလား။ သို့သော် အကြောင်းရင်းကို သိရပြန်တော့ စိတ်ဝယ် သူဌေးကို သနားမိရပြန်၏။ သူဌေးကတော်က သူမအမေထံမှ အမွေရသည့်အနေဖြင့် သုံးဆယ့်ငါးနှစ်မှာပင် သွေးဆုံးသည် တဲ့။ “ငါတို့အတွက် အိမ့်ဆည်းလည်းကို ငါတို့သွေးသား မရနိုင်တော့ဘူးပေါ့ကွာ… ငါရှာသမျှကလည်း ဘယ်သူ့ကို အမွေပေးရမှာလဲ” ဟု ပြောရင်း မျက်နှာနွမ်းနေသော သူဌေးကို သူ့မှာ နှစ်သိမ့်စရာ စကားရှာမရဖြစ်နေရသည်။ ထို့အတူ ရင်တွင်းဝယ် ငါ့ရင်သွေး၊ ငါ့သွေးသား ဟူသည့် အသိက တဖြည်းဖြည်းနှင့် ဆူပွက်လာ၏။
သားသမီးရတနာ တဲ့။ ထိုက်၍ရလာသည့် ရင်သွေးလေးကို လွှင့်ပစ်ရမည်လား။ ရုတ်တရက် ခေါင်းခါယမ်းလိုက်မိသည်။ ဘဝကြီးက ကြမ်းတမ်းနေပါသည်ဟု ဆိုရလျှင်တောင် သည်ရင်သွေးလေးကို နွေးထွေးနိုင်ပါသေးသည်။ ကုန်ဆုံးရန်ကျန်နေသေးသည့် ရက်များကို မောမောပန်းပန်းနှင့် အစွမ်းကုန်ကြိုးစား ရှင်သန်ရမည်ဆိုလျှင်တောင် ဟော့ဒီ ရင်သွေးဆိုသည်လေးနှင့် ရှင်သန်လိုက်ချင်ပါသည်။ လောကမှာ မြဲသောအရာ ဘယ်မှာရှိလို့လဲ ဟု တွေးရင်း သူပြုံးမိပြန်သည်။ မိဘနှစ်ပါးရှိစဉ်က လူပေါ်ကြော့ဖြစ်သည့် သူသည် ယခုအခါ လူအများ၏ နှုတ်ခမ်းဖျားထက်ဝယ် မိသားစုကိုချစ်တတ်သူ၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူ ဟု အမည်တွင်နေပြီဖြစ်သည်။
ယခု သူ့သွေးသားအဖြစ် ထိုက်တန်၍ ရောက်လာသော ရင်သွေးလေးကို သူ မပစ်ပယ်လိုတော့ပါ။ ဘဝဆိုသည်မှာ နေ့စဉ်လိုပင် မမြဲသော အရာများနှင့်ပြည့်နှက်နေသည်မဟုတ်ပါလား။ ရင်သွေးလိုချင်လှသော သူဌေးလင်မယား၏ စိတ်ထိခိုက်မှုက ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာစေသည်။ သခါၤရတရားကို နေ့စဉ်မျိုချနေရသည့် ဘဝကြီးဝယ် ဟော့ဒီရင်သွေးလေး ပါလာရုံမျှနှင့် သူတို့မိသားစု၏ ကြည်နူးဝမ်းသာမှုကလွဲလို့ ဘယ်အရာကများ ထူးပြီးပြောင်းလဲနိုင်မှာလဲ။ မိန်းမကိုသာ ပြေးပြောလိုက်ချင်သည့် စိတ်တို့က ရင်ဝယ် ဖြစ်ထွန်းလာရသည်။ ညနေတော့ မိန်းမနှင့် သားလေးအတွက် ခေါက်ဆွဲကြော်ပါဝယ်လိုက်ရင်း သတင်းကောင်းလေး ပြောရမည်ဟု စိတ်ထဲ တေးမှတ်ထားလိုက်မိကာ ဖွင့်လက်စထမင်းချိုင့်ဆီသို့ မျက်နှာလှည့်လိုက်သည်။ ထမင်းစားရဦးမည် လေ။ ဘဝကို အရှိန်တညီးညီးနှင့် တောက်လောင်ဖို့ရာအတွက် အားအင်ပေးသည့် လောင်စာလေး ဟု ရင်သွေးလေးကို တိုးဖွဖွ အပြစ်တင်မိရင်း နှုတ်ခမ်းထက်က အပြုံးတို့ကတော့ ဝင့်ကြွားလျှက်.........။
…………………..
ရည်ဝေ(လင်းရောင်ခြည်)
၂၀၁၃ ဒီဇင်ဘာ ပိတောက်ပွင့်သစ်

No comments:
Post a Comment