Monday, February 10, 2025

စိတ်- ရည်ဝေ(လင်းရောင်ခြည်)-၂၀၁၅ ဇန်နဝါရီ ဇီဝကမဂ္ဂဇင်း

စိတ် (၁) ဟင်း…...........သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ အလုပ်တွေပါးနေတာ တော်တော်ကြာပြီ။ နှစ်လကျော် သုံးလလောက်ရှိပြီ။ ပုံမှန်ဆို ဒီဆိုင်လေးက တစ်နေ့ကို သုံးသောင်းနီးပါးဝင်နေကျ။ ခုတော့ တစ်နေ့ ၅၀၀၀ တောင် ပုံမှန်မရှိချင်တော့။ နေ့စဉ်သွင်းနေရတဲ့ မဲဖိုး ၁၅၀၀၀ တောင် မတက်နိုင်တော့လို့ ရှိတဲ့ လက်စွပ်၊ ဆွဲကြိုး အားလုံးအပေါင်ဆိုင်မှာ။ မဲထုက်မှာကလည်း နောက်ထပ် လေးလလောက်လိုသေး၏။ ဒီအတောအတွင်း ဘယ်လိုနေရပါ့မလဲ။ ပိုက်ဆံလိုလို့ မိဘနှစ်ပါးဆီက ထုတ်ထုတ်သုံးနေရတာလည်း အားနာလှပြီ။

အခါတိုင်းဆို..ထောက်နှိုးအိုးက တစ်နေ့ကို ဆယ်ခါလောက်လာတတ်သည်ရယ်။ တစ်ခါထောက်နှိုး ၁၅၀၀ နှုန်းနှင့် ငွေ ၁၅၀၀၀ ကတော့ အသာလေးဝင်သည်။ တစ်ခါတစ်ခါ ထောက်တတ်တဲ့သူမရှိလို့ ကားလိုက်နှိုးပေးပါဆိုလျှင် သူမ လိုက်တဲ့အခါ ထောက်နှိုးငှားတဲ့ Customer က တအံ့တသြ။ မိန်းခလေးတွေလည်း လုပ်တတ်တာပဲဟ…ဆိုပြီး ပါးစပ်အဟောင်းသား။ တကယ်တမ်းထောက်နှိုးလိုက်သည်ဆိုသည်မှာ ကား၊ အင်ဂျင် စသည်တို့မှာတပ်ထားသည့် ဘက္ထရီအိုး၏ အပေါင်းအနုတ်ကို ဆိုင်ကဘက္ထရီအိုးနှင့် အပေါင်းအပေါင်းချင်း၊ အနုတ်အနုတ်ခြင်း ထောက်နှိုးကြိုးနှင့် တွဲလိုက်ရုံသာ။ ထောက်နှိုးလိုက်ရတာ တစ်ခါတစ်ခါကျတော့လည်း စိတ်ပျက်မိသည်။ ဘက္ထရီအိုးရဲ့ အပေါင်း၊ အနုတ် ကို ထိရမှာအား ဓါတ်လိုက်မှာကြောက်နေတတ်သည့် ယောင်္ကျားများကို တွေ့မိတိုင်းပင်။ မိန်းခလေးဖြစ်သူ သူမကိုမှ အားမနာ။ တစ်ခုတော့ရှိသည်လေ။ ကျွမ်းကျင်ရာလိမ္မာပေါ့။ ဆိုင်တော့သိပ်မဆိုင်ပေမဲ့ တချို့က ရူပဗေဒသမားမို့ ဘက္ထရီကို နားလည်သည်…ဟု သက်မှတ်သွားကြသည်။ တကယ်က စာတွေ့ထက် လက်တွေ့သမားက ပိုမိုကျွမ်းကျင်သည်လေ။
ထိုကဲ့သို့ ထောက်နှိုးက ၁၅၀၀၀ အပြင် တစ်နေ့တစ်နေ့ အက်ဆစ်လဲ အားသွင်းလာတာက ၁၀၀၀၀ ကျော်သည်။ ၁၅၀ နှစ်အိုးလောက်ပဲ အက်ဆစ်လဲလာဦး….၇၀၀၀ တစ်အိုးကို ၃၅၀၀ နှုန်းနှင့်။ စက်ရုံလေးရုံလောက် အမာခံရှိထားသည်မို့ အက်ဆစ်လဲအားသွင်း ထောက်နှိုး…အားလုံးပေါင်း ၃၀၀၀၀ ဝန်းကျင်ကတော့ နေ့စဉ်ပုံမှန်ဝင်ငွေပင်။ တစ်ခါတစ်ရံ ၆၀၀၀၀ တောင်ကျော်သွားသေး။ ဘက္ထရီအိုးရောင်းရတဲ့နေ့ဆိုလျှင် ထိုနေ့မှာ အမေနှင့်အဖေ့ကို ညစာ ကောင်းကောင်းဝယ်ကျွေးသည်လေ။ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြီးကြော်…အစရှိသဖြင့်။ တစ်လ ငါးသိန်းကျော်ရတဲ့လဆိုလျှင် အမေ့ကို လက်စွပ်လုပ်ပေးလိုက်၊ ဆွဲကြိုးဝယ်ပေးလိုက်နှင့် ပျော်ရွှင်ခဲ့တာ။ ခုတော့ ဒီဘက္ထရီဆိုင်လေး အလုပ်ပါးတာနှင့် အမေ့အတွက် ဘာမှ မလုပ်ပေးနိုင်တာကြာပြီ။ အဖေ့ကိုလည်း အရင်ကတော့ ကိုယ့်ဝင်ငွေနှင့်ကိုယ် ၈၀၀၀…၁၀၀၀၀ ဝန်းကျင်ရှိသော Aerosoft ဖိနပ် ဝယ်ပေးနိုင်လေသည်။ ခုတော့ ဘာမှ လုပ်မပေးနိုင်ပဲ အဖေ့ဆီက ပိုက်ဆံ ယူသုံးနေရတာပင် တော်တော်ကြာနေပြီ။ ဆိုင်ရှေ့မျက်နှာစာငေးကြည့်နေရင်း အလုပ်ကလည်း ဘာလို့မလာတာလဲ…ဟု ခပ်တိုးတိုးရွက်ဆိုမိပြန်သည်။ ဒီနေ့တော့ အမေနှင့်အဖေက ဝါဆိုသင်္ဃန်းကပ်ဖိတ်လို့သွားသည်ရယ်။ အမေတို့ဆရာရင်း ဦးဇင်းသီတင်းသုံးတဲ့ ကျောင်းတိုက်တွင်တဲ့။ ပြန်လည်းမလာသေးဘူး။ မနက်ကတည်းကသွားတာ တော်တော်ကြာတာပဲ။ နေ့လည် နှစ်နာရီတောင် ခွဲချေပြီလေ။ ဟော ပြောရင်းဆိုရင်း ပြန်လာပါပြီ။ မျှော်တုန်းမျှော်ခိုက်။ ………. (၂) အမေ့မျက်နှာ ကြည့်ရတာ အရေးတကြီး ပြောလိုဟန်။ ခရီးရောက်မဆိုက်ပင် “သမီး..ဆုမ…ဒီနားခဏလာဦး.”.တဲ့။ တစ်မျိုးတော့တစ်မျိုး။ လျှို့ဝှက်သည့ အကြောင်းအရာတစ်ခုကိုပြောလိုဟန်။ မှန်တော့လည်းမှန်ပါသည်။ သူမတို့ ဆိုင်တန်းလေးတွေက တဲတန်းလျားသဖွယ် ကြမ်းခင်းက ထိစပ်နေပြီး ဘေးနံရံက ငါးထပ်သားတစ်ပြားသာခြားတာမို့ မိသားစုသာ သိဖို့လိုအပ်သည့်ကိစ္စဆိုလျှင် တိုးတိုးဖြင့်ပြောရသည်သာ။ အိုး.....ကြားရသည့်စကားက မယုံနိုင်စရာ။ “သမီး..ဆုမ ဒီဆိုင်ကို အောက်လမ်းနည်းနဲ့ လုပ်ထားတယ်တဲ့။ အမေတို့ဦးဇင်းကျောင်းကအပြန် အရမ်းနာမည်ကြီးတဲ့ လောကဓါတ်ဆရာဆီဝင်မေးတာ အဲ့ဆရာက အမေ့ကိုတွေ့တွေ့ချင်းပြောတာပဲ။” “..ရှင်…”သူမမျက်လုံးအဝိုင်းသားဖြင့် အမေ့အား ကြည့်လိုက်မိသည်။ “ဟုတ်တယ်..သူက ဟောတာတွေ မှန်လွန်းလို့ တော်တော်နာမည်ကြီးတာ သိုက်ဆတ်တွေဆို သူ့ဆီပဲ ဖြတ်ကြတာ များတယ် အမေ့ကို တွေ့တာနဲ့ သူက ချက်ခြင်းပြောတာ ခင်ဗျားတို့ ဆိုင်ဖွင့်ထားသလားတဲ့ ပြီးတာနဲ့ အဲ့ဆိုင်ကိုအောက်လမ်းနည်းနဲ့ ညံ့အောင်လုပ်ထားတယ် တန်းပြောတာပဲ” ….….
ဘာမှပြန်မပြောနိုင်သေး။ သူမ မျက်စိလေး အဝိုင်းသား။ ပါးစပ်လေး အဟောင်းသားဖြင့်။ “အဲဒါကြောင့်မို့ အလုပ်တွေ မကောင်းတော့တာပေါ့..ငါထင်တာတော့ သူတို့လို့ပဲထင်တယ်” အမေ့ပြောစကားအဆုံး သူမ သိချင်စိတ်တို့နှင့်..“ဘယ်သူလဲ.”.ဟု မေးမိတော့…“ ခေါင်းရင်းအိမ်လေ”…တဲ့။
“သူတို့ပဲ ဒါတွေနဲ့ နီးနီးစပ်စပ် ရှိတာ…”တဲ့။ ခေါင်းရင်းကဆိုင်ခန်း။ သူမ ခေါင်းကို တစ်ချက်ခါယမ်းလိုက်မိသည်။ မဖြစ်နိုင်ဘူး..လို့။ ခေတ်လူငယ်ပီပီ ဒါတွေကို သူမ အယုံအကြည်မရှိပါ။ အယုံအကြည်မရှိဆိုတာထက် ဘယ်သူ့ကိုမှ မကောင်းမကြံတတ်သူအတွက်ညကောင်းခြင်းသာလာမည်..ရယ်လို့ ယုံသည်လေ။ အမေကတော့ သူမ၏ မျက်နှာကို သတိထားမိပုံမပေါ်။ “.ဆုမ ဆရာက သေချာလုပ်ပါလို့ မှာလိုက်တာနော် သမီး မွေးနေ့ စနေနေ့ရောက်တိုင်း ကြွေ ပန်းကန်ပြားပေါ်မှာ ဒီဆေးဖယောင်းတိုင်ကို ထွန်းပေးရမယ်…ဆုမကိုယ်တိုင်ထွန်းရမှာနော်…..ပုတီးပါစိပ်ရမယ် …” …ဟုပြောကာ ဖယောင်းတိုင်တစ်ထုပ်ကို ကမ်းပေးလို့။ မယုံကြည်သော်လည်း လက်ကတော့ လှမ်းယူလိုက်မိသည်။ ဘာ့ကြောင့်လဲလို့တော့ မဆန်းစစ်မိ။ အမေ စိတ်ချမ်းသာအောင် ယူလိုက်တာပါ…ဟူ၍သာ။ …………….. (၃) ဒီနေ့လည်း အလုပ်ပါးသည်။ ဈေးဦးကို မပေါက်သေး။ ဟာ..ဒီနေ့ စနေနေ့။ သူမ မွးနေ့။ ဘယ်နှစ်နာရီရှိနေပြီလဲ။ တစ်နာရီမထိုးသေး။ အမေပြောတာတော့ နေ့ခင်း တစ်နာရီမှာ လုပ်ရမယ်တဲ့။ မဖြစ်နိုင်ပါဘူး။ ငါမယုံပါဘူး။ သူမ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို ရိုသေသော်လည်း ဒီဘုရားတရားအလုပ်ကို အလုပ်အကိုင်ကောင်းဖို့ရာ ရည်ရွယ်၍ လုပ်သည်..ဟု အပြောခံရခြင်းကို မုန်းသည်။ နေ့စဉ် ပရိတ်ကြီး ၁၁ သုတ်ကိုပင် မရွတ်။ စိတ်ပါသောအခါမျိုးမှသာရွတ်ဖြစ်သည်လေ။ သူမ ပါတ်ဝန်းကျင်တွင်က သူမမုန်းသော သူမျိုးတွေ အပြည့်အနှက်။ နှစ်လုံးချဲထီပေါက်ဖို့ရာ ဂုဏ်တော်ကွန်ချာကို ပုတီးဘယ်နှစ်ပတ်စိပ်ရမယ် ဆိုသူတွေ ဗုံးပေါလအော။ အမေပြောတဲ့ ခေါင်းရင်းအိမ်။ ထိုခေါင်းရင်းဆိုင်ခန်းက ကြားရသမျှတော့ သူမအတွက် အထူးတဆန်းချည်းသာ။ တစ်ပတ်တစ်ခါတော့ အသိဗေဒင်ဆရာခေါ်၍ ဘာတွေမေးမှန်းမသိ။ ငါးထပ်သားလေးတစ်ချပ်သာခြားသော သူမအခန်းလေးမှ အကုန်ကြားနေရသည်။ အပတ်စဉ် ဂဏန်းပေး၍ ဘယ်ဂုဏ်တော်ကို ဘယ်လိုပွား၊ ဘယ်နှစ်ပတ်စိပ်။ ထိုအရာတွေ ကြားပါများသွားခြင်းကြောင့်ပင် သူမ ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်မရွတ်ဖြစ်တာ ဘယ်လောက်ကြာနေပါပြီလဲ။ ……….. ဟော တစ်နာရီထိုးပြီ။ ရည်ရွယ်ထားခြင်းမရှိပါပဲ လက်က ဖယောင်းတိုင်ကိုယူ၍ မီးညှိလိုက်ပြိး ကြွေပန်းကန်ပေါ်တင်လိုက်သည်။ စိပ်ပုတီးကို ယူ၍ ရွတ်ဆိုမိသည်က သံဗုဒ္ဓေဂါထာတော်။ အမေ ပြောတာကတော့ ကိုးပတ်တိတိ..တဲ့။ သူမ ယုံလို့ မယုံလို့ရယ်မဟုက်ပါ။ အမေ စိတ်ချမ်းသာအောင်ပါ။ စိတ်ထဲက တိတ်တိတ်လေး မျှော်လင့်နေမိတာကတော့ ဒီနေ့ကျော်လျှငf အလုပ်အကိုင်တွေ ပြန်လည် ကောင်းမွန်သွား…ဖို့။ ……………………………………………………………………………………………………………………….. (၄)ဇာတ်သိမ်း အမေကတော့ ရုံးမသွားမီ အသေအချာကို မှာခဲ့သည်။ ဒီနေ့က သောကြာနေ့မို့ သူမ ပုတီးစိပ်ရမည်….တဲ့လေ။ မဖြစ်မနေပဲ သံဗုဒ္ဓေဂါထာကို ပုတီးကိုးပတ် စိပ်ရဦးမတဲ့…။ သူမ မွေးနေ့ စနေနေ့ရဲ့ အညွန့်နေ့မို့…တဲ့။ သူမ နားမလည်ပါ။ နားမလည်ချင်ပါ။ ရတနာသုံးပါးကိုင်းရှိုင်းခြင်း နောက်မှာ အလိုဆန္ဒတို့ ပြည့်စေဖို့…ဆိုသည့် အတ္တလေးများပါရှိခြင်းဟာအစဉ်အလာတစ်ခုအဖြစ်ရောက်ရှိနေပြီလား။ သူမ ထိုအစဉ်အလာကို တော်လှန်ချင်ပါသည်။ ဒီနေ့လည်း အလုပ်ပါးပါသည်။ သို့သော် ထောက်နှိုးအိုးလေးအိုးလောက်ငှားရခြင်းက နေ့ရဲ့ အစပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီးပြီ။ အမေကတော့တစ်ဖွဖွပြောတာ ထိုဆရာပေးသော ဆေးဖယောင်းတိုင်ကြောင့်….တဲ့။ သူမ ဘာပြောနိုင်မည်လဲ။ ဆေးဖယောင်းတိုင်ထွန်းပြီးကတည်းက တိုးတက်လာတဲ့ဆိုင်အခြေအနေကလည်း သူမရဲ့ ဆုံးဖြက်ချက်တို့ကို ယိမ်းယိုင်အောင်လုပ်နေချေပြီ။ မယုံကြည်ခဲ့မှုတို့ကို ပျက်ရယ်ပြုနေချေပြီ။ သူမဘာများတတ်နိုင်ဦးမည်လဲ။ ဘုရားစင်ပေါ်က ပုတီးကိုအသာအယာလှမ်းယူလို့………………………အမေ စိတ်ချမ်းသာအောင်..လေ။ …………… ဘုရားစင်ရှေ့က ကြွေပန်းကန်ကိုကြည့်မိတော့ မရည်ရွယ်ပါပဲ နှုတ်ခမ်းတွန့်ကာ ပြုံးမိပြီ။ သူမလည်း ထိုအစဉ်အလာကို မချိုးဖေါက်နိုင်ခဲ့။ ထိုအစဉ်အလာကို ချိုးဖေါက်နိုင်မည့်သူသည်လည်း သုံးလောကထွဋ်ခေါင် ရှင်တော်မြတ်ဘုရားနှင့် နိဗ္ဗာန်လက်မှတ်ဖြတ်ထားသော သောတာပန်ပုဂ္ဂိုလ်လောက်သာရှိပေလိမ့်မည်။ ရောင့်ရဲတင်းတိမ်နိုင်သည့်သူ ဆိုသည်ကတော့ ပုထုဇဉ်လူသားထဲတွင် ရှားပါးပါသည်။ ရောင့်ရဲပါသည်ဟု အမြဲတစေဆိုနေတတ်သော၊ ထိုအစဉ်အလာကို ချိုးဖျက်ချင်သည်ဆိုသော သူမပင်လျှင် ယခုတော့ ရတနာသုံးပါးကိုင်းရှိုင်းခြင်း နောက်ဝယ် အလိုဆန္ဒတို့ ပြည့်စေဖို့… ဆိုသည့် အတ္တလေးများဖြင့် ပြည့်နေသည်မလား။ သို့သော် မည်သူမဆို ရေနစ်ချိန်မှာတော့ အထောက်အကူမဖြစ်နိုင်မှန်း သိပါလျှက်နှင့် ကောက်ရိုးတစ်မျှင်ကိုပင် ဆွဲမိသည်ပင်။ သူမသည်လည်း ပုထုဇဉ်လူသားပေမို့ ထိုကောက်ရိုးကိုဆွဲမိသည်သာဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်မိရင်း ကြွေပန်းကန်အား လှမ်းယူလိုက်သည်။ ကြွေပန်းကန်ထဲမှ ပြာများအားသွန်ပစ်ကာ ဖယောင်းတိုင်ထွန်းရဦးမည်မလား ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...