Monday, February 10, 2025

ဘဝအမြင်-ရည်ဝေ(လင်းရောင်ခြည်)-ဝူးမန်းဝေါ ဂျာနယ်

ဘဝအမြင် (၁) ဘဝ ဆိုတာကို တကယ်တမ်းတွက်စစ်ကြည့်ရင် ဘကုန်းနဲ့ဝလုံးဆိုတဲ့ စာလုံးလေးနှစ်လုံးပဲရှိတယ်။ ဒါပေမဲ့ သူ့မှာပါတဲ့ အဓိပ္ပါယ်နဲ့ ရသကတော့ ကျယ်ပြန့်သားဗျ။ ဘဝကို ဘယ်လိုမြင်လဲလို့ မျက်လုံးမှိတ်ပြီးစဉ်းစားကြည့်လိုက်တော့ ပြုံးမိသား။ ကျုပ်အတွက်တော့ ဘဝ ဆိုတာက ဘကုန်းဆိုတဲ့စာလုံးလေးနဲ့ ဝလုံးဆိုတဲ့ စာလုံးလေးပဲ အရေးပါတာကလား။ ဘယ်ကိုသွားမလဲ၊ ဘာလုပ်မလဲ၊ ဘာနဲ့သွားမလဲ စတဲ့ ဘကုန်းနဲ့သုံးတဲ့ ရွေးချယ်မှုတွေလေ။ နောက် လက်မလေးနဲ့ လက်ညိုးလေးဝိုင်းထားတဲ့ဝလုံးလေး။ နောက်တစ်နည်း ပြောရရင်တော့ ဒိုးပြားလေးပေါ့ဗျာ။ ညွှန်းရမယ်ဆိုရင်တော့ လူတိုင်းရဲ့အသဲစွဲ ငွေပေါ့။ ဘာတဲ့။ အဆိုတော် ဂျောက်ဂျက်ဆိုသလိုမျိုး ငွေကို ဒုတိယဘုရားသခင်ဆိုပြီး ကိုးကွယ်တာထိတော့ အစွန်းမရောက်ပေမယ့် ရှင်သန်နေထိုင်နေတဲ့ဘဝရဲ့ ကိုးဆယ်ရာခိုင်းထိ အရေးပါတယ်ထင်မိတယ်။ ဟုတ်တယ်။ ငွေရှိရင် သာရေးပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ။ လမ်းမှာ ရေဆာလို့ရေသောက်မယ်ဆိုရင်တောင် အခမဲ့ရေချမ်းစင်တွေ ရှားပါးနေတဲ့ ခေတ်ကြီးမှာ ရေလေးတစ်ခွက်သောက်ရဖို့အတွက်ကို ငွေကျပ် ငါးဆယ်တိတိလိုတယ်။

အဲ့လောက်ထိ ငွေကို တပ်မက်လို့ဆိုပြီး ကျုပ်ကို သူငယ်ချင်းတွေက မောင်ငွေမက်လို့ ရွဲ့ခေါ်ကြသဗျ။ ဘာ့ကြောင့်ပဲခေါ်ခေါ်၊ ဘယ်လိုပဲခေါ်ခေါ် အချိန်တန်တော့လည်း သူတို့ကျုပ်ဆီက ငွေချေးကြတာပါပဲ။ ဘာ့လို့ဆို သူတို့က ကျုပ်ထက် အသုံးကြမ်းတာကိုး။ ကျုပ်လို ခြစ်ခြစ်ချုတ်ချုတ်စုကြတာမှ မဟုတ်တာ။ ပေးချိန်တန်နေရဲ့သားနဲ့ အကြွေးမဆပ်တဲ့ သူငယ်ချင်းမျိုးတော့ ကျုပ် မှတ်ထားသဗျ။ သူတို့ချေးသွားတဲ့ငွေနဲ့ ကိုယ့်တန်ဖိုး ကိုယ်ဖြတ်တာပဲလေ ဆိုပြီး နောက်ပိုင်း လုံးဝမချေးတော့ဘူး။ ပေလျာယကံထားလိုက်တယ်။ အဲ့တော့ကျလည်း ပြောကြပြန်တယ်။ မင်း အဲ့လောက်ကပ်စေးနည်းလို့ အသက်ငယ်ငယ်နဲ့ မျက်မှန်တပ်ရတာတဲ့။ ဘာဆိုင်သလဲဗျာ။ ကျုပ်ကိုယ်တိုင်ကိုက ကြိုးစားလွန်းလို့ပါ။ ကွန်ပြူတာကို တအားကပ်ကြည့်လွန်းတော့ မျက်စိမှုန်ပြီပေါ့။ ကွန်ပြူတာနဲ့ ကျုပ်နဲ့က မဆက်နွယ်ပေမယ့် ဆိုင်သိမ်းြ့ီးရင် လက်ဖက်ရည်ဆိုင်သွားထိုင်မိမှာစိုးလို့ ကွန်ပြူတာဂိမ်းချည်း ထိုင်နှိပ်တာကလား။ LAPTOP ဆိုတော့လည်း မီတာမစားဘူး။ ဒီတော့ ကျုပ်အတွက် ကိုက်တယ်ပေါ့ဗျာ။ တစ်ခုပဲ။ မျက်မှန်လေး တပ်ရရုံလောက်သာ။
(၂) ဘကုန်းနဲ့ဝလုံး ဆိုတဲ့စကားလေးနှစ်ခွန်းက ကျုပ်အတွက် ဘယ်လောက်တောင် အရေးပါလိုက်သလဲဆို အိမ်ယာထူထောင်ဖို့တောင် အချိန်မပေးနိုင်ခဲ့ဘူး။ မိသားစုမဲ့ တစ်ကောင်ကြွက်ဘဝနဲ့ပဲ ဒိုးပြားတွေ ကုန်းရုန်းရှာနေမိတယ်။ ဒီချိန်ကျတော့လည်း ငွေရှာတဲ့လမ်းစဉ်မှာပဲ ပျော်ပြီး အိမ်ယာထူထောင်ဖို့ မစဉ်းစားမိတော့ပါဘူးဗျာ။ ကျုပ်အသက်က သုံးဆယ်တောင်ရှိပြီကိုး။ အသက်ကလေးသုံးဆယ်နဲ့ အပြော မစောစမ်းပါနဲ့ လို့ သူများတွေက ပြောကြလည်း ကျုပ်ကတော့ ပြုံးပြုံးပဲ။ ကိုယ့်အကြောင်းကိုယ်သာသိ ကိုးဗျ။ သူငယ်ချင်းတွေပြောတဲ့ အကြိုက်မတွေ့သေးလို့ပါဆိုတဲ့စကားတွေကိုလည်း အေး..ဟုတ်မယ် လို့ပဲ ထောက်ခံခဲ့တာ။ တကယ့်ဘဝရဲ့ အဓိပ္ပါယ်ကို အဆက်မပြတ်အလုပ်လုပ်ပြီး ငွေရှာတယ်လို့ပဲ ကျုပ်က မှတ်ယူတာ။ ကြုံလာတဲ့အခက်အခဲမှန်သမျှကို ရင်ဆိုင်ပြီး၊ ဖြေရှင်းပြီးတဲ့အခါ ရလာတဲ့ အောင်မြင်မှုပီတိကိုတော့ ဘဝရဲ့ရသလို့ ထင်မိပါရဲ့။ တကယ်တကယ်။ တွေးလက်စ ဘဝအကြောင်းကြောင့် ကိုယ့်ကိုယ်ကို သဘောကျပြီး ပြုံးလိုက်မိရင်း ငွေနောက်လိုက်များ ဖြစ်နေသလားလို့တောင် ခပ်ရွဲ့ရွဲ့ တွေးမိသေးတယ်။ (၃) အိုး…မွှေးလိုက်တာ။ အရှေ့နှင်းဆီခင်းကြီးကနေ ပျံ့လာတဲ့ လတ်လတ်ဆတ်ဆတ် နှင်းဆီရနံ့ကို အဆုတ်ထဲထိ ရှုသွင်းရင်း နှင်းဆီခင်းကြီးကို ငေးကြည့်လိုက်မိတယ်။ လှလိုက်တာ။ နှင်းဆီခင်းကြီးရဲ့ အောက်ခြေမှာကျတော့ တချို့နေရာတွေက မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့ ပနံရလို့။ တချို့နေရာကျတော့ မြေသားလေးတွေသီးသန့်နဲ့ တကယ်လှတဲ့ ရှုမငြီးတဲ့ ရှုခင်းပန်းချီကားတစ်ချပ်လို လှနေလိုက်တာများ ကျုပ်တောင် ထရပ်လိုက်မိရဲ့။ ခေါင်းကို မမော့ပဲ နှင်းဆီခင်းအထက်က ကောင်းကင်ကို မျက်လုံးလေးလှန်ပြီးကြည့်မိတော့ နှင်းဆီခင်းကိုတွေ့တဲ့ ကြည်လင်တဲ့အမြင်မျိုး မမြင်ရဘူး။ အရာရာဟာ မှုန်ဝါးဝါးဖြစ်နေတယ်။ မျက်မှန်ရဲ့ ကန့်သတ်ထားတဲ့ဘောင်ကို ကျော်သွားပြီဆိုတော့လည်း မှုန်ဝါးနေမှာပေါ့။ မျက်လုံးရဲ့ အမှားမဟုတ်မှန်း ကျုပ်နားလည်ပါတယ်။ ကျုပ်ကိုယ်တိုင်ကိုက ကြည့်ဖို့ကန့်သတ်ထားတဲ့ နယ်နမိတ်ကို ကျော်သွားခဲ့တာကိုး။ ရုတ်တရက် ကျုပ်စိတ်ထဲ အလုံးအရင်းနဲ့ တွန်းထိုးတိုက်ခိုက်လာတာ ကန့်သတ်ထားတဲ့ နယ်နမိတ် ဆိုတဲ့စကားလုံးလေး။ ဘောင်နဲ့ ကန့်သတ်ထားတဲ့နယ်နမိတ် ဆိုတဲ့ စကားလုံးလေးကိုပဲ ထပ်ခါထပ်ခါရေရွတ်မိနေတယ်။ ဘဝအပေါ် ကျုပ်အမြင်ကကော ဘောင်တစ်ခုခုနဲ့ ကန့်သတ်ထားသလား။ ကျုပ်အတွေးကို အဖြေပေးနိုင်ဖို့အတွက် အတိတ်က လုပ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်မိတယ်ဗျာ။ ဘယ်လိုအဖြေမျိုး ထွက်လာမလဲ ဆိုတာကို ကျုပ်ကိုယ်တိုင်လည်း စိတ်ဝင်တစားရင်ခုန်နေမိလေရဲ့။ တစ်စုံတစ်ရာကို ရွေးချယ်ဖို့ရာတွေ့တိုင်း ရွေးချယ်စရာမလို ဆိုတဲ့ အတွေးမျိုး မတွေးဖူးခဲ့ဘူး။ မဖြစ်မနေ တစ်ခုခုတော့ ရွေးချယ်ရမယ်ဆိုတဲ့အတွေးမျိုးပဲ တွေးခဲ့မိတာ။ ဈေးဝယ်သူတွေနဲ့ ဆက်ဆံပြီ၊ စကားပြောပြီဆိုတိုင်း အပြုံးချိုချို ထားတတ်ခြင်းက လူ့ကျင့်ဝတ်လို့ ကျုပ်က ခံယူထားတာ။ တချို့စကားပြောရိုင်းစိုင်းတဲ့သူတွေကို ကြုံရတိုင်း ပြန်ပြောချင်ပေမယ့်လည်း မျိုသိပ်ခဲ့တာ။ ဈေးဝယ်သူသည် အမြဲမှန်၏ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးနှောက်ထဲ၊ နှလုံးသားထဲ ရိုက်သွင်းခဲ့မိတာ။ ဒါ မှန်ရဲ့လား ဆိုတဲ့ မေးခွန်းက ကျုပ်ဦးနှောက်ကို တစ်ရစ်ရစ်နဲ့ နှိပ်စက်နေပြီ။ ချေးတဲ့ပိုက်ဆံ ပြန်မပေးတဲ့သူငယ်ချင်းမျိုးကို ဘောင်တစ်ခုသတ်မှတ်ပြီးကြည့်ခဲ့တာတော့ သေချာတယ်။ ကျောင်းတက်တုန်းက ရင်းနှီးခဲ့ရတဲ့ အတိုင်းအတာနဲ့ သူငယ်ချင်း အချင်းချင်းကြားက စည်းလုံးမှုဆိုတာကို ကျုပ်မေ့ထားပြီး ကိုယ့်တန်ဖိုးကိုယ်ဖြတ်တယ် ဆိုတဲ့ အတွေးနဲ့ ဘောင်ခတ်ထားခဲ့မိတယ်မလား။ တွေးလက်စအတွေးကိ မသတီလွန်းလို့ ခေါင်းကို ဆတ်ခနဲ တစ်ချက်ခါပြီး မောင်းထုတ်လိုက်မိတယ်။ ကန့်သတ်ထားတဲ့အရာအားလုံးကို တော်လှန်ပြီး မကန့်သတ်ပဲမြင်ကြည့်ဖို့ဘာ့ကြောင့် တွေဝေခဲ့တာလဲ လို့ ကိုယ့်ကိုယ်ကို မချိတင်ကဲဝမ်းနည်းမိတယ်ဗျာ။ တကယ်ပါ။ ညီရင်းအစ်ကိုလို ချစ်ခဲ့ရတဲ့ သံယောဇဉ်တွေ ဘယ်ရောက်သွားပြီလဲ။ အရာရာကို ဘောင်ခတ်ကန့်သတ်ပြီး ကြည့်ခဲ့မိတယ် ဆိုတဲ့ အသိမှာ ကျုပ်ရင်ထဲဝမ်းနည်းခြင်းတွေ တစ်လှိုက်လှိုက်ဆူတက်လာပါပေါ့လား။ တစ်ခုတစ်လေတောင် ဘောင်ဆိုတာကို ကျော်လွန်မကြည့်ခဲ့ဘူး။ (၄) တော်ပါပြီလေ။ ဒီချိန်ကစပြီး အရာအားလုံးကို ဘောင်မခတ်တော့ပဲ ကန့်သတ်မဲ့ ဧရိယာအဖြစ်နဲ့ပဲ ကြည့်တော့မယ် ဆိုတဲ့ အတွေးလေးလည်း တွေးလိုက်မိရဲ့။ ဟော.. အတွေးတွေနဲ့ လုံးပန်းနေတာ ညနေစောင်းလို့ စောင်းမှန်းတောင် သတိမထားမိ။ ဆိုင်သိမ်းဖို့ ကပြာကယာထပြင်လိုက်မိရဲ့။ ညနေစောင်းပြီ ဆိုတာနဲ့ ဆိုင်သိမ်းရမှာလား ဆိုတဲ့ အတွေးက ထပ်နှိပ်စက်တော့ ကျုပ်လည်း မချိပြုံးလေးနဲ့ လုပ်သင့်ကိစ္စမို့လို့ ဆိုပြီး ဖြေတွေးလိုက်ရတယ်။ တော်တော်နှိပ်စက်တဲ့အတွေး။ ကျုပ် လက်ရှိ ရှင်သန်နေတဲ့ဘဝက မနေ့က ဈေးရောင်းခဲ့တယ်။ ဒီနေ့ဈေးရာင်းဦးမယ်။ နက်ဖြန် ဈေးရောင်းရမယ်ဆိုတာပဲ။ ဒါက ပုံသေကားချပ်ကြီးတစ်ခုကိုဖြစ်လို့။ ခုတော့ ကျုပ် နှလုံးသားအလိုကို လိုက်တော့မယ်။ ကျုပ်စိတ်ဝိဉာဉ်ရဲ့ ခေါ်ဆောင်ရာကို လိုက်တော့မယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရုပ်ရှင်ကြည့်ချင်တယ်ဆို သွားကြည့်မယ်ဗျာ။ ဘာဈေးဝယ်သူကိုမှ စောင့်နေစရာမလိုဘူး။ Shopping ထွက်မယ်ဗျာ။ ပိုက်ဆံကုန်မယ်ဆိုပြီး စိတ်ညစ်မခံတော့ဘူး။ အောင်မယ် ဒီအတွေးလေးက အသုံးဝင်သားဗျ။ ပိုက်ဆံနှမြောတာကော၊ အချိန်ကုန်တာကော ပေါင်းပြီး မထိုင်ပဲနေတော့တဲ့ လက်ဖက်ရည်ဆိုင်ကို ကျုပ် ဒီညထိုင်ခဲ့တယ်။ စိမ်ပြေနပြေထိုင်ပြီးတော့ကို လက်ဖက်ရည်သောက်ခဲ့တယ်။ ပြထားတဲ့ မြန်မာဇာတ်လမ်း ပြီးတဲ့ထိပေါ့။ အဲ့ဒီညက ဘယ်လောက်ချေးချေးပြန်မပေးတဲ့ သူငယ်ချင်းက ကျုပ်ဆီလာပြီးငွေချေးတယ်။ ဒီတစ်ခါ တကယ်ပြန်ပေးမှာပါတဲ့။ သူ့သားလေး ဆေးခန်းပြချင်လို့ပါတဲ့။ သူငယ်ချင်းကို ကျုပ် ငွေတစ်သောင်း ပက်ခနဲ ပေးပစ်လိုက်တယ်။ ပြန်မပေးနဲ့ လိုအပ်တဲ့ အကူအညီ လာသာတောင်းလှည့် ဆိုတဲ့ လောကဝတ်စကားလေးကလည်း ကျုပ်နှုတ်ဖျားကထွက်သွားတယ်။ သူငယ်ချင်းကတော့ ကျုပ်ကို စိတ်မှန်သေးရဲ့လား ဆိုပြီး တွေးနေသလားမသိပါဘူး။ မျက်လုံးကြီးပြူးပြီး ငေးလို့။ အဲ့ဒီညက ကျုပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တယ်။ (၅) ဟော.. ငှက်လေးတွေ စာစာ စာစာနဲ့ အော်နေသံက နားဝင်ပီယံရှိလိုက်တာဗျာ။ မျက်နှာသစ်ရေမိုးချိုးပြီးတာနဲ့ ဆိုင်ဖွင့်ဖို့ ပြင်လိုက်တယ်။ ဆိုင်လည်းဖွင့်ပြီးရော ထမင်းကို ကြော်စားလိုက်တယ်။ ကိုယ့်လက်ရာမို့လို့ထင်ပ။ စားလို့ကောင်းလိုက်သည့်ဖြစ်ခြင်း။ မိုးလေးက အုံ့တုံ့တုံ့နဲ့ အိမ်ကိုပြန်ပြီး အိပ်ယာထဲမှာကွေးနေချင်စိတ်ပေါက်တယ်။ တကယ်ဇိမ်ရှိမှာ။ နောက် ကော်ဖီမစ်လေးတစ်ခွက်သောက်ပြီး ဝတ္ထုစာအုပ်လေးဖတ်လိုက်ရရင် ဒါ တကယ့်သိကြားမင်းစည်းစိမ်ပဲလို့ တွေးရင်း ဟက်ဟက်ပက်ပက်ရယ်လိုက်မိသေးရဲ့။ ဒါမဲ့ဖြစ်သေးပါဘူး။ ကျုပ်ဆီ ဈေးလာဝယ်နေကျ ဖေါက်သည်တွေအတွက် ကျုပ်ဆိုင်ပိတ်လို့ မဖြစ်ဘူးလေ။ တော်ကြာ တစ်ခြားဆိုင်လည်း ပြောင်းသွားနိုင်သေးတယ်။ ကျုပ်ရောင်းတာက ကားတွေမှာ သုံးတဲ့၊ အင်ဗာတာတွေမှာ သုံးတဲ့ ဘက္ထရီအိုးကို ဆိုဒ်စုံရောင်းတာကိုး။ အော်ရီဂျင်နယ်တင်တာပေမယ့် ကျုပ်က ငွေအများကြီးမတက်နိုင်ေတော့ နည်းနည်းလေးပဲ တင်တာ။ ဒီတော့ ဈေးအများကြီး လျှော့မပေးနိုင်ဘူး။ ငွေအရင်းအနှီးများတဲ့ဆိုင်ကျ ကော်မရှင်ခနဲ့တင် အဆင်ပြေတော့ ဈေးလျှော့ရောင်းတယ်လေ။ အဲ့ဒီလိုဆိုင်မျိုး တွေ့သွားကြရင်မခက်လား။ နောက် အိုးငှားတွေ လာရင်ဘယ်လိုလုပ်မလဲ။ တကယ်ဗျာ။ အုံ့နေတဲ့ မိုးတိမ်တွေကိုပဲ မကျေမချမ်းနဲ့ ဒေါသထွက်မိပါရဲ့။ …………………………… ခဏ လေး ။ တစ်ခုခု မှားနေသလိုပဲ။ ကျုပ်အတွေးကို ကျုပ်ပြန်စဉ်းစားလိုက်တယ်။ ကျုပ် ဘောင်ထဲက မထွက်ဘူးလား။ ကျုပ် ဘောင်ထဲမှာ ရှင်သန်ရတာ အကျင့်ပါနေပြီလား။ ဘယ်အရာကိုမဆို ဘောင်ထဲကနေ ထွက်ပြီးစဉ်းစားမယ်လို့မနေ့ကပဲ စဉ်းစားခဲ့မိရဲ့။ ကဲ..ခု ဘောင်ထဲကထွက်ပြီး ကိုယ့်စိတ်အေးချမ်းရာကို ရှာဖို့ ဆိုင်ပိတ်လိုက်လေလို့ ဦးနှောက်က သတိပေးေနေတယ်။ ဒါပေမယ့် အကျင့်ပါနေတဲ့ လက်တွေက ဆိုင်သိမ်းဖို့ သတိမရဘူး။ တိုက်လက်စ ဘက္ထရီအိုးကိုပဲ ပိုပြီးဝင်းလက်တောက်ပအောင် ဆက်တိုက်နေမိတယ်။ ကျုပ် ဘောင်ထဲကထွက်ပြီးမကြည့်တတ်တော့လား။ ဘောင်ထဲမှာပဲ အသားကျနေပြီလား။ ကိုယ့်ကိုယ်ကို မစဉ်းစားတတ်တော့ဘူး။ မျက်လုံးအစုံကို မှိတ်ပြီး ဘဝကို ပြန်မြင်ကြည့်တော့ ဘဝ ဆိုတဲ့ စာလုံးလေးနှစ်လုံးက လှောင်ပြောင်နေသလိုပုံစံနဲ့ ဘောင်လေးထဲကနေ ပြုံးပြလိုက်၊ ဘောင်အပြင်ဘက်ထွက်ပြလိုက်နဲ့ လမ်းသလားနေတယ်။ သက်ပြင်းတစ်ချက်ချပြီး ဘဝကို ငြိမ်အောင်ထားကြည့်လိုက်တယ်။ ဒါတောင် သိပ်မငြိမ်ချင်သေးဘူး။ လှုပ်တုတ်လှုပ်တုတ်ဖြစ်တုန်း။ ခုတော့ ကျုပ် ဘဝကို “ဘဝ” လို့ပဲမြင်တော့တယ်။ ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...