“အဖြူရောင် မာယာ”
(၁)
အို မြင်တော့မယ်။ မောင်တို့ကို သား မြင်သွားတော့မယ်။
သားငယ်ကြည့်ရာကို ကြည့်လိုက်မိတော့ မောင်နှင့် မိန်းမငယ်တစ်ဦး။ ဟင့်အင်း။ နှင်းအတွက်တော့ မည်သို့မျှမခံစားရပါ။ ကြိုပြီးသိထားပြီးသား အကြောင်းအရာတစ်ခုသာဖြစ်သည်။
သို့သော်…။
ချက်ချင်းပင် သားကိုယ်လေးကို သူမဘက် ဆွဲလှည့်လိုက်သည်။ ကိုယ့်ကို မော့်ကြည့်လာသည့် သားငယ်၏ မျက်ဝန်းလေးများကို ကြည့်ကာ ထိုင်ချလိုက်ရင်း သားကို
“သား သားတို့ အရွယ်ဝတ်တဲ့ အဝတ်အစားတန်းဘက် သွားရအောင်နော် မေမေ့အတွက် အဝတ်မဝယ်ချင်သေးဘူးနော်”
ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည့် သားလေး၏ လက်ကလေးကို ဆွဲကိုင်ကာ ကလေးအဝတ်အစားတန်းဘက် လျှောက်လိုက်ရင်း နှင်း အားလျော့စွာ ပြုံးလိုက်မိသည်။ အမှန်တကယ်ဆို မောင့်ဖေါက်ပြန်မှုကို သားနှင့်ပေးတွေ့ဖို့ စိတ်ကူးခဲ့သည်။ သို့သော် သားလေး၏စိတ်ကို ဒဏ်ရာမရစေချင်သည့်စိတ်က အနိုင်ရသွားခဲ့ပြီဖြစ်သည်။
သားလက်ကို ကိုင်ကာ ထလိုက်သည့်အချိန်မှာပဲ မောင့်မျက်ဝန်းတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်ကို သတိပြုမိ၏။ သို့သော် နှင်းက မသိကျိုးကျွံပြုကာ သားလက်ကို ဆွဲ၍ ထွက်ခွာလာလိုက်တော့သည်။ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ဆွဲထားသော မောင်နှင့်ထိုမိန်းကလေး၏ အကြောင်းကို နှင်းသိသည်မှာ ကြာချေပြီ။ ထို့အတူ တန်ပြန်တုံ့ပြန်ဖို့ပင် သားလက်ကိုဆွဲကာ ခေါ်လာခဲ့သည်မဟုတ်လားလေ။
ကုန်တိုက်အတွင်း တစ်မေ့တစ်မောလျှောက်ကာ သားအတွက် အဝတ်အစားတော်တော်များများဝယ်အပြီး ကော်ဖီဆိုင်လေးထဲဝင်ထိုင်လိုက်ရင်း အမောဖြေနေစဉ်အတွင်းမှာပင် အမောတကောနှင့် မောင်ရောက်လာသည်ကို တွေ့ရသည်။
“နှင်းနဲ့ သားကို တွေ့ရလို့ဝင်လာတာ အလုပ်ကိစ္စနဲ့ ကုန်တိုက်ခဏလာတာလေ ဒီနေ့တော့ ဒီကနေပဲ ရုံးဆင်းမယ်လို့ ဖုန်းဆက်လိုက်တယ်”
ပြောပြောဆိုဆိုဖြင့် ဝင်ထိုင်လိုက်သည့် မောင့်ကို မော့်ကြည့်ရင်း သားဆီသို့ လှမ်းအကဲခတ်လိုက်သည်။ သား၏ အပြုံးလေးများက ပျော်ရွှင်မှု၏ ပြယုဂ်၊ လေသံကိုမှန်အောင်ကြိုးစားရင်း
“မောင်ကော ဘာမှမသောက်တော့ဘးူလား”
“အင်း မသောက်တော့ဘူး ခုနကပဲ ကိုယ်သောက်ပြီးပြီ”
အဖြေနှင့်အတူ နှင်းကို အကဲခတ်သလိုကြည့်လာသည့် မျက်ဝန်းတွေကို ရှောင်ရှားရင်း သားလေးအတွက် ရောက်လာသည့် ထမင်းပေါင်းကို နှံ့အောင် နယ်ပေးလိုက်သည်။
(၂)
“ကျွန်မကို မထိပါနဲ့ မောင် အဲဒီလက်တွေကအစ ရှင့် ဆံပင်မွှေးအဆုံး ကျွန်မ ရွံတယ် ”
နှင်းကို ကြည့်လာသော မောင့်မျက်ဝန်းများထဲမှ မခံချိမခံသာဖြစ်မှုများကို နှင်းက ကျေနပ်အားရစွာကြည့်နေလိုက်မိသည်။
“ဒီနေ့မှာ နှင်းဆိုတဲ့ မိန်းမဟာ ကိုယ့်ယောကျ်ားကို တစ်ခြားမိန်းမနဲ့ လက်ချင်းချိတ်ပြီး တွေ့ခဲ့ပေမယ့် ရန်လာမလုပ်တာ ထူးဆန်းမနေဘူးလားဟင် အဟင်း သိပ်စဉ်းစားမနေပါနဲ့ ထူးဆန်းစရာမရှိပါဘးူ ကျွန်မသားလေး ငယ်ငယ်ရွယ်ရွယ်နဲ့ လူအများရှေ့မှာ ရှက်နေမှာကြောက်လို့ ရှင်တို့ကို မမြင်ချင်ယောင်ဆောင်ခဲ့တယ် မှတ်ပါ..”
ရစ်ဝဲလာသည့်မျက်ရည်များကို ကျမလာအောင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“မှန်တယ် ကျွန်မက ဆင်းရဲတယ် ဒါပေမယ့် တစ်ခါမှ သိက္ခာမပျက်ပြားခဲ့ဘူး ဒါ့ကြောင့်ပဲ ရှင့်အမေကိုယ်တိုင် ကျွန်မအမေကို ငယ်သူငယ်ချင်းဆိုတဲ့ စကားနဲ့ အိမ်တိုင်လာရောက် လာတောင်းခဲ့တာမဟုတ်လား ခုတော့ ခုကျတော့ ရှင်က..”
ပြောပြောဆိုဆိုပင် ထိန်းမရနိုင်တော့သည်မို့ ရုတ်ခြည်း ငိုချလိုက်သော သူမကို မောင်က တအံ့တသြ လှည့်ကြည့်လာသည်။ ထိုစဉ်မှာပင်အခန်းရှေ့မှ ခြေလှမ်းသံပါးလျလျကြောင့် နှင်းက စကားစကို ဖြတ်လိုက်သည်။ စီးကျနေသည့်မျက်ရည်များကိုလည်း သုတ်လိုက်သည်။ တံခါးမဖွင့်ခင်ကတည်းက ခြေသံပါးလျလျလေးသည် သားဖြစ်မည်ဟု နှင်းရိပ်မိပါသည်။
“ဒေါက် ဒေါက်”
တံခါး ခေါက်သံကြောင့် အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ နှင်း တွေးသည့်အတိုင်းပင် သားဖြစ်နေသည်။
“ဒီနေ့ မေမေ နဲ့ သား အိပ်လို့မ ရဘူးလားဟင်”
“ရတာပေါ့ သားရဲ့ လာ သားအခန်းကို သွားရအောင်”
“ဟင့်အင်း ဒီအခန်းထဲမှာပဲ အတူတူအိပ်မယ်နော် မေမေရယ် ဖေဖေရယ် သားရယ်လေ”
သား၏ တိုးဖျော့သည့် အသံလေးကြောင့် နှင်းမငြင်းရက်တော့။ မောင့်ဘက်ကို လှည့်ကြည့်လိုက်တော့ သားကိုကြည့်နေသည့် မောင့်မျက်ဝန်းများသည် အကြံအိုက်နေသယောင်ယောင်။
--++--
“မေမေ ဖေါက်ပြန်တယ်ဆိုတာ ဘာလဲဟင်”
“ဟင် ဘာ့ကြောင့် အဲဒီလိုမေးတာလဲ သားရဲ့”
“သားသူငယ်ချင်း ရစ်ကီရဲ့ ဖေဖေက မိန်းမတစ်ယောက်နဲ့ ဖေါက်ပြန်ပြီး ရစ်ကီ့မေမေနဲ့ ကွာရှင်းလိုက်တယ် တဲ့မနေ့က
ဆရာများနားနေခန်းဘေးက ဖြတ်သွားတုန်းမှာ ကြားလိုက်ရတာ ရစ်ကီ့မေမေလည်း စိတ်ထောင်းကိုယ်ကြေဆိုတဲ့အတိုင်း ပိန်လှီနေတာပဲ တဲ့ ကလေးထောက်ပံံ့ကြေးတောင် မရဘူး လို့ပြောနေကြတယ် ကလေးထောက်ပံ့ကြေးဆိုတာကကော ဘာလဲဟင် ပြီးတော့ စိတ်ထောင်းကိုယ်ကြေဆိုတာကော”
ကြားလိုက်ရသည့် သတင်းကြောင့် ရစ်ကီနှင့် သူ့အမေအား သနားသွားရရင်း သက်ပြင်းတစ်ချက် ခပ်လေးလေးချလိုက်မိသည်။ ဖေါက်ပြန်တယ်ဆိုတဲ့ စကားလုံးကို နှင်း အသိမပေးခင် သားက တတ်မြောက်ထားနှင့်ပြီးပြီပဲ။ ဒါကိုက ကံတရားလေလား။
ဟင့်အင်း။ တချိန်မှာ နှင်းက အားလုံးကို အစောဆုံးခွဲသွားရမှာ။ သားဘေးမှာ မောင်ရှိနေမှ ဖြစ်မည်။ မောင့်ကို သားလေး မမုန်းစေရ။
မျက်ရည်က သူ့အလိုလိုရစ်ဝဲလာသည်မို့ မျက်တောင်တို့ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မငိုမိအောင်ထိန်းထားရသည်။ သားကတော့ တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် တွေဝေငေးမောနေလေသည်။
--++--
(၃)
အဲဒီလက် အဲဒီအနမ်း နှင်းမဟုတ်တဲ့ မိန်းမ ဘယ်နှစ်ယောက်ဆီမှာ သက်ဆင်းပြီးပြီလဲ မောင် နှင်းက သိပ်မိန်းမပီသတာပဲ ဆိုတဲ့ စကားနဲ့ နှင်းကို မီးဖိုချောင်မှာ ချုပ်ထားခဲ့သမျှ မောင်က အတိုးချပျော်နေရက်ခဲ့တယ် တဲ့လား။ စာချုပ်တစ်စုံမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပါ့မယ် လို့ ကတိထားခဲ့မိသမျှ အလကားပါ့လား မောင် နှင်းက မိန်းမသားမို့ ချုပ်ထိန်းမှုတွေနဲ့ရှင်သန်ရတာ နေသားကျနေပြီဆိုရင် မောင်က ယောကျ်ားသားမို့ သွေးသားဆာလောင်နေတာလား။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့။ ဆိုရိုးစကားရှိခဲ့ဖူးတယ်။ ခုတော့လည်း ဆေးမင်ကြောင်လည်း ဖျက်လို့ရပြီ မောင်။ အိမ်ထောင်မှုဆိုတဲ့စကားလုံးလေးကိုလည်း သား သာမရှိခဲ့ရင် နှင်း လွယ်လွယ်ကူကူဖျက်လိုက်မိမှာပဲ။ ခုတော့…ခုတော့…။
စိတ်မှာ ကြိတ်မနိုင်ခဲမရဖြင့် ပြောနေမိသော်လည်း ပြင်ပတွင်တော့ နှင်း အပြုံးခပ်ယဲ့ယဲ့လေးဆင်ထားသည်။ မောင့်မေမေ သူဌေးမကြီးက သူ့သားတော်မောင်ကို အလိုက်တသိနှင့် ခွင့်လွှတ်ပြီး ထိန်းသိမ်းဖို့ သင်ကြားပြသပေးနေသည်လေ။ တစ်ကောင်ကြွက် ဆိုသည့် စကားတစ်စု၏ အဓိပ္ပါယ်ကို ယခုမှ ပိုမိုနားလည်လာသယောင်ရှိ၏။ ဖေဖေနှင့်မေမေ ရှိတုန်းကတော့ ကိစ္စကြီးကြီးမားမားဖြစ်စေဦးတော့ ၊ နှင်းစိတ်ဝယ် တင်းထားနိုင်သေးသည်။ ယခုအချိန်မှာတော့ နှင်းသည် မျက်ရည်လွယ်သည့် သမင်မလေးသာတည်း။ မျက်လုံးထောင့်စွန်းမှ အရိပ်ကြောင့် နှင်း မျက်လုံးလေးလှန်ကာ ကြည့်လိုက်မိရင်း ပျော်သွားရသည်။ သား ကျောင်းက ပြန်လာချေပြီ။
“အမေ သား ပြန်လာပြီ သားအတွက် ထမင်းပြင်ပေးလိုက်ဦးမယ်”
“ဟေ ငါ့မြေးလေး ပြန်လာပြီလား လာပါဦး ဘွားဘွားဆီကို မတွေ့တာကြာတဲ့ အတောအတွင်း ထွားလာလိုက်တာ ကလေးရယ်”
ဟင့်အင်း။ ကျွန်မ သားကို မိထွေးလက်မှာတော့ မထားဘူး မောင်။ အနည်းဆုံးတော့ သူ့အဘိုးအဘွားဆီမှာ နေမယ်ဆိုရင် တစ်ဦးတည်းသော သားဖြစ်တဲ့ မောင့်သားလေးကို သူတို့ဖြည့်ဆည်းပေးမှာ အမှန်ပဲ ။ ဟင့်အင်း။ ကျွန်မ သာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မ သားကို မောင့် နောက်မိန်းမရဲ့ အုပ်ထိန်းမှုအောက် မရောက်စေချင်ဘူး။ ထမင်းစားနေသည့် သားလေးကိုကြည့်ရင်းက မျက်ရည်တို့ရစ်ဝိုင်းလာပြန်သည်။ သားရယ် မေမေ့ကို ခွင့်မလွှတ်ပါနဲ့။ လူ့လောကထဲက စောစောထွက်သွာညးမယ့် မေမေ့ကို ခွင့်မလွှတ်လိုက်ပါနဲ့။
ထမင်းဝိုင်းကို ပြင်ဆင်နေရင်းမှ ရင်ထဲမှ စူးတက်လာသည့် ဝေဒနာကြောင့် လက်ဖြင့်ဖိရင်း ဆေးသောက်ရဦးမည်ဟု သတိရလိုက်သည်။ ဟုတ်သည်။ သားလေးအတွက် ဆေးတော့မှန်မှန်သောက်မှ ဖြစ်မည်။
(၄)
“မအံ့သြပါနဲ့ မောင်။ နှင်း ခဏလောက်တော့ ဝင်လာလို့ရတယ်မဟုတ်လား”
တံခါးကို တွန်းဖွင့်ရင်း နှင်းဆိုတော့ မောင်က ကြောင်အမ်းအမ်းဖြင့် တံခါးဟပေးသည်။ အခန်းထဲဝင်ကာ အကဲခတ်ကြည့်လိုက်ချိန်မှာတော့ နှင်း၏ လိုအပ်ချက်နှင့် ကွက်တိကျနေသော အနေအထားကို တွေ့ရ၏။ တဘက်ခါးပတ်ထားသော မောင့်အသွင်ကိုကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးမိတော့ မောင်က မလံုံမလဲဟန်ဖြင့် အဝတ်အစားလဲဖို့ပြင်သည်။
“ရပါတယ် အဝတ်အစား လဲမနေနဲ့တော့လေ မောင် ။ မောင့်မိန်းကလေးနဲ့ တွေ့ပြီးတာနဲ့ နှင်းပြန်မှာပါ သူ့ကိုပဲ ခေါ်ပေးပါ့လား ဟင်”
ထိုအချိန်မှာပင် ရေချိုးခန်းအတွင်းမှ ထွက်လာသည့် မိန်းကလေးက နှင်းကို အလန့်တကြားကြည့်လျှက် မောင့်နားသို့ ပြေးကပ်သွား၏။
“တော်တော်လှတာပဲ ဒါ့ကြောင့်လည်း ယောကျ်ားတွေ ကြိုက်ကြတာ နေမှာ လုံးကြီးပေါက်လှ ဆိုတာ ဒါမျိုးထင်ပါရဲ့ ဟုတ်လား မောင်”
“မင်း ဘာပြောချင်တာလဲ ဘာကိုလိုချင်နေတာလဲ နှင်း”
နှင်းက ယနေ့မှ ညှပ်လာသည့် ဆံပင်ကုပ်ဝဲလေးကို ဝဲခနဲနေအောင်ခါလိုက်သည်။ ထို့နောက်
“စကာားမစပ် မင်းက မောင်ရှုပ်ခဲ့တဲ့ မိန်းမတွေထဲက ဘယ်နှစ်ယောက်မြောက်လဲ သိလား ကိုယ်တော့ မမှတ်မိတော့ဘူး မှတ်ရတာ များလွန်းလို့ မေ့ထားလိုက်ပြီ”
“အို ဘာဖြစ်ဖြစ် ကိုကိုက ပြောတယ် ကျွန်မက ကိုကို့အတွက် နောက်ဆုံးအချစ်တဲ့”
ထိုစကားနှင့်အတူ နီရဲတက်သွားသော မိန်းကလေး၏မျက်နှာကို ကျေနပ်စွာကြည့်လိုက်မိရင်းက
“အခန်းကကျဉ်းလို့လားမသိဘူး သိပ်အိုက်တာပဲ ဝရန်တာမှာ စကားသွားပြောရအောင် ကိုကျော်သူအောင်”
မောင့်နာမည်ကို ခေါ်ကာ ဝရန်တာဆီသို့ ထွက်ခွာလာတော့ မောင်၏မိန်းကလေးပါ အတူ လိုက်လာသည်ကို တွေ့ရသည်မို့ နှင်း ကျေကျေနပ်နပ်ပင် ရယ်လိုက်မိသည်။
“သိလား မောင် မောင်ရှုပ်ခဲ့သမျှ တစ်စက်မှ ခြေရာမကောက်တတ်တဲ့ နှင်းက ခုချိန်မှာ ဘာလို့ တောက်လျှောက်လိုက်နေတယ် ဆိုတာကို မောင်သိရဲ့လား”
မောင်က စိတ်ရှုပ်နေသည့်မျက်နှာဖြင့် နှင်းကို ပြန်ကြည့်လာသည်။ မောင့်နဖူးထက်မှ ချွေးများကို ကြည့်ခြင်းအားဖြင့် မောင့်စိတ်ပင်ပန်းမှုှုကို တွက်ချင့်၍ ရလေသည်။
“နှင်း ကိုယ် အပြင်မှာ ဘယ်လောက်ရှုပ်ရှုပ် အိမ်ထောင့်ဦးစီးတာဝန်ကို ဘယ်နှစ်ခါ ပျက်ကွက်ခဲ့ဖူးလို့လဲ အပြင်မှာ ဘယ်လောက်ရှုပ်ရှုပ် အပြင်မှာ ညအိပ်ဘူးလို့လား သူငယ်ချင်းတွေနဲ့ သောက်တဲ့စားတဲ့အချိန်လောက်ကလွဲလို့ ကိုယ် အပြင်မှာ မအိပ်ဖူးပါဘူး ခု နှင်း ဘာကို လိုချင်နေတယ်ဆိုတာ ပြောပါ နှင်းစိတ်ကြိုက်ဖြည့်ဆည်းပေးပါ့မယ် ဒါကို အကြောင်းပြပြီး ကွာမယ်ရှင်းမယ်ဆိုတဲ့ စကားတော့ မပြောစေချင်ဘူး ကိုယ်တို့မှာ သားလေးရှိသေးတယ်မဟုတ်လား”
မောင့်စကားကြောင့် မည်းတက်သွားသည့် မိန်းကလေး၏မျက်နှာကို အရသာခံကြည့်လိုက်မိရင်း ဝရန်တာ ဘောင်ပေါ် တက်ထိုင်လိုက်သည်။
“အိုး စိတ်ချပါ မောင်ရဲ့ သားအတွက် မောင်နဲ့ ကျွန်မက ကွာရှင်းလို့မဖြစ်ဘူးလေ ဟုတ်တယ်မဟုတ်လား ကျွန်မ သိပ်နားလည်တာပေါ့….ဒါပေမယ့်..”
စကားရပ်ကာ မောင့်မျက်နှာကို မချိုမချဉ်အပြုံးဖြင့် ပြုံးကြည့်လိုက်သည်။
“ကျေးဇူးတင်တယ် မောင် မောင့်ကို ပြောပြစရာ နှင်းမှာ ကျန်သေးတယ် ဒါပေမယ့် နှင်းက ဒီဝရန်တာကနေ ခုန်ချချင်နေတယ် …။ အဟင်း နှင်းလည်း ရူးနေပြီထင်ပါရဲ့ မောင် ”
“အိုး ရှင်မကြောက်ဘူးလား အဲဒီမှာ မထိုင်နဲ့ အန္တရာယ်များတယ် အကာအရံလည်းရှိတာမဟုတ်ဘူး ကိုကို ကိုကို့ မိန်းမကြီးကို ပြောဦး ရူးနေပြီလားမသိဘူး”
မောင်နှင့် သူ့ကောင်မလေး၏မျက်နှာကို ကြည့်ရင်းက နှင်း တဟားဟားဖြင့် ဝါးလုံးကွဲမတက် ရယ်ချလိုက်မိပြန်သည်။
“ဝရန်တာမှာ ခဏလေးပေးထိုင်ရမှာကို ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ အဟင်း ကိုယ့်ဆီကဆို ကိုယ့်ယောကျ်ားကို မင်းအလိုရှိတိုင်း ငှားငှားသုံးနေတာမဟုတ်ဘူးလား”
နှင်းအပြောကြောင့် မိန်းကလေး၏ မျက်နှာက ရုတ်ခြည်းရဲတက်သွားသည်။
“မင်း ဘာတွေ ဖြစ်နေတာလဲ နှင်း မင်းပြန်တော့ ပြန်တော့ကွာ နောက်ကို ဒီလိုဘယ်တော့မှ မလုပ်တော့ဘူးလို့ ကိုယ်ကတိပေးတယ်”
ရုတ်တရက ်ပြောပြောဆိုဆိုဖြင့် နှင်းကို လှမ်းဆွဲလိုက်သော မောင့်ကြောင့်
“အိုး ဖြည်းဖြည်းရှင့် ဒီနေရာကနေ ပြုတ်ကျသွားရင် အမှုပတ်မှာ ဒီနေရာရဲ့ပိုင်ရှင် ရှင့်ရဲ့မယားငယ်နဲ့ ရှင်ပဲ။ ကျွန်မ အမှုပက်မှာ မဟုတ်ဘူး။ ဒါကိုကော သတိထားမိရဲ့လား သတိထားမိအောင် ကျွန်မ ခုန်ချလိုက်မှထင်တယ် ”
နှင်း၏ အပြောကြောင့် နှင်းဆီသို့ တိုးလာမည် ပြင်လိုက်သော မောင့်ကို
“တိုးမလာနဲ့နော် တိုးလာရင် သူ့ကိုပါ ဆွဲပြီး ခုန်ပစ်မှာ”
ပြောပြောဆိုဆိုဖြင့် မိန်းကလေး၏ လက်ကို ဆွဲကိုင်လိုက်သည်။ မောင့် မိန်းကလေးကတော့ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ချေပြီ။
“ငါးထပ်ဆိုတော့ ပြုတ်များကျလိုက်ရင် အရိုးတွေ စိစိညက်ညက်ကြေကုန်မယ် ထင်တယ်နော် သေချာသိရအောင် ခုန်ချလိုက်ပြီကွယ် မောင်ရေ ဂွတ်ဘိုင်”
ရုတ်တရက် ကောင်မလေး၏ လက်နှစ်ဖက်ကို တွန်းလွှတ်လိုက်ပြီး အနောက်သို့ ကိုယ်ကို လှန်ချလိုက်သည်။
“နှင်း……”
မောင့်အော်ခေါ်သံမဆုံးသေးခင်ပင် လှန်ချဟန်ပြင်လိုက်သည့် ကိုယ်ကို သေချာမတ်လိုက်သည်။ ထို့နောက်
“သိပ် လန့်သွားသလား မိန်းကလေး မလန့်ပါနဲ့ကွယ် ကိုယ်က ကိုယ့်ယောကျ်ားကို လက်စားချေပြီးမှ သေမှာပါ လက်စားမချေရသေးခင်တော့ လုံးဝ ကိုယ့်ကိုယ်ကိုယ် အထိခိုက်မခံဘူး စိတ်ချ”
ဖြူဖျော့နေသော မျက်နှာနှစ်ခုကို ကြည့်ရင်းက နှင်း ကျေကျေနပ်နပ်ပြုံးလိုက်သည်။
“နောက်ထပ် နောက်ထပ် တွေ မောင် ရှုပ်စမ်းပါလေ နှင်း ဘာမှမပြောဘဲ ငေးကြည့်ပါဦးမယ် သိလား မောင် နှင်းက သားကို သေသေချာချာကို ပြုစုယုယပြီး မိခင်ကောင်းတာဝန်ကို ယူမှာပါ စိတ်ချ….အကယ်၍ တစ်စုံတစ်ခု ဖြစ်လို့များ နှင်းသေဆုံးသွားမယ်ဆိုရင်တောင်လေ စိတ်ချ လူ့ဘဝထဲ ပြန်မသွားသေးဘဲ ဝိညာဉ်အဖြစ်နဲ့ မောင့်နောက် တစ်ကောက်ကောက်လိုက်နေမှာ……..အော် နောက်တစ်ခါ လာရင်လေ သားကိုပါ ခေါ်လာခဲ့ရမလားဟင် သူ့ဖေဖေက လူမှုရေးဖေါက်ပြားတဲ့ သူတစ်ယောက် ဖြစ်ကြောင်းများသိရင် သားဘယ်လိုနေမယ်ထင်သလဲဟင်”
နှင်းကို ကြည့်နေသော မျက်ဝန်းနှစ်စုံကို ကျော်ဖြတ်ပြီး နှင်းတံခါးဝသို့ ထွက်လာလိုက်သည်။ ဆေးသောက်ချိန်နီးပြီလေ။
“ကိုယ်နဲ့ တူတူ ပြန်မယ် နှင်း ခဏ…..ခဏစောင့်”
နောက်နားမှ ကြားလိုက်ရသည့် မောင့်အသံကြောင့် နှင်း မဲ့ပြုံးပြုံးလိုက်မိသည်။ ချစ်ပါသည်ဟု တယုတယပြောခဲ့ဖူးသည့် မိန်းမတစ်ယောက်အဖြစ် ကြင်နာပြလိုက်သည့် သဘောလေလား။ ဓါတ်လှေကားခလုတ်ကို မြေညီထပ်သို့ဆင်းဖို့ နှိပ်တော့မည့်အချိန်တွင်ပင် ကသောကမျောဖြင့် ရောက်လာသော မောင့်ကိုကြည့်ရင်း နှင်းမျက်လုံးအစုံကို မှိတ်လိုက်မိသည်။
“သမီးအနေနဲ့ ဆေးမှန်မှန်သောက်မယ် အချိန်မှန်လည်း ဆေးရုံကို လာပြီး စစ်ဆေးမယ်ဆိုရင် သမီးရဲ့ အသက်မှ မရှည် ဘယ်သူ ရှည်မှာလဲ သမီးရဲ့”
“သူ့ဘာသာ ကင်ဆာမကလို့ ဘာပဲဖြစ်ဖြစ် ဆရာကတော့ ဗုဒ္ဓဘာသာဝင်ပီပီ တရားထိုင်ပြီး ရောဂါကုတာကို သဘောကျတယ် တရားထိုင်ရင်း စိတ်ကို ငြိမ်အောင်ထားရင်းနဲ့ ရောဂါက အရှင်း ပျောက်ချင်လည်းပျောက်သွားနိုင်တာပဲ မဟုတ်လား ဒါ့ကြောင့် သမီးအနေနဲ့ ဘာမှ စိတ်အားငယ်ဖို့မလိုဘးူ ဟုတ်ပလား”
စုံမှိတ်ထားသည့် မျက်လုံးထဲတွင် မြင်နေရသည်က အဆုတ်ကင်ဆာ ဆိုသည့် အဖြေလွှာတစ်ခု။ ရှင်သန်ချင်လျှင် ရှင်သန်ချင်သည့်စိတ်တစ်ခုဖြင့် တွန်းကြိုးစားဖို့သာလိုသည် ဆိုသည့် ဆရာဝန်၏ စကားသံ။
ဒါပေမယ့်လည်းလေ ရှင်သန်ဖို့ရာခိုင်နှုန်းနည်းတဲ့ ကင်ဆာဆိုတဲ့ အဖြေလွှာကို သိနေသူအတွက် ရှင်သန်ခြင်းက ဘယ်လောက်ထိ အရေးပါလာမှာလဲ။ တစ်ခုပဲ။သားလေးအတွက် အချိန်နည်းနည်းပိုရှင်သန်ချင်မိရုံပါပဲ။
ဖြစ်နိုင်မယ်ဆိုရင်လေ အိမ်ထောင်ရေးဖေါက်ပြားတဲ့ မောင့်လို လူကို နှင်း ဘယ်ခွင့်လွှတ်နိုင်မလဲကွယ်။ ဒါပေမယ့်လည်း မောင်က သားရဲ့ ဖေဖေဖြစ်နေခဲ့တော့ နှင်း ဘယ်လောက်မုန်းမုန်း မောင်ပျက်စီးအောင် လုပ်လို့မှ မဖြစ်ဘဲ။ မောင်ပျက်စီးရင် သားပါ ပျက်စီးမှာ မဟုတ်လား…လေ။
ကင်ဆာရှိပါပြီဆိုသည့် ဆေးစစ်ချက်ရကတည်းက သားလေးအတွက် ဘယ်လိုလုပ်ပေးရမလဲ ဆိုသည့်သောကများဖြင့် ပြည့်နှက်ခဲ့ရသည်။ ယခုလည်း မသေခင်အတောအတွင်းမှာတော့ သားကို မိခင်မေတ္တာအပြည့်အဝပေးပြီး မောင်ရှုပ်သမျှ မျက်စေ့ဒေါက်ထောက်ကြည့်ပါဦးမည်။ နှင်း၏ ခန္ဓာ မချုပ်ငြိမ်းခင် မောင်တစ်ယောက် အသိတရားရကာ သား၏ ဖခင်ကောင်းဖြစ်နေနိုင်ပါစေ ဆိုသည့် ဆုတောင်းဖြင့်သာ နှင်း၏ လက်ကျန်နေ့ရက်များတွင် ဆုတောင်းရင်း ရှင်သန်နေရပေဦးမည်။
အိုး ဘာဖြစ်ဖြစ် နှင်းသေသွားခဲ့တယ်ဆိုတောင် ဒီကမ္ဘာမှာ နှင်း တစ်စုံတစ်ခု ချန်ထားခဲ့တယ်လေ။
သားလေး နှင်းအတွက် နှင်းကိုယ်စား ဒီကမ္ဘာမှာ ကျန်နေခဲ့တယ်မဟုတ်လား။နှင်းရဲ့ကိုယ်ပွားသားလေးက တစ်ချိန်ချိန် နိုင်ငံကျော်ပညာရှင်ကြီးတစ်ယောက် ဖြစ်မလာနိုငဘူးလို့ ဘယ်သူပြောမလဲ။ နှင်းမရှိတော့တဲ့အခါ ကျန်ခဲ့မယ့် မောင်နဲ့သားအတွက် ဒီနေရာကို လိုက်လာမိတာ နှင်းမမှားဘူးနော်။ ဟင့်အင်း။ နှင်း မမှားဘူး။ ကိုယ့်မိသားစုလေး တည်တံ့ခိုင်မြဲဖို့ဆို ဘယ်ဇနီးမယားမှာဆို ကြိုးစားခွင့်တော့ ရှိတယ် မဟုတ်လားဟင်။ မာယာသုံးတယ်လို့ ဆိုချင်လည်း ဆိုပါစေတော့။ ဒါပေမယ့် အဖြူရောင်မာယာပါ မောင်။
ရည်ဝေ(လင်းရောင်ခြည်)
.png)
No comments:
Post a Comment