Tuesday, February 18, 2025

“နွမ်းလျ ပန်းပေမယ့် မွှေးပါသည်”



အို…မှန်တယ်။ ငါမှန်တယ်။ တခြားဖြည့်ဆည်းလို့ရတာ ဘာမှမရှိလို့ ဒီလမ်းကို ရွေးလိုက်ရတာပဲ။ ငါ မှန်တယ်။

(၁)

“ပြောမယ်ဆို အဲဒီအိမ်က လိုချင်နေတာကလည်း ခိုင်းကောင်းတဲ့ ဆယ့်ငါးနှစ်အရွယ်မိန်းကလေးမျိုးပဲ ကိုးတန်းဆို သိပ်မလိုပါဘူးဟယ် ပြီးမှ တတ်နိုင်မှ အပြင်ဖြေ ဖြေလို့ရတာပဲ ခုက အဲဒီအိမ်မှာ လုပ်ရတာ အိမ်ဖေါ်ဆိုပေမယ့် တခြားအိမ်ဖေါ်တွေထက် လစာကောင်းတယ်။ တစ်လကို တစ်သိန်းတောင်ပေးတာ တချို့အရောင်းစာရေးမတွေတောင် လစာ လေးငါးသောင်း ရတဲ့ အနေအထားမှာ သူတို့အိမ်က လစာကို တမင်ကို ပိုပေးထားတာလေ အဓိက က သူတို့အမေကို အဖေါ်လုပ်ပေးဖို့နဲ့ လက်တိုလက်တောင်းသက်သက်ပဲ ယုံကြည်ရအောင်ပေါ့ဟာ တွဲခေါ်ဖို့ကျတော့လည်း နင့်သမီး အငယ်မကျ ငယ်လွန်းတယ် ဒါ့ကြောင့် ဖြစ်နိုင်ရင် အကြီးမကို အလုပ် လုပ်ခိုင်းလို့ ဘာပြောပြော သုံးနှစ်လောက် လုပ်မယ်ဆိုတောင် အငယ်မလည်း ဆယ်တန်းအောင်သည်ထိကျောင်းတက်နိုင်မယ် သူလည်း အပြင်ဖြေ ပြန်ဖြေလို့ရတယ်လေဟာ”

အေးသန်း၏ မျက်နှာကို ငူငူကြီးငေးကြည့်နေမိရင်းက ဒီအကြောင်းအရာတွေကို ကြားဖူးပါတယ်ဟု တွေးလိုက်မိသည့်ခဏ မျက်လုံးအစုံကို ဖွင့်လိုက်မိသည်။ အော် စိတ်များစွဲပုံရယ် အစ်မဝမ်းကွဲနဲ့ ပြောတဲ့ စကားသံဟာ အိပ်မက်ထဲထိတောင် လိုက်လာခဲ့ပါသတဲ့။

ဘေးတစ်ဖက်တစ်ချက်တွင် အိပ်နေသည့် အကြီးမနှင့် အငယ်မကို ငေးကြည့်မိပြန်သည်။ သွားရည်များ စီးကျနေသည့် ပုံစံမှာလည်း သွားလေသူ ကိုဇော်မောင်နှင့်ထပ်တူ။ ဖအေတူ သမီးတွေ ဟု ချစ်စနိုး ရေရွတ်မိပြန်သည်။


“နင့်ကို တိုက်တွန်းနေတာလည်း တမျိုးမထင်နဲ့ဟေ့ အကြီးမသာလာရင် ငါက ပွဲစားခအဖြစ် တစ်လစာ ရမှာ ဒါ့ကြောင့် တိုက်တွန်းနေတာ။ နောက်ပြီး ကိုယ့်တူမ ဆိုတော့ စာရိတ္တပိုင်းဆိုင်ရာ အာမခံနိုင်တယ်လေဟာ..အဲဒီမှာရှိတာကလည်း အပျိုကြီး နှစ်ယောက်နဲ့ အဘွားကြီးပဲရှိတာဆိုတော့ နင် စိတ်ချလက်ချလွှတ်လို့ရပါတယ်..ငါကတော့ လွှတ်စေချင်တာပဲ”

အကြီးမ၏ မျက်နှာဆီ အကြည့်ရောက်ပြန်တော့ အစ်မဝမ်းကွဲ၏ စကားသံကို ပြန်ကြားယောင်မိပြန်သည်။ စိတ်ချရပါသည်တဲ့လား။ သည်ကလေးမ အပျိုဖြစ်တာပင် တစ်နှစ်မပြည့်သေး။ မအေနှင့် ခွဲထားရတော့မည်လား။ သင်ပေးသင့်တာတွေပင် မသင်ပေးရသေး။ အို ခွဲမထားနိုင်ပါဘူး ဟု ယောင်ယောင်ယမ်းယမ်းဖြင့် ခေါင်းခါလိုက်မိပြန်သည်။

သို့သော် ဖွင့်ထားသည့် မီးအလင်းမှတစ်ဆင့် ပြက္ခဒိန်ဆီသို့အကြည့်ရောက်မိပြန်တော့ နားမှ နားကပ်ကို စမ်းမိပြန်သည်။ ဒါသည်ပင် သည်တစ်ခါအိမ်စာချုပ်အတွက် သုံးစရာဖြစ်သည်။ ကိုဇော်မောင် ဆုံးခါစကတော့ မိသန်းကြွေးကြော်ခဲ့သည်။ မုဆိုးမဘဝနှင့်လည်း သမီးနှစ်ယောက်ကို ဝမ်းဝခါးလှအောင် ကျွေးနိုင်သည်ဟု။ သို့သော် ခုတော့ ကိုဇော်မောင်ဆုံးတာ သုံးနှစ်ပြည့်၍များလား။ မိသန်း ကြွေးကြော်သံတို့ တိုးရှသွားခဲ့ပြီ ဖြစ်သည်။

ကိုဇော်မောင်ရေ ဒါ တော့အပြစ်ပဲ။..တော် ဘာ့ကြောင့်အသေစောတာလဲ။ ရင်ထဲမှတီးတိုးညည်းတွားသံနှင့်အတူ သက်ပြင်းတစ်ချက်ချလိုက်မိ၏။

ဟုတ်သည်။ ကိုဇော်မောင်သာ နှစ်နည်းနည်းလောက် လူ့လောကမှာ ဆက်ရှိနေခဲ့မည်ဆိုလျှင် သည်လိုအနေအထား ဖြစ်လာမည်မဟုတ်။ သမီးနှစ်ယောက်လုံးပြုံးပျော်နေသလို မိသန်းလည်း မည်မျှပင်ပန်းပင်ပန်း ပြုံးပျော်နေပါလိမ့်မည်။

မိသန်းနှင့်မညားခင်ကတည်းက ပန်းရန်လုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သူ ကိုဇော်မောင်သည် မဆလာသယ်သည့် မိသန်းနှင့်ညားတော့လည်း ထိုနည်းနှင်နှင်ပင်။ သံလက်ကိုင်ပန်းရန်သမားသာ။ မိသန်းတို့ ပင်ပန်း၍အရက်မသောက်သော်ညား ကိုဇော်မောင်တို့ပင်ပန်းလာပြီဆိုလျှင်ဖြင့် အရက်ကလေးတမြမြနှင့်ရှိနေတတ်၏။ သို့ကြောင့်ပင် စောစီးစွာ အသက်ဆုံးရှုံးရသည်မဟုတ်လား။ ကိုဇော်မောင်နှင့် ပေါင်းသင်းခဲ့သည် ဆယ့်ငါးနှစ်အတွင်း မိသန်းမှာ အဖက်တင်သည်မှာ သမီးနှစ်ယောက်သာ ဖြစ်၏။ ကိုယ်ပိုင်အိမ်ပင် မရှိသည့် ဘဝ။ တော်သေးသည်က ခုမိသန်းတို့ ငှားနေသည့် အိမ်လေးသည် လုံခြုံမှုရှိ၍ ဈေးနှုန်းလည်း သိပ်မများ။ ကိုဇော်မောင်ဆုံးခါစကနေ ခုထိ ငှားနေခဲ့သည့် အိမ်များတွင် သည်အိမ်လေးက အကောင်းဆုံး။

ခုတော့ မိသန်းလည်း မဆလာမသယ်နိုင်ပြီ။ ပြောကြကြေးဆို ကိုဇော်မောင် ရှိစဉ်ကတည်းက မိသန်းကို မဆလာမသယ်ခိုင်းတော့တာ ဖြစ်၏။ သမီးနှစ်ယောက်အနားတွင်ပဲ နေကာ အမေတစ်ယောက်အဖြစ်သာ နေထိုင်စေခဲ့တာ ဖြစ်သည်။ ထို့ကြောင့်မို့လည်း ခု ကိုဇော်မောင်မရှိသည့် သုံးနှစ်အတွင်း မိသန်း ရုန်းကန်ခဲ့ရသည်။ မဆလာလည်း ပြန်မသယ်နိုင်သ ည့်အခါ အဝတ်လျှော်တန်လျှော်၊ အိမ်ဖေါ်လုပ်တန်လုပ်ဖြင့် သည်သုံးနှစ်အတွင်း မိသန်း အတော်ပင် ပင်ပန်းခဲ့ပါသည်လေ။ သို့သော် ပင်ပန်းရသည်ကို မိသန်းမကြောက်။ မိသန်းကြောက်သည်က မိသန်း၏ သမီးနှစ်ယောက် လေလွင့်ပျက်စီးသွားမှာကိုသာ။

တဖြည်းဖြည်းတိုးမြင့်လာသည့် အိမ်လစာနှင့်အတူ တဖြည်းဖြည်းကြီးမြင့်လာသည့် ကျောင်းစရိတ်နှစ်ခုအကြား မိသန်း ကူကယ်ရာမဲ့သည်မှာလည်း အမှန်ပင်။

အတွေးတို့ကို ခေါင်းခါ ဖယ်ထုတ်လိုက်ရင်းက အိပ်ရလို ရငြား မျက်စိမှိတ်ထားမိပြန်သည်။ သို့သော် မရ။ မျက်လုံးအစုံသည် မျက်နှာကျက်ကိုသာ ကြည့်နေချင်၍ အတွေးတို့ လေလွင့်ချင်တိုင်း လွင့်ချင်မိပြန်သည်။ အေးသန်း၏စကားသံသဲ့သဲ့ကို ပြန်ကြားယောင်မိသလိုရှိလိုက် ကိုဇော်မောင့်မျက်နှာကို ပြန်မြင်လိုက်နှင့် မိသန်း၏ တစ်ရေးနိုးသည် လူးလွန့်ခြင်းဖြင့်သာ ကုန်ဆုံးချေတော့မည်ဖြစ်၏။

အို နက်ဖြန် ဒေါ်အေးသာတို့ဆီ သွားကူရဦးမည်ပဲ။ အိပ်မှပါ။ အောက်နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်လိုက်ရင်းက အိပ်တော့အိပ်တော့ဟု ကိုယ့်ကိုယ်ကိုယ် စေခိုင်းလိုက်မိတော့၏။ ပျံ့လွင့်နေသည့် အတွေးများစွာကိုလည်း ခေါင်းခါဖယ်ထုတ်ကာ အိပ်ပြီ ဆိုသည့် စကားတစ်ခွန်းကိုသာ စိတ်တွင်းမှ ရေရွတ်နေလိုက်မိတော့သည်။

(၂)

“ရှင် သမီး ကျောင်းမထွက်ချင်ဘူး အမေ သမီး ကျောင်းမထွက်ချင်ဘူး”

အကြီးမထံမှ ငြင်းဆိုသံကို ကြားလိုက်ရသော်လည်း အငယ်မထံမှတော့ မည်သည့်စကားမျှ ထွက်မလာ။သမီးနှစ်ယောက်လုံးသည် မိသန်းကိုသာ ငေးကြည့်နေ၏။

“အမေ မေးမယ်..။ အခု သမီးကြီးက ကိုးတန်းတက်ရမှာနော်..သမီးငယ်က ခုနှစ်တန်း ဟုတ်လား”

သမီးနှစ်ယောက်၏ ခေါင်းညိတ်ပြမှုကို ငေးကြည့်ရင်းက မိသန်း ပြောဖို့ ပြင်ဆင်ထားသည့် စကားတို့ ထွက်မလာတော့။ မျက်ရည်တို့က အလိုလိုရစ်ဝိုင်းလာသည်။ ထို့ကြောင့် မတ်ထပ်ထရပ်ကာ ရေသောက်သလိုလိုဖြင့် မီးဖိုချောင်သို့သွားကာ မျက်ရည်သုတ်ရင်း ရေသောက်လိုက်သည်။ မိသန်းထသွားသည်မှ ပြန်လာသည်ထိ သမီးနှစ်ယောက်က တုတ်တုတ်မျှမလှုပ်။ အနေအထားပျက်လျှင်ပင် ဆုံးဖြတ်ချက်လွဲမှာစိုးသည့်အလား။

“သမီးတို့ဦးနှောက်နဲ့ဆို အမေ အခု ဘယ်လောက်ပင်ပန်းနေလဲဆိုတာ သမီးတို့ သိမှာပါ..အခု အမေကိုယ်တိုင်လည်း အလုပ်ကြိုးစားလုပ်ပြီး သမီးတို့နှစ်ယောက်လုံးကို ကျောင်းထားနိုင်ဖို့ကြိုးစားနေတယ်။ ဒါပေမယ့် အိမ်လစာ တိုးသွားသလို ကျောင်းစရိတ်တွေလည်း မြင့်လာတယ်”

အငယ်မ၏မျက်နှာက နွမ်းလျလျဖြစ်လာသလို အကြီးမ၏ မျက်နှာမှာလည်း စိုးရိမ်ပူပန်စိတ်တို့ဖြင့် မျက်လုံးကလေးပြုးကာ မပြုံးနိုင်မရယ်နိုင်ရှိနေချေ၏။

“ဒီတော့ သမီးတို့နှစ်ယောက်ထဲက တစ်ယောက်ကို အမေ အလုပ် လုပ်ခိုင်းမှ ရမယ် သိပ်မများဘူး သုံးနှစ်လောက်ပဲ…”

“သမီး ကျောင်းမထွက်ချင်ဘူး”

မိသန်း၏ စကားမဆုံးခင်ပင် အကြီးမက အသံတိုးတိုးဖြင့်ပြောကာ ငိုနေပြန်သည်။

“မမမထွက်ပဲ သမီးထွက်မယ် သမီး အလုပ် လုပ်မယ်လေ”

ရုတ်တရက် ထွက်လာသည့် အငယ်မ၏ အသံကြောင့် မိသန်း ခေါင်းနားပန်းကြီးသွားသည်။ ဘယ်လိုဖြေရမလဲဟု ကယောင်ကတမ်းစဉ်းစားရင်း နှုတ်မှ

“အမေ့ဆုံးဖြတ်ချက်ကြောင့် အကြီးမဆုံးဖြတ်ချက်ကြောင့် အငယ်မဆုံးဖြတ်ချက်ကြောင့် ဆိုပြီး ကျောင်းထွက်တာမဟုတ်ရလေအောင် သမီးတို့နှစ်ယောက်ကို အမေကံစမ်းခိုင်းမယ်။ မဲနှိုက်ပြီး ကျောင်းတက်မယ့်သူကို ရွေးခိုင်းမယ်။ ကျေနပ်လား။”

မဲ ဆိုသည့် အသံကြောင့် အကြီးမ၏မျက်နှာမှာ အနည်းငယ်ကြည်ကြည်လင်လင်ရှိလာသလို အငယ်မလေး၏မျက်နှာကတော့ ဖြစ်လာသမျှ အကောင်းချည်း ဆိုသည့် အနေအထား။

အကြီးမတွင် အစွဲတစ်ခုရှိသည်။ နေကြာစေ့ထုပ်ဝယ်စားတိုင်း မိသန်းတို့အငယ်မတို့ မည်သည့်အခါမျှ မဲမပေါက်။ အကြီးမ ကတော့ နှစ်ရာတန်ပေါက်တတ်သည်။ ဆပ်ပြာဗူးဝယ်လျှင်လည်း ထိုနည်းလည်းကောင်းပင်။ အကြီးမဝယ်သည့် ဆပ်ပြာဗူးကမှ ငါးရာ၊ တစ်ထောင် ပေါက်တတ်သည်။ ထို့ကြောင့် မဲနှင့် ပတ်သတ်လာလျှင် ကံကောင်းတတ်သည်ဟု အကြီးမက မှတ်ယူထားသည်မို့ အကြီးမ၏မျက်နှာကြည်လာတာဖြစ်မည်။

“ကဲ ဒါဆို နက်ဖြန်မဲနှိုက်မယ်နော် ဟုတ်ပလား။ ဒီနေ့အိပ်တဲ့အခါ ဘုရားမှာ ဆုတောင်းအိပ်ကြ အမေ ညည်းတို့အဒေါ်ဆီ ဖုန်းသွားဆက်လိုက်ဦးမယ်”

ကလေးနှစ်ယောက်ကို ထားခဲ့ရင်း အေးသန်းဆီ ဖုန်းဆက်ဖို့ရာ ထွက်လာလိုက်သည်။ မနက်ဖြန်အဖြေပေးပါမည် ဟု ပြန်ပြောရပေမည်။ သို့မှသာ အေးသန်းတို့လည်း ပွဲစားခအတွက် စိတ်အေးရပေလိမ့်မည်။

(၃)

စာရွက်လိပ်နှစ်ခုကို ပန်းကန်လုံးထဲ ထည့်ရင်း မိသန်း မလုံမလဲ ပြုံးပြလိုက်မိသည်။ မိသန်း၏အရှေ့မှာတော့ သမီးနှစ်ယောက်က ငုတ်တုတ်လေးထိုင်လို့။ သူတို့သည်လည်း တစ်စုံတစ်ခုကို ရွေးချယ်ကြေး ဆိုသည့်ကစားပွဲကို ရင်ခုန်နေဟန်ရှိသည်။ ညက မြင်ခဲ့ရသည့် ဆုတောင်းကို ပြန်ကြားမိသည်။

ဘာတဲ့။ မမ ကျောင်းတက်ခွင့်ရပါစေ တဲ့။ ဒါက အငယ်မလေးရဲ့ ဆုတောင်း။ အကြီးမ၏ ဆုတောင်းကတော့ ခပ်ရှင်းရှင်းသာ။ တပည့်တော်မကို ကျောင်းပြီးအောင် တက်ခွင့်ပြုပါ တဲ့လေ။

ညက မိသန်းဖုန်းဆက်ပြန်လာတော့ သူတို့နှစ်ယောက်က ဘုရားစင်ရှေ့တွင် နေရာယူလျှက် တီးတိုးဆုတောင်းနေကြတာသာဖြစ်သည်။ သို့သော် မိသန်းက သူတို့၏နှုတ်ခမ်းကို သေချာစိုက်ကြည့်နေမိသူမို့ သူတို့၏ဆုတောင်းများကို နှလုံးသားဖြင့် ကြားရချေ၏။

ခေါင်းတစ်ချက်ခါကာ အတွေးတို့ဖျောက်ရင်း ပန်းကန်လုံးလေးကို ဟိုလှည့်ဒီလှည့် လှည့်လိုက်၏။

“ညီအစ်မနှစ်ယောက်လုံးအတွက် အမေ ညီညီမျှမျှ ဆုံးဖြတ်ပေးတာနော်.. ဒါ ဘယ်သူ့ရွေးချယ်မှုမှမဟုတ်ဘူး ကံတရားရဲ့ ရွေးချယ်မှုလို့သာမှတ်ထား နောက် ဘာဖြစ်လာလာ”

ထို့နောက် လှည့်နေသည့် ပန်းကန်လုံးကို ရပ်ကာ အကြီးမကို မေးဆတ်ပြလိုက်သည်။

“သမီးကြီး အရင်ဆုံးမဲနှိုက်လိုက်”

အကြီးမက မိသန်းပြောသည့်အတိုင်းမဲလိပ်တစ်လိပ်ကို ယူလိုက်သည်။

“ဒါက သမီးငယ်ရဲ့ မဲလိပ်နော်ဟုတ်လား အမေ ယူထားမယ် ကဲ သမီးကြီး မဲလိပ်ဖွင့်တော့ ကြည့်ရအောင် သမီးကြီးက ကျောင်းဆက်တက်မလား သမီးငယ်က ကျောင်းဆက်တက်မလားဆိုတာ”

“အမေ သမီးပဲ ကျောင်းထွက်လိုက်ပါ့မယ် မမက ခုကို ကိုးတန်းတက်မှာဆိုတော့ ဆယ်တန်းအောင်တယ်ဆိုရင်ကို အလုပ်ကောင်းကောင်းရနေပြီလေ..မဲမနှိုက်ပါနဲ့တော့”

အငယ်မ၏စကားကြောင့် အကြီးမ၏ ဝင်းလက်သွားသည့် မျက်လုံးများကို သတိထားမိတော့ မိသန်းရင်မှာ တစ်ချက်ကျင်သွားရသည်။ နှုတ်ဆိတ်နေသည့် အကြီးမ၏ သဏ္ဍာန်က မိသန်းသာ ကျောင်းတက်တော့ ဆိုလျှင် မဖြစ်မနေ တက်မည့်ပုံစံမျိုး။

“ဘယ်သူ့ကိုမှ တမင်မရွေးခိုင်းတာ သမီးငယ်ရဲ့။ ဘာ့လို့ဆို နောက်တစ်ချိန်ကျရင် ဘယ်သူက ဘယ်လိုဆုံးဖြတ်လို့ ဆိုတာတွေ ဖြစ်လာမှာ။ အဲဒီအစား အခုလို မဲနှိုက်ရွေးလိုက်တာ အားလုံးအတွက် အကောင်းဆုံးပဲ”

မျက်နှာငယ်ငယ်ဖြင့် ငြိမ်သက်သွားသည့် အငယ်မကို ကြည့်ရင်း မိသန်းသက်ပြင်းတစ်ချက်ချလိုက်သည်။ အစ်မဝမ်းကွဲနှင့် ပြောခဲ့သမျှ စကားတို့ကို ပြန်ကြားယောင်မိတော့ အို ငါမှန်တယ် ဟု အားတင်းမိပြန်သည်။ ပြောကြသည်မဟုတ်လား။ ကမ္ဘာမီးလောင် သားတောင်ချနင်း တဲ့။ ခု မိသန်းက ချနင်းသည်မှမဟုတ်ပဲ။ လိုအပ်ချက်အရ ဆုံးဖြတ်လိုက်ရသည်မဟုတ်လား။

-----++++--------

(၄)

“သမီး ကျောင်းတက်ချင်တယ်… ဟီး..ဟီး သမီးကျောင်းတက်ချင်တယ်”

မဲလိပ်ကို ဖြည်ကြည့်အပြီး ရုတ်တရက်ထငိုလိုက်သည့် အကြီးမ၏ အသံကြောင့် မိသန်းလည်း မျက်ရည်များ စီးကျလာ၏။ အငယ်မသည်လည်း အကြီးမကို ဖက်၍ ကြူကြူပါအောင် ငိုချေပြီ။

“အမေ သမီး ပဲ ကျောင်းထွက်ပါရစေ..သမီးပဲ ကျောင်းထွက်ပါရစေ..”

အငိုပြိုင်ပွဲမှာ မည်သူ့ကို တားလို့တားရမည်မသိ။ မိသန်းနားတို့ အုံကိုက်လာသကဲ့သို့ ရှိချေပြီ။ လက်တွင်းမှ သမီးငယ်၏မဲလိပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သမီးကြီးသာ တွေးတတ်လျှင် သူ့စာရွက်မှာ ပါသည့်အတိုင်း သမီးငယ်၏စာရွက်မှာလည်း ပါသည်ကို တွေးမိမည်မှာ အမှန်။

မိသန်း တရားပါရဲ့လား။ မျက်ရည်ကျနေသည့် သမီးနှစ်ယောက်ကို တားဖို့ထက် မိသန်းကိုယ်မိသန်းသာ အပြစ်ဖို့မိတော့၏။ ပြီးလျှင် အေးသန်းကို ဖုန်းသွားဆက်ရဦးမည်။ မနက်ဖြန် အကြီးမကို လာခေါ် ဟုပြောဖို့။ ပြီးလျှင် သုံးလစာတော့ ကြိုထုတ်ခိုင်းမည်။ သို့မှသာ မိသန်း အိမ်လစာပေးသည့်အခါ အလွယ်တကူပေး၍ရပေမည်။

စိတ်ကို တိခနဲ ဖြတ်မိ၏။ အားလုံးကောင်းဖို့ပါ သမီးရယ် ဆိုသည့်စကားကို ဆိုဖို့ရာ နှုတ်ကမထွက်။ လေးပင်သည့် ခြေလှမ်းများဖြင့်သာ ဖုန်းဆိုင်ရှိရာသို့ လျှောက်လာမိတော့၏။ သမီးငယ်၏မဲလိပ်ကိုတော့ တချိန်မှာ အမှားဝန်ခံဖို့ရာအတွက် သက်သေခံအဖြစ်သိမ်းထားရပေမည်။ ဟုတ်သည်။ သိမ်းထားရဦးမည်ဖြစ်၏။

ကိုဇော်မောင်ရေ တော်ဘာလို့ အသေစောခဲ့တာလဲ။ ပြုနေမြဲအတိုင်းပင် သွားလေသူကို ရန်ထောင်မိ၏။ သွားလေသူကြီး သိပါရဲ့လားဟု ရန်ထောင်မိချေပြီဖြစ်၏။

အမေ တဲ့။ မိသန်းသည် အမေပီသပါရဲ့လား။ ကိုယ့်သမီးကို အိမ်ဖေါ်ဘဝရောက်အောင်တွန်းပို့သည့် မိသန်းဟာ အမေပီသပါရဲ့လား။ ကိုယ့်ကိုယ်ကိုယ်မေးရင်းက မြင်နေရသည့် တယ်လီဖုန်းဒိုင်ခွက်များကို နှိပ်ဖို့ရာ မိသန်းမှာ အင်အားမရှိပြီ။ ထိုင်ခုံမှာ ခပ်လျောလျောထိုင်နေရင်း မြင်ယောင်နေမိသည်က သမီးနှစ်ယောက်၏ မျက်ရည်များ။

“ကဲ မိသန်း ဖုန်းဆက်မှာဖြင့်လည်းဆက် မဆက်ဘူးဆိုလည်း ခဏထပေးဦး နောက်မှာ ဆက်မယ့်သူရောက်နေပြီ။”

ဖုန်းဆိုင်မှ ဘွားမေ၏အသံကြောင့် မိသန်း ထိုင်ခုံမှ ဖယ်ပေးလိုက်သည်။ သို့သော် ငေးငိုင်မိနေဆဲ။ ဖုန်းဆက်သူပင် ပြန်လည်ထွက်ခွာသွားချေပြီ။ မိသန်းကတော့ ယခုအချိန်ထိ ဖုန်းဆက်ဖို့ရာ အဆင်သင့်မဖြစ်သေး။ အရာရာကို ရေကန်အသင့်ကြာအတင့် ဖြစ်သည်ထိစီစဉ်ပြီးခါမှ ဖုန်းဆက်ဖို့ အဆင်သင့်မဖြစ်သေး။ ခြေအစုံကို အိမ်ပြန်လှည့်ရမည်လား။ သို့မဟုတ် သည်မှာပဲ ဖုန်းဆက်ဖို့စောင့်ရမည်လား ယခုထိမဝေခွဲတတ်သေး။

အို…မှန်တယ်။ ငါမှန်တယ်။ တခြားဖြည့်ဆည်းလို့ရတာ ဘာမှမရှိလို့ ဒီလမ်းကို ရွေးလိုက်ရတာပဲ။ ငါ မှန်တယ်။

စိတ်ကို ပြန်လည်တင်းသည်။ လက်ကို ဖုန်းဒိုင်ခွက်ဆီသို့ ရွှေ့သည်။ သို့သော်နှိပ်လိုက်မိသည့် ဂဏန်းများသည် ကပေါက်တိကပေါက်ချာ။ ကိုဇော်မောင့် မျက်နှာက အလိုလို မျက်လုံးထဲရောက်လာသည်။ ထို့အတူ သမီးနှစ်ယောက်၏ ငိုညည်းသံများ။

“မိသန်း ညည်း ခုထိယောကျ်ားမယူတာ ငါတို့ဖြင့် အံ့သြမဆုံးဘူးဟယ် မိန်းမဆိုတာ အရွယ်လေးရှိတုန်း ရအောင်ယူဟဲ့ နင့်သမီးတွေက နင့်ဘေးနားမှာ အမြဲနေပေးနိုင်မှာမဟုတ်ဘူး”

ဘွားမေ၏ တိုက်တွန်းသံကိုကြားတော့ နှုတ်ခမ်းက အလိုလိုတွန့်ပြုံးမိသည်။ ဘာတဲ့ အရွယ်လေးရှိတုန်း တဲ့။ ဟင် အရွယ်လေးရှိတုန်း တဲ့။ အတွေးမဆုံးမီပင် ဖုန်းကို ချလိုက်မိပြီဖြစ်၏။ ဟုတ်သည်။ မိသန်း မအိုသေး။ အဝတ်လျှော်ရုံနဲ့ မလုံလောက်လျှင် အကြော်ကြော်ရောင်း၍ ရသည်။ ဟော မိသန်း မုန့်ဟင်းခါးရောင်းနိုင်သည်။ ကဲ ကြည့်စမ်း။ လုပ်စရာအလုပ်တွေ အလျှိုအလျှို ပေါ်လာပါပြီကော။ အိမ်လစာဖြစ်မည့် နားကပ်ကို အရင်းအနှီးလုပ်မည်။ ကဲ ဘာလိုသေးလဲ။

သူ့ကိုပင် နှုတ်မဆက်ပဲ ကတိုက်ကရိုက်ပြန်သွားသော မိသန်းကို ဘွားမေမည်သို့ ထင်မည်မသိ။ မိသန်းကတော့ သမီးနှစ်ယောက်ကို သတင်းကောင်းလေးသွားပြောရဦးမည်။

“ငါ့သမီးတွေ ကို ဘယ်မှမပို့ဘူး” ဟုပင်။

ကျောင်းနားကောင်း နားနိုင်သည်လေ။ သို့သော် မိသန်းနှင့်အဝေးတွင် မရှိစေရ။ ခြေလှမ်းတို့သည် လှမ်းနေသော်ငြား လွှားခနဲလွှားခနဲဖြင့် ပြေးနေသကဲ့သို့ရှိ၏။ ဟော တွေ့ပါပြီ။ အိမ်ပေါက်ဝမှာ မိသန်းကို ရပ်စောင့်နေကြသည့် သမီးနှစ်ယောက်။ ပျော်မည်။ အငိုပွဲကြီး ကျင်းပပြီးပြီ။ အခု မိသန်းတို့ သားအမိသုံးယောက် အပျော်ပွဲကြီး ကျင်းပပါဦးမည်။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...