`ညိုနွယ် ရှက်မိ အပြစ်မရှိပါ´
----+++++++++++-----
တကယ်ဆို မိညိုနွယ်ဟာလေ ရှပ်အိင်္ကျီနဲ့ ဂျင်းဘောင်းဘီရှည်ကို သိပ်ကြိုက်တာ။ ခုတော့ ညိုနွယ် အကြိုက်ဆုံးဝတ်စုံကို တခြားတစ်ခုနဲ့ အစားထိုးလိုက်ပြီ။ တစ်သက်လုံးအတွက်လေ။ ဒီနေ့နဲ့ ဘယ်လိုနည်းနဲ့မှ မသက်ဆိုင်ပေမယ့် ဒီနေ့ကြောင့် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဘယ်လောက်ထိ အလုပ်ရှုပ်တဲ့နေ့ဖြစ်နေပါစေ၊ အိမ်နေရင်းပဲ ဖြစ်ပါစေ၊ မိန်းကလေးတစ်ယောက်ဝတ်ဆင်လိုက်ရုံနဲ့ လုံခြုံပြီး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံကိုပဲ အမြဲဝတ်တော့မယ်လို့လေ။ ဟုတ်တယ်။ တစ်သက်လုံးအတွက်။
---++++++++++++++++++++++++++++++++++++++++++++++++----
ထိုင်နေတဲ့ ခပ်မတ်မတ်ကိုယ်ကို နည်းနည်းစောင်းပြီး ညိုနွယ် ထိုင်လိုက်တယ်။ ဒီနေရာမှာ ဒီလိုထိုင်နေရတာ နာရီဝက်ကြာပြီဆိုတော့ ညောင်းပြီလေ။
တကယ်ဆို စောင့်ဆိုင်းရတာကိုမုန်းလွန်းလို့ ညိုနွယ် ဘယ်တုန်းကမှ စောင့်ရတဲ့ မျှော်ရတဲ့အလုပ်ကို မလုပ်ခဲ့ဖူးဘူး။ သူငယ်ချင်းတွေနဲ့ချိန်းလို့ နောက်ကျနေတဲ့သူငယ်ချင်းတွေရှိမယ်ဆိုတောင်မှ အေး..ငါတို့ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာလောက်ပဲ ဖုန်းဆက်အသိပေးတတ်ခဲ့တာမျိုး။ ခုတော့ လူတစ်ယောက်ကို ညိုနွယ်စောင့်နေရပြီ။ တကယ်ဆို မစောင့်ချင်ဘးူ။ ငြင်းချင်တာပေါ့။ ဒါပေမယ့် တာဝန်ဆိုတော့လဲ ဒါလေးယူပြီး ပြီးတာပဲ လို့တွက်ခဲ့မိတော့ (ဒီလောက်ထိ စောင့်နေရမယ်မထင်တာလဲပါတာပေါ့) ခေါင်းလေးညိတ်၊ ဘက်စ်ကားမှတ်တိုင်နာမည်မေး၊ ဆိုင်နာမည်မေးပြီး လာခဲ့ရတာ။ ညိုနွယ်က မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ စာရေးမလေ။ ညိုနွယ်သွားရမယ့်နေရာနဲ့ လမ်းကြုံတယ်ဆိုပြီးတော့သာ အယ်ဒီတာယူခိုင်းတဲ့ ဓါတ်ပုံကို ညိုနွယ်လာယူရတာ။
တကယ်ဆို ဒီလူကြီးကို ညိုနွယ်စောင့်နေတာ နာရီဝက်မှ မကဘဲ။
မလာခင်ကလည်းဖုန်းကြိုဆက်ပြီးသား။ ရောက်ခါနီးတော့လည်း ဖုန်းဆက်သေးတယ်။ မှတ်တိုင်ကနေဆင်းလိုက်တော့လည်း မှတ်မှတ်ရရ ဖုန်းဆက်ပြောဖြစ်လိုက်သေးတယ်။ ဒါကိုတောင် နာရီဝက်ကျော်သည်အထိ ပေါ်မလာတာက နည်းနည်းတော့လွန်တယ်ထင်မိတယ်။
ဆိုင်ကိုတွေ့စက ဓါတ်ပုံဆိုင်ဆိုပြီး အခန်းတံခါးကြီးပိတ်ထားလို့ နည်းနည်းတော့ အဆန်းသား။ ဒါပေမယ့် အထဲကိုဝင်ကြည့်တော့မှ အော် လို့ ရွတ်မိပြီး သူတို့ဓါတ်ပုံရိုက်တာကို လိုက်တွေးပြီး သဘောပေါက်ရတယ်။ ဆိုင်ခန်းတည်ပုံအရ အခန်းဖွဲ့ဖို့အဆင်မပြေလို့ အပြင်က နေ တံခါးပိတ်တာဖြစ်မှာပေါ့လို့ တွေးမိသေးတော့။ အခန်းထဲ ရောက်ရောက်ချင်းပဲ အဲဒီလူကြီးဆီက ဓါတ်ပုံယူစရာရှိလို့ပါလို့ပြောတော့ ဟိုလူကြီးနှစ်ယောက်က ထိုင်စောင့်ပါ လို့ပြောထားတဲ့ ခုံမှာ ထိုင်ပြီး သီချင်းနားထောင်နေရင်းက ပျင်းလာတာနဲ့ညိုနွယ် မျက်စိကစားလိုက်တယ်။ အခန်းတွင်းကို။ အလှရိုက်တဲ့ ဓါတ်ပုံလေးတွေထဲက ကိုယ်နေဟန်ထားလေးတွေကို လေ့လာချင်တာလည်းပါတာပေါ့လေ။
အိုး …။
နှုတ်က တီးတိုးရွေရွတ်မိပြီးတော့ ညိုနွယ် မျက်နှာကို တခြားဖက် လှည့်လိုက်မိတယ်။ စောစောက သိပ်မချမ်းခဲ့ဘဲ နေကောင်းရုံလောက်ပဲလို့ ထင်ခဲ့မိတဲ့ Air-Con အအေးကပဲ ပိုပြီး အေးခဲလာသလား။ အယောင်ယောင်အမှားမှားနဲ့ လက်တွေအချင်းချင်းဆုပ်လိုက်တော့ လက်တွေက အေးစက်နေတယ်။ အခန်းတံခါးကို ပိတ်ပြီး ရိုက်တဲ့ ဓါတ်ပုံဆိုတာ ဒီလိုပုံမျိုးလို့ ဘာလို့များ ညိုနွယ် မတွေးမိခဲ့ပါလိမ့်။
ငါ က အလုပ်နဲ့လာတာပဲ၊ ဆိုတဲ့ မာန်လေးနဲ့ ခါးကို မတ်မတ်ထိုင်လို့ ပြုံးကြည်နေတဲ့ဲ့ မျက်ဝန်းတလက်လက်ဟာ ခုချိန်မှာ ဘယ်ကိုနေရာရွှေ့ရမှန်းမသိဖြစ်နေတယ်။ ပူနွေးလာတဲ့ ပါးပြင်ကို လက်အေးအေးလေးတွေနဲ့ ထိလိုက်ပြီး မျက်လုံးကို ပြန်ကြည့်လိုက်တယ်။ လှလိုက်တာ၊ ပြီးတော့ အရှ့က်မဲ့လိုက်တာ ဆိုတဲ့ စကားကိုပဲ ထပ်ရွတ်မိပြီး ကိုယ့်ကို တည့်တည့်ကြည့်နေတဲ့မျက်လုံးတွေကို ညိုနွယ် တည့်တည့်စိုက်ကြည့်မိတယ်။ သူ့ရင်သားမို့မို့လေးတွေကို လက်နှစ်ဖက်နဲ့တွန်းတင်ထားပြီး အတွင်းခံပဲ ဝတ်ပြထားတဲ့ မော်ဒယ်လ်မလေးကလဲ ဓါတ်ပုံထဲကနေ ညိုနွယ့်ကို မာမာထန်ထန်စိုက်ကြည့်နေတုန်းပဲ။ ဟင့်အင်း။ မာထန်တာမဟုတ်ဘူး။ တစ်စုံတစ်ခုကို ညှို့ယူနေတဲ့ မျက်လုံးမျိုး။ ညုတုတု မျက်ဝန်းဆိုတာ ဒါမျိုးများလား။ ညိုနွယ့်အဘွား ပြောပြောနေတတ်တဲ့ လင်ဆာ မျက်လုံး ဆိုတာ ဒါမျိုးများလား။
ကြည့်ရတာ ဓါတ်ပုံကို အနုပညာတစ်ခုအနေနဲ့ ချိတ်ပြထားတာ ထင်ပါရဲ့ ။ အို.. အတွေးမဆုံးခင်ဘဲ ညိုနွယ် ချက်ချင်း ခေါင်းခါပစ်မိတယ်။
ဟင့်အင်း။ ဒါ လုပ်ငန်းခွင်လား၊ ဒါ အနုပညာ လား။ အေးစက်ပြီး အမှောင်သမ်းနေတဲ့ အခန်းကျယ်ကြီးထဲမှာ လူတစ်ယောက်ကို ထိုင်စောင့်နေရတဲ့ ညိုနွယ့်ရဲ့စိတ်ထဲ သမ္မာအာဇီဝကျတဲ့အလုပ်နဲ့လာတာ ဆိုတဲ့ မာန်လေးတောင် တိုးဝင်နိမ့်ကျလို့။ မိန်းမကောင်းတစ်ယောက် ရဲရဲစိုက်မကြည့်ဝံ့ရဲတဲ့ ဓါတ်ပုံကို အနုပညာတစ်ခုအနေနဲ့ ချပြထားမယ်ဆိုရင် နောက်အနှစ်နှစ်ဆယ်လောက်ဆို အနုပညာဆိုတာ ဘယ်လိုမျိုးများ ဖြစ်နေမှာပါလိမ့်။ စာရင်းတွေချည်း မှတ်ထားတဲ့ စာရေးမတစ်ယောက်ရဲ့ဦးနှောက်ထဲမှာ ဒီလိုဓါတ်ပုံကို အနုပညာလို့ မသတ်မှတ်နိုင်တာ ညိုနွယ့်အမှားလို့ ညိုနွယ်တော့မထင်ပါဘူး။
ဟိုးခပ်လှမ်းလှမ်းက မီးရောင်အောက်မှာ ကွန်ပျူတာတစ်လုံးဆီ ခေါင်းချင်းဆိုင်ပြီး ဗွီစီဒီ ရိုက်ဖို့ဆိုပြီးဆွေးနွေးနေတဲ့ ယောကျ်ားရင့်မာကြီးတွေကို လှမ်းကြည့်မိတော့ ဟော.. ထပ်ပြီး ပါးပြင်မှာ နွေးခနဲ အရှက်ရ ရပြန်ပါပြီ။ ဒီလိုပုံတွေကို ညိုနွယ်တွေ့ဖူးတာကကိုယ့်ဖုန်းထဲမှာ၊ ကိုယ့်ကွန်ပျူတာထဲမှာ အခန့်မသင့်ဘဲ မြင်လိုက်ရတတ်တာမျိုးတွေလေ။ ဘေးနားမှာ သူစိမ်းမရှိသလို ယောကျ်ားသားလည်း မရှိဘူး။ ခုတော့……။
အပေါ်ပိုင်းဗလာကျင်းနဲ့ ကောဇောတစ်ခုမှာ လှဲလျှောင်းနေတဲ့ မိန်းမငယ်တစ်ယောက်ရဲ့ပုံကို ကြည့်ရင်းက ဒါဟာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေမှာ ကြည့်ခဲ့ရတဲ့ မိန်းမငယ်တွေ ဈေးဗန်းခင်းပြတဲ့ မိန်းမပျက်ဇာတ်ရုံလား၊ ငါက ဒီနေရာမှာထိုင်နေတာတွေ့ရင် ငါ့ကို အဲသလိုထင်ကြတော့မှာလား။ တဒိတ်ဒိတ်နဲ့ သွေးတိုးလာနေတဲ့ ခံစားချက်ကို ညိုနွယ်သိပေမယ့် ဘယ်လိုတားမြစ်ရမှန်း မသိဘူး။ ပြီးတော့ ညိုနွယ် ငိုချင်လာပြီ၊ ဟုတ်တယ်။ ရစ်သိုင်းလာတဲ့ မျက်ရည်တွေကို ညိုနွယ် ဘယ်လိုတားဆီးရမှန်းမသိဘူး။ လက်နဲ့အသာအယာတို့ပြီး အာရုံပြောင်းတဲ့အနေနဲ့ ဟိုလူကြီးနှစ်ယောက်ဆီကနေ အကြည့်လွှဲလိုက်မိတယ်။ အဲဒီလူကြီးနှစ်ယောက်သာ ပုံကိုကြည့်လိုက် ညိုနွယ့်ကို ကြည့်လိုက် လာလုပ်ရင် ညိုနွယ် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမိမယ်ထင်တယ်။ ခုထိ တော်သေးတာက ညိုနွယ့်ကို ဟိုလူကြီးတွေက လှည့်ကြည့်မလာသေးဘူး။
ဓါတ်ပုံဆိုင်ဆိုတာ ဒီလိုပုံတွေ ချိတ်ဆွဲထားတဲ့နေရာလို့ ညိုနွယ် မတွေးမိခဲ့ရိုးအမှန်ပါ။ အလှဓါတ်ပုံလေးတွေပဲ ချိတ်ဆွဲထားတာကို ကြုံဖူးတွေ့ဖူးတဲ့ ညိုနွယ့်အတွက်တော့ အခုဒီအခန်းထဲမှာ ထိုင်နေရာတာကိုက ငရဲပဲ။ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို တစ်နေရာရာမှာ အသားပေါ်နေမလားဆိုပြီး လိုက်ကြည့်ရင်းက ပေါကခနဲ ကျလာတဲ့မျက်ရည်ကြောင့် ညိုနွယ်လန့်သွားမိတယ်။ အခုမှ လုပ်ငန်းခွင်ထဲ ရောက်တာပေမယ့် ဒီလိုကိစ္စလောက်ကြောင့် ငိုတယ်ဆိုတာကတော့ လူကြားမကောင်းဘူး မဟုတ်လား။
မျက်ရည်ကို မသိမသာ သုတ်လိုက်တယ်။ ဟင့်အင်း။ တစ်ပေါက်ပြီးတစ်ပေါက်ကျလာတဲ့ မျက်ရည်တွေက သုတ်မနိုင်ပြန်ဘူး။ ကျွန်မ မိကောင်းဖခင်သားသမီးပါ လို့ အော်ပစ်ချင်တဲ့စိတ်က ရင်ထဲမှာ တလိပ်လိပ်နဲ့။ အင့်ခနဲ ရှိုက်သံထွက်သွားတော့ ဟိုလူကြီးနှစ်ယောက်ကို အလန့်တကြားကြည့်လိုက်မိတယ်။ တကယ်ပါ။ သူတို့တွေ ဒီပုံကို ချိတ်ဆွဲထားတာက အနုပညာ ဆိုတာကို ပြချင်တာမှန်းသိလို့ ညိုနွယ် သူတို့စိတ်ဆင်းရဲအောင်လို့ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ညိုနွယ် ငိုမိနေပြီ။ ဘယ်လိုလုပ်ရမလဲ။ တားမနိုင်တော့တဲ့ မျက်ရည်တွေကို လွှတ်ပေးလိုက်ပြီး ဆယ်စက္ကန့်လောက်ကြာတော့မှ အခန်းထဲက မှန်ချပ်အကြီးကြီးတစ်ခုရှိရာဆီကို ညိုနွယ် သွားလိုက်မိတယ်။ အဲဒီမှန်ချပ်ကြီးက ဟိုလူကြီးတွေနဲ့ အဝေးဆုံးမဟုတ်လား။ ခပ်တိုတိုညှပ်ထားတဲ့ ဆံပင်နဲ့ နီရဲပြီး မျက်ရည်ကျထားတဲ့မျက်လုံးကို မြင်ရတာ ညိုနွယ့်အတွက်တော့ ရယ်စရာပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်စိတ်မာတယ်လို့ ထင်ခဲ့တာ မဟုတ်လား။ ခုတော့ ညိုနွယ်ဟာ အစမ်းသပ်တောင်မခံနိုင်တဲ့ အလုပ်သမားဖြစ်နေပြီ။
မျက်နှာက မျက်ရည်တွေကို မသိမသာသုတ်ပြီးတော့ အပြင်ကို ထွက်လာခဲ့တယ်။ ဟုတ်တယ်။ ဒီအလုံပိတ်အခန်းထဲမှာသာ ဆက်ပိတ်မိနေရင် ညိုနွယ် သေကောင်းသေသွားနိုင်တယ်။
ယဉ်ကျေးသိမ်မွေ့လှပါတယ်ဆိုတဲ မြန်မာနိုင်ငံမှာ ဒီလိုမျိုး တရားဝင်အဝတ်မကပ်ခွင့် ရှိပြီလား လို့လဲ တွေးလားတွေးမိလိုက်သေးရဲ့။ မှန်ရှေ့မှာ အကောင်းဆုံးပြင်ဆင်ခဲ့တာတောင် ရှိုက်သံတွေ ကျန်နေတုန်းမို့ ရှိုက်သံတွေကိုလဲ သတ်ပစ်နေရသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် တွေ့လိုက်တော့ ခြေလှမ်းက ဖြတ်ခနဲ ဝင်လိုက်မိတယ်။ နေ့လယ်စာစားလို့ရတဲံအချိန်ရောက်နေပေမယ့် ရုံးမှာ ထမင်းချိုင့်ကျန်ခဲ့တယ်ဆိုတဲံအသိက အဆာပြေဖို့ မုန့်ဟင်းခါးပဲမှာဖြစ်တယ်။ မုန့်ဟင်းခါးစားရင်း မျက်ရည်ကျကျနေတဲ့ ညိုနွယ့်ကို ဆိုင်ရှင်အဒေါ်ကြီးက တကြည့်ကြည့်နဲ့မို့ အိန္ဒြေပြန်ဆယ်ရသေးတယ်။
ဟုတ်တယ်။ တကယ်ဆို ညိုနွယ်က ဘာသိမ်ငယ်စရာရှိလဲ။ ဘာဝမ်းနည်းစရာရှိလဲ။ ပြီးတော့ ဘာများအရှက်ရစရာရှိသလဲ။ ရှက်ချင်းရှက် ဓါတ်ပုံတင်တဲ့သူတို့နဲ့ ရိုက်တဲ့ကောင်မလေးရှက်ရမှာ မဟုတ်ဘူးလား။ ခုတော့ ညိုနွယ်က…။
တွေးရင်းနဲ့ တစ်ရှုးကို နှုတ်ခမ်းသုတ်ပြီး စားလက်စ မုန့်ဟင်းခါးကို လက်စသတ်လို့ ငွေရှင်းလိုက်တယ်။ နာရီကိုကြည့်တော့ ၁၂ နာရီခွဲပြီ။ ဆိုင်ကနေ ထွက်လာတာနာရီဝက်ကြာလာပြီဆိုတော့ ရောက်သင့်ပြီထင်ပါရဲ့။ စိတ်လေးလေးနဲ့ပဲ အဲဒီဓါတ်ပုံဆိုင်ရှိရာကို ပြန်လာခဲ့တယ်။ ဒါပေမယ့် ညိုနွယ် အခန်းထဲမဝင်လို့မရပြန်ဘူး။ ရန်ကုန်ရဲ့လူနေမှုစနစ်အရ ဒီလိုနေရာမှာ တစ်ယောက်တည်းရပ်နေတောင် နေ့ခင်းကြောင်တောင်ဆိုရင်တောင်မှ မိန်းမပျက်ထင်တတ်ကြတာမဟုတ်လား။ ဝတ်စားဆင်ယင်ပုံကို ကြည့်တယ်ဆိုပေမယ့် ဘယ်သူမဆို စိတ်မွှန်နေတဲ့အချိန်မှာတော့ ကိုယ်လိုချင်တာပဲကြည့်တတ်ကြမှာပဲလေ။ အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်တော့ ဟိုလူကြီးနှစ်ယောက်အပြင် တခြားလူကြီးတစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။ သူက အယ်ဒီတာနာမည်ကြားတော့ ချက်ချင်းပဲ CDတစ်ချပ်ထုတ်ပေးတာနဲ့ပဲ လာရင်းကိစ္စက ပြီးသွားပြန်တယ်။ ဒါပေမယ့် ညိုနွယ့်စိတ်ထဲမှာတေ့ာ့ အပြန်ဘက်စ်ကားပေါ်အထိ မပြီးသေးဘူး။
သာမန်လုပ်ငန်းခွင်ဝင် မိန်းမပျိုလေးတွေဟာ ဘယ်တုန်းကမှ လျှပ်ပေါ်လော်လီတာကို မဝတ်ကြတာ ဘက်စ်ကားပေါ်မှာ လက်တွေ့ပဲလေ။ ဒါပေမယ့် ရုပ်သံတွေ၊ မဂ္ဂဇင်းတွေ မှာတွေ့နေရတဲ့ အဆိုတော်၊ သရုပ်ဆောင်တွေရဲ့ ဝတ်စားဆင်ယင်မှုမှာ လျှပ်ပေါ်လော်လီတာတွေ တွေ့နေရတယ်။ ပြီးတော့ အဲဒါကို အတုခိုးကြတာက ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်တွေ။
သက်ငယ်မုဒိန်းမှုတွေများလာတာ၊ မုဒိန်းမှုတွေ များလာတာက ဒီလိုဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါပေါများများတွေ့နေရပြီး အိမ်ထဲမှာ ချိတ်ထားတတ်ကြတဲ့ အကျိုးကျေးဇူးများလားလို့ တွေးမိတယ်။ ဖြစ်တတ်ကြတဲ့ မုဒိန်းမှုတွေကိုကြည့်လိုက်ရင် လုံလုံခြုံခြုံဝတ်ထားတဲ့ ကျောင်းဆရာမလေးတွေ၊ ပြီးတော့ အရွယ်ရောက်မိန်းမသားတစ်ယောက်ပုံတောင် မပီပြင်သေးတဲ့ ဆယ်ကျော်သက်ကလေးငယ်တွေ၊ နောက် ဘာမှခုခံနိုင်မှုမရှိတဲ့ ကလေးသူငယ်တွေ။ ဒါတွေဟာ ဒီပုံတွေရဲ့ ရလဒ်မဟုတ်ဘူးလို့ ဘယ်သူများ ငြင်းနိုင်ပါ့မလဲ။ မိန်းမသားချင်းတောင် ငေးနေချင်လောက်အောင်ထိ ခန္ဓာကိုယ်ကောက်ကြောင်းတွေ၊ အဖုအဖေါင်းတွေက ပီဲပြင်လွန်းပါရဲ့။ ဒါပေမယ့် ညိုနွယ်ကတော့ ဒီလိုပဲ ကောက်ချက်ချမိတယ်။ လိုင်စင်ရ တွေ လို့။ ဟုတ်တယ်လေ။ အဲဒီလိုင်စင်ရတွေနား မကပ်နိုင်တဲ့အခါ အမျိုးကောင်းသမီးတွေ ကလေးသူငယ်တွေက ကြားကနေ ဓါးစာခံဖြစ်ရရှာတယ်မဟုတ်လား။
ဖြစ်ချင်တော့ ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် တောင်ဒဂုံကို သွားမယ့် ကားတွေက ကြာနေတယ်။ ပြီးတော့ ည၆နာရီခွဲ ဘက်စ်ကားမှတ်တိုင်မှာ ရပ်နေတဲ့ ညိုနွယ့်ကို လာလာကြည့်တဲ့ ယောကျ်ားသားတွေရဲ့မျက်လုံးကို ညိုနွယ် သိပ်ရွံရှာနေမိတော့တာပဲ.။ နောက် ညိုနွယ့်မျက်ရည်အတွက် ညိုနွယ် အရှက်ရမိတယ်။ အရှက်ရသင့်သူအစား ညိုနွယ်က ရှက်နေမိလို့လေ။
ကားပေါ်ရောက်လို့ ကားကြီးတောင် မောင်းထွက်လာပြီးပြီ။ မိညိုနွယ်တစ်ယောက်ကတော့ ကားပေါ်က မိန်းကလေးတွေရဲ့ ဝိတ်စားဆင်ယင်ပုံကို လိုက်ပြီးမျက်စိကစားနေမိတော့တာပဲ။ ဒါပေမယ့် မနက်ဖြန်ကစပြီး ညိုနွယ့်ကို မြန်မာဝတ်စုံနဲ့ ကျက်သရေရှိရှိလေး မြင်ရမယ်ဆိုတာကတော့ သေချာနေပါပြီ။ ဟုတ်တယ်လေ။ ဒီလိုမလုံမလဲအလှတရားကိုမှ အလှလို့ ထင်တဲ့သူတွေကြားမှ မြန်မာဝတ်စုံရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားလေးကို အုပ်တစ်ချပ်သဲတစ်ပွင့်သယ်သလိုမျိုး ညိုနွယ်ကိုယ်တိုင်ဝတ်ပြီး ပြပေးရမှာပေါ့။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ မြန်မာဆန်တဲ့အလှတရားကို မြင်တဲ့မိန်းကလေးတိုင်း မလုံမလဲအလှတရားကို နှစ်သက်ဖို့ မဝံ့ရဲတော့ဘူးလို့ ညိုနွယ်ယုံကြည်တယ်လေ။ ဒီနေ့နဲ့ ဘယ်လိုနည်းနဲ့မှ မသက်ဆိုင်ပေမယ့် ဒီနေ့ကြောင့် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဘယ်လောက်ထိ အလုပ်ရှုပ်တဲ့နေ့ဖြစ်နေပါစေ၊ အိမ်နေရင်းပဲ ဖြစ်ပါစေ၊ မိန်းကလေးတစ်ယောက်ဝတ်ဆင်လိုက်ရုံနဲ့ လုံခြုံပြီး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံကိုပဲ အမြဲဝတ်တော့မယ်လို့လေ။ ဟုတ်တယ်။ တစ်သက်လုံးအတွက်။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment