လမ်း
---+++++++---
အရှေ့က မြင်နေရတဲ့ လမ်းလေးဟာ ကျွန်မကို ဘယ်နေရာထိ ခေါ်ဆောင်သွားမှာလဲ။ ကျွန်မ မသိဘူး။ လျှောက်လက်စ ခြေလှမ်းတွေကို ရပ်တန့်ဖို့ကျတော့လည်း လမ်းလျှောက်နေရတာကိုက အရသာတစ်ခုရှိသလို ခံစားချက်မျိုးဖြစ်နေတယ်။ ခြေထောက်ကျဉ်တဲ့အခါမှာ အဲ့ဒီကျဉ်တဲ့ အရသာကိုက တမျိုးလေးအရသာ ရှိနေသလိုခံစားချက်မျိုးကို ခုလမ်းလျှောက်နေချိန်မှာ ခံစားနေရတယ်။ ရပ်လို့မရဘူး။ ရပ်လည်းမရပ်ချင်ဘူး။ ဒါပေမယ့် ခြေထောက်တွေ တော်တော် မောပန်းနေပြီ ကျွန်မသိတယ်။
(၁)
အိမ်ကနေ ကျောင်းကိုသွားဖို့၊ အလုပ်ကိုသွားဖို့ လမ်းရွေးကြပြီဆိုပါစို့။ ရွေးပြီးတဲ့ လမ်းမှာ အတားအဆီးတစ်ခုခုကြောင့်ရပ်တန့်နေရတယ်ဆိုရင် ကျွန်မက ဘယ်တော့မှ မရပ်တတ်ဘူး။ နောက်ကိုလည်းပြန်မလှည့်တတ်ဘူး။ လမ်းသွယ်တွေကနေ ကွေ့ဝိုက်သွားတတ်တာ။ အဓိက ကျွန်မရဲ့ ရည်ရွယ်ချက်က ကျောင်း၊ အလုပ်ကို ရောက်သွားဖို့ပဲ။ နောက်ပြန်လှည့်ရမှာကိုတော့ စိတ်ထဲကနေ မုန်းကိုမုန်းတာ။ အရှုံးပေးပြီးနောက်လှည့်ပြန်ရတယ် ဆိုတဲ့ စကားကို ပြေးပြေး မြင်တတ်မိလို့လေ။ အဲ့ဒီလိုမျိုး နောက်ပြန်လှည့်ရမှာ မုန်းတတ်ခဲ့လို့ပဲ ဒီဆွဲဆောင်မှုမရှိတဲ့ လမ်းပေါ်မှာ ဆက်လျှောက်နေရတာကို ကျွန်မ နှစ်သက်နေလေမိသလား။ ဒီလမ်းလေးကို လျှောက်နေရတဲ့ ရည်ရွယ်ချက်ကို ကျွန်မ စဉ်းစားကြည့်မိတယ်။
ဒီလမ်းကို လျှောက်မိဖို့အတွက် ဘယ်အရာက ကျွန်မကို တွန်းအားပေးခဲ့တာလဲ။ လူဆိုတာမျိုးက တွန်းအားရှိမှ စိတ်ပါလက်ပါအလုပ်လုပ်တတ်တာမဟုတ်လား။ ကျွန်မအတွက် ဘယ်လိုတွန်းအားကများ ဒီလမ်းကို လျှောက်ဖို့ စိတ်ကူးမိစေခဲ့တာလဲ။ တကယ်ဆို ဒီလမ်းဟာ လျှောက်ချင်စရာ လမ်းတစ်ခုအဖြစ် ဆွဲဆောင်ထားနိုင်တဲ့ အကြောင်းရင်းလည်း မရှိပါပဲနဲ့။ လမ်းပေါ်မှာ ချိုင့်ခွက်တွေကလည်း အပေါသား။ လမ်းဘေးပတ်ဝန်းကျင်ကလည်း ရှုခင်းသာယာတဲ့ မြင်ကွင်းမဟုတ်ဘူး။ သာယာတဲ့ ရှုခင်းဆိုတာ ရံဖန်ရံခါမှ မြင်ရတတ်တာ။ ဒါဆို ဒီလမ်းကို လျှောက်မိနေတဲ့ ကျွန်မက ရူးနေလို့ပဲ လျှောက်မိနေသလား။ ဒါပေမယ့်အဲ့ဒီ့သာယာတဲ့ ရှုခင်းတွေကို မြင်လိုက်ရတဲ့ အချိန်တိုင်း ကျွန်မ စိတ်မှာ ဝေခွဲရခက်တဲ့ ပျော်ရွှင်မှု ရောက်လာတတ်တယ်။ ဘာ့ကြောင့်ဝေခွဲရခက်တယ် သုံးရလည်းဆိုရင် အဲ့ဒီ့ခံစားချက်က ပျော်ရွှင်မှုစစ်စစ်ကြီးမဟုတ်ဘူး။ ဝမ်းသာလို့လည်း မဟုတ်ဘူး။ ငါ ဒီနေရာကို ရောက်နိုင်ပြီ၊ ဒီအလှအပကို ကြည့်နိုင်ပြီ ဆိုတဲ့ ခံစားမှု။ ဒီလမ်းလေးပေါ်ပဲ ကျွန်မ တည့်တည့်မတ်မတ်လျှောက်လာခဲ့မိသလား မဟုတ်ဘူး။
ဒီလမ်းလေးပေါ်ကို ရောက်လာဖို့ ကျွန်မ ချန်ထားခဲ့တဲ့ လမ်းကြောင်းလေးတွေ အများကြီးကျန်ခဲ့တယ်။ တမျှော်တခေါ် လျှောက်လာခဲ့တဲ့ လမ်းကြောင်းကြီးတွေကို ထားရစ်ခဲ့တာရှိသလို နည်းနည်းပဲ လျှောက်ရသေးတဲ့ လမ်းကြောင်းတိုလေးတွေကို ထားရစ်ခဲ့တာရှိတယ်။ ဒါဆို ဒီလိုထားရစ်ဖို့ ဘယ်လိုများ ရွေးချယ်ခဲ့သလဲ။ ရွေးချယ်မှုကို ပြန်စဉ်းစားကြည့်တော့ ဘာဆိုဘာမှမတွေ့ရဘူး။ ရွေးချယ်ခဲ့စဉ်တုန်းက စိတ်ခံစားမှုတွေ အပြင်းဆုံးဖြစ်နေနိုင်တဲ့ အဲ့ဒီ့ခံစားချက်ကို ကျွန်မ ဖမ်းဆုပ်လို့မရဘူး။ မဖြစ်မနေရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းတော့ ရှိခဲ့ပါလိမ့်မယ်။ လက်ရှိဖမ်းဆုပ်ထားမိတဲ့ ခံစားချက်က ဒီလမ်းကို ငါ ဆက်လျှောက်ချင်တယ်။ ဆက်လျှောက်နေမယ်။ အဓိကအကြောင်းရင်းကတော့ မဖြစ်မနေကို ဆက်လျှောက်မှ ရမယ်။ ဟုတ်တယ်။ မဖြစ်မနေကို ဆက်လျှောက်ရမယ်။
(၂)
“ဘာ့ကြောင့် ဒီလမ်းပေါ်ရောက်နေတာလဲ။ ဘယ်ကို သွားနေတာလဲ။ ဘယ်ကို ရောက်အောင်သွားချင်နေတာလဲ။”
ဒီမေးခွန်းတွေ မေးနေပေမယ့် ကျွန်မ မသိသေးဘူး။ သေချာတာကတော့ ဒီလမ်းမှာ အဆုံးသတ်ဆိုတာရှိလိမ့်မယ်။ ဒီအဆုံးသတ်ထိရောက်အောင် ကျွန်မသွားဖြစ်ပါ့မလား။ သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ကျွန်မ ဘယ်လမ်းကိုများ ထပ်ပြီးတော့ ချိုးမိဦးမလဲ။ ကျွန်မကိုယ်ကျွန်မ ဒီလမ်းအတိုင်းပဲ ဆက်လျှောက်နေဖြစ်လိမ့်မယ်လို့တော့ မယုံမိပါဘူး။ ဆက်လျှောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် တိကျခိုင်မာတဲ့ အကြောင်းပြချက်တော့ ရှိလိမ့်မယ်။ ခုမောပန်းနေတဲ့ ခြေထောက်တွေဟာ တစ်နေရာရာမှာ ပစ်လှဲပစ်ချင်စိတ်ပေါ်အောင်ထိ ပြင်းထန်နေပြီ။ ဒါပေမယ့် ခဏထိုင်ပြီး အရိပ်ခိုစရာ သစ်ပင် တစ်ပင်တစ်လေတောင် မတွေ့ရသေးဘူး။ နေမင်းကလည်း အပူတွေ ခပ်ပြင်းပြင်းလွှတ်ထားလိုက်တာများ ချွေးတွေကလည်း တပြိုက်ပြိုက်ကျနေပြီ။ တချို့သစ်ပင်လေးတွေတော့ တွေ့ပါရဲ့။ ဒါပေမယ့် ကျွန်မ အရိပ်ခိုဖို့ထက် လေတိုက်ရင် သူလဲမသွားအောင် ကျွန်မက ထိန်းပေးရမယ့် သစ်ပင်မျိုး ဖြစ်နေတယ်။ ဒါနဲ့ပဲ မနားမိပဲ ဆက်ထွက်လာလိုက်တယ်။ ဟိုးအရှေ့က လျှောက်ခဲ့တဲ့ ခရီးတုန်းကလည်း နားစရာ သစ်ပင်အမျိုးမျိုး တွေ့ခဲ့တာပါပဲ။ ဒါပေမယ့် တစ်ပင်တစ်လေမှာမှ ကျွန်မ မနားခဲ့မိဘူး။ တချို့သစ်ပင်တွေက သူတို့အကိုင်းအခတ်တွေက အရိပ်ရ လုံခြုံတာဟုတ်ပါရဲ့။ ဒါပေမယ့် ကျွန်မ စိတ်ကျဉ်းကျပ်လောက်အောင်ကို သူ့အရိပ်နားတဲ့ သူအပေါ် ဖုံးလွှမ်းတတ်တဲ့ ပုံရှိတယ်။ တချို့သစ်ပင်တွေ ကျတော့လည်း အရိပ်လည်း ရပါရဲ့။ သူ့အရိပ်မှာ ခိုသူတွေကို စိတ်ချမ်းမြေ့မှုလည်း ပေးပါရဲ့။ ခက်တာက အဲ့ဒီ့သစ်ပင်ကို ကျွန်မ စိတ်ကကို မနှစ်သက်ဘူး။ ဒါနဲ့ပဲ မနားဖြစ်တာ ခုဆို ကျွန်မ တောက်လျှောက်ချည်း လမ်းလျှောက်နေခဲ့ဖြစ်တယ်။
(၃)
ဒီလမ်းတွေပေါ်မှာ လျှောက်ရင်း အချိန်ဖြုန်းမိသလိုဖြစ်နေပြီလား စဉ်းစားမိတော့ မချိတရိပြုံးမိသား။ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါ ရင်နာရတာဟာဖြစ်သင့်တာတွေ ဖြစ်မလာတဲ့အခါ ရင်နာရတာနဲ့ မတူညီပါဘူး။ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပဲ ဆိုတဲ့ အတွေးနဲ့ စိတ်ကို ငြိမ်းချမ်းအောင် လုပ်ယူနိုင်တယ်။ ြ ဖစ်သင့်တာတွေဖြစ်မလာတဲ့အခါမှာတော့ ဖြစ်သင့်တယ် ဆိုတဲ့စကားလုံးဟာ ဘယ်ချိန်မှများ ဖြစ်လာနိုင်မလဲ၊ ပြီးပြည့်စုံနိုင်မလဲ ဆိုတဲ့ အတွေးနဲ့ တစိမ့်စိမ့်တွေး နာကျင်မိပါတယ်။ တကယ်ပါ။ ကျွန်မက ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့သူ။ ဒါ့ကြောင့်မို့ ဒီလမ်းလေးပေါ် ရောက်နေရတာဟာလည်း ရောက်သင့်လို့ ရောက်နေတာ လို့ပဲ မှတ်ယူမိပေမယ့် ရောက်ချင်နေတဲ့ လမ်းပေါ်ကို မရောက်သေးဘူး ဆိုတဲ့ အတွေးလည်း ခဏခဏတွေးမိပါရဲ့။ ရောက်သင့်တဲ့ အတိုင်းအတာထိ မရောက်သေးဘူး လို့လည်း ခဏခဏတွေးမိပါရဲ့။ ကျွန်မရဲ့ လက်ရှိဘဝမှာ ဖြစ်သင့်တာတွေဟာ အလွဲလွဲအချော်ချော်နဲ့ ဖြစ်မလာတဲ့အခါ ဖြစ်ချင်တာကိုပဲ ဖြစ်အောင်ကြိုးစားရမလားဆိုတဲ့ အတွေးမိုက်တွေ တခါတခါ တွေးမိပြန်တယ်။ ဘယ်လိုလဲ။ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်ပြီး ဖြစ်သင့်တာတွေ မေ့ထားလိုက်ရမလား။ ခု ဒီလမ်းလေးပေါ်ကို ရောက်နေတာလည်း ကျွန်မအကျင့်ရဲ့ သက်ရောက်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ဖြစ်သင့်တာ ကိုးခုလုပ်ပြီးရင် ဖြစ်ချင်တာတစ်ခုကို ဇွတ်မှိတ်လုပ်ပစ်တတ်တာ ကျွန်မအကျင့်လေ။
(၄)
ဟော ဟိုရှေ့မှာ လမ်းဆုံရောက်ပြီ။ ဟော့ဒီ ကျွန်မလျှောက်နေတဲ့ လမ်းကနေ လမ်းသုံးခုကို ခွဲထွက်သွားတဲ့ လမ်းဆုံ။ ညာဘက်က လမ်းကတော့ ကားတစ်စီးနဲ့ လူတစ်ယောက် ကျွန်မကို ကားထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်နေတယ်။ ဒီလမ်းမကြီးပေါ်မှာ သူနဲ့အတူ အေးအတူပူအမျှ သွားကြရအောင်ပါ တဲ့။ အရိပ်လည်းပေးမယ်၊ အေးလည်း အေးမြစေရမယ် တဲ့လေ။ ရင်မခုန်ဘူးရှင်။ ဟုတ်တယ်။ အဲ့ဒီ့ကားကို တွေ့ရတဲ့အတွက် ကျွန်မမှာ စိတ်ပျော်ရွှင်မှုမရှိဘူး။ စိတ်လှုပ်ရှားမှုလည်း မရှိဘူး။ ကျွန်မ လိုအပ်နေတဲ့ စိတ်ညွတ်နူးမှုက အဲ့ဒီ့လမ်းလေးပေါ် မကျရောက်ဘူး။
ကျွန်မ ရှေ့တည့်တည့်က လမ်းကတော့ အခု ကျွန်မ လျှောက်နေတဲ့ လမ်းနဲ့ တူတူပါပဲ။ အခုသွားနေတဲ့ လမ်းရဲ့ အနိမ့်အမြင့်အတိုင်းပဲ သွားလို့ရမယ်။ နောက်တစ်ခုက ဒီလမ်းလေးမှာ ဘယ်နေရာမှာတော့ သာယာတဲ့ ရှုခင်းလေးတွေ ရှိတယ်ဆိုတာ၊ ရှိနိုင်တယ်ဆိုတာကို ကျွန်မ ကျွမ်းကျင်ပိုင်နိုင်ပြီးသား။ သိပြီးသားလေ။ ဒီလမ်းအတိုင်းလျှောက်မယ်ဆိုရင် အားလုံးတော့ အဆင်ပြေနေမှာ သေချာတယ်။ ဒါမဲ့ ဒီလမ်းလေးကို က ချိုင့်ခွက် များလွန်းတော့ ခရီးမတွင်ဘူး ဖြစ်နေတယ်။ ရောက်သင့်သလောက် မရောက်တဲ့ ခရီးကို ကျွန်မ သည်းခံနိုင်မယ်မထင်ဘူး။ ဒါပေမယ့်လည်း ဒီလမ်းဟာ ကျွန်မသွားသင့်တဲ့လမ်းလို့ ကျွန်မရဲ့ ဦးနှောက်က အချက်ပေးနေတယ်။ ဘယ်ဘက်က လမ်းလေးကတော့ မထင်မရှား မှုန်ဝါးနေလိုက်တာ။ ဒီလမ်းလေးရဲ့ အဆုံးမှာ ဘာရှိမလဲ။ မသိဘူး။ ပြောမယ်ဆို လမ်းသုံးခုလုံးရဲ့ အဆုံးသတ်ကို ကျွန်မ မသိပါဘူး။ ကျွန်မရဲ့ တာဝန်ကိုယ်က လမ်းလျှောက်နေဖို့ မဟုတ်လား။ လျှောက်လက်စ လမ်းမှာ လမ်းကို မမြင်ရတော့ရင် အဲ့ဒီ့လမ်းကို ကိုယ်ကိုယ်တိုင် ဖေါ်ဆောင်သင့် ဖေါ်ဆောင်ရမယ်။ ဒါမှမဟုတ် သူများသွားတဲ့လမ်းကို ကြည့်ပြီး လိုက်သင့်လိုက်ရမယ် မဟုတ်လား။
ခုဒီလမ်းလေးမှာ ထူးခြားတာတစ်ခုက ကျွန်မ နှစ်သက်တဲ့ အရာတွေ ရှိတယ်။ ကျွန်မစိတ်ကကို ပျော်ပျော်ရွှင်ရွှင်နဲ့ အဲ့ဒီ့ မှုန်ဝါးဝါးလမ်းပေါ် သွားချင်နေမိတယ်။ အဲ့ဒီ့လမ်းလေးမှာ ကျွန်မရဲ့ ဝါသနာရှိတယ်။ အဲ့ဒီ့လမ်းလေးပေါ်မှာ ကျွန်မရဲ့ နှလုံးသားရှိနေတယ်။ သေချာပါတယ်။ ကျွန်မ အဲ့ဒီ့လမ်းလေးကို ရွေးဖြစ်တော့မယ်လို့ တွေးရင်း လမ်းထဲ ချိုးဖို့အပြင် အတွေးလေးတစ်ခုက နှိပ်စက်တယ်။ ဝါသနာနဲ့ စိတ်အာဟာရ ပြည့်စုံရင် ပြီးရောတဲ့လား ဆိုတဲ့ မေးခွန်းလေး။ ဟုတ်တယ်။ ကျွန်မ မှာ တာဝန်တွေ ရှိသေးတယ်။ ကြွေးဟောင်းဆပ်ဖို့ တာဝန်တွေရှိသေးတယ်။ ကျွန်မ နှလုံးသားရှိတဲ့ လမ်းကနေသွားလို့ကတော့ ကြွေးဟောင်းဆပ်နိုင်မှာ မဟုတ်ဘူး။ သေချာတယ်။ ချိုးလက်စ ခြေလှမ်းဟာ လမ်းလေးပေါ် ခြေမချနိုင်သေးခင်မှာ တင် ခေတ္တရပ်တန့်…………။
တာဝန်နဲ့ နှလုံးသား ကြား ဘယ်အရာကို ကျွန်မ ရွေးချယ်ရမယ်ဆိုတာ ……………….။
“တစ်ဘက်က ငါ့ရဲ့ဝါသနာ တစ်ဘက်က ငါ့အတွက်ဝမ်းစာ အားလုံးအရေးကြီးနေလို့ ဆုံးဖြတ်ရမယ် တကယ်ကို သေချာစွာ.. တစ်ဘက်က ငါ့အတွက် အကြင်နာ တစ်ဘက်က ငါ့ရဲ့ သိက္ခာ အားလုံးအစွန်းအထင်းမခံလို့ ဆုံးဖြတ်တော့မယ် တကယ်ကို သေချာမှ ဘယ်အရာကို စွန့်လွှတ်လိုက်ရမလဲ.. အဆင်ပြေအောင်ကြိုးစားလည်းမလွယ် ငါဖြစ်ချင်တာရယ် ငါဖြစ်နေတာနဲ့ ရူးသွားရင်ကောင်းလိမ့်မယ် ဟုတ်တယ် ရူးလောက်အောင် ခက်တဲ့အဖြေတစ်ခုရယ် ဘာတွေကိုရွေးချယ် ငါဘယ်လိုရွေးမလဲ ယုံကြည်ချက်နဲ့ အသပြာတွေရဲ့ကြားထဲ ရူးသွားရင်ကောင်းလိမ့်မယ် ဟုတ်တယ် ရူးလောက်အောင် ခက်တဲ့အဖြေတစ်ခုရယ် ဘာတွေကိုရွေးချယ် ငါဘယ်လိုရွေးရမလဲ ရင်ခုန်ဖက်နဲ့ ကိုယ်ကျင့်တရားအတွက်” ………….
ရည်ဝေ(လင်းရောင်ခြည်)
.png)
No comments:
Post a Comment