Tuesday, February 18, 2025

“ပန်းပွင့်လေး မေ့နေမယ့် ဥယျာဉ်မှူး ”



မျက်ဝန်းတစ်စုံ။ ထူးဆန်းလွန်းသည့် မျက်ဝန်းတစ်စုံ။ ထိုမျက်ဝန်းတစ်စုံသည် ဘယ်အချိန်ကြည့်ကြည့် ဖျတ်လတ်ရွှင်လန်းမှုတို့ပျောက်ဆုံးနေကာ ရီဝေ ငေးငိုင်နေတတ်သည်။ ထိုမျက်ဝန်းတစ်စုံကို ကြည့်မိလိုက်တိုင်း ကြီးမားသော ပူဆွေးမှုတို့ ဖုံးကွယ်ထားသည်ဟု ခံစားရသည်။ ထို့ပြင် ထိုမျက်ဝန်းတစ်စုံဝယ် နာကျင်မှုကို ခံရခက်စွာ လှောင်ပြောင်နေသည့်သဏ္ဍန်တို့ ရောပြွန်းနေသည်။

မျက်ဝန်းတစ်စုံပိုင်ရှင်၏ရုပ်ရည်သည် ချောမောလှပသော စာရင်းထဲတွင်မဝင်သလို ချစ်စဖွယ်အသွင်သဏ္ဍန်လည်း မရှိခဲ့။ သို့သော် သူ့ကတိစကားတစ်ခွန်းကြားရုံနှင့် သေချာပေါက် ကတိတည်မည့်သူဟု ယုံကြည်စေသည့်သူမျိုး ဖြစ်သည်။

ထိုမျက်ဝန်းတစ်စုံပိုင်ရှင်သည် အမြဲလိုလို ပြုံးရွှင်ကြည်သာစွာ နေပြတတ်၏။ အားနာတတ်၏။ လူတိုင်းနှင့် သင့်တင့်စွာ ပေါင်းသင်းဆက်ဆံတတ်၏။ လူတိုင်းက သူသည် လူကောင်းတစ်ယောက်၊ လူရည်မွန်တစ်ယောက်ဟု ပြောကြသည်သာ ဖြစ်၏။ သူစကားပြောလျှင် အမြဲလိုလိုပင် ထိန်းပြောတတ်သည်။ ဘယ်သောအခါမှ တရားလက်လွတ် စကားပြောသည်ရယ်မရှိခဲ့။ ထို့ကြောင့်သာပဲ သူ့ကို ပတ်ဝန်းကျင်က ချစ်ခင်ခဲ့ခြင်းဖြစ်မည်။ သူသည် သူ့မိသားစုကိုလည်း အချစ်ကြီးတတ်သူဖြစ်ပြန်သေးသည်။ စိတ်ထားကလည်း နူးညံ့လွန်းသည်။ သူ့ကိုယ်သူ ဂရုစိုက်ဖို့မေ့နေတတ်သောသူသည် သူ့အလုပ်ကိုလည်း ချစ်မြတ်နိုးတတ်သူဖြစ်သေး၏။

ထိုကဲ့သို့ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်လှသော သူ့မျက်ဝန်းတစ်စုံအတွင်းမှ နာကျင်မှုတို့ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ရရှိမိသွားသည့်အခါ……။

ထိုသူသည် ကျွန်မ ဖြစ်နေသည့်အခါ…………….။



ကံတရားက အလွန်ပင် ဆန်းကြယ်လှပါသည်။ ထိုဆန်းကြယ်လှသည့် ကံတရားကို အပြစ်တင်ချင်သလားဟု ကျွန်မကို မေးလာပါက အမှန်ကန်အရဲရင့်ဆုံး ဖြေပြလိုက်ချင်ပါသည်။

“ဘယ်တော့မှ အပြစ်မတင်ဘူး” ဟုပင်။

(-)


သူနှင့်ကျွန်မရဲ့ တွေ့ဆုံမှုသည် ထူးခြားဆန်းကြယ်မနေခဲ့ပါ။ သူသည် ကျွန်မသူငယ်ချင်းတစ်ယောက်၏ သူငယ်ချင်းအဖြစ်နှင့် ကျွန်မဘဝထဲသို့ဝင်ရောက်လာခဲ့သည်။ မထင်မှတ်ပဲ တွေ့ဆုံမိတ်ဆက်ခဲ့ခြင်းသာဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် အထူးတလည် သတိရမနေခဲ့။

သို့သော် ဒုတိယအကြိမ်တွေ့ဆုံမှုက အနည်းငယ်တော့ ရင်ခုန်စရာကောင်းခဲ့သည်ဟု ဆိုရမည်။ သူနှင့်ကျွန်မ တွေ့ဆုံရမည်မှန်း ကြိုသိခဲ့သည်။ သို့သော် စိတ်ခံစားမှုမရှိခဲ့။ သူငယ်ချင်းတစ်ဦး၏ သူငယ်ချင်းငါးယောက်သာ တွေ့ဆုံကျွေးမွေးသော သီးသန့်မွေးနေ့ပွဲလေးဝယ် ပြန်လည်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုပွဲဝယ် တိတ်တဆိတ်ထိုင်နေသော သူ့ကိုကြည့်ရင်း ရင်တွင်းမှ တစိမ့်စိမ့်နာကျင်ရမှုကို အဖြေမရှာနိုင်ခဲ့။ သူ့ကိုကြည့်ရင်း နှလုံးသားမှ စူးအောင့်လာတတ်ခြင်းသည် ဘာ့ကြောင့်များပါလဲဟု တိတ်တဆိတ်အဖြေရှာရင်း ပြန်ချိန်ရောက်လာမည့် ညနေကို ကြောက်ရွံ့နေခဲ့သည်။

ထိုအချိန်ဝယ်မထင်မှတ်သည့်အဖြစ်အပျက် ဖြစ်ပွားသွားခဲ့ချိန်ဝယ် ကျွန်မ သူ့အပေါ် စိတ်ခံစားမှုတို့ ပိုတိုးသွားခဲ့သည်။ ထိုအဖြစ်အပျက်ကတော့ ဒိုးနတ်ဆိုင်လေး၏ အပြင်ဘက်သို့ တိတ်ဆိတ်စွာငေးနေသော သူသည် ရုတ်တရက် အကြောင်းပြချက်မရှိပါပဲ ပြုံးလိုက်ခြင်းပင်။ ထိုအပြုံးလေးသည် လင်းလက်လွန်းသည်။ နုပျိုလွန်းသည်။ နောက် ဖြူစင်လွန်းသည်။ သူ့ကိုကြည့်ရင်း အကြောင်းပြချက်မရှိပဲ စူးနင့်နေသော ကျွန်မနှလုံးသားသည် ထိုအပြုံးလေးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားသလို ကြည်နူးမှုဆိုသည့် ခံစားချက်လေးကို စတင်ခံစားမိခဲ့သည်။


“သူက အမြဲ အဲဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတတ်တယ် ဒါပေမဲ့ စိတ်ထားလေးက ကောင်းပါတယ် သူ့ကောင်မလေးနဲ့ဆိုရင်တော့ လက်လက်ကိုထနေမှာပေါ့ ဟုတ်တယ်မဟုတ်လား ရဝေ”


သူငယ်ချင်းပေးလိုက်တဲ့ မှတ်ချက်စကားကိုဘာမှမပြောပဲ ပြုံးနေသည့် သူ့ကို ကြည့်ရင်း ထိုနေ့က ကျွန်မဝမ်းနည်းခဲ့ရသည်။ ကြည့်ပါဦး။ ဘာမှမသက်ဆိုင်ပါပဲနဲ့ စိတ်တွေတခဏချင်းပြောင်းသွားပုံများ။ ချက်ချင်းကို သံယောဇဉ်က ရင့်သန်သွားလိုက်တာ။ သူ့မှာ ချစ်သူရှိတယ်ဆိုတဲ့ စကားကြောင့် ကျွန်မက ဝမ်းနည်းခဲ့သတဲ့လေ။ ထိုနေ့ကအပြန်လမ်းဝယ် စီးလာသောဘက်စ်ကားက ကျွန်မကို သယ်ဆောင်လာခဲ့သလား။ သို့မဟုတ် ကျွန်မကို အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သလား မသေချာခဲ့။ သေချာတာတစ်ခုကတော့ ထိုနေ့ကစ၍ ကျွန်မ ခံစားချက် ပျိုးပင်တစ်ပင်ကို ဆိုင်သူမသိပါပဲ ပျိုးခဲ့မိခြင်းသာ ဖြစ်၏။


“မိန်းမတွေကတော့ ရူးပြီမိုက်ပြီဟေ့ ဆိုရင် ယောင်္ကျားလေးတွေတောင် မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်သည်ထိ ရူးမိုက်တတ်ကြတယ်။ နောက်ဒီခေတ်မှာက မိသားစုအရေးထက် စီးပွားရေးပဲ လုံးချာလည်လိုက်နေကြတော့ မိန်းမပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် မေတ္တာငတ်နေကြတဲ့သူတွေဆိုတော့လည်း ကာမပိုင်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သေချာ သဘောမပေါက်နားမလည်ကြတော့ဘူးလေ မေတ္တာအတုအယောင်မှာပျော်နေကြတော့တာပေါ့”

ရပ်ကွက်တွင်း အိမ်ထောင်ရေးဖေါက်ပြန်မှုဇာတ်လမ်းတွေ ကြားရတိုင်း မေမေပြောတတ်သော စကားလေးဖြစ်သည်။ ထိုစကားလေးကြောင့်ပင် ကျွန်မ သူ့အကြောင်း မသိရသေးခင်မှာ သံယောဇဉ်တွေ ဇွတ်အတင်းမပိုနဲ့ မပိုနဲ့ဟု ကိုယ့်ကိုယ်ကို တားမြစ်ခဲ့ရသည်။ ကိုယ့်ကိုယ်ကိုလည်း မေတ္တာငတ်သူမို့လို့ မေတ္တာရှာနေတာလားဟု မာန်မဲခဲ့စမြဲ။ သို့သော် ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ပြန်။

သူနှင့်ကျွန်မ တတိယအကြိမ်ဆုံဖို့ကတော့ ကျွန်မဘက်က တမင်လုပ်ယူခဲ့ခြင်းသာဖြစ်သည်။ ဒုတိယအကြိမ်မြောက်တွေ့ပြီးကတည်းက သူ့ကိုသာ တွေ့ချင်စိတ်တွေ ပြင်းပြနေခဲ့သည်။ တစ်ခုခု ရယူလိုသောစိတ်ကြောင့်မဟုတ်ပါပဲ သူ့မျက်နှာလေးကို ငေးနေချင်မိခြင်း၊ သူ့အသံလေးတွေ ကြားနေချင်မိခြင်းကြောင့် သာဖြစ်သည်။ ထို့ကြောင့်ပင် မိန်းကလေးတန်မဲ့ သူနှင့်တွေ့ဆုံဖို့ လမ်းစကို ကျွန်မ ဖန်တီးခဲ့မိသည်။

ထိုတတိယအကြိမ်ကတော့ ခေါင်းစဉ်မရှိပါပဲ သူငယ်ချင်းတစ်ယောက်နှင့် သူအလုပ်လုပ်ရာ နေရာအနီးသို့ သွားရောက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် သူ့ထံသို့ ဖုန်းဆက်ရင်း (ဘဝဝယ် တစ်ခါမျှ မလုပ်ဖူးခဲ့ပါသော အလုပ်တစ်ခုကို လုပ်ခဲ့မိသည်ဆိုလျှင်လည်း မမှားပါ) မုန့်ဝယ်ကျွေးဖို့ ပူဆာခဲ့သည်။ ထိုသို့ဖုန်းဆက်ရင်း ကိုယ့်စိတ်တို့မလုံစွာ၊ ရှက်ရွံ့စွာ ထပြန်ချင်သည့်စိတ်များဖြစ်ခဲ့သည်မှာလည်း ခဏခဏ။ သူငယ်ချင်း၏ စူးစမ်းသော အကြည့်များအောက်ဝယ် ဖြေရှင်းစရာစကားစလည်း ရှာမရခဲ့။ သို့သော် ကျွန်မ ထမပြန်ဖြစ်ခဲ့သလို အားနာမှုနှင့် လာရောက်မုန့်ကျွေးခဲ့သော သူ့ကို ပို၍ပင် သံယောဇဉ်တိုးမိသွားခဲ့သည်။


ထိုတတိယအကြိမ်မှာပင် သူ့မျက်ဝန်းတို့မှ နာကျင်မှုကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူ့မျက်ဝန်းများ၏ နွေးထွေးမှုများထဲမှာ ခြောက်သွေ့နေသော အရိပ်တို့ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ အထီးကျန်ဆန်နေသည့် သူ့မျက်ဝန်းတို့ကိုကြည့်ရင်း သူ့ကို သူ့ကောင်မလေးနှင့် အမြန်နီးစပ်စေချင်မိသည်။ သူ နေ့လည်စာစားဖို့ သတိမေ့နေလေမလား။ သူ ညဆို စောစောအိပ်ဖြစ်ပါ့မလား။ သူ အလုပ်ပင်ပန်းမှုဒဏ်ပိနေလေပြီလား။ အမျိုးမျိုးအထွေထွေသော အတွေးတို့နှင့် မက်ဆေ့ဂျ်တို့ ပို့မိသည်မှာလည်းအခါခါ။

နိုင်ငံတော်ကို ဒီတစ်ခါလောက် ကျေးဇူးတင်မိတာမရှိတော့။ ဟိုးအရင်ကလို ဖုန်းတစ်လုံး ဆယ့်ငါးသိန်းဆို သူရော ကျွန်မပါ ဖုန်းသုံးနိုင်မည်မထင်။ ခုတော့ နှစ်သိန်းတန်ဖုန်းလေးများကျေးဇူးကြောင့် သူနှင့် ကျွန်မကြားဆက်သွယ်မှု လွယ်ကူနေခြင်းဖြစ်၏။

ထိုနေ့နောက်ပိုင်းမှစ၍ ညစဉ်အိပ်မက်များထဲဝယ် မျက်ဝန်းတစ်စုံ ပါဝင်လာခဲ့သည်။ တပါးသူအတွက် နွေးထွေးသော်လည်း သူ့အတွက်သူတော့ ခြောက်သွေ့နေသည့် မျက်ဝန်းတစ်စုံ။ အံကြိတ်ထားရသည့် လောကဓံများ။ ကျွန်မအတွက် မဟုတ်သည့် လွမ်းဆွတ်မှုများ။ အို အဓိပ္ပါယ်မျိုးစုံတို့ ရောပြွမ်းနေသော မျက်ဝန်းတစ်စုံ။

ဒီနောက်ပိုင်းဝယ် မိန်းကလေးတန်မဲ့ သူ့ဆီကို ဖုန်းစဆက်တတ်သည့် အကျင့်ရခဲ့သည်။ သူနှင့်စကားပြောပြီဆိုလျှင် ကျွန်မက အမြဲလိုလို တိတ်ဆိတ်နေတတ်မြဲ။ သူ့စကားသံကို နားထောင်နေရသည်ကိုက ကျွန်မအတွက် လှပတဲ့ အချိန်လေးများဖြစ်နေသည်ကိုတော့ သူသိမည်မထင်။ သူ့အသံက မကောင်းပါ။ သို့သော် လူတစ်ဖက်သားကို ဆွဲဆောင်နိုင်သည့် အသံဖြစ်သည်ကတော့ သေချာသည်။ သူ့အသံလေးတို့ကို နားထောင်နေရချိန်ဝယ် ကျွန်မသည် သူ့အသံမှလွဲ၍ အခြားအသံတို့ကို နားထောင်ဖို့ရာ မေ့နေသည်မဟုတ်ပါလား။

သူ့မျက်နှာကို ငေးကြည့်နေချင်သော်လည်း မိန်းကလေးဆိုသည့် အတွေးလေးနှင့် ဖျတ်ခနဲ ကြည့်ရင်း မျက်နှာလွှဲမိသည်မှာ အခါခါသာဖြစ်၏။ သူ့စိတ်ဝယ် ဒီမိန်းကလေးက ရိုင်းလိုက်တာ ဟု ထင်မြင်သွားနိုင်မှန်းသိပါလျှက် မဖြေရှင်းချင်ပြန်။ ကိုယ်ပိုင်အလုပ်လုပ်၍ နူးညံ့သိမ်မွေ့မှုတို့ကို မေ့နေပြီဖြစ်သည့် မိန်းမတစ်ယောက်သည် သူနှင့်တွေ့မှ ဆယ်ကျော်သက်လေးတစ်ယောက်လို ကဗျာလေးတွေ ရေးဖွဲ့စပြုနေပြီဆိုလျှင် သူယုံနိုင်ပါ့မလား။


သူ့ကို လွမ်းပြီဆိုတိုင်း အမှတ်တရဟု ပြောရင်း ဖုန်းဖြင့်ရိုက်ခဲ့သည် ဓါတ်ပုံလေးတွေ ဖွင့်ကြည့်မိသည်။ ထိုပုံလေးတွေရှိ သူ့သဏ္ဍန်လေးတွေကိုကြည့်ရင်း ငေးနေမိသည်မှာ အခါခါ။ ရည်းစားပူ မိနေသလားအေ မှိုင်တွေတွေ နဲ့ဟု မေမေမေးသည့်အခါတိုင်း ရှက်ပြုံးပြုံးမိသည်မှာ အခါခါ။ တကယ်ဆို သူနှင့်ကိုယ်ဟာ ဘာတွယ်ယှက်မှုမှ မရှိသော သူစိမ်းနှစ်ယောက်သာ မဟုတ်ပါလား။

ရံဖန်ရံခါ ဆုံစည်းဖို့ အခွင့်အရေးတို့ကို မိန်းကလေးတန်မဲ့ ဖန်တီးရင်း တစ်လကို တစ်ခါနှစ်ခါလောက်တေ့ာ ဆုံစည်းခွင့်ရခဲ့ကြသည်။ ရံဖန်ရံခါ လက်ဖက်ရည်ဆိုင်တွင်ဆုံဖြစ်၍ ရံဖန်ရံခါ ဒိုးနတ်ဆိုင်တွင် ဆုံဖြစ်ကြသည်။ ကိုယ်ပိုင် အိမ်ဆိုင်ငယ်တစ်ခုကို ဖွင့်ထားသူကျွန်မသည် လောက၏ လူငယ်တို့ ပြုကျင့်မြဲတရားကို မေ့ထားသူ ဖြစ်သော်လည်း သူကပါ မေ့ထားပြီး အလုပ်လောဘကြီးနေတာကိုတော့ မကြည့်ရက်နိုင်ပြန်။ သူနှင့်ဆုံတိုင်း သူ့ကို ခေါ်၍ ခုခေတ်လူငယ်တို့ သွားကြမြဲဖြစ်သော ကစားကွင်းသို့ ခေါ်သွားချင်လှသည်။လေးလံမှုတို့ ထမ်းပိုးထားဟန်ရှိသော သူ့မျက်ဝန်းတို့ကို ကစားနည်းမျိုးစုံနှင့် ပေါ့ပါးလွတ်လပ်စေချင်လှသည်။ သို့သော် ထိုစိတ်ကူးသည် ဘယ်သောအခါကမျှ မဖြစ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် သူနှင့် သွားတွေ့တိုင်း ကျွန်မ၏နံဘေးဝယ် သူငယ်ချင်းတစ်ယောက်မဟုတ်တစ်ယောက် ပါသွားတတ်သောကြောင့်ပင်။

သူ့ကို စွဲလမ်းမိပြီဆိုသည့် အသိကို သက်သေ သက္ကာယများစွာနှင့် သေချာပြီးနောက် သူသည် ကျွန်မအတွက် ပန်းတစ်ပွင့် ဖြစ်လာသည်။ အမြဲတစိမ့်စိမ့်ကြည့်ကာ မညှိုးနွမ်းစေချင်သောဆန္ဒလေးတို့ တိုးလာသည်။ အမြဲလိုလို ပျော်ရွှင်တက်ကြွနေစေလိုသော ဆန္ဒလေးတို့ ဖြစ်ထွန်းလာသည်။


လေတိုး၍ ဝေ့ယမ်းနေသော သူ့ဆံညိုစလေးတို့ကို လက်ဖြင့် ကိုင်ကြည့်ချင်သည်။ အမည်းရောင် မျက်ခုံးထူထူကို လက်ဖြင့်ကိုင်ကြည့်ချင်သည်။ လေသံခပ်သဲ့သဲ့နှင့် ရှတတအက်ကွဲကွဲရယ်တတ်သော သူ့အသံလေးတို့ကို ဖန်ပုလင်းတစ်ခုထဲ ထည့်သိမ်းကာ အချိန်မရွေးဖွင့်ကြည့်ချင်သည်။ ရံဖန်ရံခါ နှုတ်ခမ်းတွန့်ကာ ပြောတတ်သည့် စကားသံတို့ကိုလည်း ရှားပါးဖြစ်ရပ်အဖြစ် ဖန်ပုလင်းတစ်ခုထဲ ထည့်သိမ်းထားချင်မိပါသည်။ အားနာပါးနာ ပြောတတ်သည့်အသံတို့ကိုလည်း သနားကြင်နာမှုဖြင့် ဖန်ပုလင်းတစ်ခုထဲ သိမ်းထားခွင့်ရချင်ပြန်သည်။သို့မှသာ သူ့ကို လွမ်းသည့်အခါ ဖန်ပုလင်းတို့ကို ဖွင့်၍ သူ့အသံတို့ကို ကြားခွင့်ရမည်မဟုတ်ပါလား။

သူ၏နူးနူးညံ့ညံ့ ပြုံးတတ်သော အပြုံးတို့ကို ဘယ်တော့မှ ပျက်ပြယ်လိမ့်မည်မဟုတ်သော ဆေးသားဖြင့် ပန်းချီဆွဲကာ သိမ်းထားချင်မိသည်။ ဖုန်းထဲမှမြင်နေရသော သူ့အပြုံးတို့ကို ကြည့်ရုံနှင့်အားမရသော ကျွန်မသည် သူရှိရာနေရာသို့ သွားကာ သူ့အပြုံးအရယ်များကို တိတ်တဆိတ်ချောင်းကြည့်ခဲ့ဖူးသည်ဆိုတာကိုသာ သိလျှင် သူ ရယ်ကောင်းရယ်နိုင်ပါသည်။ သို့သော် တကယ်ချစ်မိသူအတွက်ကတော့ဖြင့် မှားလားမှန်လားဆန်းစစ်ဖို့ ဦးနှောက်လေး ထုံထိုင်းနေတတ်စမြဲ မဟုတ်ပါလား။

တကယ်ဆိုသူနှင့်ပတ်သတ်၍ သိရသလောက်မှာ သူငယ်ချင်းပြောပြသလောက်သာ ရှိသည်။ သူသည် လူပျိုလူလွတ်တစ်ဦးဖြစ်၍ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည်ဆိုသည်မှအပ ကျန်တာ မသိရ။ မမေးလည်း မမေးဖြစ်ခဲ့။

တခါတရံ စိတ်လိုလက်ရနှင့် သူပြောတတ်သော စကားတို့မှ သူ့ဖေဖေနှင့်မေမေကို မည်မျှချစ်ကြောင်း သိရသည်။ သူချစ်သော မြို့လေးသည် ကျွန်မ လိုပင် တောင်ကြီးမြို့လေးဖြစ်နေသည်ကို အံ့အားသင့်ဖွယ် သိလိုက်ရ၏။ နောက် သူ့အပေါင်းအသင်းတချို့နှင့် သူ၏ ရယ်ရွှင်ဖွယ်ရာ ပဋိပက္ခများ စသဖြင့် ပြောဖြစ်ခဲ့ဖူးသည်။ သို့သော် သူ့အကြောင်းကို မူ ရေရေရာရာ သိရသည်မျိုး မရှိခဲ့။

ကျွန်မကတော့ ဆုံဖြစ်သည့်အချိန်တချို့ဝယ် ကျွန်မအကြောင်းကို အကြမ်းဖျဉ်းပြောပြခဲ့ဖူးသည်။

မေမေနှင့် ကျွန်မအကြား ဖြစ်တတ်သော ပြဿနာတချို့အကြောင်း ရင်ဖွင့်ခဲ့ဖူးသည်။ ဖေဖေနှင့် မေမေ့အကြား ခဏခဏ ဖြန်ဖြေရေးမှူး လုပ်၇သော ကျွန်မအဖြစ်ကို သူပျော်အောင် ရယ်ပွဲဖွဲ့ပြခဲ့ဖူးသည်။ ရံဖန်ရံခါ ကျွန်မအလုပ်မှ စိတ်ညစ်စရာတချို့ကို သူ့ရှေ့ဝယ် တိုင်တည်မိတတ်ပြန်သေးသည်။ မေမေနှင့် ဖေဖေကပင် ရဲဝံ့သော သမီးဟု သတ်မှတ်ခံထားရသော၊ ပတ်ဝန်းကျင်ကလည်း ယောင်္ကျားလေးဆန်သော မိန်းကလေးဟု သတ်မှတ်ခံထားရသော ကျွန်မသည် သူ့ရှေ့ရောက်လျှင် စကားတို့ တိုးတိတ်သွားသည်မှာ အံ့သြစရာပင်။ သူကြားပါ့မလား စိုးရိမ်စိတ်နှင့် လေသံကျယ်ကျယ် ဘယ်လောက်ပြောပြော သူ့ရှေ့ဆိုလျှင် သာမန်မိန်းကလေးသံထက် တိုးထွက်မလာတာကတော့ သူ၏စွမ်းအားပဲ ဖြစ်လိမ့်မည်။

ကျွန်မ ဘယ်လောက်ထိ ဆိုးသလဲဆိုလျှင် သူနှင့် မိတ်ဆက်ပေးသော သူငယ်ချင်းနှင့် သူ့အကြား ရင်းနှီးမှုထက် သူနှင့် ကျွန်မအကြား ရင်းနှီးမှု ပိုစေချင်ခဲ့သည်ထိပင် ဖြစ်၏။

(-)


ယခုကျွန်မ၏ သူသည် ကျွန်မနေထိုင်သောမြို့နှင့် ဝေးရာ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်တော့မည်တဲ့လေ။ သူ့ကုမ္ပဏီ၏ လက်ခွဲရုံးလေးရှိရာသို့ ပြောင်းရွှေ့ရန် Transform တင်လိုက်တာ ရသွားပြီဟု သူ ကျွန်မကို ဖုန်းဆက်ကာ တကူးတကပင်ကြွားခဲ့သည်။ ကျွန်မ၏ ငိုကြွေးသံကို သူ သတိမထားမိခဲ့။ သူ၏ ပြုံးရယ်ရွှင်ပြနေသော အသံကိုတော့ ကျွန်မ သတိထားမိရင်း တိတ်ဆိတ်နေခဲ့မိသည်။

အရင်လို တွေ့ချင်တိုင်း သွားတွေ့ခွင့်မရတော့။ ဖုန်းသံလေးတွေကတော့ ရှိမြဲရှိနိုင်သော်လည်း လွမ်းဆွတ်ခြင်းကို ဖြည့်ဆည်းပေးဖို့ မလွယ်တော့။ ပို၍ ဆိုးသည်က သူ့ချစ်သူနေထိုင်ရာ မြို့လေးသို့တဲ့။ ကျွန်မက သူ့ကို လွမ်းဆွတ်နေချိန်ဝယ် သူကတော့ သူ့ချစ်သူနှင့် ပျော်ရွှင်နေနိုင်သည်။ ကျွန်မက သူ့ထံသို့ ဖုန်းဆက်ဖို့ ပြင်နေချိန်ဝယ် သူက သူ့ချစ်သူနှင့် စကားပြောနေချိန်လည်း ဖြစ်နိုင်သေးသည်။ မပိုင်ဆိုင်ရမှန်းကြိုသိပြီးသား ဖြစ်ပါသည်။ သို့သော်တကယ်လက်တွေ့ကြုံတော့ ရင်ဝယ် အခံရခက်လှသည်။

အမြဲလိုလိုချစ်ခဲ့သော တောင်ကြီးမြို့လေးကို ဒီတစ်ခါတော့ အမုန်းကြီးမုန်းမိချင်လှသည်။ ကျွန်မနေထိုင်ရာ မြို့လေးမှာသာ ဆက်နေပါ့လား ဟုလည်း သူ့ကို တောင်းဆိုချင်လှသည်။ ဘယ်လိုတောင်းဆိုရမလဲလေ။ တကယ်ဆို သူနှင့် ကျွန်မက သာမန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေဟူသည့် အဆင့်ထက် မပိုဘူးမဟုတ်လား။

ဟော…….သူ ဖုန်းကို ကိုင်နေပြီ။ ဘယ်သူ့ဆီကို ဆက်မှာလဲ။ ကျွန်မဆီကိုလား။ ဒါမှမဟုတ် သူ့ချစ်သူဆီကိုလား။ သူ့ဘေးက ခရီးဆောင်အိတ်ကြီးကိုကြည့်ရင်း ကျွန်မ မျက်ရည်တို့ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာပြန်သည်။ ဒီနေ့ သူ တောင်ကြီးကို သွားမှာမလို့ မုန့်လာစားလှည့်ပါ တဲ့လေ။ မုန့်ကျွေးပြီးတာနဲ့ သူက ကားပေါ်တက်သွားပြီး ကျွန်မက ကျန်နေခဲ့ရမှာလား။ ဟင့်အင်း။မသွားဘူး။ ငိုမယ်ဆိုလည်း တိတ်တိတ်ဆိတ်ဆိတ်ပေါ့။ ကိုယ့်ဘာသာ တစ်ယောက်တည်း ငိုပါရစေ။ ရှင့်ရှေ့မှာ မငိုပါရစေနဲ့။

အငှားကားဦးလေးကြီးကတော့ ကားဂိတ်ရောက်တာတောင် မဆင်းသေးသည့် ကျွန်မကို နားမလည်စွာ ကြည့်နေသည်။

“ဦးလေး ခဏလေးစောင့်ဦးနော် သူငယ်ချင်းနဲ့ သွားတွေ့လိုက်ဦးမယ်”

ကားပေါ်မှ ဆင်းသည့် ခြေလှမ်းများသည် သူ့ဆီသို့ မဟုတ်ခဲ့ပြန်။ သူ့ကို မြင်သာသော နေရာလေးတစ်ခုဆီသို့..။

“တကယ်ပါ ချစ်တယ် ချစ်တယ် ကိုယ်မင်းကို ရင်ခွင်မှာလွမ်းတာလွမ်းတာ သိစေလို မင်းအတွက်ဆိုရင ်ဒို့လေ ဘာမဆိုရင်ဆိုင်ရဲတယ် ရက်စက်ပြီးတော့ သွားမှာကိုသာ အကြောင်ဆုံးပဲ”

အသံမြည်လာသည့် ဖုန်းလေးကြောင့် ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်မိတော့ သူဖြစ်နေသည်။ မျက်ရည်စတို့ သုတ်ရင်း အသံကို ငိုသံမပေါက်အောင်ထိန်းမိရင်းဖုန်းကိုင်လိုက်၏။

“ဘာလို့မလာတာလဲ နွယ်ဦးရာ ကျွန်တော်ဒီနေ့ တောင်ကြီးသွားမှာပါဆို ရန်ကုန်ကို နောက်ဆို ဘယ်ချိန်လောက်မှ ပြန်ရောက်မလဲ မသိပါဘူးဆိုတာကို”

“လာတယ် ကားပိတ်နေလို့ပါ သွားရင်လည်း သွားလိုက်တော့လေ နောက်ထပ် ၄၅ မိနစ်လောက်တော့ ကြာဦးမယ် ကားတန်းက အရှည်ကြီး”

ကိုယ့်စကားသံကိုယ် ကျေနပ်လိုက်မိသည်။ ဟာကွက်မရှိသော မုသားတစ်ခုကို ပြောပြနိုင်စွမ်းရှိသေးတယ်ဆိုတော့ ခင်နွယ်ဦးက ရှင့်အပေါ် သိပ်လည်း မကျရှုံးသေးပါဘူး ရဝေရဲ့ ဟုလည်း သူ့ကို ရန်တွေ့မိလိုက်သေး၏။

“ဟူး ထားတော့ထားတော့ ကျွန်တော် အခုစီးသွားတဲ့ ကားဂိတ်မှာ နွယ်ဦးအတွက် လက်ဆောင် ထားခဲ့မယ် သေသေချာချာသွားယူလိုက်နော် ကားဂိတ်နာမည်က…..”

သူ နာမည်ရွတ်ပြနေသည့် ကားဂိတ်ကို ကျွန်မ ငေးကြည့်လိုက်မိရင်း တင်းထားသော စိတ်တို့က လျော့ကျလာပြန်သည်။ တာ့တာဟု နှုတ်ဆက်ရင်း သူ့စကားအပြန်ကို မစောင့်ပဲ ဖုန်းချလိုက်မိတော့သည်။ ဒီတိုင်းဆို မဖြစ်တော့ဘူး မဟုတ်လား။ သူ့ကို လွမ်းနေရတော့မည် ဆိုသည့် အသိနှင့် ဆောက်တည်ရာ မရဖြစ်နေမှုက စိတ်တို့ အသိမဲ့အောင် ပြုစားလာတော့မည်။ သို့ဆိုလျှင် သူ့ဆီသို့သွားကာ မသွားပါနဲ့ ဟုမဖြစ်မနေကို တားမြစ်မိတော့မည်လေ။


ကားဂိတ်မှ ဦးလေးကြီး ပေးလာသော အပင်အတုနှင့် ပိတ်ထားသော စာလေးကို ယူရင်း ကျွန်မ နားမလည်နိုင်စွာဖြင့် အငှားကားဆီသို့ ပြန်လာခဲ့သည်။ တကယ်ဆို သူနှင့် ကျွန်မမှာ စာပေးစရာမရှိလောက်သော ကဏ္ဍမဟုတ်ဘူးလား။ ပြောစရာရှိရင် ဖုန်းနှင့် ပြောလို့ရသည်မဟုတ်လား။ ကားပေါ် ရောက်ရောက်ခြင်းပင် စာလေးကို အလောတကြီး ဖွင့်ဖတ်လိုက်မိသည်။

“ စိုက်ပျိုးပေမဲ့ ဘယ်တော့မှ မသီးမပွင့်နိုင်တဲ့ အပင်တစ်ပင်ကို လက်ဆောင်ပေးခဲ့တယ် နွယ်ဦးရေ။ စိုက်ပျိုးရတာ စိတ်လျော့လာတဲ့အခါ နွယ်ဦးရဲ့ သူငယ်ချင်း ကျွန်တော့်ကို ဘယ်တော့မှ မမေ့ပါနဲ့ ဖနု်းဆက်လိုက်ဖို့သတိရပါ နွယ်ဦးနဲ့ မတူတဲ့အချက်က ကျွန်တော်က စိုက်ပျိုးပြီး အပင်ပွင့်ပြီးသာ; သစ်ပင်တစ်ပင်ရှိပါလျက် နောက်တစ်ပင်ကိုလည်း ဆက်စိုက်ပျိုးချင်နေမိတယ် ဒါ မကောင်းတဲ့ အပြုအမှုဆိုတာ နွယ်ဦးလည်း သိသလို ကျွန်တော်လည်း သိတယ် ဟုတ်တယ်မဟုတ်လား နွယ်ဦးနဲ့ ဆံုံစည်းခဲ့မှုဟာ အမှားတစ်ခုလို့ ကျွန်တော်မထင်ပါဘူး နွယ်ဦးကော ထင်သလားဟင်။ နွယ်ဦး ဒီအပင်လေးကို ရေမလောင်းပေါင်းမသင်ချင်တော့တဲ့နေ့မှာ ကျွန်တော့်ကို ဖုန်းခေါ်ပါ နွယ်ဦးရေ ကျွန်တော့်ဘက်ကလည်း ရေလောင်းပေါင်းသင်ဖို့ မကြိုးစားတော့ဘူး ထာဝရရှင်သန်နေမဲ့ သစ်ပင်ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ်


ရဝေ”

လုံးဝပန်းမပွင့်နိုင်တဲ့ အပင်အတု၊ မြေသားအတုနဲ့ ပန်းအိုးကို ကိုင်ရင်း အုံ့မှိုင်းနေခဲ့သော ကျွန်မစိတ်တို့ ရှင်းလင်းသွား၏။ ကျွန်မဘက်က တစ်ဖက်သတ်မေတ္တာကို ရဝေ သိခဲ့တယ်တဲ့လေ။ အဲဒီလိုပဲ ရဝေကလည်း….။ ကျေနပ်ပါသည်။ ကိုယ့်ချစ်ခြင်းကို ချစ်ရသူက သိတယ်ဆိုတာကိုက အကြီးမြတ်ဆုံးသောဆုလာဘ်မဟုတ်ပါလား။ ရဝေ မှန်ပါသည်။ မျက်လုံးအစုံကို မှိတ်လိုက်မိ၏။

မတွေးချင်။ဆက်မတွေးချင်တော့။ ထာဝရရှင်သန်နေမဲ့ သစ်ပင်ဆိုတဲ့ အဓိပ္ပါယ်က သူငယ်ချင်းတဲ့လား။

“ရဝေ ရေ တစ်သက်တာအတွက် ဂွတ်ဘိုင်” ဟုသာ တီးတိုး ရွတ်ဆိုမိရင်း ။

(-)


ကျွန်မထံတွင် မဆက်ဖြစ်သော ဖုန်းနံပါတ်လေးတစ်လုံးရှိပါသည်။ ညစဉ်အိပ်မက်တိုင်းဝယ် ခြောက်သွေ့နွေးထွေးသော မျက်ဝန်းတစ်စုံရှိသည်။ နောက် ရယ်သံချိုချိုတို့သိမ်းထားသော နှလုံးသားရှိသည်။ မဖျက်ပစ်ရက်သေးသော ပုံရိပ်တချို့ရှိသည်။ နောက် သူနှင့် ဖုန်းပြောတုန်းက call recorder ဆိုသည့် ဖုန်းsoftware လေးဖြင့် သိမ်းထားမိသော သူ၏ အသံလေးတွေရှိသည်။ နောက် ဘယ်သောအခါမျှ မဖူးမပွင့်နိုင်သောသစ်ပင်တစ်ပင်ရှိ၍ ထိုသစ်ပင်ကို ကျွန်မ ညတိုင်း ရေလောင်းမိပါသည်။

သူနှင့် ဆုံစည်းခဲ့မှုအတွက် ဘယ်သောအခါကမျှ နောင်တမရခဲ့သလို နောင်တွင်လည်း နောင်တရမည်မဟုတ်မှာ သေချာနေသည်။ သူ လက်ထပ်သွားပြီလား ဆိုသည့်အတွေးကို မတွေးဖို့ကြိုးစားခဲ့သလို သူဘာတွေ လုပ်နေလဲ ဟူသည့် အရာကို သိအောင်လည်း မကြိုးစားခဲ့။ သူနှင့် ပတ်သတ်လာနိုင်သော၊ သူ့အကြောင်းအရာကို သယ်ဆောင်လာနိုင်သော သူငယ်ချင်းနှင့်တွေ့တိုင်းသူ့အကြောင်းကို ပြောဖို့ရာ စကားစတိုင်းကျွန်မစကားလွှဲခဲ့သည်ချည်းသာဖြစ်၏။ မသိချင်ပါ။ ဘယ်အရာကိုမှ မသိချင်သလို ဘာကိုမှ မသိချင်တော့ပါ။

တိတ်တိတ်ဆိတ်ဆိတ်လေးတစ်ယောက်တည်း လွမ်းနေချင်ပါသည်။ သူ ပြောခဲ့သလို ထာဝရရှင်သန်နေမဲ့ သစ်ပင် မဟုတ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ရှင်သန်နေသော၊ နောင်အချိန်အတိုင်းအတာတစ်ခုအထိ ရှင်သန်နေဦးမည့် အချစ်သစ်ပင်လေး ဖြစ်ခဲ့ပါသည်။ ဒါကို ကျွန်မ၏ ချစ်သူ ပန်းပွင့်လေး သိမှသိပါရဲ့လား…။

ထိုအချစ်သစ်ပင်လေးမှ ပန်းပွင့်များ ဝေဝေဆာဆာပွင့်နေသည်ကိုလည်း သူ သိမည်မထင်။ ပိုင်ရှင်မသိပဲ စိုက်ပျိုးခဲ့သည့်ပန်းဆိုတော့လည်း ပွင့်ပေမဲ့ ပန်ဆင်သူမရှိတာ အဆန်းမဟုတ်ဟု သာဖြေတွေးလိုက်မိရင်း ပန်းပင်လေးကို ရေလောင်းရန်ပြင်လိုက်မိ၏။ သေချာတာတစ်ခုကတော့ ဒီအပင်တုမှ ပန်းအစစ်များဘယ်သောအခါမှ ပွင့်နိုင်လိမ့်မည်မဟုတ် ဟုပင်။


ရည်ဝေ(လင်းရောင်ခြည်) 

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...