“ရှင်သန်သူ ၁၃”
အဲဒါ ငံကျိနေတဲ့ကမ္ဘာ။ ချော်ရည်ပူတွေ မရှိဘူး။ တငွေ့ငွေ့လောင်မြိုက်နေတဲ့ မြေသားတွေရှိတယ်။ သူ့လေထုဟာ ဆားဓါတ်များလွန်းတယ်။ သူ့ရင်ခွင်မှာ ခိုလ့ှုံနေတာက အသိုက်မဲ့ဘဝများ။
(-)
အသိုက်မဲ့ဘဝတွေ။ သူများကြောင့် ကိုယ့်အသိုက်ပျက်တယ်။ ကိုယ့်ကြောင့် ကိုယ့်အသိုက်ပျက်တယ်။ ဘယ်သူ့ကြောင့်ပျက်ပျက် အသိုက်တွေကတော့မဲ့ခဲ့ပြီ။ ကျိုးပျက်နေတဲ့ အဆောက်အအုံတွေမှာ သူတို့ နေကြရရှာ။ ရှုရှိုက်နေရတဲ့ လေထုမှာ သူတို့အတွက် အဆိပ်တွေအုံလိုက်ကျင်းလိုက်ပါဝင်ခဲ့။ ပြေးတယ်။ သိသူတွေပြေးတယ်။ မသိသူတွေ ပြေးတယ်။ ပြေးခြင်းဟာ သူတို့အတွက် ဘဝပဲ။ ဘဝရဲ့ အဓိပ္ပါယ်ဟာ ရှေ့ဆုံးရောက်အောင် ပြေးလွှားခြင်းလို့ပဲ သူတို့ နားလည်ခဲ့ကြတယ်။
ရှင်သန်သူ ၁၊ ၂၊ ၃၊ ၄။ အမည်နာမတွေဟာခေါ်ဝေါ်စရာတစ်ခုသာသာပဲရှိခဲ့။ ကိုယ့်နာမကို တန်ဖိုးထားတတ်ဖို့ရာ သင်ကြားသူတွေ ပျောက်ဆုံးနေခဲ့တယ်။ ကိုယ့်နာမမှာ ကိုးစားမှုထားဖို့လိုအပ်ကြောင်း သင်ကြားတဲ့နေ့က စာသင်ခန်းမှာ ဆရာမလာဘူးတဲ့လေ။
ပြေးတယ်။ ကလေးလည်း ပြေးတယ်။ လူကြီးလည်း ပြေးတယ်။ အဆိပ်တွေ ကြားမှာပြေးနေတယ်။ အဆိပ်တွေကြားမှာ ပြေးနေခဲ့ကြတယ်။
(-)
ကိုယ့်အမည်နာမဟာ ရှင်သန်သူ၁၃။ လာခြင်းသိပ်မကောင်းခဲ့ဘူး ဆိုရမယ်။
ကိုယ့်ကို မွေးတဲ့နေ့က မိုးဖွဲဖွဲလေးရွာတယ်။ လေနည်းနည်းတိုက်တယ်။ ကိုယ့်မွေးဖွားလာချိန်ကစလို့ ကိုယ့်မိဘတွေ စီးပွားကျသွားခဲ့သတဲ့။ ကိုယ်က မရဏဖွားအဖြစ်နဲ့ လူမုန်းများခံရ။ မိသားစုမှာ ကိုယ့်ကို လိုအပ်ခဲ့တာ တစ်ယောက်ပဲရှိခဲ့တယ်။ မဟုတ်ဘူး။ ကိုယ်က လိုအပ်ခဲ့တာ။ ကိုယ်က လိုအပ်ခဲ့တာပါ။ သူက ကိုယ့်အပေါ်ကို နားလည်မှုအပေးနိုင်ဆုံး အစ်မ။ ကိုယ့်အပေါ်ကို မိသားစု ပီသခဲ့သော အစ်မ။ ကိုယ့်လေးစားမှုတွေကို သူက စုစည်းစရာမလိုပါပဲ ရရှိထားသူ။ ကိုယ့်ချစ်ခင်လေးမြတ်မှုတွေကို သူက မတောင်းဆိုပါပဲ လက်ခံထားရသူ။
ဘဝအတွက် ဒုတိယ အမေပဲ။
(-)
အမေရင်းနဲ့ ဒုတိယအမေကြား ကိုယ်ဟာ မြေစာပင်လား။ မဟုတ်ဘူး။ မဖြစ်ချင်ဘူး။ ရုန်းတယ်။ ရုန်းထွက်တယ်။ အစ်မရဲ့ ပေးဆပ်မှုတွေကနေ မိသားစုကိုဆွဲထုတ်တယ်။ အစ်မရဲ့ ဖေးမမှုကနေ ကိုယ့်မိသားစုကို ကိုယ်ဆွဲထုတ်တယ်။ အစ်မပုခုံးပေါ်က ဝန်ကို ကိုယ့်ပုခုံးပေါ် ပြောင်းထမ်းတယ်။
နားလည်ခဲ့ရတယ်။ ကိုယ် မသိခဲ့တဲ့နာကျင်မှုများ။ နားလည်မှုမဲ့တဲ့မိသားစုဆိုတာကို နှလုံးသားမှာလက်ခံလိုက်ရတဲ့နေ့က ကိုယ်အစ်မကို ဖက်ပြီး ငိုမိခဲ့တယ်။ အစ်မက ကိုယ့်ကို ဖက်ပြီး တရားချတယ်။
“နင် ကံကောင်းမှာပါငယ်လေးရယ် ကိုယ့်မိဘကို ပြုစုခွင့်ရတယ်ဆိုတာ ဘယ်လောက်တောင်ကြီးမားတဲ့ ကုသိုလ်ကံလဲ”တဲ့။ ကိုယ် ငိုတယ်။ မျက်ရည်တွေ ခမ်းလောက်အောင် ငိုခဲ့တယ်။
(-)
ခြေလွတ်လက်လွတ်စိတ်ကို လွှင့်တင်ပစ်လိုက်တယ်။ထားခဲ့မယ်။ ခဏထားခဲ့မယ်။ ကိုယ်တည်ဆောက်ခဲ့တဲ့အရာကို မိသားစုလက်ထဲ ခိုင်ခိုင်မတ်မတ်ထည့်၊ ကိုယ်ခြေလွတ်လက်လွတ် စိတ်ကို လွှင့်တင်ပစ်တယ်။
အသိတစ်ချက်အဝင်မှာ စောင်းငဲ့ကြည့်လိုက်တော့ ကိုယ်တည်ဆောက်ခဲ့တဲ့ အဆောက်အဦးဟာ ပြိုလဲနေခဲ့ပြီ။ ကိုယ်ဟာ လူဆိုးပါ။ ကိုယ်ဟာ အခြေအနေတွေ တွေးတတ်ရဲ့ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ လူဆိုး။ ကိုယ့်ဝါသနာကို ပျိုးဖို့ပဲ သိခဲ့တယ်။ ဒါပေမယ့် ကျေနပ်တယ်။
ကျေနပ်တယ်။ ကိုယ်လွှင့်တင်မိတဲ့ စိတ်လေးဟာ အခြေခိုင်ခိုင်ရပ်တည်ရာနေရာလေးရခဲ့တယ်။ကိုယ် ကျေနပ်တယ်။ ကိုယ်မြင်ရတဲ့ အခြေအနေမှာ ကိုယ်ကိုယ်တိုင် ပုခုံးပေါ်တာဝန်ပြောင်းယူသင့်ပြီမှန်းသတိထားမိတော့ ကိုယ် ရဲဝံ့ပစ်လိုက်တယ်။ ဘဝပေးတာဝန်ဆိုတာ ဘယ်သူရှောင်လွှဲခွင့်ရှိသလဲလေ။
ရဲရဲဝံ့ဝံ့ယူလိုက်တဲ့တာဝန်တွေမှာ ဘဝပေးနာကျင်မှုတွေ ပါလာတယ်။ ကိုယ်အော်မိ၊အော်ငိုမိတယ်။ ဘယ်နှစ်ခါ ခံစားရခံစားရ ဒီအရသာမှာ ကိုယ်နေသားမကျသေးဘူး။ နားလည်ပေးပါ၊ နားလည်ပေးပါလို့။
(-)
မိသားစု တဲ့။ ရဲရဲဝံ့ဝံ့ပဲ အဓိပ္ပါယ်ဖွင့်ပစ်လိုက်တယ်။ နာကျင်မှုများ လို့။
တဆစ်ဆစ်ကိုက်နေတဲ့ သံသယတွေကို ချေဖျက်ဖို့ မကြိုးစားချင်တော့ဘူး။ ကိုယ့်အိပ်မက်၊ ဘဝတလျှောက်လုံးမက်ခဲ့တဲ့ အိပ်မက်ကြီးမှာ ကိုယ်နေမပျော်တော့ဘူး။ ဒါပေမယ့် ဒီတာဝန်ဟာ ကိုယ့်တာဝန်မှန်းသိနေရ၊ တာဝန်သိစိတ်ကြီးဟာ သွားလေရာ တကောက်ကောက်ပါတယ်။ ကိုယ် တကယ်ကို နေမပျော်တော့ပြီမှန်း ကိုယ့်နှလုံးသားက ခဏခဏသတိပေးတယ်။ ကျချင်နေတဲ့ မျက်ရည်စတွေကို သုတ်ဖို့ ကိုယ်မကြိုးစားဘူး။ ကျရဲရင်ကျကြည့်စမ်းဆိုတဲ့မာနနဲ့ ထိန်းချုပ်ထားတယ်။
ကိုယ် ရှင်သန်သူ ၁၃ပါ။
(-)
ရှင်သန်သူ၁၃ ဆိုတဲ့ အမည်နာမဟာ ခေါ်ဆိုခြင်းအတွက် သီးသန့်မဖြစ်စေရ။ တာဝန်သည်တာဝန်ဖြစ်၍ ကတိသည်ကတိဖြစ်ကြောင်း နားလည်သဘောပေါက်သူဖြစ်ရမည်။ တာဝန်ကို ကျေပွန်ခြင်းထက် မြင့်မြင့်မားမားဆောင်ရွက်တတ်သူဖြစ်၍ ကတိပျက်ခြင်းမရှိသူ ဖြစ်ရမည်။
ဒီဆောင်ပုဒ်မှာ ကိုယ့်အမည်နာမကို ထွင်းထုနိုင်အောင် ကြိုးစားထားတယ်။ ကိုယ့်အမည်နာမဟာ တာဝန်၊ သစ္စာ၊ ကတိ အရာအားလုံးကို ကိုယ်စားပြုစေရမယ်။ အမည်နာမတစ်ခုရဲ့ တန်ဖိုးကို ကိုယ် မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။
(-)
မသိဘူး။ မသိကြဘူး။ အချိန်ရဲ့ အရေးကြီးမှုကို သူတို့မသိကြဘူး။ ဝင်ငွေထွက်ငွေ စီးဆင်းမှုသဘောတရားကို ၁၄ တန်းအောင်ထားပါရက် သူတို့နားမလည်ကြဘူး။ ဝင်ငွေမရှိတဲ့ အိမ်မကြီးဟာ ထွက်ငွေတွေ တသွင်သွင်စီးဆင်းရင်း ပျောက်ရှသွားခဲ့တာကို သူတို့မေ့နေခဲ့ကြတယ်။
မမေ့ဘူး။ ကိုယ်မမေ့ဘူး။ တစ်ဘဝလုံးမက်ခဲ့တဲ့ အိပ်မက်၊ ကိုယ်ပိုင်အိမ်တစ်လုံးဆိုတဲ့အိပ်မက်။ ဒီအိပ်မက်ကို ကိုယ့်မိဘအတွက် ကိုယ်ကိုယ်တိုင် ရေးဆွဲရင်းမက်ခဲ့တယ်။ ဒီအိပ်မက်မှာ ကိုယ်ကိုယ်တိုင် ပါဝင်ကြိုးစားလှုပ်ရှားခဲ့တယ်။
နင့်အိမ်လိုက်နေလို့ ငါတို့ကို နှင်ချရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ စကားမှာ ကိုယ်ဟာ အသဲတဆတ်ဆတ်နာ၊ အမေ့သမီးဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိူးကွယ်သူပါလို့ ပြန်ပြောမိခြင်းမှာကိုယ့်အမှား မပါဘူးထင်ရဲ့။ ဟော့ဒီလက်တွေ နာတယ်။ အသားမာတက်နေတဲ့ လက်တွေမှာ ကိုယ်ဟာ ကြိုးစားခြင်းတွေ ပုံအောထားတာဟာ ဒီမိသားစုတစ်ခုအတွက်ပဲ။
ကိုယ် အသိုက်ပျောက်နေတယ်။ ဒါမှမဟုတ် အသိုက်မှားခဲ့တယ်။ ဒါမှမဟုတ် အသိုက်ပျက်ခဲ့လေသလား။
(-)
ကြည့်လေရာ ငံကျိနေတဲ့ ကမ္ဘာပဲ။ နှုတ်ခမ်းကနေ ဖြတ်ဆင်းလာတဲ့ ငံကျိကျိအရည်တွေ၊ အသက်ရှုလိုက်တိုင်း အဆုတ်ကို ဖြတ်ဝင်သွားတဲ့ ငံကျိကျိလေထူုတွေ။ ရပ်နေတဲ့ ခြေအစုံအောက်က မြေသားထုရဲ့ ပူလောင်မှုများ။
အားလုံးကို ဒီချိန်မှာ လက်လျှော့လိုက် ရင် ကိုယ် အဆင်ပြေမလား။ အဆင်ပြေပါ့မလား။ အဆင်ပြေနိုင်ပါ့မလား။
တငွေ့ငွေ့တောက်လောင်နေတဲ့ နားမလည်ခြင်းအပိုင်းအစတွေဟာ ကိုယ့်နှလုံးအိမ်ကို ပူလောင်နေစေမှန်း သိထားစေချပေမယ့် ပြောမထွက်တဲ့အခါ ကိုယ့်ပင်ပန်းမှုအစိုင်အခဲတွေဟာ သိမ်းဆည်းရာနေရာမရှိတော့ဘူး။ ကိုယ်ဟာ အသိုက်ပျက်နေတဲ့ ရှင်သန်သူ၁၃။
ရည်ဝေ(လင်းရောင်ခြည်)
.png)
No comments:
Post a Comment