(၁)
‘@@@@#########$$$$$’
ဖွားသီ၏ မျက်လုံးအစုံက ရှေ့တွင်မြင်နေရသည့် ပစ္စည်းသေးသေးလေးဆီသို့သာ အကြည့်ရောက်နေသည်။ နေ့ခင်းက ကလေးတစ်ယောက်ကျန်ခဲ့တာ ဖြစ်မည်။ အစိမ်းရောင်နှင့် အနီရောင်ကို မှုန်ဝါးဝါးမြင်နေရသော်လည်း ဖွားသီ ဘာမျှမလုပ်မိ။ သို့သော် ကြားနေရသည့် တဒုန်းဒုန်းတဒိုင်းဒိုင်းအသံတွေကိုတော့ ရပ်ချင်မိသည်။ ထို့ကြောင့် ဘေးအိမ်က ကလေးတွေ သင်ပေးထားသည့်အတိုင်း မှုန်ဝါးဝါးမြင်နေရသည့် အနီရောင်ခလုတ်လေးကို လက်နှင့် တုန်ချိချိ ဆွဲလိုက်တော့ ရပ်သွားသည်။ သို့သော် သိပ်မကြာခင်မှာပင် ထပ်မြည်လာပြန်သည်မို့ ဖွားသီ ကြည့်နေရင်းက ခေါင်းမော့ပြီး နားအစုံကို လက်ဖြင့် ပိတ်ထားမိသည်။ ဒါလေးကို ဒီထက်ပိုမပိတ်တတ်တေ့ာပြီ။ ဒါလေးကို ရောင်းစားလျှင် ပိုက်ဆံရမည်ဆိုတာကို ဖွားသီသိသည်။ သို့သော် ဖွားသီမရောင်းပါ။ ဒီပစ္စည်းလေးမှာ ပိုင်ရှင်ရှိသည်။ မတတ်သာ၍သာ ဒီအလုပ်ကို လုပ်နေရသော်လည်း ဖွားသီ သူခိုးမဟုတ်။ ခေါင်းက တဘက်ကို ဖြုတ်၍ ထိုအသံမြည်နေသော ပစ္စည်းလေးကို အထပ်ထပ်ရစ်ပြီး လွယ်အိတ်ထဲသို့ထည့်လိုက်သည်။ ဖွားသီ အလုပ်လုပ်ရဦးမည်။
ဒါလေးကိုပဲ ငေးကြည့်မနေနိုင်။ ပြီးတော့ ဖုန်းကြီးကိုင်ပြီး တောင်းစားနေတဲ့ အဘွားကြီးဆိုလို့ကတော့ မည်သူကမျှ ငွေထည့်လိမ့်မည်မဟုတ်။ ပြီးမှပဲ မျက်မှန်တပ်ပြီး ဖုန်းကို သေချာကြည့်ရမည်။ ဖွားသီ ဒီအလုပ်လုပ်တာမကြာသေး။ အလွန်ဆုံးရှိလှ နှစ်နှစ်လောက်ပဲရှိဦးမည်။ ဖွားသီတစ်ကိုယ်စာအတွက်ဆိုလျှင်တော့ ဒီလိုလုပ်ဖို့ တွေးမိမည်မဟုတ်။ အခုက အပု၊ ဖွားသီရဲ့ တစ်ဦးတည်းသောမြေးလေးရှေ့ရေးအတွက်။ အရင်ကတော့ အပုကို သွားလေရာခေါ်ခဲ့ဖူးသည်။ သို့သော် အပု ကျောင်းတက်ပါပြီဆိုကတည်းက ဖွားသီ သွားလေရာမခေါ်ဖြစ်တော့။ မနက်ဆို အပုကို ကျောင်းလိုက်ပို့ပြီး ညနေဆို အပုကျောင်းဆင်းချိန်အမီပြန်၍ ကြိုပြီးမှ ပြန်သည်။ ယခုလို ကျောင်းပိတ်ရက်မျိုးဆိုလျှင်တော့ ဖွားသီစိတ်ညစ်သည်။ အပုကို ဘေးအိမ်က မငွေဆီမှာ ထားပြီးမှ အပြင်သွားရသည်။ တစ်နေ့တာ ထိန်းကျောင်းဖို့အပြင် ထမင်းကျွေးဖို့အပြီးအစီး တစ်ထောင် ပေးရသည်။ သို့သော် ဖွားသီ ဘာမျှ မတတ်နိုင်။ အပုကိုမှ သွားလေရာကို မခေါ်ရက်တာကိုး။ အရင်တုန်းကလိုဆိုရင်တော့ ကိစ္စမရှိသော်လည်း အခုတော့ အပုက ကျောင်းသားကြီးဖြစ်နေပြီ။ တွေးတတ်ခေါ်တတ်ပြီ။
ပိန်လီရှုံ့တွနေသော ဒန်ခွက်ကလေးကို အရှေ့ဆီသို့ တွန်းပို့ရင်း ဖွားသီ ဆံပင်ကို အနည်းငယ်ဖွလိုက်၏။
ထို့နောက် လက်နှစ်ဖက်ကို အရှေ့ဆီသို့ ဖြန့်ရင်း ပါးစပ်မှလည်း တတွတ်တွတ်ရွတ်ဆိုနေလိုက်တော့သည်။
‘မြေးလေးတို့ရယ် အဘွားကို ထမင်းဖိုးလေး ဟင်းဖိုးလေး တစ်ရာနှစ်ရာလောက် သနားကြပါကွယ်’
(၂)
‘ဟင်’
ကြက်သားဟင်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တုန်ယင်ချိနဲ့စွာ လှမ်းနေသော ခြေလှမ်းအစုံသည် မှိန်ပျပျလင်းနေသည့် တဲတန်းလေးကို မြင်လိုက်ရသည်မို့ အံ့သြမှုနှင့်အတူ တန့်သွား၏။ အပု က ဒီအချိန်ဆို ဘေးအိမ်မှာပဲ ရှိနေရမှာဖြစ်သည်။ ဒါပေမယ့် မီးဖွင့်ထားသည်ဆိုတော့ အပုလက်ထဲက သော့နှင့် ဖွင့်တာပေါ့။ ဟိုကောင်မ ရောက်နေလို့များ မီးလင်းနေတာလားဟု စိတ်ပူစွာတွေးလိုက်မိသည်မို့ မျက်မှန်ကို နှာခေါင်းထက်ကနေ ပင့်တင်လိုက်ရင်း ဖွားသီ ခြေအစုံကို အရှိန်မြှင့် လျှောက်လိုက်သည်။ အပု ဒီချိန်ဆို ချောင်တချောင်ချောင် ကပ်နေလောက်မလား။ ဒါမှမဟုတ် ဖွားသီပြောသလို စာပဲ ထိုင်ကျက်နေလေမလား။ ဟိုကောင်မကတော့ အနားအကပ်ခံမှာမဟုတ်တာ သေချာသည်။ ကိုယ့်သွေးကိုယ့်သား ဆိုတာကိုလည်း တွေးတတ်သည့်ဟာမမှ မဟုတ်ပေပဲ။
‘@@@@#########$$$$$’
ရုတ်တရက် မြည်လာသော အသံကြောင့် ဖွားသီ ခြေလှမ်းတို့ တုန့်သွားရ၏။ ဒါက ဖွားသီဟာ မဟုတ်။ ဖွားသီဟာ ဟုတ်တာမဟုတ်တာက အရေးမကြီး။ ဟိုကောင်မ က လိုချင်လျှင် သူ့စည်းကိုယ့်စည်းသိတာမဟုတ်ဘဲ ဇွတ်ယူသွားမှာ ဖြစ်သည်။ ဘယ်နားဖွက်ထားရမလဲ စဉ်းစားရင်း ဖွားသီ ထိုပစ္စည်းလေးကို ချွေးခံအိတ်ထဲ ထည့်လိုက်သည်။ အိမ်ရောက်မှ အနွေးထည်ထူထူခြုံလိုက်လျှင် ဟိုကောင်မ တွေ့မည်မထင်တော့။ ပေါက်ပြဲနေသည့် ထရံကြားမှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖွားသီ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒင်းလက်ထဲမှာ အပု… အပုပါ့လား။ ဘယ်တုန်းဘယ်ကာလကမျှ အပုကို မချီခဲ့သည့် ကောင်မက အခုတော့ အပုကို ပွေ့ချီနေတာတဲ့လား။ ထိုစဉ်မှာပဲ ကြားလိုက်ရသည့် စကားကြောင့် ဖွားသီ တံခါးကို ဝုန်းခနဲ တွန်းပစ်လိုက်မိ၏။
.
‘ဖွားဖွား က ပိုက်ဆံတွေ ဘယ်နားထားလဲ အမေ့ကို ပြောပြပါဦး သားရဲ့’
‘ဟဲ့ ကောင်မ’
ဖွားသီကို လှမ်းကြည့်လာသည့် အေးမိ၏မျက်နှာထက်က မထီမဲ့မြင်ဟန်ကြောင့် စိတ်ပိုတိုလာမိရင်း အပုလက်ကို လှမ်းဆွဲလိုက်သည်။
‘ကျုပ်သားကို ကျုပ်ချီတာပါ အမေရဲ့ ကိုက်စားမလို့မဟုတ်ပါဘူး’
အပုမျက်နှာထက်က ငိုမဲ့မဲ့ဟန်လေးကိုကြည့်မိတော့ ဖွားသီရင်ထဲက ဒေါသတို့က ငုပ်လျှိုးသွားပြန်၏။
‘ညည်းက ဘယ်အချိန်တုန်းကများ အပုကို သားလို့ သတ်မှတ်လိုက်တာလဲ… မအေ အိုကြီးအိုမ ပိုက်ဆံတွေ ဘယ်မှာထားတယ်ဆိုတာသိတော့ကော နင်က ဘာလုပ်မှာလဲ… ’
‘အမေကလဲတော် ကျုပ် ပိုက်ဆံ နည်းနည်းလေးလိုနေလို့ပါဆို’
‘ဟေ့.. မပေးနိုင်ဘူးဟေ့ နင် ဒီည ဒီမှာနေမှာဆိုလည်း ပါးစပ်ပိတ်နေ… ဘာမှထပ်မကြားချင်ဘူး…’
မျက်နှာရှုံ့မဲ့မဲ့ဖြစ်သွားသည့် အေးမိ၏မျက်နှာကို မြင်သော်လည်း ဖွားသီ မသနားနိုင်။ သူ့ဇာတ်သူမနိုင်ဘဲ ကတာများပြီ။ အပု တောင် သူ့ဇာတ်တွေထဲက ဇာတ်ရှုပ်တစ်ခုကနေ ဖြစ်ခဲ့တာမဟုတ်လား။ ဖွားသီလက်ထဲက အထုပ်ကိုကြည့်၍ အေးမိက ရုတ်တရက်
‘ဟယ်..ဟင်းကောင်းမယ်ထင်တယ် အတော်ပဲ ထမင်းမစားရသေးတာနဲ့.. ဒီည ဒီမှာပဲ ကျုပ်အိပ်မယ် အမေ’
‘အေး..စားလို့ရတယ် ဟင်းက နှစ်ဖတ်ပဲ ပါတယ် တစ်ဖတ်က အပုအတွက် ကျန်တစ်ဖတ်ကို နင်နဲ့ငါ တစ်ဝက်စီပဲ စားချင်ရင်စား မစားချင်ရင်မစားနဲ့’
ပြောပြောဆိုဆိုပင် ဖွားသီ ထမင်းစားပွဲထက်က အုပ်ဆောင်းကို လှန်လိုက်သည်။ ဒီဟာမ ခူးခပ်ထားတာတော့ မဟုတ်နိုင်။ ဖွားသီ ရောက်မယ့်အချိန်ကိုမှန်းပြီး အပု ခူးခပ်ထားတာ ဖြစ်မည်။
‘အမယ်လေး အမေရယ် ကိုယ့်သမီးထက် ဒီမျိုးမစစ်လေးကိုပဲ ကျွေးချင်နေတာလား ကျွန်မ သေသွားရင် အမေ ကျွေးချင်တောင် ကျွေးရမှာမဟုတ်ဘူး.. နောက်တစ်ခု ကျွန်မ အခုလာတာက သူ့အကြောင်းလဲ ပြောဖို့ပါတယ်’ အပုအကြောင်း ပြောဖို့ ဆိုသည့် စကားကြောင့် ပန်းကန်ထဲ ဟင်းထည့်နေရင်းက ဖွားသီ အေးမိကို အံ့သြတကြီးဖြင့် လှည့်ကြည့်လိုက်မိသည်။ ဘယ်တုန်းဘယ်ကာလကများ အပုအကြောင်း စိတ်ဝင်စားခဲ့ဖူးလို့ အပုအကြောင်း ပြောစရာရှိတယ် လို့များ ပြောလာတာပါလိမ့်။ အပုဆီသို့ အကြည့်ရောက်မိတော့ မျက်နှာလေးမသာမယာနှင့် ဗိုက်ကို ပွတ်နေသည်မို့
‘ပြီးမှ ပြော.. ခုက ထမင်းစားဖို့ အရေးကြီးတယ် ငါလည်းတနေကုန်ပင်ပန်းလာတာ ဗိုက်တော်တော်ဆာနေပြီ။ … အပုရေ သား လာ ဒီမှာထိုင်.. ပြီးရင် ကျောင်းမှာ လုပ်ခဲ့တဲ့ အိမ်စာတွေ ဖွားကို ပြဦးနော်.. ဟဲ့ကောင်မ ဒီမှာ နင့်ပန်းကန်’ အပုကို ခေါ်ရင်း မျက်နှာမသာမယာဖြစ်နေသည့် အေးမိကိုပါ မေးဆတ်ပြလိုက်သည်။ လာမည့် လဆို အပု အသက် ၈ နှစ် ပြည့်တော့မည်။ ၃ တန်းကျောင်းသားကြီးလဲ ဖြစ်တော့မည်မို့ အပုအတွက် ပညာသင်ပေးဖို့သာ ဖွားသ ီအလေးထားသည်။ ဒီကောင်မ အေးမိကို ပညာအမွေမပေးခဲ့မိတာကြောင့် ဖွားသီ ရင်ကွဲခဲ့ရသည်မဟုတ်လား။ ဒါကြောင့် ဖွားသီ ပိုက်ဆံဘယ်လောက်ရှာနိုင်မည် မသိသည်မို့ ရပ်ကွက်ထဲက လူတချို့အကြံပေးသည့်အတိုင်း အပုအတွက် လစဉ် ငွေစုစုထားရသည်။ ပထမတော့ ဘဏ်မှာ ငွေစုတယ်ဆိုတာကို ဖွားသီက အပိုဟု ထင်ဖူးသည်။ ပြီးတေ့ာ ဖွားသီစုနိုင်တာက သူများတကာတွေလို ငွေလုံးငွေခဲမှမဟုတ်ဘဲ။ ဒါအပြင် ဖွားသီက နေရာစုံမသွားဘဲ တံတားအဆင်း သို့မဟုတ် ဘုရားပေါ် စသဖြင့်လောက်သာသွားသည်မို့ တစ်နေ့ကို လေးထောင်နှင့် ငါးထောင်ကြားတော့ ပြေးမလွတ်သော်လည်း အများကြီးမရ။ ဒါပေမယ့် မြေးအဘွားနှစ်ယောက် အသုံးစရိတ်ကတော့ ကောင်းကောင်းကြီး ကာသည်။ တစ်နေ့ကို နှစ်ထောင်သုံးထောင်လောက်ကတော့ ပုံမှန်စုဖြစ်သည်။ သို့သော် ဒီကောင်မရောက်လာတိုင်း ဖွားသီ ငွေထားတတ်ရာ ထရံအကျိုအကြားပါမကျန် လှန်လှောရှာတတ်သည်မို့ ဘဏ်စာအုပ်သည်သာ အပုအတွက် နောက်ဆုံးလမ်းဟု ဖွားသီမှာ မှတ်ထားရသည်။ သို့သော် များများစားစားစုမိသည်ရယ်လည်းမဟုတ်။ ရံဖန်ရံခါ ငွေဝင်နည်းသောရက်များတွင် တစ်နေ့တာ စရိတ်အတွက်ပင် မကာမိ။ အပုကျောင်းက သာရေးနာရေးမျိုး ငွေထည့်စရာပေါ်လာသည့် ကိစ္စမျိုးရှိလျှင်လည်း အပုလေး မျက်နှာမငယ်အောင် ထည့်ရသေးသည်မဟုတ်လား။ ပထမတော့ ရည်ရွယ်ခဲ့ဖူးသား။ ဒီကောင်မ အေးမိတစ်ယောက် အသိဝင်လာရင်လည်း စုထားတဲ့ပိုက်ဆံလေးနဲ့ ကွမ်းယာဆိုင်လေးဘာလေးဖွင့်ပေးလို့ရတာပေါ့လေ။ ခုတော့ ဒီဟာမက အသိမဝင်။ အပုကို ကျောင်းပို့သည်ပိုက်ဆံကိုပင် ဝင်နှမြောနေသေးသည်။
(၃)
‘အပုကို … ကျောင်းထုတ်ပြီး အလုပ် လုပ်စေချင်တယ်’
ကောက်ကာငင်ကာ ပြောလိုက်သည့်် အေးမိစကားကြောင့် အိပ်ယာဝင်ရန် ပြင်နေသည့် ဖွားသီ၏ လက်တွင်းမှ ဖျာသည် အောက်သို့ ပြုတ်ကျသွား၏။ ‘ဖြန်း’
အိပ်ကာနီးပြီမို့ မျက်မှန်ဖြုတ်ထားသော်လည်း ဖွားသီလက်ဝါးက အေးမိ၏ ပါးကိုတော့ မိမိရရကြီး ထိလိုက်သည်။
‘အကောင်းကြီးကနေ ဘာထဖြစ်တာလဲ အမေရဲ့.. ကျုပ် အတည်ပြောနေတာ’
ဖွားသီ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းက
‘. ဒီကလေးက နင့်ဘဝအတွက် နင်ယူမယ့်ယောကျ်ားအတွက် မီးစ ဆိုပြီး နင်ကိုယ်တိုင်ပဲ လွှင့်ပစ်ခဲ့တာလေ နင်မွေးထားတဲ့သားပေမယ့် ငါကျွေးခဲ့တာ အပုက အခု ငါ့သားဖြစ်သွားပြီ …ဒီလိုစကားပြောဖို့ဆို နောက် ငါ့အိမ်ကို ဘယ်တော့မှ မလာခဲ့နဲ့’
ဟု ပြောလိုက်ရင်း့ အပု ပြန်ရောက်ပြီလား ဆိုသည့် စိုးရိမ်စိတ်နှင့် တံခါးမကြီးဆီသို့ အကြည့်ရောက်သည်။ တော်သေးသည်။ ကွမ်းယာဆိုင်မှာ ကြာနေ၍ဖြစ်မည်။ ရောက်မလာသေး။
‘လုပ်ပါ အမေရယ် အပု အလုပ်လုပ်ရင် တစ်လကို လစာက တစ်သောင်းခွဲနှစ်သောင်းလောက်ရမှာ ကျွန်မ ခြောက်လစာလောက် ကြိုထုတ်ပြီး ဖုန်းတစ်လုံးလောက်ဝယ်ချင်လို့ပါ’
ဖွားသီ ဖျာကို ပြန်ခင်းရင်းကခြေပစ်လက်ပစ်ထိုင်ချလိုက်မိပြီး လွယ်အိတ်ဆီသို့ အကြည့်ရောက်၏။ လွယ်အိတ်လေးထဲမှာ သွားလေရာဆောင်ထားသော ဘဏ်စာအုပ်လေးရှိတဲ့အကြောင်း ကို အေးမိသိလို့မဖြစ်။
‘အပုဟာ နင့်သား ဆိုတာကိုကော နင်သိသေးရဲ့လား.. နင်အခုလက်ရှိ ဘယ်အကောင့်မယားငယ်အဖြစ်နဲ့ နေနေလဲ ငါမသိဘူး ပြောချင်တာက နင့်ဘာသာ ဘယ်လိုပဲ ခြေရှုပ်ရှုပ် ငါ့မြေးကို လာမထိနဲ့’
‘အို ကျုပ်အတွက်ချည်းပဲ မဟုတ်ပါဘူး လက်ဖက်ရည်ဆိုင်မှာဆို သူ အဖျော်ဆရာအဖြစ် သင်လို့ရတယ် နောင် ထမင်းစားဖို့အတွက်လည်း မပူရဘူး.. ကျုပ်သားအတွက် အဆင်ပြေအောင်လို့ ကျုပ်က စဉ်းစားပေးတာပါတော် နောက်ပြီး စာတတ်တဲ့ ကလေးဆို ငါးထောင်တစ်သောင်း ပိုရတယ်တဲ့ တော့’
‘လင်ကောင်မပေါ်တဲ့ကိစ္စ ငါမပြောဘူး..ဒါပေမယ့် အပုကို အလုပ်လုပ်ခိုင်းမယ်လို့ လာမပြောနဲ့ နင်စွန့်ပစ်တဲ့ ကလေးကို ငါ ကောက်မွေးတာ ဒါက ငါ့သား ငါ့သွေး… ဒီထက် ပိုမပြောချင်ဘူး.. နောက် နင် ဒီအိမ်ကို လုံးဝလုံးဝ မလာနဲ့’
အေးမိ တိတ်ဆိတ်သွားပြီး မကြာခင်မှာပင် အပု ပြန်ရောက်လာသည်။ ဘာစကားမျှ မဆိုဘဲ ကွမ်းထုပ်ကို အေးမိထံပေး၍ ဘွားသီရင်ထဲ ဇွတ်တိုးဝင်နေသည်မို့
‘ဟဲ့ ကောင်မ တံခါး ထပိတ်လိုက်’
အပု အဖေ ဘယ်သူဘယ်ဝါဆိုတာ ဖွားသီမသိ။ မအေတစ်ယောက် သမီးတစ်ယောက်ဘဝတွင် အလုပ်လုပ်ရန်ဟုဆိုကာ အိမ်ကထွက်သွားသည့် အေးမိတစ်ယောက် ဗိုက်တစ်လုံးနှင့် ပြန်ရောက်လာမှသာလျှင် ဖွားသီမှာ ငိုကြီးချက်မဖြစ်ခဲ့ရသည်မဟုတ်လား။
မွေးပြီးပြီးချင်းနောက်တစ်နေ့မှာပင် ဒင်းနဲ့ အပု ပျောက်သွား၍ ဖွားသီ ခေါင်းမီးတောက်အောင် ရှာခဲ့ရသည်။ တွေ့မယ့်တွေ့တော့လည်း အပုတစ်ယောက် အမှိုက်ပုံမှာ ဖွားသီ ထမီဟောင်းလေးကို မလုံမခြုံပတ်လျက်သားနှင့်။ တစ်ကိုယ်လုံးလည်း အဖုအပိန့်တွေ မနားတမ်းပေါက်ခဲ့သည်။ ကိုယ်လုံးပုသေးသေးလေးနှင့် အပု ဟု ဖွားသီအမည်မှည့်ပေးခဲ့သည့် ဒီကလေးကို ခု သူ့လိုဘ ရှိမှ ပြန်လာခိုင်းစားမတဲ့။
ဖွားသီအံတင်းကြိတ်ကြိတ်လိုက်မိရင်း အပုကို တင်းနေအောင်ဖက်လိုက်မိသည်။
(၄)
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော အေးမိ၏ ဟောက်သံကြောင့် မကြားရတာကြာပြီ ပဲဆိုသည့်အသိနှင့် ဖွားသီပြုံးမိရင်း မျက်မှန်ကို မမြင်မစမ်းဖြင့် လိုက်ရှာတပ်လိုက်၏။ ဖွားသီရင်ခွင်ထဲက အပုကတော့ ဘယ်အချိန်ကတည်းက ထွက်သွားသည်မသိ။ အေးမိနောက်ကျောထက်မှာ တောက်တဲ့လို တွယ်ကပ်နေချေပြီ။ ချွေးခံအိတ်ကို အသာလှပ်ပြီး ဖုန်းလေးကို ထုတ်ယူလိုက်၏။ ဖွားသီလည်း ၂၁ ရာစု လူကြီးပဲ။ ခေတ်မီပါသည်။ ဘေးအိမ်က ကလေးတွေ ဒီလိုဖုန်းတွေကိုင်နေကြတာမြင်သားပဲ။ သူတို့ပစ္စည်းလေး ကြွားချင်တိုင်း ဖွားသီကို လာလာသင်ပြပေးနေကြ။ ဖုန်းဘယ်လိုကိုင်၊ ကင်မရာဘယ်လိုဖွင့်နဲ့။ ဘေးက ခလုတ်လေးတစ်ခုကို နှိပ်လိုက်တော့ ရုတ်တရက် မီးလင်းသွားပြီ။ ခလုတ် လေးတစ်ခုပေါ်လာသည်မို့ လက်ချောင်းလေးဖြင့် ဘေးကို ဆွဲလိုက်ပြီး ဘေးအိမ်က ကလေးများ ပြသည့် ကင်မရာခလုတ်လေးကို လိုက်ရှာလိုက်သည်။ ကင်မရာခလုတ်လေးရှိရာကို လက်ချောင်းလေးဖြင့် တို့လိုက်တော့ ဖွားသီလန့်သွားသည်။ ဖွားသီ၏ မျက်နှာကြီးက ဖုန်းမှန်သားပြင်တွင် ပြုးပြူးကြီးပေါ်လာသည်လေ။ အေးမိတို့သားအမိပုံပေါ်အောင် ဘယ်လိုလှည့်လှည့် လှည့်မရ။ တခြားခလုတ်များကိုလည်း လျှောက်မနှိပ်ရဲသည်မို့ ဖွားသီနေရာပြောင်းထိုင်လိုက်သ ည်။ ထို့နောက် ဖုန်းကို ပြန်ကြည့်ပြီး ကျေကျေနပ်နပ်ပြုံးလိုက်ကာ ကင်မရာခလုတ်လေးကို လက်ဖြင့် မမီမကမ်းနှိပ်လိုက်၏။ သားအမိသုံးယောက်လုံးပေါ်ပြီမဟုတ်လား။ ချပ်ဆိုသည့် အသံထွက်လာသောကြောင့် အလန့်တကြားနှင့် အေးမိရှိရာသို့ လှည့်ကြည့်လိုက်သော်လည်း အေးမိက ကုလားသေကုလားမော အိပ်နေဆဲ။ မနက်ဖြန် ဖုန်းပိုင်ရှင် လာယူလျှင်ဖြင့် ဒီပုံလေးကိုတော့ ဓါတ်ပုံထုတ်ပေးပါလို့ ပြန်တောင်းရမည် ဟု တေးရင်း ဖွားသီ ချွေးခံအိတ်ထဲသို့ ဖုန်းကို ပြန်ထည့်လိုက်သည်။ ထို့နောက် အိပ်ယာထက် ပြန်လှဲချလိုက်မိတော့၏။
သို့သော် ဒီဟာမက ဖုန်းအသစ်ဝယ်ချင်ရအောင် ခါတိုင်းကိုင်နေတဲ့ သေးသေးနုတ်နုတ်လေး ကဘယ်ရောက်နေလဲဟု တွေးလိုက်မိတော့ ဖွားသီမအိပ်နိုင်။ ခါတိုင်းဆိုလျှင် အိမ်ရောက်သည်နှင့် ဖုန်းတကိုင်ကိုင်လုပ်ကာ ကိုရေ၊ မောင်ရေ ဆိုပြီး အလုပ်ရှုပ်နေကျ အေးမိတစ်ယောက် ဒီနေ့တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုအပြင် အိတ်တစ်လုံးပင်ပါမလာဆိုတော့ ဖုန်းတကယ်လိုအပ်နေတာဖြစ်မည်။ သက်ပြင်းတစ်ချက်ရှိုက်ရင်း ဝယ်ပေးလိုက်ရမလားဟု တွေးမိတော့ ဖွားသီ စိတ်ရှုပ်သွားသည်။ ဖုန်းထက် အပုလေးကျောင်းစရိတ်ကအရေးကြီးပါသည်လေ။
(၅)
လမ်းမီးတိုင်၏ အလင်းသဲ့သဲ့သာ ရသည့် လမ်းလေးတွင် အမှောင်တို့ကြီးစိုးနေသော်လည်း ဖွားသီ ခြေလှမ်းများက မချော်။ အိမ်ပြန်လမ်းကလေးက ဒီနေ့မှ ပိုချောမွေ့နေသလို ထင်ရသည်။ ဖွားသီ၏လက်ထဲမှာတော့ ပလက်စတစ်လောင်းထားသည့် ဓါတ်ပုံလေးတစ်ပုံ။ ဖွားသီလက်က ဓါတ်ပုံလေးကို လမ်းမီးတိုင်၏ မပီဝိုးတဝါးအလင်းရောင်တွင် သေချာစိုက်ကြည့်လိုက်မိသည်။ မျက်မှန်တပ်ထားသော်လည်း အလင်းအားနည်းသောကြောင့် ဓါတ်ပုံသည် မှုန်မှိုင်းဝေဝါးနေ၏။ သို့သော် ဖွားသီ သေချာစွာ မြင်ရပါသည်။
ဖွားသီမျက်နှာ ပိန်ညှော်ညှော်ရယ်၊ မိတ်ကပ်အပြည့်နှင့် အေးမိမျက်နှာရယ်၊ ပြီးတော့ အေးမိ၏ကျောပြင်တွင် တောက်တဲ့လေးလိုကပ်နေသော အပုရဲ့ ပေညစ်ညစ်မျက်နှာလေးရယ်။ တစ်နေ့ကပဲ ဖုန်းပိုင်ရှင် စုံတွဲလေး ရောက်လာကာ ဖုန်းကို ပြန်ယူသွားကြပြီး ဒီနေ့မှာတော့ ဖွားသီဘာမှမတောင်းဆိုရပါဘဲ ဒီဓါတ်ပုံလေးကို လာပို့ပေးသည်။ ဒါအပြင် ဒီရက်ပိုင်း ပျော်စရာလေးကလည်း ရှိသေးသည်။ အေးမိတစ်ယောက် အပုနားမှာ ခြေငြိမ်ငြိမ်နှင့် ရှိနေသည်မဟုတ်လား။ အပုပင် ဖွားသီအနား သိပ်မကပ်တော့။
“အပု ရေ သားလေး မေ့နားကို လာပါဦး” “အပုရေ… မေမေ လို့ ခေါ်ပါဦး”
နှင့် တစ်အိမ်လုံးညံစည်နေသော်လည်း ဖွားသီကတော့ ပျော်သည်။ အပုလေး ခုမှ သူ့အမေနှင့် နေခွင့်ရသည်မဟုတ်လား။ ဘေးအိမ်မှ မငွေတောင် သူ့ဝင်ငွေ မရတော့ဘူးပေါ့ဟု ရယ်ကာမောကာ စလာချေပြီ။ ဒီလိုသာ အေးမိလိမ္မာနေလျှင်ဖြင့် သိပ်မကြာခင် ဆိုင်ဖွင့်ပေးနိုင်တော့မည်။ ဟင် အိမ်မှာ မီးမလင်းပါ့လား။ အတွေးတသီတတန်းနှင့် လျှောက်နေသော ဖွားသီ၏ခြေလှမ်းတို့ အနည်းငယ်တုံ့ဆိုင်းသွား၏။ ကြည့်ရတာ ဟိုကောင်မ သူ့လင်တစ်ယောက်ယောက် နောက်လိုက်သွားပြန်ပြီထင်သည်။ ဒါဆို အပုလေး ဝမ်းနည်းနေပြီပေါ့။ အပု ကို ထားနေကျအိမ်ရှိရာဆီသို့ အပြေးလှမ်းရင်း နှုတ်မှလည်း အော်လိုက်သည်။
‘အပုရေ အပု.. ဘွားပြန်လာပြီဟေ့ အပုရေ.အပု’
‘ဖွားသီ တော့်သမီးက အပုနဲ့အတူ အထုတ်အပိုးတွေ ပြင် ထွက်သွားပါရောလား.. သြော် ရော့ အပုက ဒီစာလေး တော့်ကိုပေးပေးပါတဲ့.. အောင်မယ် တော့်မြေးက သနပ်ခါးအဖွေးသားနဲ့ သန့်လို့ခန့်လို့တော်ရေ။’
ဖွားသီ စကားမပြန်နိုင်။ အိမ်လေးထဲမှ ပြန့်ထွက်လာသည့် မီးချောင်းအလင်းရောင်အောက်တွင် မငွေပေးသည့် စာကို အမောတကောနှင့် ဖွင့်ဖတ်လိုက်မိသည်။
‘ဘွား…. မေမေ သားကိုအရင်လိုမချစ်ဘဲ နေမှာစိုးလို့ မေမေ့အတွက် ဖုန်းဝယ်ပေးလိုက်ဦးမယ်နော် နောက်နှစ်ကျမှ ဘွားဆီကို သား ပြန်လာပါ့မယ် ဘွားနဲ့တစ်သက်လုံးနေပြီး လိမ္မာပါ့မယ်နော် အပု’
.
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment