Tuesday, February 11, 2025

ရောင်နီကတော့ သမ်းခဲ့ပြီ

“အောက် အီးအီး အွတ်”

ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။

“ဟင့်အင်း ဟင့်အင်း ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေပါရစေ”

တစ်ရက်မှသည် တစ်ပတ်တန်ခဲ့ပြီ။ သွားခေါ်တိုင်း ခေါင်းတခါခါလည်တခါခါနှင့်ငြင်းတတ်သည့် သမီးငယ်။ သူ့အဘိုးအဘွားရှေ့မှာ ဆွဲခေါ်လို့မရ၊ ရိုက်နှက်ခေါ်လို့မရနှင့် နောက်ဆုံး အဖေ့ သံသယမျက်လုံးကိုပါ အေးမိရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။

အကြည့်တို့ မှုန်ဝါးလာမှုသည် မျက်ရည်ကြောင့်လား။ ရင်တွင်းအပူကြောင့်လား။ ဝေခွဲမရခြင်းများစွာနှင့် အေးမိ ကတ်ကြေးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။




(၁)

ဒီနေ့မှပဲ မထင်မှတ်ဘဲ ကြာသွားရသည်။ သမီးလေးတော့ မျှော်နေမှာပဲ ဟု တွေးရင်း ခြေအစုံကို ခပ်သွက်သွက်လှမ်းလိုက်၏။ ဒီနေ့မှ ဒေါ်တိုးကြီးကလည် စကားကြောရှည်လိုက်တာ ဟု အပြစ်မြင်မိရင်း ဒေါ်တိုးကြီးဆိုစကားတို့ကို ပြန်ကြားယောင်မိလာပြန်သည်။ “နေ့ပြန်တိုးလေးယူမိပါတယ် သူ့လေကြောမှာ မျောရော” ဟုလည်း တီးတိုးအပြစ်တင်မိလိုက်သေးသည်။

“ယောကျ်ားဆိုတာမျိုးက လွှတ်မထားရဘူး အေးမိရဲ့ သူတို့ရဲ့ သွေးသားဆာလောင်မှုက နေရာမရွေးအချိန်မရွေးရှိတတ်တာဆိုတော့ ညည်းက မျက်စိဒေါက်ထောက်ကြည့်ထားမှ တော်ကာကျမှာ”

“အမယ်လေး ဒေါ်တိုးကြီးရယ် သူ့ယူမယ့် မိန်းမရှိပါစေဦး ပြန်အမ်းလိုက်ပါ့မယ်”

ရယ်ရင်းစကားဆိုမိပြန်တော့ ဒေါ်တိုးကြီးက ပြုံးသေးသည်။ ပြီးတော့မှ

“တကယ်အမ်းနိုင်တာလည်းမဟုတ်ဘဲနဲ့အေ ညည်းယောကျ်ားကို ကြိုက်သူမရှိဘူးလို့လည်းမပြောနိုင်ဘူးလေ တချို့ကောင်မလေးတွေက အပြောချိုရုံနဲ့ ရူပါဖြောင့်ရုံနဲ့ ပါတတ်ကြတာမဟုတ်လား ညည်းယောကျ်ားက ငွေရှာမကောင်းပေမယ့်အပြောကောင်းလို့ပဲ ညည်းကိုယ်တိုင်ပါသွားတာမဟုတ်ဘူးလား”

ဒေါ်တိုးကြီးစကားကို မငြင်းဝံ့ပါဘဲ အေးမိ လက်ခံလိုက်ရသည်။ ဟုတ်သည်လေ။ ယောကျ်ားယူဖို့အစီအစဉ်သည် အေးမိ၏ ဘဝအစီအစဉ်ထဲတွင်မပါ။ ဇော်အောင်နှင့်တွေ့ပြီး မှ ပေါ်ပေါက်လာခဲ့ရသည်မဟုတ်ပါလား။ ဟော အတွေးမဆုံးခင်ပင် အိမ်ကို လှမ်းမြင်လိုက်ရပြီမို့ အေးမိခြေတို့ ပိုသွက်လာရသည်။ အေးမိတို့အိမ်လေးက တခြားတဲအိမ်လေးများနှင့် အတော်ပင်လှမ်းသည်။ ကျူးတဲဖြစ်သလို အေးမိနှင့်ဇော်အောင်၏ အချစ်စမ်းပွဲများကြောင့်အေးမိတို့နားက ရှင်းလင်းနေသည်။ ကျူးရပ်ကွက် ဆိုတော့လည်း ရွာလူကြီးမရှိပြီမို့ အေးမိနှင့်ဇော်အောင်တို့ကတော့ စိတ်ရှိသလိုကြမ်းလိုက်ရမ်းလိုက်နှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ အေးမိ၏အဖေကတော့ ယောင်နောက်ဆံထုံးပါလိုက်သည့်အေးမိကို အပြစ်မြင်သည်။ ဇော်အောင့်ကို လက်ကြောမတင်းဟု အပြစ်မြင်သည်။ သမီးငယ်ကိုပင် သူတို့နှင့်ထားခဲ့ဟု စကားဆိုတတ်သူမို့ ဇောာ်အောင်နှင့်ရန်ဖြစ်သော်လည်း အေးမိ မိဘအိမ်ကို ဘယ်တော့မှမပြန်။

အိမ်လေးက မီးထွန်းမထား။ မှောင်မဲလျှက်ရှိ၏။ ဇော်အောင်မရောက်သေးတာဖြစ်မည်။ သမီးလေးကို ဘယ်အိမ်မှာများထားခဲ့ပါလိမ့် ဟု စဉ်းစားရင်း အိမ်ပေါ်သို့လှမ်းတက်လိုက်သည်။ ထို့နောက် မီးခြစ်နှင့်ဖယောင်းတိုင်ထားရာနေရာသို့သွားလိုက်တော့ ကျင့်သားရနေသည့်လက်က မီးခြစ်ကော၊ ဖယောင်းတိုင်ကိုကောပါ စမ်းမိ၏။ ထို့နောက်မီးခြစ်ဖြင့် ဖယောင်းတိုင်ကို ထွန်းညှိလိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အေးမိ မျက်လုံးတို့ ပြူးကျယ်သွားရရင်း

“ယောကျ်ား”

ဟု အော်လိုက်မိတော့သည်။ ပြန်မရောက်သေးဘူးထင်နေသည့် ဇော်အောင်က အိမ်ထဲမှာ ထရံကို မှီပြီးထိုင်လျှက်သားရှိနေသည်မဟုတ်ပါလား။  ဇော်အောင့်ရှေ့မှာတော့ သမီးငယ်။ ခွေခွေလေးလဲလျှက်သား။

“သမီးက အိပ်နေတာလား ဒီလောက်အစောကြီးကို ဒါမှမဟုတ် နေမကောင်းလို့လား”

ဇော်အောင့်မျက်နှာက ဖြူဖပ်ဖြူလျော်ဆန်လွန်းလှသည်။ ထို့ကြောင့် အေးမိ ထပ်မေးမနေတော့ဘဲ ဖယောင်းတိုင်ကို ဇော်အောင့်အားပေးရင်း သမီးငယ်ကို ပွေ့ချီလိုက်တော့ သမီးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖျော့ခွေလျှက်ပါလာသည်။ နဖူးပြင်တွင်လည်း ချွေးစများနှင့်။

“ ဘက္ထရီမီးချောင်းထွန်းလိုက်တော့ ယောကျ်ား သမီးကို ဆေးခန်း သွားပြရင်ကောင်းမလားမသိဘူး နင်မလာခင်ကတည်းက သူ အိပ်နေတာလား”

“အင်း”

မပွင့်တပွင့်ဖြေလာသော ဇော်အောင့်ကိုကြည့်ရင်း အေးမိနှာခေါင်းရှုံ့လိုက်မိသည်။ တစ်ရက်တစ်လေများ ဒီအရည်ကို မသောက်ဘဲ မနေနိုင်ဘူးလားဟု စိတ်တွင်းမှ ဒေါသတကြီးရေရွတ်မိရင်း သမီးငယ်ကို အိပ်ခန်းတွင်းသို့ပို့ရန် ပွေ့ချီလိုက်သည်။

(၂)

အိပ်ယာမှ နိုးလျှင်နိုးခြင်းပင် သမီးငယ်၏ နဖူးပြင်ကို စမ်းမိလိုက်သည်။ အဖျားသွေးမရှိ။ သို့သော် သမီးငယ်၏ နှုတ်ခမ်းလေးများက ဖြူလျော့နေဆဲဖြစ်ကြောင်း နှစ်ပေချောင်းမီးအလင်းဖြင့် တွေ့လိုက်ရသည်။ ဒီနေ့ကျောင်းကို ပို့သင့်မပို့သင့် အေးမိစဉ်းစားရပြီဖြစ်၏။ ဆိုင်ပိတ်ပြီး သမီးအနားမှာပဲ နေရင်ကောင်းမလားဟုလည်းတွေးမိချေပြီ။ သူမ၏ ဘေးဖက်မှာတော့ ဇော်အောင်ရှိမနေ။ တပို့တပါးသွားနေသည် ဖြစ်မည်။

“သမီး သမီး”

မျက်လုံးမဖွင့်။ နိုးထမလာ။ သို့သော် သမီးငယ်၏ လက်ချောင်းလေးများက စောင်ကို တင်းတင်းဆုပ်ကိုင်ထားသည်မို့ အေးမိ သမီးငယ်၏ လက်ချောင်းလေးများကို အသာအယာကိုင်ဖြုတ်လိုက်တော့ သမီးငယ်၏ မျက်လုံးလေးပွင့်လာသည်။

“မေမေ မီးငယ် ဘဘတို့ဆီမှာ သွားနေချင်တယ်”

“ဘာ့လို့လဲ သမီးရဲ့ ဘဘတို့ကို လွမ်းလို့လား လွမ်းရင် ဒီတစ်ပတ်ကျောင်းအားရက်ကျ လိုက်ပို့ပေးမယ်လေ”

မဖြေ။ သမီးငယ် မဖြေ။ ဖြူဖျော့နေသော သမီးငယ် ၏ နှုှုတ်ခမ်းအစုံသည် ရုတ်တရက်ဝိုင်းသွားရာမှ တင်းတင်းစေ့သွားသည်မို့ အနောက်ဘက်ဆီသို့လှည့်ကြည့်လိုက်မိတော့ ဇော်အောင်။ စိတ်မှာ ဘာ့ကြောင့်ထင့်ခနဲဖြစ်သွားရသည်လဲဟု မဆန်းစစ်နိုင်ခင်တွင် ဇော်အောင့်ထံမှ

“သမီးလေး နိုးပြီလား ဦးဖေဆီလာပါဦး မနက်စာ ဘာစားမလဲ”

သူမ၏ လြက်ဖင့်ဆုပ်ကိုင်ထားသော သမီးငယ်၏လက်ကလေးသည် ပို၍ အေးစက်လာသလိုရှိသည်။ ခေါင်းကိုတော့ တွင်တွင်ခါယမ်းရင်း

“သမီး ဘဘတို့ဆီမှာသွားနေချင်တယ်။အိပ်လည်း အဲဒီမှာပဲ ကျောင်းတက်လည်း အဲဒီမှာပဲ နေမယ် မေမေ လိုက်ပို့ပေးပါနော် မေမေ”

“သမီး ဘာ..”

မေးခွန်းမဆုံးခင်တွင်ပင် သမီး၏ခန္ဓာကိုယ်က ရုတ်တရက် ပျော့ခွေသွားမှုကြောင့် အေးမိ ကပျာကယာ သမီးငယ်ကို ကြည့်လိုက်မိသည်။ သတိမေ့သွားသည့်အခြေအနေမို့

“ဟဲ့ ဇော်အောင် ရှူဆေးဗူး သွားဝယ်ချေ ဒေါ်တုတ်ကြီးဆိုင်ကနေ တစ်ခါတည်း  အချဉ်ထုပ်ပါဝယ်ခဲ့”

ဇော်အောင်သွားဝယ်နေသည့်အချိန်တွင် သမီးငယ်ကို အိပ်ယာပေါ်သို့ပြန်လှဲပေးလိုက်သည်။ သို့သော် ထင့်ခနဲဖြစ်သွားသည့် သင်္ကာမကင်းဖြစ်စိတ်ကို မဖြစ်နိုင်ပါဘူးလေဟူသည့်အတွေးကိုတွေးရင်း ပို၍ စိတ်ချသေချာစေရန် ကပျာကသီဖြင့် သမီးငယ်ကို စစ်ဆေးကြည့်လိုက်တော့ ရင်မှာပူခနဲ။ တဝုန်းဝုန်းနှင့် လှိုက်ဖိုတက်လာသော ဒေါသမီးကို  ငြိမ်းသတ်နိုင်စွမ်းမရှိသေး။ သို့သော် သမီးငယ်၏လက်ရှိအခြေအနေအရ စိတ်ချရအောင် အနားပေးရဦးမည်။ ရှေ့တူရှုသို့ကြည့်လိုက်သည်။

 အိပ်ယာပေါ်မှာ ပျော့ခွေကာ သတိလစ်နေဆဲ သမီးငယ်ကတော့အေးမိ၏ သောကကို မသိနားမလည်စွာပင် ဥပက္ခာပြုထားလေသည်။

(၃)

“ယောကျ်ား ငါတို့ ကွာရအောင် နင်နဲ့ငါ ကွာရှင်းကြရအောင်”

ဖျတ်ခနဲကြည့်လာသော ဇော်အောင့်အကြည့်တွင် တစ်စုံတစ်ခုကို ထိတ်လန့်နေသယောင်ထင်ရ၏။

“ဘာလို့ကွာမှာလဲ အေးမိရယ် ငါ ဘာအမှားလုပ်မိလို့လဲဟာ”

ဇော်အောင့်ကို ရွံရှာစက်ဆုပ်စွာကြည့်လိုက်မိသည်။ သို့သော် မပေါ်စေရပါ။ ခေါင်းကိုသာခါယမ်းရင်း

“မဟုတ်ပါဘူးဟယ် ကိုရီးကားတွေမှာ အတွေ့များလို့ စကြည့်တာ ငါ့ဆိုင်နောက်က လက်ဖက်ရည်ဆိုင်မှာလေ နေ့ခင်းတိုင်း လူပါးတော့ ယောကျ်ားတွေဖေါက်ပြန်တဲ့ အိမ်ထောင်ရေးဇာတ်လမ်းကို အတွဲလိုက်ပြတာ နေ့ခင်းတိုင်းနော် ဒါ့ကြောင့် ငါလည်း နင့်ကိုစကြည့်တာ”

သက်ပြင်းချသံနှင့်အတူ ဇော်အောင်၏ လက်တို့က သူမ၏ ရင်ညွန့်ဆီဝဲလာသည်။ အေးမိ မျက်လံုံးကိုမှိတ်လိုက်တော့ မြင်လိုက်ရသည်ကသမီးငယ်။ အေးမိအဖေ သူ့အဘနောက်မှာ ပုန်းကွယ်နေရင်း

“သမီး ဘဘတို့နဲ့ပဲနေမယ်နော် ဘဘတို့နဲ့ပဲ နေမယ်နော် ”

အဖေကတော့ ခဏလေးပါဟု ပြောသော်လည်း သမီးငယ်၏ မျက်ဝန်းထဲမှ ကြောက်ရွံ့ရွံရှာမှုများကို အေးမိ မမေ့နိုင်။ ဒါခဏမဟုတ်ဘဲ တစ်သက်စာဖြစ်သွားမှာကို စိုးလှပါသည်။ သမီးငယ်ကိုယ်ဝန်နှင့် မုဆိုးမ အဖြစ်ကိုရောက်ရှိခဲ့သည်အေးမိ၊ သမီးငယ်အသက်လေးနှစ်တိုင်အောင် နောက်အိမ်ထောင်မထူခဲ့။ ယောကျ်ားဆုံးပါးပြီးကတည်းက တောက်လျှောက် ကွမ်းယာဆိုင်နှင့်အသက်မွေးတဲ့ အေးမိတစ်ယောက် အပြောချိုတဲ့ စပယ်ယာဇော်အောင်နှင့်မှ ကျွတ်တမ်းဝင်တော့သည်မဟုတ်ပါလား။ ယခုတော့မှားလေပြီလား။ ဇော်အောင်ကတော့ သူ့ရမ္မက်ကို ဖြေသိမ့်ဖို့ရာကြိုးစားနေဆဲဖြစ်၏။

“မင်း တာဝန်မကျေဘူး မင်း သမီးအပေါ်ကို တာဝန်မကျေဘူး”

“မဟုတ်ဘူးမဟုတ်ဘူး”

ခေါင်းကို အပြင်းအထန်ခါယမ်းလိုက်မိရင်း အေးမိ လန့်နိုးလာသည်။ဘေးနားမှာတော့ ဇော်အောင်က အိပ်စက်နေဆဲ။ အိပ်မက်ထဲမှ သေဆုံးသွားပြီဖြစ်သည့် ယောကျ်ား၏ မျက်လုံးရဲရဲကြီးများကို မြင်ယောင်မိသော်လည်း အေးမိမကြောက်.။ အေးမိကြောက်သည်က …။

သမီးငယ်၏ မျက်ဝန်းလေးများ။ ဖြူလျော့နေသည့် မျက်ဝန်းလေးများတွင် အဓိပ္ပါယ်များစွာပါသည်။ အေးမိ၏မေးခွန်းမှန်သမျှကို ခေါင်းညိတ်ခေါင်းခါသာ လုပ်ခဲ့သော သမီးလေး။ ထိုခေါင်းညိတ်ခေါင်းခါတွင်ပင် ဇော်အောင်၏ သားစားကျူးမှုပြဿနာကြောင့် သမီးလေးစိတ်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း အဖြေထွက်လာခဲ့သည်။

“ဦးဖေကိုထားခဲ့ပြီး သမီးနဲ့လာနေပါ့လားဟင်”

မျက်ဝန်းဝိုင်းဝိုင်းလေးမှာ မျက်ရည်အပြည့်ဖြင့် မေးလာသော သမီးငယ်လေး။ အဖေ့ကိုတွေ့သည်နှင့် အဖေ့လက်ကို ရုတ်ခနဲဆွဲလို့ ကိုယ့်လက်ကို ဆက်ခနဲရုတ်သွားခဲ့ပါသော သမီးငယ်လေး။ ဇော်အောင်နှင့်လက်ထပ်ပြီးခြောက်လကြာသည်ထိပြဿနာမရှိပါဘဲ ယခုမှ စိတ်ဇောတွေ တက်ကြွလာရလားဟု ကံကြမ္မာကို .ယိုးမယ်ဖွဲ့ချင်သည်။ အိုး ဒါကံကြမ္မာမှမဟုတ်ဘဲ။ ယောကျ်ားတစ်ယောက်ရဲ့ သားစားကျူးမှုပြဿနာမဟုတ်ဘူးလား။

ဆန္ဒပြည့်ဝသွားပြီဖြစ်သည့် ဇော်အောင်၏ ကုလားသေကုလားမော ဟောက်သံကြီးက တစ်ချက်တစ်ချက် ပေါ်လာသည်။ မှုခင်းဂျာနယ်တွေမှာ ပါလာကျပုံစံအတိုင်း ရပ်ကွက်လူကြီးနဲ့ရဲစခန်းကို တိုင်လျှင်ကော..။ အတွေးမဆုံးခင် အေးမိခေါင်းကို ဆက်ခနဲခါပစ်လိုက်သည်။

ဟင့်အင်း။ ဟင့်အင်း။ ဒါဆို သမီးလေးရဲ့ဘဝမှာ တစ်သက်လုံးအမည်းစက်အဖြစ် လိုက်နေမှာပေါ့။ ဒါဆို အေးမိဘာလုပ်လို့ရလဲ။ အေးမိကိုယ်တိုင် သတ်လိုက်ရင်ကော။ အို ဒါဆိုလည်း လွယ်ပေမယ့် အေးမိရဲ့ ဘဝဟာ သမီးလေးနဲ့ ဆက်စပ်နေတာပဲ မဟုတ်လား။

အေးမိ၏အပြုအမှုကြောင့် သမီးလေး ထပ်မံနစ်နာရမည်ကို စိုးပါသည်လေ။ အို ဒါပေမယ့်လည်း အေးမိ သမီးလေးကို ပြန်မတွေ့ရင် ဖြစ်တာပဲ မဟုတ်လား။ ဇော်အောင့်ဟောက်သံကြောင့် စိတ်ရိုင်းများက တစတစပိုပိုပြင်းထန်လာသည်။ ဘီလူး။ သားစားကျူးတဲ့ဘီလူး။ ရှောင်သင့်မရှောင်သင့်တောင်မစဉ်းစားတတ်တော့တဲ့ ဘီလူး။ ကြိုတင်တွေးမထားပါဘဲ လက်တို့က ကွမ်းသီးစိပ်ကတ်ကြေးကို အံဆွဲထဲမှ ထုတ်ယူလိုက်သည်။

အို အေးမိသာ တရားခံဖြစ်ရင် သူ့အမေဟာ တရားခံဆိုပြီး သမီးလေးမျက်နှာငယ်မှာပေါ့။ ဒါပေမယ့် ဒါပေမယ့်လည်း သမီးလေးအတွက် ဘယ်လိုပြန်ဖြေသိမ့်ပေးရမှာလဲ။

“အောက်..အီး…အီး..အွတ်”

ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ သမီးငယ်၏မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။ ထိုကဲ့သို့ မျက်ဝန်းဝိုင်းလေးများတွင် မျက်ရည်ကြည်တို့ပြည့်အောင် လုပ်ရက်သည့် သားစားကျူးဘီလူးတို့ ဘယ်လောက်များများအသက်ရှင်နေကြပါသလဲ။ သိပ်မကြာခင်ထိုဘီလူး နိုးထလာတော့မည်။ ကတ်ကြေးကို ဆုပ်ကိုင်ထားသည့် လက်တို့ ပို၍တင်းကြပ်လာသလိုရှိ၏။

လူမဆန်သည့်ဘီလူးနှင့် သမီးငယ်၏ ရှေ့တက်လမ်း၊ အမည်းစက် တွေးရင်းတွေးရင်းပင် အရာရာသည် ချာချာလည်သွားသလိုထင်ရ၏။

 လက်မှ ကတ်ကြေးကတော့ ရှေ့တိုးနောက်ဆုတ်ဖြင့်  ယခုထိ တဆတ်ဆတ်တုန်ခါနေဆဲ။



ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...