Tuesday, February 18, 2025

ကျွန်တော်နှင့် လူကြီးလူကောင်းပွဲတော်

 (၁)

မနိုင်ရင်ကာ မြိုချနေရသည့် စကားလုံးများစွာကြောင့် ရင်ပြည့်နေပါသည်။ ဟုတ်၏။ စကားလုံးများတွင်လည်း ရင်ပြည့်နိုင်သည့်အစွမ်းရှိကြောင်း သိစေချင်ပါ၏။
အဒေါ်ကြီးက သူ့တူကို လက်ညိုးထိုးလျှက်ပြောတတ်သည့် စကားတစ်ခွန်းကို ကျွန်တော်မုန်းပါသည်။ “သူ့အမေနဲ့အဖေနဲ့ နေတုန်းက အသွေးအရောင် မပြောင်သလောက် တွေ့လား ငါ့အိမ်မှာ လာနေကတည်းက အသွေးအရောင်ပြောင်နေတာ” ဆိုသည့် စကားပင်ဖြစ်သည်။ ဟုတ်ကဲ့။ ပါးလျက်နားလျက် ဖင်လေးနှံ့ပြပါ့မည်။ “ငါ့အိမ်ရောက်မှ အသွေးအရောင်ပြောင်လာသည့် ခွေး” ဟု ပြောင်းလဲသုံးနှုန်းစေချင်ပါသည်။
တချို့သောသူများသည် သူတို့၏ကြင်နာမှုစိတ်ကြီးမြတ်မှုကို အဖန်ဖန်အထပ်ထပ်ပြောခြင်းအားဖြင့် သူတို့၏ဂုဏ်ကို ပိုမိုပြောင်လက်စေ၏။ သို့သော် ထိုကြင်နာမှုစိတ်ကြီးမြတ်မှုကို လက်ခံလိုက်ရသည့်သူအတွက်မူ နဖူးထက်ကအမာရွတ်မြင်တိုင်း ကေဝဋ်ပုဏ္ဏားက မဟောသဓါကို သတိရသကဲ့သို့ လူတစ်ယောက်ကိုတွေ့တိုင်း “ကျွန်တော်ဟာ သူမွေးထားတဲ့ ခွေးလေးပါခင်ဗျာ” ဟု ခေါင်းလေး ညိတ်မပြရရုံတမယ်သာရှိ၏။ ဟုတ်ကဲ့။ ထိုသို့သော ကြင်နာမှုစိတ်ကြီးမြတ်မှုကို လက်မခံချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအဒေါ်ကြီး၏တူမှာ ကျွန်တော် ဖြစ်သောကြောင့်ပင်။ သို့သော် အဒေါ်က ကျွန်တော့်ကိုတော့ တော်တော်ချစ်သည်မှာ သေချာပါ၏။ တချို့သော သူများကော အမှန်တကယ်ချစ်ကြ၍ပဲ ဂုဏ်ဖေါ်ကြလေသည်လား။ သို့မဟုတ် ငါလုပ်ခဲ့တာ ဆိုသည့်စိတ်နှင့်များ ဝံ့ကြွားခဲ့လေသည်လား။


(၂)
အနည်းငယ်တော့ ရယ်ရသည်။ သို့မဟုတ် အများကြီးတော့ ရယ်ရသည်။
လူတစ်ယောက်၏ ချင်ခြင်းကို တပါးသူက ဝင်ရောက်စွက်ဖက်သည့် အခြင်းအရာများသည် မြန်မာ့ယဉ်ကျေးမှုအရ မိသားစုတိုင်းအိမ်တိုင်း၌ တည်ရှိနေဆဲ အလေ့အကျင့်တစ်ခု။ ထိုအလေ့အကျင့်သည် တစ်ပါးသူ၏ဘဝကို ဝင်ရောက်စွက်ဖက်နေပါ့လား ဆိုသည့်အသိထက် ဝင်ရောက်စွက်ဖက်ခွင့်ရသည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေသူများစွာရှိလေ၏။ အဖွဲ့အစည်းများတွင်လည်းကောင်း၊ မိသားစုများတွင်လည်းကောင်း အသက်၊ ဝါ၊ အတွေ့အကြုံ စသည်တို့ဖြင့် ထိုအလေ့အကျင့်ကို သုံးစွဲကြလေ၏။ ထိုသို့သော အထင်ရောက်ကြခြင်းကြောင့် ဒုက္ခများစွာ ရောက်ရသူထဲတွင် ကျွန်တော်ပါပါသည်။
သေချာပါသည်။ ကျွန်တော်၏ကိုယ်ပိုင်ဘဝကို တည်ဆောက်ခွင့်ရသည့်တိုင်အောင် ကျွန်တော်မဟုတ်သည့်သူ၏ဘဝအရေးကို ဝင်ရောက်စွက်ဖက်ဖို့ရာ ကျွန်တော်စိတ်မဝင်စားပါ။ အတန်းပညာကို သင်ခဲ့ရသည့်မည်သူမဆို ကိုယ်ပိုင်တွေးခေါ်တတ်သည့် ဥာဏ်တော့ ရှိပါလိမ့်မည်။ ထိုဥာဏ်ကို ပိုမို၍တောက်ပအောင် အနားကွပ်ပေးသည်က လူ့မိတ်ဆွေဖြစ်သည့် စာအုပ်များ မဟုတ်သလော။
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ဟူသည့် ရာသီဥတု သုံးခုရှိပါသည်။ ကျွန်တော့်မှာ အမေ အဖေ အဒေါ် ဆိုသည့် ဆွေမျိုးသားချင်း သုံးယောက်ရှိပါသည်။ ကျွန်တော်နှင့်သင့်တော်မည့်အရာကို ရွေးချယ်ဖို့ ထိုဆွေမျိုးသားချင်းသုံးယောက်က အခွင့်မပေးပါ။ ကျွန်တော်နှင့် သင့်တော်မည်ထင်သည့် အရာကို ကျွန်တော့်ထံသို့ တစ်ခုပြီးတစ်ခု လဲလှယ်တပ်ဆင်ပေးနေပါသည်။ ကြာလာတော့ တပ်ဆင်ခံရသူမှာသာ နွမ်းချိလာပြီဖြစ်၏။ ကျွန်တော့်မိသားစုများကတော့ လဲလှယ်လို့ ကောင်းဆဲပင်။
အရှေ့သို့သွားသည်။ မရ။ ဘေးတစ်ဖက်တစ်ချက်မှ ဆွဲကာ ကျွန်တော့်ခြေလှမ်းများကို အနောက်ဆီသို့ ဦးတည်ပေးကြ၏။ မြေပြင်ထက်ကြွေကျနေသည့် သစ်သီးကို ကောက်ယူဖို့ကြိုးစားသည်။ မရ။ ကျွန်တော့်လက်များကို မိုးပေါ်သို့ထောင်စေလျှက် မည်သည့်အချိန်၌ ပြုတ်ကျလာမည်မှန်းမသိသော သစ်သီးကို အမျှော်ခိုင်းချေ၏။ ကျွန်တော်သည် လက်နှစ်ဖက်က မိုးပေါ်ထောင်လျှက် မျက်လုံးအစုံကတော့ မြေပြင်ထက်ရှိသစ်သီးဆီ အာသာငမ်းငမ်းကြည့်လျှက်သာတည်း။
ကျွန်တော်က လူလိမ္မာ ဖြစ်သည်။ သို့မဟုတ် လူလိမ္မာယောင်ဆောင်နေသော လူဂျစ်ကလေးသာ ဖြစ်သည်။ ဂျစ်တီးဂျစ်ကန်နိုင်သည့် လူငယ်တစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် အများအမြင်တွင်မှန်စေရန် လူလိမ္မာဟန်ဆောင်ရသည်မှာ ပင်ပန်းလွန်းလှ၏။
ကျွန်တော်ကဲ့သို့ လူလိမ္မာဟန်ဆောင်နေရသူများ ဤလောကတွင် မည်မျှ များလေသနည်း။
(၃)
စကားမစပ် တန်ဖိုး ဆိုသည့် စကားလုံးအပေါ် ဇာချဲ့တွေးချင်ပါသည်။ တစ်စုံတစ်ယောက်တစ်စုတစ်ဖွဲ့မှ ရွှေဟု ထင်နေသော အရာကို ကျွန်တော်က အဝါရောင်ရှိသော အတုံးတစ်တုံးဟုသာ မြင်ပါသည်။ ကျွန်တော့်အတွက် ထို့ထက်မပိုခဲ့ပါ။ ထို့အတူ ကျွန်တော်မြင်နေသည့် တလက်လက်တောက်ပနေသည့် စိန်ကိုလည်း အဖိုးဖြတ်ပုံချင်းမတူသည့်အတွက် ကျွန်တော်ကဲ့သို့ စိန်ဟုထင်မည့်သူမှာ ရှားလှ၏။ သဲကန္တာရတွင်ရောက်နေသူအတွက် ရေတစ်ဗူးနှင့် စိန်တစ်ပြည် မည်သည့်အရာက အရေးပါမည် ဆိုသည်မှာ ကလေးပင် တွေးသိနိုင်ချေ၏။ ယခုဖြစ်နေရသည်ကား ကိုယ်ရောက်နေသည့်နေရာသည် မည်သို့သောနေရာဖြစ်သည်ကိုသိလျှက် ကျွန်တော့်မှာ ပြင်ဆင်ဖြည့်ဆည်းလိုက်ရုံမျှနှင့် လက်ထဲရောက်လာမည့် စိန်ခဲကို ပြင်ဆင်ဖြည့်ဆည်းခွင့်မရှိသူသာတည်း။ ဟုတ်ကဲ့။ ရွှေဟု ထင်နေကြသော အရာကို ကျွန်တော် မမက်မောပါ။ ကျွန်တော် မက်မောသည်က ကျွန်တော့်ပြုပြင်ဖြည့်ဆည်းမှုကြောင့် ဖြစ်ပေါ်လာမည့် စိန်ကိုသာ ဖြစ်၏။
လူပီသမှုနှင့် လူသားဆန်မှုကြားတွင် အမှန်တရားသည် မည်သည့်နေရာဆီသို့ ပြေးဝင်ပုန်းကွယ်နေပါသလဲ။ မသိ။ ကျွန်တော် မသိပါ။ ရှာဖွေသည်က လူသားဆန်ခြင်း၊ ရရှိနေမိသည်က လူပီသမှု။ ပြုမှုနေထိုင်မှုများသည်လည်း လူပီသစွာ။ ထိုထိုသော လူပီသမှုနှင့် လူသားဆန်မှုတွင် အမှန်တရားသည် မည်သည့်နေရာ၌ တည်ရှိပါမည်လဲ။
တစ်ခါတစ်ရံတွင် ကျွန်တော်ကိုယ်တိုင်ပင်လျှင် လူသားဆန်ခြင်းကို အမှန်တကယ် ရှာဖွေချင်ပါရဲ့လား ဆိုသည့်အဖြေကို မသိ။ အမှန်တရားသည် ဥပဒေစာအုပ်အတွင်းမှ အချက်အလက်များလေလော။ လောကပါလတရားနှင့်အညီ နေထိုင်ခြင်းပေလော။ လောကပါလတရားဆိုသည်ကိုပင် ရှင်းလင်းအောင် ပြန်လည်ရှာဖွေရပေဦးမည်။
ဆိုခဲ့သည့်အတိုင်းပင် ကျွန်တော်က လူလိမ္မာတစ်ယောက် ဖြစ်ပါသည်။ ဝါ လူလိမ္မာယောင် ဆောင်ထားသည့် လူဂျစ်တစ်ဦးဖြစ်ပါသည်။ သို့အတွက် နေ့စဉ်လိုပင် မျက်နှာဖုံးတပ်ထားရလေ၏။ ကြီးသူကိုရိုသေ ငယ်သူကို သနား ရွယ်တူကို လေးစား ဆိုသည့်ဆောင်ပုဒ်လေးကို နှုတ်တိုက်ရွတ်ရင်းကနေမှ အခါအခွင့်သင့်သလို ကိုယ့်စိတ်အဟာရကို ဖြည့်ဆည်းရသည်မှာ သိပ်တော့ မစားသာလှ။ သို့သော် မကောင်းမှု၌ ပို၍မွေ့လျော်ခြင်းသည်ကိုက လူတို့၏ သဘာဝဖြစ်လေသည်မဟုတ်ပါလား။
ရံဖန်ရံခါ ကျွန်တော်ကဲ့သို့ မျက်နှာဖုံးဆောင်သူများကို တွေ့ရသည့်အခါတိုင်း ကျွန်တော်ပြုံးဖြစ်ပါသည်။ သြော် ကြောင်သူတော်ကြီးပါ့လား ဆိုသည့် အတွေးဖြင့်။ သို့သော် ထိုသို့တွေးရင်းကပင် ကိုယ့်ကိုယ်ကိုယ်တော့ ထိုလူ့လောက် ကြောင်သူတော်စရိုက်မဟုတ် ဟု တွေးထင်တတ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။
(၄)
ကျွန်တော်တို့ နေထိုင်နေရသည့် လူမှုရေးပတ်ဝန်းကျင်ကို လူကြီးလူကောင်းပွဲတော်ဟု ကျွန်တော် သမုတ်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မျက်နှာဖုံးလွတ်သည့်နေရာမှာ လူသေများမြုပ်နှံရာ ဌာနေ၌သာ ရှိသည်ဟု ထင်၏။ သွားလေရာနေရာတိုင်းတွင် စိတ်မကောင်းလွန်းသည့် မျက်နှာဖုံးများ၊ စိတ်ကြီးမြတ်မှု မျက်နှာဖုံးများ၊ စိတ်ချမ်းသာသည့် မျက်နှာဖုံးများ စသဖြင့် တွေ့နေရသော်လည်း လူသေများ မြုပ်နှံရာဌာနေတွင်မူ အရိုးများ ပွတ်တိုက်သံမှအပ မည်သည့်စကားသံမျှမကြားရဟု ကျွန်တော် ထင်သည်။
“ငါ မစလို့ ကြာတင့်လာတဲ့ အကောင်ပါကွာ”
“နောက်မှ ပေါက်တဲ့ ရွှေကြာပင်များ အလေးထားလို့..”
ကွယ်ရာမှ စကားတင်းဖျင်းဆိုသည်မှာ မျက်နှာဖုံးနောက်ကွယ်မှ ထွက်လာသည့် လေလည်သံများ ဖြစ်သည်မဟုတ်ပါလား။ မည်သည့်နေရာမဆို ထိုလေလည်သံဖြင့် မကင်းကြ။ ထို့အတူ ထို လူကြီးလူကောင်းပွဲတော်၌ အနိုင်ရရှိရန် ကျွန်တော် ကြိုးစားနေပါသည်။ မည်သည့်လေလည်သံမှ မပြုမိစေရန် ကြိုးစားနေပါ၏။ သို့မှသာ အဆုံးထိ မျက်နှာဖုံးတပ်လူကြီးလူကောင်းအဖြစ် ဆက်လက်ကပြနိုင်ပေမည်။
ဟုတ်၏။ ကျွန်တော်က လူဂျစ်တစ်ဦးဖြစ်ပါသည်။ ကိုယ့််သဘာဝနှင့်ကိုယ် အမှန်တရားကို ရှာဖွေနေရသည်ကိုက သို့မဟုတ် အမှန်တရားကို ရှောင်ပုန်းနေရသည်ကိုက ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည့် လူ့လောက မဟုတ်ပါလား။
သို့သော် ကျွန်တော် မျက်နှာဖုံးဆောင်ထားပါသည်။ သို့မှသာ လူချစ်လူခင်ပေါများမည်မဟုတ်ပါလား။

ရည်ဝေ(လင်းရောင်ခြည်) 

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...