Tuesday, February 18, 2025

မျက်နှာဖုံးတပ်ခဲ့ပါ


ကျွန်မ ဒီနေ့ ဘာမျက်နှာဖုံးတပ်ရမလဲ မသိဘူး။ သိတာကတော့ မျက်နှာဖုံးတပ်ရတာ သိပ်မျက်နှာညောင်းတယ်။


တကယ့်မျက်နှာဖုံးအစစ်ကို တပ်ရင် မျက်လုံးလေးပဲ ဖေါ်ပြီး မျက်နှာတစ်ပြင်လုံး ဖုံးကွယ်ထားရတဲ့အတွက် သိပ်လွတ်လပ်တယ်။ ဒါပေမယ့် အကောင်အထည်ပြမရတဲ့ မျက်နှာဖုံးကို တပ်ရတာကျတော့ သိပ်စိတ်ပင်ပန်းတယ်။ ပြီးတော့ မျက်နှာညောင်းတယ်။



ဖေးမမယ့် လက်တစ်စုံလိုနေတဲ့အခါမှာ ကျွန်မ မျက်နှာမာမာကို ဝတ်ဆင်တယ်။ သိပ်စိတ်အားငယ်နေတဲ့ နေ့တွေဆိုရင် ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိတယ်။


တစ်နေရာရာမှာ ထိုင်လို့ပျင်းပြီဆိုရင် ကျွန်မ ပြုံးပြီးခဏခဏသမ်းမိတာပဲ။ တစ်ယောက်ယောက်ကို မုန်းနေပြီဆိုတောင်မှ ကျွန်မမျက်နှာက ပြုံးနေတတ်တယ်။ ပြီးတော့ ကျွန်မ မျက်မှောင်တွန့်ပြီးပြုံးပြီဆို သေချာတယ်။ အဲဒီလူပြောတဲ့စကားတွေကို ကျွန်မ အယုံအကြည်မရှိဘူး။ ကျွန်မ သိပ်ဝမ်းနည်းလာပြီဆိုရင် မျက်လုံးတွေငိုပြီး မျက်နှာတည်နေမိတယ်။


တခြားသူတွေရဲ့ ဘဝကို ပိုင်းခြားဝေဖန်မိတဲ့အခါဆိုရင် ကျွန်မကိုယ်ကျွန်မ မှော်ဆရာ လို့ခံစားပြီး မှော်ဝတ်ရုံဝတ်ထားသလို ယုံကြည်မှုရတယ်။ အဲဒီလိုအချိန်မှာ ကျွန်မဝတ်ဆင်တာက မှော်ဆရာ ပဲ။


ကျွန်မမှာ မျက်နှာဖုံးမတပ်မိတဲ့အချိန် ၃ ချိန်ရှိတယ်။ စာရေးနေတဲ့အချိန်ရယ်။ သန့်ရှင်းတဲ့အပျော်ရယ်။ ပြီးတော့ ချစ်သူအကြောင်းတွေးနေမိတဲ့အချိန်ရယ်။


ဘဝမှာ မျက်နှာဖုံူး ဘယ်နှစ်မျိုုးတပ်ခဲ့မိလဲ မသိဘူး။ သာမန်လူတစ်ယောက် တပ်သင့်တဲ့မျက်နှာဖုံးမျိုးပဲ တပ်ခဲ့မိတာတော့သချာတယ်။


ကျွန်မ တစ်နေရာရာကို သွားပြီဆိုရင် စိတ်မှာ အင်အားပြည့်နေမှ သွားဖြစ်တယ်။ ကျွန်မ အမြဲပြောဖြစ်တဲ့စကားလေးလိုပေါ့။


''မျက်နှာဖုံးတပ်ဖို့ အားအင်ရှိမှ လူတွေနဲ့ တွေ့ချင်တယ်။'' လို့လေ။


ပြောမယ်ဆို ယုံချင်မှာ ယုံကြမယ်။ လူတစ်ယောက်ကို စတင်ရင်းနှီးတာပဲဖြစ်ဖြစ်၊ ရင်းနှီးတာကြာပြီပဲဖြစ်ဖြစ် မျက်နှာဟာ မျက်နှာဖုံးကို သူ့အလိုလို ရွေးချယ်ပြီး တပ်တတ်တယ်။


သိပ်လေးစားမိတဲ့အထက်လူကြီးဆိုရင် မျက်နှာ ဟာ အလိုလိုကျိုးနွံတဲ့ပုံပေါက်လို့။ မလေးစားမိတဲ့သူဆိုရင်တော့ အသိအမှတ်ပြုတဲ့ အပြုံးလေးလောက်နဲ့ ရပ်လိုက်မိတာပါပဲ။


လူတွေနဲ့တွေ့လို့ အမှိုက်ရှုတ်မယ့် စိတ်အခန်းကို ပြင်ဆင်ပြုပြင်ဖို့အတွက် စိတ်အင်အား ပြည့်နေမှ ဖြစ်မယ်လို့ ကျွန်မက ယူဆမိတာကိုး။


ဒီနေ့ ကျွန်မသိပ်သဘောကျတဲ့ မျက်နှာဖုံူးပြပွဲတစ်ခုကို သွားစရာရှိတယ်။ မျက်နှာဖုံးတပ်မယ်သာပြောရတာပါ။ တကယ်က ကျွန်မ က ပြုံးပဲပြုံးနေမှာ။


တစ်နေရာကနေ အေးအေးဆေးဆေးထိုင်ပြီးတော့ အဲဒီမျက်နှာဖုံးတွေကို လေ့လာနေမှာ။ တစ်နေရာနဲ့တစ်နေရာ သွားလာလှုပ်ရှားနေမယ့် လူတွေဟာ စက္ကန့်ပိုင်းလေးမှာပဲ မျက်နှာဖုံးပြောင်းတပ်သွားတာ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့အနုပညာပဲ။ တချို့က ရုတ်ခြည်း မိစ္ဆာမျက်နှာဖုံးတပ်ပြီး ရုတ်ခြည်း နတ်သားနတ်သမီးမျက်နှာဖုံးပြောင်းတတ်တယ်။ ဒါလဲ အတတ်ပညာပဲ လို့ ကျွန်မ ချီးကျူးမိတယ်။


မိတ်ဆွေလဲ စိတ်ဝင်စားရင် နောက်ထပ်မျက်နှာဖုံးပြပွဲကို သွားတဲ့အခါ ဖိတ်စာကို လက်ဆင့်ကမ်းလိုက်ပါ့မယ်။ ရိုးသားမှုနဲ့ အနုပညာကို အတူတူရှာကြည့်တာလဲ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်လား။ စကားမစပ် ရှင်ကိုယ်တိုင်လဲ မျက်နှာဖုံးတပ်ခဲ့ဖို့တော့ လိုသပေါ့။


ရည်ဝေ လင်းရောင်ခြည်

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...