Tuesday, February 18, 2025

အတ္တရိုင်းနှင့်အပြိုင်


အပိုင်း(၁)

“တောင်းပန်ပါတယ် မသိပါစေနဲ့ဘုရားဘုရား……မသိပါစေနဲ့….သားငယ်ကို မမှတ်မိပါစေနဲ့”

စိတ်တွင်းမှ တိုင်တည်ရင်း သားနှင့် ထိုသူရှိရာကို ခိုးကြည့်မိပြန်သည်။ ထိုသူ ဒီနေရာကို ဘယ်လိုရောက်လာလဲ သူမ မသိပါ။ ဒီချိန်ဆို ထိုသူ ထောင်ထဲမှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာပါလိမ့်။ ကိုယ်က အမှားလုပ်ထားသူဆိုတော့လည်း ထွက်မတွေ့ရဲ။

သွေးက စကားပြောသည်ထင့်။ မတွေ့တာ သုံးနှစ်ကျော်လေးနှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် ထိုသူအား သားငယ်က မမှတ်မိသော်လည်း စကားပြောရင်း ရယ်မောနေသည်မှာ မကြောက်မရွံံ့သည့်ဟန်။ ခုမှတွေ့သည့် သူစိမ်းတစ်ယောက်ဟု မထင်မှတ်လေဟန်။

“သားနာမည် ဘယ်လိုခေါ်လဲကွ”

ဘုရားရေ။ ထိုသူ့မေးခွန်းသံ ကြားလိုက်စဉ်တွင် ရင်ဝယ် တဒိန်းဒိန်းနှင့်သွေးခုန်နှုန်းတို့ မြန်လာချေပြီ။ သားရယ် မပြောပါနဲ့လား။ အိမ်ထဲကို အမြန်ဝင်ခဲ့ပါ။ အမြန်လာခဲ့ပါသားရယ်။

“သားနာမည် ပြည့်စုံအောင်ပါ”

ဘုရား။ ထိုသူ သိသွားမလား သားအကြောင်းကို။ အို …နာမည်လေးလောက်နဲ့တော့ မသိနိုင်ပါဘူး။ သူမတွေးရင်း စိတ်ဖြေလိုက်သည်။ 

“သားက ကျောင်းကော တက်နေပြီလားကွ”

“ဟုတ် သား သူငယ်တန်းတက်နေတာပါ”


သားငယ် ဘာ့ကြောင့် ထိုသူ့အနားဆက်နေနေတာလဲ။ သူမ သားငယ်ကို အော်ခေါ်ချင်လှသည်။ အိမ်ထဲဝင်ဖို့။ သို့သော် မခေါ်ရဲ။ သူမအသံကို ထိုသူ မှတ်မိသွားမှာစိုးသောကြောင့် မခေါ်ရဲ။ 

အို..သားငယ်ကို ချီလိုက်ပြန်ပြီ။ သားငယ် မရုန်း။ မရုန်းပါ့လား။ တော်ရုံတန်ရုံ ခင်မင်သူမျိုးဆိုလျှင် အချီမခံသော သားငယ် ထိုသူ့ လက်ပေါ်မှာ ပြုံးလို့မော်လို့ပါ့လား။ ကိုဝေ ပြန်မလာခင် အမြန်ထွက်သွားပါစေ။ ဒီချိန်မှတော့ ဘုရားကို တိုင်တည်ရန်သာရှိတော့သည်။ ကိုဝေ ပြန်မလာခင်အမြန်ထွက်သွားပါစေဟုသာ။

“သားက သူငယ်တန်းတက်နေပြီဆိုတော့ အသက်က ငါးနှစ်ပြည့်ပြီးပြီပေါ့ကွ”

“ဟုတ် သားအသက်က ငါးနှစ်ပြည့်ပြီးပြီလို့ မေမေက ပြောတာပဲ”

“ဟုတ်လား..အင်း ဦးဦးသားလည်း သားနဲ့ ရွယ်တူပဲကွ”

“ဦးဦးနဲ့ ပါမလာဘူးလားဟင်”

ထိုသူ အဝေးသို့ ငေးရင်းပြောလိုက်သည့်စကားက သူမ နားသို့ ဗုံးတစ်လုံးပေါက်သည့်နှယ်။

“အင်း…ဦးဦးက သူ့ကို လာရှာတာလေ”

သားကိုလာရှာတာတဲ့လား။ သား..သားကို လာရှာတာတဲ့။ ဘုရားဘုရား သူမ ဘယ်လိုဖြေရှင်းရမလဲ။ အို..ကိုဝေ ပြန်လာပြီ။ သားငယ် ထိုသူ့လက်ပေါ်မှ ပြေးဆင်းကာ ကိုဝေ့ဆီ ပြေးထွက်သွားချေပြီ။

သားငယ်အားပွေ့ချီရင်း ကိုဝေက ထိုသူ့အားစူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။

မမေးပါနဲ့တော့လား။သူ သွားပါစေတော့။ နှင်လွှတ်လိုက်ပါ့လားကိုဝေရယ်။

“ဒီရပ်ကွက်မှာ ကျွန်တော် ခင်ဗျားကိုမတွေ့ဖူးဘူးနော်..ဧည့်သည်လား”

ကိုဝေရယ် အထဲဝင်လာပါတော့။ မေးမနေတော့ပဲနဲ့ အထဲလာပါတော့။

“ဧည့်သည် ဆိုပါတော့ဗျာ ကျွန်တော်ရှာနေတဲ့သူ ဒီမြို့မှာရှိတယ်ဆိုလို့ လာရှာတာပါ ရှာရင်းဒီရပ်ကွက်ဘက်ရောက်လာတာ”

”သြော် ..ဘယ်သူ့လာရှာတာလဲဗျ..ရပ်ကွက်ကသေးတော့ နာမည်ပြောကြည့်ပါ့လား ကျွန်တော်သိချင်သိမှာပေါ့”

မပြောနဲ့။ မပြောနဲ့နော်။ ကျွန်မနာမည်ကိုမပြောပါနဲ့။ သူမ ဆုတောင်းမပြည့်လိုက်။ ထိုသူ က ပြောဟန်ပြင်လိုက်စဉ်

“သူ့နာမည်က…”

သူမ ဖျတ်ခနဲ ထထွက်မိသွားပြီ်။ ထိုနေရာဆီသို့။

“ကိုဝေ ဘယ်တုန်းက ပြန်ရောက်တာလဲ…အိမ်ထဲကို ဝင်လာတော့လေ..”

သူမကို လှမ်းကြည့်လိုက်သည့်ထိုသူ့အကြည့်အား မသိကျိုးကျွံပြုကာ ကိုဝေ့အားပြောလိုက်ရင်း သားကိုချီလိုက်သည်။

“နာမည် ဘယ်လိုခေါ်လဲ ပြောလေ..”

ကိုဝေ့အမေးအား ထိုသူက

“အင်း..ကရုပ်ပင်..တဲ”့

အို…ဒါ သူမကို ထိုသူ တချိန်တုန်းက ချစ်စနိုးခေါ်ခဲ့သောနာမည်။ သူမ စိတ်ဆိုးနေပြီဆိုလျှင် ကရင်လူမျိုးဖြစ်သောသူမကို ကရင်ပုပ် ဟု စကားလိမ် ခေါ်သောနာမည်။ ဘာလို့လာရှာနေတာလဲ။ ကိုယ့်ဘဝနဲ့ကိုယ် နေပါတော့လား။ သူမ စိတ်တွင်းမှ အကြိမ်ပေါင်းများစွာအော်ဟစ်ပြောဆိုနေသော်လည်း အပြင်သို့ စကားတစ်ခွန်းမျှ ထွက်မလာပါချေ။

“သြော် တစ်မျိုးပဲဗျ ကျွန်တော်တော့ မသိဘူး..လာဗျာ အအေးလေးဘာလေးသောက်ပါဦး..အမောဖြေပြီးမှဆက်ရှာပေါ့”

ကိုဝေ့ကို သူမ စိတ်ညစ်ညူးစွာကြည့်မိချေပြီ။ မလိုအပ်ပါပဲ သူ ပြုမှုလိုက်သောအပြုအမှုသည် သူမအတွက် ဒုက္ခများစွာကိုသယ်ဆောင်လာသူဖြစ်မှန်း ကိုဝေ သိမှသိပါလေစ။ ကိုဝေ၊ သူမနှင့် သားလေး သုံးဦးပေါင်းမိသားစုကို ဖြိုခွဲမည့်သူမှန်း ကိုဝေ သိမှသိပါလေစ။

“ခင်ဗျား ဘာသောက်မလဲဗျ လိမ္မော်သောက်မလား သံပုရာဖျော်ရည်သောက်မလား”

“ရပါတယ် ရေအေးအေးလေးတစ်ခွက်ရရင် တော်ပါပြီဗျာ”

“မိန်းမရေ ရေအေးလေးတစ်ခွက်လောက်ယူခဲ့ပါဟေ့”

“ဟုတ်ကဲ့”

ကိုဝေ့အား ဖြေလိုက်ရင်း စိတ်တို့ မလုံလဲစွာ။

ထိုသူနှင့်တုန်းက သူမ တစ်ခါမျှ ဟုတ်ကဲ့ ဟုမပြောခဲ့ဖူး။ ထိုသူ့ဘက်က ဘယ်လောက်ပင် ကောင်းအောင်လုပ်ပေးပေး သူမ ထိုသူ့အားအကောင်းမမြင်ခဲ့ဖူးပေ။

ဘုရား..ငါဘာတွေ တွေးနေတာလဲ။ စဉ်းစားစမ်း။ ဒီလူ အမြန်ပြန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ။ သူမ ပေးသော ရေခွက်ကို လှမ်းယူလိုက်ရင်း ထိုလူသည် ကိုဝေ့အား ပြောလိုက်ပြန်သည်။

“နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ဒီဘက်ရောက်ဦးမယ်ဗျ..ဝင်ခဲ့ပါရစေဗျာ”

“သြော် ..ဟုတ်..ဝင်ခဲ့ပါဗျာ ဝင်ခဲ့ပါ.ကျွန်တော်ရှိနေမှာပါ..အဲ့ဒီနေ့က စနေနေ့ဆိုတော့ ရုံးပိတ်တယ်လေ”

“ဟုတ်ကဲ့..ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးခင်ဗျာ”

“ဟုတ်ကဲ့ပါဗျာ..ဟုတ်ကဲ့”

ထိုလူ သွားတော့မှ သူမ ကိုဝေ့အားမေးမိေလေသည်။ 

“ကိုဝေ သူနဲ့ ဘာတွေ ပြောဖြစ်တုန်း”

“ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး..သူ့မှာ  သားတစ်ယောက်ရှိတဲ့အကြောင်းရယ်.. ကိုယ့်သားနဲ့အရွယ်တူပဲဆိုတာရယ်လောက်ပါပဲ”

“ကိုဝေနော်..ကိုဝေ..သူစိမ်းတစ်ယောက်ကို အကြောင်းမသိပဲ အိမ်ထဲ ဖိတ်တဲ့အကျင့်ကိုပြင်ဦး..ကြားလား..လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ”

“လူကောင်းပါ မိန်းမရယ်..လူကောင်းပါ”

“အို သူဇာတော့ မထင်ပါဘူး..လူကောင်းလို့”

“ကဲ.ကိုယ်ဗိုက်ဆာလှပြီ…ထမင်းကျွေးတော့ ရုံးနားက ဆိုင်မှာတောင် ဝယ်မစားခဲ့ဘူး..မိန်းမလက်ရာကို ခြေဖျားလောက်တောင်မမှီကြလို့”

“တော်ပါ..အပိုတွေ”

ကိုဝေ့ကို မျက်စောင်းထိုးကြည့်ကာ ချွဲခဲျွနွဲ့နွဲ့ ပြောမိရင်း သတိရမိသည်က သူမ ထမင်းမချက်ကျွေးလည်း ထိုသူသည် ဘယ်သောအခါမျှ မငြူစူ။ မိန်းမ ဘယ်ဆိုင်မှာ သွားစားကြမလဲ..ဟုသာ။ အို…ခု သူမ ထိုသူ့ဆီ ပြန်မလိုက်လိုပါ။ သားလေးအားလည်း မပေးလိုပါ။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။

အပိုင်း(၂)

ဘုရား ကိုဝေ့ကို ထိုသူ သတ်ဖို့ ကြံရွယ်နေပါ့လား အိုး..ဓါးနဲ့ထိုးတော့မယ် မသတ်နဲ့..မသတ်နဲ့။

ရုက်တရက် သူမ ကိုဝေနှင့် ထိုသူ့အကြား ဖြတ်ဝင်လိုက်စဉ် ဓါးက သူမ ခန္ဓာကိုယ်အားဖောက်ထွင်းသွားပြီ။ သားငယ်ကလည်း သူမအားကြည့်ရင်း စူးရှစွာ အော်ငိုနေသည်။ ရင်ဝမှ ဓါးဒဏ်ရာအား မယုံကြည်နိုင်စွာ ငုံ့ကြည့်ရင်း ..။

ချွေးစေးတို့ပြန်ကာ ရုက်တရက် လန့်နိုးတော့မှ ဒါဟာ အိပ်မက်ဆိုတာ သတိရသည်။ နေ့ခင်းဘက် တရေးမအိပ်ပါပဲ ခေတ္တမှေးတာတောင် သည်လိုကြောက်လန့်စရာ အိပ်မက် မက်လေသည်လား။ ရင်ဝယ် ထိတ်လန့်မှုတို့ကဖြင့် မပြေသေး။ မဖြစ်ပါစေနဲ့။ ဒီလိုအဖြစ်မျိုး မဖြစ်ပါစေနဲ့။ ဘုရား..ဘုရား။

……………………..

 သရက်ချောင်ဆိုသည့် သူမတို့ရွာလေးဝယ် အလုပ်အကိုင်ရှားပါးခြင်းကပဲ ကိုအောင်နိုင်နှင့် သူမကို တွေ့စေဖို့ရာကြမ္မာဖန်လာလေသည်လား။

ရွာတွင် အဖေ့ဖျာယက်ခြင်းအလုပ်သာရှိ၍ ထိုဖျာယက်ခြင်းအလုပ်ကလည်း မငတ်သာရုံသာရှိသည်။ လစဉ်ဝင်ငွေရခြင်းမျိုးလည်းမဟုတ်။ ဖျာလေးခုလောက်ယက်ကာ မြို့ပေါ်တက်ရောင်းပါမှ ဖျာတစ်ချပ် ရှစ်ထောင်လားရသည်။ ထိုအခါ လစဉ်ဝင်ငွေရရန် ရန်ကုန်မြို့သို့ သူမ အလုပ်လာလုပ်ရတော့သည်။ ပွဲစားမကြီး မိတ်ဆက်ပေးသော လက်ဖက်ရည်ဆိုင်တွင် တစ်လ သုံးသောင်းနှုန်းနှင့် အလုပ်ကြမ်းလုပ်ရတော့သည်။ ထိုကဲ့သို့ လက်ဖက်ရည်ဆိုင်တွင် ပန်းကန်ဆေးနေရသည့်အလုပ်မှ ထွက်ပြေးချင်သော သူမ ဆိုက္ကားဆရာ ကိုအောင်နိုင်၏ ကမ်းလင့်မှုကို မငြင်းဆန်နိုင်ခဲ့။ သူမ အလုပ်လုပ်ခဲ့သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း ပြောကြသည်။ သူမ ကံကောင်းသည်..တဲ့။ ကိုအောင်နိုင်က မိန်းမ ကိုအလွန်ချစ်သောကြောင့်တဲ့။ အော် ရယ်ပေးလိုက်ချင်သည်။ 

အလုပ်ကြမ်းမလုပ်ချင်သောကြောင့်သာ သူမရွေးချယ်ခဲ့သည်။ တကယ်တမ်း ကိုအောင်နိုင်သည် သူမထက် အသက် ဆယ်နှစ်ကျော်ကြီးသည်ပဲ။ ဆိုက္ကားဆရာပီပီ အသားကညိုသည်။ ကွမ်းမကင်း ဆေးလိပ်မကင်း အစဉ်နံစော်နေသော ခန္ဓာကိုယ်နှင့်။ ရုပ်ကလည်း ရွက်ကြမ်းရေကျိုအဆင့်တောင်မရှိ။ ဘာပဲဖြစ်ဖြစ် ကိုအောင်နိုင့်အရိပ်အောက်မှာ သူမ အေးအေးလူလူ နေရသည်သာ။

ညားခါစက ကိုအောင်နိုင့်မိဘနှစ်ပါးနှင့် အတူနေသော်လည်း ယောင်းမ၏ မျက်နှာကြောတင်းမှုကြောင့် ကိုအောင်နိုင်က သူမအား အိမ်ငှားပေးသည်လေ။

ယောင်းမက ဘွဲ့ရပညာတတ်ဆိုတော့လည်း သူမ အားအထင်သေးသည်။ အထင်သေးရအောင် ကိုအောင်နိုင်တောင်ဘွဲ့ရတာမှမဟုတ်ပဲ။ ရှစ်တန်းနှင့် ကျောင်းထွက်ထားသည်တဲ့။ ထို့ပြင် စစ်ပြေးဟုလည်း ဖြစ်ပြန်သေးသည်။ ရှစ်တန်းမှာပင် ကျောင်းထွက်၍ မိုးညှင်းဘက်သွားရင်းစစ်ထဲဝင်ခဲ့သည်တဲ့။ ဒဏ်မခံနိုင်၍ ပြန်ထွက်ပြေးလာသည်မှာ အတော်ပင်ကြာပြီဟု ဆိုကြသည်။ နောက် ကိုအောင်နိုင့် မိဘနှစ်ပါးလုံးက ယောင်းမဖြစ်သူအား ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်ထားသည်။ ထားမှာပေ့ါ။ သူတို့သမီးက ဦးပိုင်ဆိုလားဘာဆိုလား။ အဲဒီက ဝန်ထမ်း ဆိုတော့ လစာက တစ်လ သုံးသိန်းနီးပါးထွက်သည်လေ။ ကိုအောင်နိုင့်ကိုကျ အမြဲငြူစူကြသည်။ ဒါကိုမြင်ရသည့် သူမ မကျေနပ်နိုင်ပါချေ။

ထိုမိသားစုနှင့်လည်း အတူမနေနိုင်တော့။ ကိုယ်က ချွေးမ ဆိုတော့လည်း အိမ်အလုပ်တွေ ကိုယ်သာ လုပ်ရသည်လေ။ ယောင်းမကျတော့ မနက်ခုနစ်နာရီမှ ထသည်။ သူမကျတော့ ငါးခွဲတည်းက ထပါမှ အိမ်အလုပ်တို့ပြီးပြတ်သည်။ သို့မို့ကြောင့်လည်း ကိုအောင်နိုင်က သူမအား အိမ်ငှားပေးခြင်းပင်။

ထိုအခါတွင်မတော့ သူမ ထမင်းမချက်လည်းရသည်။ ကိုအောင်နိုင်က ဆိုင်ခေါ်ကျွေးသည်သာ။

….

တဖြည်းဖြည်းနှင့် အိမ်လခတွေဈေးမြင့်လာချိန်မှာတော့ “ရွာခဏပြန်ဦးမယ်” ဆိုသည့်စကားကို ကိုအောင်နိုင် မငြင်းဆန်နိုင်မှန်း သူမသိသည်။ သူမ ရွာသို့ပြန်ချိန်တွင် သူက အိမ်ကိုပြန်အပ်ပြီး သူ့မိဘတို့နှင့် အတူနေကာ ပိုက်ဆံရှာဦးမည်မဟုတ်ပါလား။

သူနှင့် သူမတို့ အိမ်ထောင်သက်က နှစ်နှစ်ကြာမြင့်ပြီ ဖြစ်သလို သူမကလည်း ရန်ကုန်တွင် မနေချင်ပဲ ရွာသို့ပြန်နေချင်သည်မှာ ကြာလှပြီ။ ခုတော့ ကောင်းပါသည်။ သူ နှစ်နှစ်လောက် ဒီမှာ အလုပ်လုပ်ပြီးမှ အိမ်ဝယ်နိုင်အောင် ကြိုးစားမည်တဲ့။ ဒီအတောအတွင်းတစ်လတစ်ခါ အိမ်စရိတ်လာပေးမည်တဲ့။ သူမကတော့ မိဘအိမ်ပြန်နေရခြင်းအား နှစ်ခြိုက်စွာ။ သူကတော့ ရန်ကုန်ရှိ သူ့မိဘအိမ်တွင် နေပြီး ငွေစုမည်တဲ့။

“သားရေ..ပြည့်စုံရေ..အဖေတို့ ခဏတော့ ခွဲနေရဦးမယ်ကွာ..အဖေပိုက်ဆံတွေ အများကြီး ရှာပြီးမှ သားတို့ကို လာခေါ်မယ်နော်”

သားလေးအားနှုတ်ဆက်ရင်းထွက်သွားသော ကိုအောင်နိုင့်အားကြည့်ကာ အမေက

“နင့်ယောင်္ကျားကလဲဟယ်…အသက်ကြီးချက်”

ဟုတ်ပါသည်။ တစ်ရွာလုံးက သူမအားနှမြောသလို သူမလည်း သူမကိုယ်သူမ နှမြောလှသည်။ သူမ၏ ရုပ်ရည်သည် အချောအလှ ကွမ်းတောင်ကိုင်စာရင်းတွင်ပါသည်လေ။ ခုတော့ ညားသွားတော့ ဒီဘာမဟုတ်သည့်သူနှင့်။

“အမေရယ်..ဖူးစာပဲပေါ့”

အမေ့အားဖြေသိမ့်လိုက်သော သူမ ကိုယ်ကိုယ်တိုင်တော့ မဖြေသိမ့်နိုင်ခဲ့တာ သေချာလှသည်။ သားလေးသာ မရှိလျှင် သူမ ကိုအောင်နိုင့်အား ကွာဖြစ်မည်ထင်သည်။ တစ်နှစ်မပြည့်သေးသည့် သားလေးက သူမအား လှမ်းကြည့်ကာ ပြုံးပြနေသည်မှာ မအေဖြစ်သူ၏ အတွေးအား သိ၍လေလား။

တစ်လမှတစ်ခါသာ ပေါ်လာတတ်သော ကိုအောင်နိုင့်အား သူမ ယောင်္ကျားအဖြစ် ရွာထဲဝယ် အသိနည်းလှသည်။ မိသားစုနှင့်ရင်းနှီးသူလောက်သာ။ ကိုအောင်နိုင်ရောက်တတ်သည့်အချိန်ကလည်း ရန်ကုန်မှ ညနေသင်္ဘော စီးလာခြင်းကြောင့် ရွာသို့ ညဉ့်နက်မှ ရောက်တတ်သည်။ ပြီးလျှင်တော့ မနက်စောစော ပြန်တတ်သည်မို့ သိသူမရှိလှ။ ရံဖန်ရံခါ တစ်ရက်တစ်လေ နေပြန်တော့လည်း အိမ်တွင်းအောင်းကာ သားလေးနှင့်သာ ဆော့ကစားနေတတ်သည်။ ထို့ကြောင့် များသောအားဖြင့်သိကြတာက သူမသည် ကလေးတစ်ယောက်နှင့် တစ်ခုလပ်။ ယောင်္ကျားဖြစ်သူအားစိတ်ကုန်နေသော သူမကလည်း မေးလာလျှင် ရွဲ့ကာဖြေသည်က

“ဟုတ်ကဲ့ ကျွန်မကွာရှင်းထားတယ်” ဟုသာ။ ထွေထွေထူးထူးရှင်းမပြဖြစ်သလို မိသားစုနှင့်ရင်းနှီးသူတွေကလည်း ရှင်းမပြကြသောအခါ သူမသည် တစ်ခုလပ်အဖြစ်သာ ရွာလာလည်သူတို့ သိကြတော့၏။

သူမကတော့ မိဘအိမ် လာနေရသည်ကိုက ကျေနပ်စရာ။ အဖေ ဖျာယက်သည်ကိုလည်း ကူစရာမလို။ သူမ လစဉ်ပို့ပေးသော ပိုက်ဆံထဲမှ ဝက်ကလေးနှစ်ကောင် ဝယ်မွေးထားသော အမေ့ ဝက်ခြံသာ ဂရုစိုက်ပေးရန်ရှိသည်။ ဝက်တွေအား အစာ ကျွေးပေးသည့်အခါပဲရှိသည်။ သားလေးသည်လည်း အိမ်နီးနားချင်းလက်ထဲမှာ။ သူမအတွက် အိမ်လည်ရန်သာ အလုပ်ရှိတော့၏။

။။။။

  “သူဇာ့ကို ကိုယ်လက်ထပ်ချင်တယ်”

အို ရင်ထဲဝယ် ဒိန်းခနဲ။ ခေါင်းခါဖို့မေ့လို့ အံ့အားတသင့်ဖြစ်နေပုံများ။ ကိုအောင်နိုင်သာ သိလျှင် သူမကို သတ်လိမ့်မည်ထင်သည်။

“ကျွန်မ ကျွန်မ စဉ်းစားပါရစေဦးရှင်”

အို မရည်ရွယ်ပါပဲ ထွက်သွားသောစကားသံ။ ကိုယ့်ပါးစပ်ကိုယ် ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ တကယ်ဆို ကျွန်မ မှာ ယောင်္ကျားရှိတယ်လို့ ပြောလိုက်ရမှာ မဟုတ်ဘူးလား။ သူမမှာ ကာမပိုင် ဖြစ်သည့် ကိုအောင်နိုင်တစ်ယောက်လုံးရှိသည်မဟုတ်ပါလား။

“စဉ်းစားပါ သူဇာ..ကိုယ်က တစ်ကောင်ကြွက်ဆိုတော့ ဘယ်သူနဲ့မှ တိုင်ပင်စရာမလိုပါဘူး သူဇာသာလက်ခံရင် ကိုယ် သူဇာ့ကို တစ်ခါတည်းလက်ထပ်သွားမှာပါ ကိုယ် ခုရန်ကုန်ကို ပြန်ရဦးမယ်….နှစ်လလောက်”

အို ရန်ကုန်ကိုပြန်တော့မယ်ဆိုပါ့လား။ သူမအားတွေ့တွေ့ချင်းစိတ်ဝင်စားပါသည် ဆိုခဲ့သူ ကိုဝေ။ မုဆိုးဖိုဆိုသော်ငြားသန့်ပြန့်သော ရုပ်ရည်နှင့် အသားလတ်လတ်ရှိသည့် ကိုဝေ။ အလုပ်အကိုင်ကလည်း ရုံးတစ်ခု၏ ဦးစီးမှုးတဲ့။ ရွာက မိန်းမပျိုလေးများကတော့ သူမလို တစ်ခုလပ်ကိုမှ စိတ်ဝင်စားသည့်အတွက် ကိုဝေ့အား တီးတိုးပြောဆိုကြသော်ငြား ကိုဝေက သူမ တစ်ယောက်သာ ရည်ရွယ်သည် တဲ့။ သားလေး ပြည့်စုံကိုလည်းချစ်သည်တဲ့။

“.ဟုတ်”

“ကိုယ့်အကြောင်းကို သေချာသိချင်ရင် သူဇာတို့ရွာထိပ်ကုန်စုံဆိုင်က လရောင်ကိုသေချာမေးကြည့်ပါ..သူ ဒီရွာသူနဲ့ မညားခင်က ကိုယ့်သူငယ်ချင်းအရင်းကြီးလေ..ခုကိုယ်လည်း သူှု့လမ်းစဉ်လိုက်ရင်ကောင်းမလား စဉ်းစားနေတယ်”

ပြုံးရယ်ပြောနေသော ကိုဝေ့မျက်နှာအားကြည့်ကာ သူမ ဝမ်းနည်းလာမိသည်။ သူမ.. သူမက တစ်ခုလပ်မှ မဟုတ်ပဲ။ တစ်လတခါပုံမှန်လာတတ်သော ကိုအောင်နိုင် မလာတာ နှစ်လကျော်ချေပြီ။ ကိုအောင်နိုင်မလာသည့်တောအတွင်းဝယ် ကိုလရောင်ဆီလာလည်သော ကိုဝေက သူမအား မျက်စိကျသွားခြင်းသာ။ သူမ အတန်းပညာမပြည့်စုံလည်း သူလက်ထပ်ချင်သည်တဲ့။ ရင်တွင်းဝမ်းနည်းစိတ်တို့ လျှံတက်လာသည်။

အို သူမ အတွေးတိမ်တိမ်နှင့် လက်ထပ်ခဲ့မိတာ မှားပြီထင်ပါရဲ့။ ခုတော့ ….ခုတော့ သူမ ကိုယ်တိုင်လည်း ချစ်နေမိပါသော ကိုဝေ့ကို ဘယ်လိုငြင်းရမလဲ။

………………..

“မိန်းမရေ မိန်းမ”

ဟော..ကိုအောင်နိုင့်အသံ။ တော်ပါသေးသည်။ ညခင်းချိန်ခါဆိုပြီး တိုးတိုးအုပ်အုပ်သာခေါ်၍။

“မိန်းမ ရန်ကုန်မှာ ကိုယ် အိမ်ငှားထားတယ် လိုက်ခဲ့တော့..ကိုယ်တို့ မိသားစု အတူနေရပြီပေါ့ကွာ မနက်အစောပြန်ရအောင်နော် အဖေနဲ့အမေကလည်း သူတို့မြေးလေးကို လွမ်းလှပြီတဲ့”

ပြုံးရင်းပြောနေသော ကိုအောင်နိုင့်မျက်နှာ။ သားလေးအားပွေ့ချီရင်း ပြောနေသည့် ကိုအောင်နိုင့်မျက်နှာအားကြည့်ရင်း ကိုဝေနှင့်ယှဉ်မိပြန်တော့ အို ဆီနှင့်ရေလို ကွာခြားလွန်းလှသည်ပဲ။ အတွေးတို့ကို ဖယ်ထုတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ သည် ကိုအောင်နိုင်၏ မိန်းမ အဖြစ်ရှိနေသည်မဟုတ်ပါလား။ ဒီချိန် သူမ ထွက်သွားလျှင် ကိုဝေ့အတွက် စိတ်သက်သာရာ ရမည်ထင်ပါရဲ့။

သူမ မငြင်းမဆန်ပဲလိုက်ခဲ့သည်။ အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်တော့မည်ဟု သူမ ကိုယ် သူမ သိသောကြောင့်။ ကိုဝေ့အားမခံစားစေချင်သောကြောင့်။

 “အဖေကအိမ်ငှားပေးတာလေ မိသားစုဆိုတာ ခွဲခွါမနေကောင်းဘူးတဲ့ ရန်ကုန်ရောက်ရင် အဖေတို့ဆီ ခဏတော့ သွားကန်တော့ရအောင်နော် ကိုယ်လည်း သားလေးကို လွမ်းလိုက်တာကွာ ခုတော့ ကောင်းကောင်းချီရတော့မယ် သားလေးနဲ့ တဝကြီးနေရတော့မယ် ”

 သင်္ဘောပေါ်ဝယ် ဘေးနားမှစကားတို့ တတွတ်တွတ်ဆိုနေသော ကိုအောင်နိုင့်စကားသံက သူမ နားဝယ် ကြားတစ်ချက်မကြားတစ်ချက်။ ကိုဝေ ရွာလေးကို ပြန်ရောက်လာလို့ သူမကို မတွေ့ရင်ဘယ်လိုနေမလဲ ဆိုသည့် အတွေးများသာ ကြီးစိုးရင်း။

(၃)

“မင်း ငါ့သားကော ဟုတ်ရဲ့လားကွာ ငါ့ကိုတောင် မခင်တွယ်ဘူး”

“ရှင် ဘာပြောလိုက်တာလဲ ကိုအောင်နိုင် ကျွန်မ သိက္ခာကို စော်ကားလိုက်တာလား”

မလုံတဲ့ အိုးဆိုတော့လည်း စကားလေး အနည်းငယ် စွန်းထင်းသွားသည်ကိုပင် သည်းမခံနိုင်။ သားလေးနှင့် ဆော့ကစားသည်ကို သားလေးက အကပ်မခံ၍ ကိုအောင်နိုင့် ချစ်ကြည်စွာစသော စကားက သူမအတွက်တော့ အနာပေါ် တုတ်ကျသလိုပင်။ အော်ကြီးဟစ်ကျယ် ရန်တွေ့မိတော့သည်။ ကိုဝေ့ကို လွမ်းသည့်စိတ်တို့က သူမ ကို ဓါးတစ်ချောင်းဖြစ်စေခဲ့သည်လား။ ရှိသမျှ အိုးခွက်ပန်းကန်အကုန်ပေါက်ခွဲရင်း သားကို ခါးထစ်ခွင်ချီကာ ထွက်လာလိုက်သည်။ သည်အချိန်မှာ သိတာက တစ်ခုတည်း။ သူမ သိက္ခာကို စော်ကားသော ကိုအောင်နိုင် ဒုက္ခလှလှကြီးတွေ့စေရမည်ဟု။

“ရှင့်ကို စစ်ပြေးလို့ကိုတိုင်ပစ်မယ် ကြည့်နေ”

ထိုသို့လည်း ကျုံးဝါးပစ်ရင်း ဒေါသတို့ဖြင့် ခြေလှမ်းတို့က စိတ်ဆောင်ရာသို့ လွင့်သွားမိသည်။

ရွာသို့ ပြန်ရောက်သည့်တိုင်အောင် စိတ်တို့က ဇဝေဇဝါဖြစ်ဆဲ။ သူမ တကယ်တိုင်ဖြစ်ခဲ့တာလား။ ဟုတ်သည်ပဲ။ သူမ ရပ်ကွက်ရုံးမှာ အချိန်စောင့်ပြီးကို တိုင်ပစ်မိသည်။ သူ့မိဘအိမ်တွင်မိလျှင် မိဘပါ အမှုပတ်သည်ဟုကြား၍ ထိုအချိန်စောင့်ဖမ်းပေးပါ ဟု။

သို့သော် သူတို့ ကံကောင်းသွားသည်က လမ်းပေါ်တွင်မိသည်တဲ့။ သူပြေးခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဆိုတော့ အနည်းဆုံး ရှစ်နှစ်တော့ ကျမှာပဲ ဟု သူမ တွေးထားသည်။ ကြောက်စိတ်တဝက် ပျော်မြူးစိတ်တဝက်နှင့် သူမ ပြုံးမိပြန်သည်။ အမေနှင့်အဖေကလည်း အားပေးသည်ပဲ။ 

“ရန်ကုန်က ဖုန်းလာတယ်..ဟေ့ သူဇာရေ နင်နဲ့တွေ့ချင်လို့ တဲ့”

ဒီချိန်ဆက်သည်ဆိုကတည်းက သေချာသည်။ ကိုအောင်နိုင် အဖမ်းခံရကြောင်းပြောဖို့ တစ်ခုတည်း သာရှိသည်။

“ပြောင်းသွားပြီလို့ ပြောလိုက် မအေး”

ဒီရွာထိ လာကြည့်မည် မဟုတ်မှန်းသိသည်မို့ သူမ အေးဆေးစွာ နေနိုင်ပါသည်။

ဆန်မရှိ အစားကြီးသည့်ထဲ ကိုအောင်နိုင့်ညီမ ပါဝင်ပေသည်။ဒီလိုရွာသိမ်ရွာမွှားကို မသွားချင်ဘူးဟု ငြင်းမည်သာ။ ယောက္ခမနှင့် ယောက္ခထီးကလည်း သူတို့သမီးငယ်ကို တစ်ယောက်တည်းထား၍ ခရီးထွက်မည်မထင်။ ရွာရှိလူကုန်ကတော့ မည်သူဖုန်းဆက်ဆက် နှုတ်ပိတ်ထားမည်သာ။ သူမက ပြောင်းပြန်ပြောခဲ့သည်ကိုး။

“ကိုအောင်နိုင် သူမအားရိုက်၍ ကွာရှင်းပြီး အိမ်ပေါ်က ဆင်းလာသည် ”ဟု။

…………………………………..

သူမ ခေါင်းကို ခါယမ်းလိုက်မိသည်။ ကိုအောင်နိုင် သူမကိုခွင့်လွှတ်နိုင်မည်မထင်။ အရေးကြီးသည်က ရှစ်နှစ်ဟု သူမ ထင်မှတ်ခဲ့သောကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးခဲ့ရ။ လေးနှစ်ဆိုလျှင် အကျုံးဝင်သေးသည်လား။ သူမလည်းမသိ။  အို သူမ ဘယ်လိုလုပ်ရမလဲ။ တော်ကြာ ကိုဝေ့ကိုပါ မယားခိုး ဟု စွပ်စွဲပြီး တိုင်တန်းလျှင်ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ ဟုတွေးရင်း သူမ သက်ပြင်းပူများစွာကို မှုတ်ထုတ်လိုက်မိသည်။

(၄)

“သားငယ်..ရေ..လာပါဦး…ဦးဦးပေးတဲ့ကစားစရာတွေကို သား ကစားတဲ့အခန်းထဲသွားထားရအောင်နော်

ခဏလောက်ထိုင်စောင့်ပေးပါဦးနော် မိန်းမရေ ဧည့်သည်အတွက် အအေးဖျော်ပေးလိုက်ပါဦးကွာ”

သားငယ်ကို ပွေ့ချီကာ သားငယ်လေး၏ကစားစရာ များထည့်သည့် အခန်းဆီသို့သွားသော ကိုဝေ့ကို ကြည့်ရင်း သူမအနည်းငယ်စိတ်သက်သာရာ ရသွားသည်။ ရသည့် အချိန်အခိုက်အတန့်လေးမှာ ကိုအောင်နိုင့်ကို တောင်းပန်နိုင်သည်မဟုတ်လား။ နောက်ဆို သူမတို့ဆီမလာဖို့ တောင်းပန်ရမည်။ ကိုဝေတို့ အိမ်ခန်းထဲဝင်သွားသည်နှင့်တစ်ပြိုင်နက် သူမ အသံတိုးတိုးဖြင့် ပြောလိုက်မိသည်။

“ရှင် ဘာလို့လာနေသေးတာလဲ..မလာနဲ့..ရှင်ခုချက်ချင်းပြန်ပါ”

 သူမ ပြောစကားကို နှုတ်ခမ်းတွန့်ပြုံးလိုက်သော ကိုအောင်နိုင့်ကြောင့် သူမ လန့်သွားမိသည်။ ဘာရည်ရွယ်ချက်နဲ့များ နောက်တစ်ခေါက် အရောက်လာသလဲ ဟုလည်း ဆန်းစစ်ရင်း။

 “ကြောက်နေတာလား သူဇာ မင်းမေ့နေတာတစ်ခုရှိသေးတယ် မင်းနဲ့ငါ ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးဘူး”

“ရှင်…ဘာလုပ်မလို့လဲ..ရှင်..”

“ဘာလဲ မင်းယောင်္ကျားကို ငါတရားစွဲမှာ ကြောက်နေလား တရားမစွဲစေချင်ရင် ငါ့သား ငါ့ကိုပြန်ပေးလေ”

“တောင်းပန်ပါတယ်ရှင် ကျွန်မ ရှိခိုးပါတယ်…သားလေးကို ကိုဝေက သိပ်ချစ်တာ.. ရှင် ရှင်မကျေနပ်ရင် ကျွန်မကိုသာ သတ်သွားပါ..ကိုဝေ့ကို ဘာမှ မလုပ်ပါနဲ့ ဘာမှမလုပ်ပါနဲ့”

သူမ တုန်လှုပ်စွာပြောမိရင်း ကိုအောင်နိုင်ကို ရှိခိုးဖို့ထိ ရည်ရွယ်ကာ ဒူးထောက်ထိုင်ချလိုက်မိပြီ။ ကိုအောင်နိုင် ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် သူမ ရှေ့သို့ စာအိတ်တစ်အိတ် ကျလာသည်။ ခေါင်းမော့ကာ ကြည့်လိုက်မိတော့ ကိုအောင်နိုင် ငိုနေသည်။ ဟုတ်သည်။ ငိုနေသည်။

“မင်း အရမ်း ရက်စက်တယ် သူဇာ”

ပြန်ပြောစရာ စကားမရှိတော့။ 

“ဒါပေမဲ့ ငါ့သားကို ထောင်ထွက်ရဲ့ သားမဖြစ်စေချင်လို့ ငါ လက်လျှော့လိုက်တယ် မှတ်ပါ”

ထိုစကားတစ်ခွန်းသာ ဆိုလျှက် ထွက်သွားသော ကိုအောင်နိုင့်ကိုကြည့်ရင်း သူမ သက်ပြင်းချလိုက်မိသည်။ ကိုဝေများ ကြားသွားမလားဟု စိုးရိမ်စိတ်နှင့် အိမ်တွင်းသို့ လှည့်ကြည့်မိတော့ သားငယ်နှင့် ကိုဝေ၏ ရယ်သံများက စီစီညံလျှက်။ ကိုဝေ မသိလိုက်၍ တော်ပါသေးသည်ဟု တွေးရင်း သူမ သက်ပြင်းတို့ အလောတကြီးချလိုက်မိသည်။

ည ည အိပ်မပျော်နိုင်ဖြစ်သည်မှာ ကြာချေပြီ။

တချိန်ချိန်များ သားလေးသိခဲ့လျှင်……သူမ ..ကိုမုန်းလေမည်လား။ 

……

ကိုအောင်နိုင့် ညီမ ပြောသွားသည့်စကားသံအား ကြားယောင်မိပြန်သည်။

“..ငါ့အစ်ကို ဆုံးသွားပြီ……အေး ဒါပေမဲ့ နင်လွတ်သွားပြီမထင်နဲ့ ကလေးဟာ သူ့အမေဟာ သူ့အဖေကို ထောင်ချခဲ့သူပါ့လား..လို့ သိအောင် တချိန်မှာ ငါလာပြောမယ် ဆက်ဆက်လာပြောမယ်နင်ကြိုက်တဲ့နေရာ ရှောင်စမ်း..မရ ရအောင် လိုက်ရှာပြောပေးမယ် သားသမီးရဲ့ အမုန်းကို နင်ခံကိုခံရမယ် အဲ့ဒါ နင်ခံရမဲ့ ပြစ်ဒဏ်ပဲ”

သားအမိသားအဖသုံးဦး၏ အမုန်းမျက်လုံးက ကြောက်မက်ဖွယ်ရာပင်။ သူမ ခန္ဒာကိုယ်ထဲသို့ စူးနစ်ဝင်သွားသည့်အလား။

တော်သေးသည်က သားလေးလည်းမရှိ။ ကိုဝေလည်းမရှိ။ 

အကယ်၍များ ကိုဝေသိသွားလျှင်…

အကယ်၍များ သားလေးသိသွားလျှင်….

သူမ ကို မုန်းမည်လား။ မမုန်းနိုင်ပါ။ ကိုဝေသည် သူမအား အလွန်ချစ်သည်ပဲ။ သားလေးလည်း သူမအား တွယ်တာလွန်းသည်ပဲ။ မဖြစ်နိုင်။ မဖြစ်နိုင်ပါချေ။

ကိုအောင်နိုင့် ညီမ ပြောသွားသည့်အချိန်မှစ၍ ညစဉ်ညတိုင်း သူမ အိပ်မက်ဆိုးတို့နှင့် နိုးထခဲ့သည်မှာ ကြာချေပြီ။ အိပ်မက်ထဲတွင် ကိုဝေကောသားလေးပါမရှိပါပဲ သူမတစ်ယောက်တည်း လင်နှင့် သားကို လိုက်ရှာနေရသည်တဲ့။ တခါတခါကျပြန်တော့ သားလေးအား မျက်ဝန်းစိမ်းကြီးများဖြင့် သူမ ကိုကြည့်နေသည်ကို မြင်ရချေသည်။

သူမလည်း တစ်တီတူးငှက်လိုပင်။ မိုးပြိုမှာ ကြောက်သူဖြစ်နေပြီထင့်။ မရောက်လာသည့် အချိန်တစ်ခုအား ကြောက်ရွံ့နေသည်မှာ ကြာချေပြီပဲ။သက်ပြင်းချမိရင်း ကိုအောင်နိုင်မဆုံးခင် သူမ အား ပေးသွားသည့် စာအိတ်ထဲမှ ကွာရှင်းစာချုပနှစ်စောင်အားထုတ်လိုက်သည်။ ဒီချိန်မှာတော့ မလိုတော့ပါ။ သို့သော်..သူမ အတွက် လိုအပ်နေသည်က ထိုစာချုပ်တို့ကို မီးရှို့ဖို့။

ထိုစာချုပ်တို့ကိုမြင်တိုင်း ကိုအောင်နိုင့်မျက်နှာကိုမြင်ယောင်ရင်း ကိုဝေနှင့် သားလေးသိမည်ကို ကြောက်မိသည်မှာ အတိုင်းအဆမဲ့လောက်အောင်ပင်။ အကယ်၍ မီးရှို့လိုက်လျှင်ကော သူမ ၏ ကြောက်စိတ်တို့ ပျက်ပြယ်နိုင်မည်လေလား။ သူမ မသိပါ။ သို့သော် သူမ ၏ လက်တို့ကတော့ဖြင့် စာချုပ်အား မီးစတင် ရှို့လိုက်ချေပြီ။

စာချုပ်တို့ကဖြင့် တမြေ့မြေ့လောင်ကျွမ်းလျက်…………။

…........

(၅)

 ပြာဖြစ်သွားသော စာချုပ်တို့ကို ကြည့်ရင်း သူ သက်ပြင်းချလိုက်သည်။ သူဇာ။ ကျားအသည်းကို စားထားလေသလားကွယ် ဟုလည်း တွေးမိရင်း။ သူဇာမသိစေရန် ခြေသံမထွက်အောင် နောက်သို့လှည့်လိုက်မိရင်း ဧည့်ခန်းထဲ၌ သွားထိုင်မိတော့သည်။

 ဒီရက်ပိုင်းအတွင်း အအိပ်မပျက်အစားမပျက်နေနိုင်သော သူဇာ့ကိုကြည့်ရင်း သူ ရင်မောရသည်။ သားငယ်လေးကို ဒီလိုအမေနှင့် ကြီးပြင်းစေမည်လားဟုတွေးမိတိုင်း ရင်ဝယ် အမောတို့က ဆို့နင့်လာသည်။ နန်းရယ် နန်းလို စိတ်သဘောထားဖြူစင်သူကို ကိုယ်ရှာမတွေ့ခဲ့ဘူးနန်းရဲ့ ဟုလည်း မြည်တမ်းမိရင်း စိတ်တို့က အတိတ်ဆီ ရွက်လွှင့်မိပြန်သည်။

……

ဘဝကို ရေစုန်မျောခဲ့မိသည်။ မျောခဲ့မိသည်ပဲ။

နန်းနှင့်သားလေး သူ့ဘဝထဲမှထွက်သွားတည်းက သူသည်အရာအားလုံးအား ဥပက္ခာ ပြုခဲ့သည်။ အရာအားလုံးအား မေ့ပစ်ခဲ့သည်။ တွေးကြည့််ပါလေ။ ရင်နာစရာကောင်းလိုက်ပုံက။ မွေးကင်းစသားငယ်ကို တစ်နာရီတောင် ပြည့်အောင်မချီနိုင်ပဲ သူ့ကို ကျေကျေနပ်နပ်ကြီး ထားခဲ့သည့် ဇနီးသည် နန်း။ အသက်တမျှချစ်ရပါသော နန်း။တစ်ကောင်ကြွက်တစ်မျက်နှာချင်းအတူတူ ဘဝကိုအတူဖြတ်ဖို့နန်းနှင့်သူ စိတ်တူကိုယ်တူ လက်တွဲခဲ့ကြသည်။ ခုတော့ နန်းကအရင်ထွက်ခွါပြီး တစ်ပတ်လောက်အကြာချစ်မဝသေးသည့် သားငယ်အား ခေါ်သွားပြန်သည်။

ဘဝကို ရေစုန်မျောခဲ့သည့် သူ ကိုယ့်ဘဝကိုယ် စိတ်အားဖြည့်ဖို့ လရောင်ထံအလာ သူ့ဘဝအတွက် အရေးအကြီးရဆုံံး၊တန်ဖိုးအထားရဆုံး ရတနာလေးနှင့် ဆုံခဲ့သည်ပဲ။

လရောင် အတန်တန်တားသည့်ကြားမှ သူဇာ့ကို လက်ထပ်ခဲ့ခြင်းသည် သားလေးအား ပိုင်ဆိုင်ချင်စိတ်ကြောင့် ဖြစ်သည်။ မင်းကွာ..ဟု မချိတင်ကဲရေရွတ်ရင်း သူ့အားအပြစ်တင်ခဲ့သည့်လရောင်သည် တကယ်တမ်းတော့ သူ့အပေါ် ကောင်းစေချင်သည့်စိတ်နှင့်ပင်။

“မုဆိုးဖိုဖြစ်တောင်ကွာ တခုလပ်တော့ ယူစရာမလိုပါဘူး…ကလေးတစ်ယောက်လည်းပါသေးတယ် ရုံးအရာရှိတစ်ယောက်အနေနဲ့ တခုလပ်ကို ယူကိုမယူသင့်ဘူးကွာ နောက် အဲ့ကောင်မလေးက အလုပ်ကို လက်ကြောတင်းတင်းလုပ်ချင်တဲ့ အမျိုးအစားမဟုတ်ဘူး အပြောအဆိုကလည်းကြမ်းသေးတယ် ပညာရေးကလည်း ဆယ်တန်းတောင်အောင်တာမဟုတ်ဘူး”

ဒါကလရောင် ပြောစကား။ 

ထိုကလေးကြောင့် သူဇာ့အပေါ် သူ ချစ်သည် ဆိုသည့် စကားနှင့် ချည်နှောင်ခဲ့မှန်း လရောင်မှ မသိပါပဲ။ တကယ်တမ်း နန်း၏ နေရာ သူ့ချစ်ဦးသူနေရာကို သူဇာ့အား မပေးနိုင်ပါချေ။ သူ့ဘဝ သေတပန်သက်တဆုံး ချစ်သွားမည်မှာ နန်းတစ်ယောက်သာ။

လရောင်တို့ ရွာလေးရောက်စက ထိုင်းမှိုင်းနေသမျှစိတ်တို့သည် ပြည့်စုံဆိုသည့် သားငယ်လေး၏ ဖော်ရွေသည့်အပြုံးအောက် ကျဆုံးခဲ့သည်ပဲ။ ငါ့သားလေးသာရှိသေးရင် ဒီအရွယ်လောက်ပဲ..ဆိုသည့်အတွေးသာကြီးစိုးရင်း ပြည့်စုံလေးနားက သူမခွာနိုင်ခဲ့။ မခွာနိုင်ခဲ့ပေ။ ပြည့်စုံလေးကိုကြည့်လိုက်တိုင်း သားလေးကိုသာ မြင်မိရင်း ဒါ ငါ့သားလေးလေများလားဟူသည့် အတွေးနှင့် သူ မခွာရက်နိုင်။

သူဇာ့ကိုချစ်တယ် ဆိုသည့်စကားပြောပြီး ထွက်လာခဲ့သည့်နှစ်လဝယ် နန်းအုတ်ဂူသို့ တစ်နေ့တစ်ခေါက်မှန်မှန်သွားရင်း တောင်းပန်ခဲ့ရသည်။ ရင်တွင်း၌မူ မချိတင်ကဲ။ 

ယနေ့ချိန်ထိ သူဇာ့အားချစ်မရခဲ့သည့်တိုင် သံယောဇဉ်တစ်ခုနှင့် သူ့အိမ်ထောင်အား မယိုင်မလဲအောင် ပျိုးထောင်နိုင်ခဲ့သည်။ သားငယ်လေးကြောင့် အရာရာ ပြည့်စုံခဲ့သည်မို့ သူဇာ၏မယားဝတ္တရား ကျေပွန်မှု၊ မကျေပွန်မှုသည် သူ့အတွက် စိတ်ထဲ ထားစရာမလိုသော အရာတစ်ခု။ သူဇာကလည်း သူ့ကို ချစ်ရှာသည်။ သူ့အနားဝယ် အမြဲလိုလို အလိုက်တသိနှင့် ဖြည့်ဆည်းပေးနေတတ်သည်။ရုံးကိစ္စတို့ကို သူဇာ့ဘက်က မေးမြန်းခြင်းမရှိသလို သူ့ဘက်ကလည်း ပြောပြခြင်းမရှိခဲ့။ သူဇာသည် သူ့အတွက် သာမန်မိန်းမတစ်ယောက်သာ ဖြစ်ပြီး သားလေးသည်သာ သူ၏ သားအဖြစ် သူ့ဘဝဝယ် နေရာပေးခဲ့မိသည်မဟုတ်ပါလား။

………

သူဇာ့အား အရင်လူ အကြောင်းမေးလိုက်တိုင်း စကားလွှဲသွားသည်ချည်းသာ။ ရပါသည်။ သူကလည်း သားလေးအား မစွန့်လွှတ်ချင်။ ထို့ကြောင့်ပင် တဖြည်းဖြည်းနှင့် သူနှင့်သူဇာ့ကြား သားလေး၏ အဖေရင်းကဏ္ဍ ပျောက်ဆုံးခဲ့သည်။ 

အသက်နှစ်နှစ်အရွယ်ကတွေ့ခဲ့သည့် သားလေးသည်လည်း သူ့အား အဖေရင်း တစ်ယောက်ဟုပင် ထင်မှတ်ရှာသည်။ သူဇာနှင့်လက်ထပ်ပြီးတည်းက ရွာကလူတွေ လိုက်မလာနိုင်စေရန် သူအိမ်ပြောင်းခဲ့သည်။ သားလေးအား သူအဖေရင်းမဟုတ်ဟု ပြောကြမည်စိုးသဖြင့်။ သူဇာ့မိဘတွေထံလည်း ရုံးလိပ်စာနှင့်သာ သူဆက်သွယ်ခဲ့သည်။

အခုလို နယ်မြို့လေးထဲမှာနေရပေမယ့် သူစိတ်ချမ်းသညသည်။ အနည်းဆုံးတော့ သားလေးကို သူ့ဆီမှ ခွဲထုတ်မည့်သူတို့ မရှိနိုင်တော့။ သားလေးအတွက် သူ အဆုံးစွန်ထိ လုပ်ခဲ့သည်။ သူဇာမသိအောင် သားကြောဖြတ်သည်ထိ။ နောက်ထပ်ကလေးမရချင်ပါလေ။ ပြည့်စုံလေးနှင့်တင် သူ့ဘဝသည် အရာအားလုံးပြည့်စုံနေချေပြီ။

……..

“ဖေဖေ သား မြင်းစီးဦးမယ်”

“အေးအေး..လာလာ သား ကျော်ပေါ်တက်”

သားငယ်အားပြောရင်း သူလေးဖက်ထောက်တော့ သူဇာက

“ဟဲ့..သား ဖေဖေက တစ်ပတ်မှာမှ ဒီနှစ်ရက်လေးပဲနားရတာ…နားပါစေလားကွယ် မစီးပါနဲ့ ”

သားငယ်လေး မျက်နှာညှိုးချေပြီ။ သူက ကျောပေါ်တက်ရန် အမူအယာပြတော့လည်း ပြုံးရွှင်စွာ တက်ချေပြီတည်း။ ပါးစပ်ကလည်းအော်ဟစ်ရင်း..

“ဟဲ့ မြင်း..ဟဲ့ မြင်းး” တဲ့။

သူ့ကို ဒီလို လေးဖက်ထောက်ပုံစံမြင်လျှင်ဖြင့် ငါတို့ ဌာနမှုးကြီး ကောင်းစားနေပါရော..ဟုတွေးရင်း ရုံးကရုံးသူရုံးသားတွေ ပြုံးမည်ထင်သည်။

ဟော…ပြောရင်းဆိုရင်း ဧည့်သည်လာပြန်ပြီ။

ဘယ်သူပါလိမ့်..ခေါင်းမော့ကြည့်လိုက်တော့…..

“ကိုဝေ အအေးသောက်ဖို့ သံပုရာရည်ဖျော်..”

“ခွမ်း”

“သူဇာ ..နေကောင်းရဲ့လား”

သူဇာခေါင်းငြိတ်ပြသော်လည်း မျက်နှာကတော့ အနည်းငယ် ဖြူဖပ်ဖြူရော်နိုင်လွန်းလှသည်။

“ကျွန်တော်ရောက်လာလို့ အနှောင့်အယှက်မဖြစ်ပါဘူးနော်”

ရောက်လာသူ ဧည့်သည်စကားကြောင့်..သူ သားအားကျောပေါ်မှချကာ ကပျာကသီ ရပ်လိုက်ရင်း

“အာ..မဖြစ်ပါဘူးဗျာ..မဖြစ်ပါဘူး.. ခင်ဗျားရှာတဲ့သူတွေ့ပြီလားဗျ”

ထိုဧည့်သည်ခေါင်းခါပြရင်း လက်ထဲက အိတ်ကို သူ့ အားပေးတော့ 

“ဘာတွေလဲဗျ”

“ကလေးအတွက် လက်ဆောင်တွေပါဗျာ.အရင်တခေါက်က ရေတိုက်တဲ့ကျေးဇူးကို မမေ့ပါဘူးဗျ..အဲ့ဒါ ဒီဘက်လည်းလမ်းကြုံလို့ ဝင်လာရင်းနဲ့..”

“အို ကိုဝေကလည်း လက်မခံပါနဲ့ ရှုပ်ရှုပ်ယှက်ယှက်”

သူဇာ့ပြောစကားကြောင့် သူစိတ်ဆိုးသွားမိရင်းတစ်ချက်ငဲ့ကြည့်တော့ သူဇာ ခေါင်းငုံ့သွား၏။ ဧည့်သည်တွေရှေ့ဆို သူဇာ တစ်ခါမျှ စကားဝင်ပြောခဲ့ဖူးခြင်း မရှိသည်ပဲ။

ထိုစဉ် သားငယ်ကိုထိုဧည့်သည် ချီလိုက်ပုံက ပိုင်နိုင်လွန်းလှသည်။

သားငယ်ကလည်း မရုန်း။ ဘာ့ကြောင့်မရုန်းတာလဲ သူ မတွေးအား။ ရင်ထဲဝယ် သားငယ် ထိုဧည့်သည်အပေါ်ခင်တွယ်သွားမည်ကို မလိုလားစိတ်က ထက်သန်စွာ…ဖြစ်တည်လာသည်။

“သားငယ်..ရေ..လာပါဦး…ဦးဦးပေးတဲ့ကစားစရာတွေကို သား ကစားတဲ့အခန်းထဲသွားထားရအောင်နော်

ခဏလောက်ထိုင်စောင့်ပေးပါဦးနော် မိန်းမရေ ဧည့်သည်အတွက် အအေးဖျော်ပေးလိုက်ပါဦးကွာ”

သားငယ်ကို ထိုဧည့်သည်ချီသည်ထက် အဆပေါင်းများစွာပိုင်နိုင်ဟန်ဖြင့် ပွေ့ချီကာသူ လှမ်းထွက်လာခဲ့တော့သည်။ သားငယ်လေး၏ကစားစရာ များထည့်သည့် အခန်းဆီသို့….။

(၆)

 မျက်လုံးအစုံကို ယောင်ယမ်းကာ ဖွင့်လိုက်မိသည်။ ထိုနေ့က သူဇာနှင့် ထိုသူ၏ အဖြစ်အပျက်အစုံကို သူမြင်ခဲ့သည်ဆိုလျှင် သူဇာအံ့သြသွားလေမလား။

 ထိုသူနှင့် ဖုန်းဖြင့် စကားတို့ ပြောဆိုဖြစ်ခဲ့ကြသည်ဆိုလျှင် သာ၍ အံ့သြလေမလား။

 သူ့ထံသို့ မမျှော်လင့်ပဲ ရောက်လာသော ဖုန်းဝယ် အံ့အားသင့်ခြင်းများစွာနှင့်သူနားထောင်ခဲ့ရသည်။

 “ကျွန်တော် ကျွန်တော့်သားကို ထောင်ထွက်တစ်ယောက်ရဲ့ သားအဖြစ် မကြီးပြင်းစေချင်ပါဘူးဗျာ ကျွန်တော့်သားလေးကို ခင်ဗျားအရမ်းချစ်မှန်းသိပါတယ် ကျွန်တော် ပြန်လာမခေါ်ပါဘူး တစ်ခုပဲ သူကြီးပြင်းလို့ သိတတ်တဲ့ အရွယ်ရောက်တဲ့အခါ သူ့အဘိုးအဘွားကို ပြပေးပါ သူ့အဖေအဖြစ် ကျွန်တော်ရှိခဲ့ကြောင်းလေးပဲ ပြပေးပါဗျ ”

 ဖုန်းထဲမှကြားရသည့် အသံတို့ကို သူ ဆွံ့အစွာနားထောင်နေမိဆဲ။

 “ပြပေးပါလို့ပြောတော့ ခင်ဗျား အံ့သြမလား မသိဘူး ကျွန်တော်က ကျွန်တော်ကလေ”

ခေတ္တတိတ်ဆိတ်သွားသည့် အသံတို့ကို သူအငမ်းမရ နားထောင်နေမိသည်။ ဘာတွေလာဦးမလဲ၊ ဘာတွေ ပြောဦးမလဲဟု ပင်။

“ ကျွန်တော်က ထောင်ထွက်ဖြစ်တဲ့ အပြင် သက်ဆိုးလည်း မရှည်လောက်တော့ပါဘူး ကိုယ့်ကိုယ်ကို သိနေပြီ ခုက ဆေးရုံကနေ ဆက်နေတာပါ ”

 သူ့ရင်ဝယ် တင်းကျပ်သွားသည်။ သူ ကြားနေရတာဟာ အဖေတစ်ယောက်ရဲ့ မျှော်လင့်ချက်ဟု သတိပြုမိလိုက်တော့ သူ့ကိုယ်သူ သိမ်ငယ်သွားရသည်။ သူဟာ အဖေတစ်ယောက်ဆီကနေသားကိုဓါးပြတိုက်ထားသူ ဖြစ်နေလေပြီလား။

“ကျွန်တော့်မိသားစုနဲ့ တွေ့ပေးဖို့ပဲ တောင်းဆိုချင်တာပါ ကျွန်တော့်ဓါတ်ပုံလေးပဲ ပြပေးစေချင်တာပါ  ကိုဝေဇင်”

“ဘယ်ဆေးရုံမှာလဲဗျာ ကျွန်တော် သားကို ခေါ်လာခဲ့ပါ့မယ်”

“မလုပ်နဲ့ မလုပ်နဲ့ ကိုဝေဇင် သာားကိုတွေ့ရင် အမေနဲ့အဖေက သူတို့မြေးကို အတင်းအဓ္ဓမ ခေါ်ထားလိမ့်မယ် ဒါဆို သားလည်း စိတ်ချမ်းသာမှာမဟုတ်ဘူး ကျွန်တော့်ပုံစံကလည်း သားကို ပွေ့ဖက်နမ်းရှုံ့သင့်တဲ့ အခြေအနေမဟုတ်တော့ဘူး ကိုဝေဇင် ကျွန်တော်တောင်းတဲ့ကတိကိုပဲ ပေးပါဗျာ သားကို သူ့အဘိုးအဘွားတွေနဲ့  ပေးတွေ့မယ်လို့”

အက်ကွဲနေသော အသံတို့ကို နားထောင်ရင်း သူငိုချင်လာသည်။ သားလေးအပေါ် သူ တရားကော တရားရဲ့လား။

“ကျွန်တော် ကတိပေးပါတယ်”

ဟု သူဖြေလိုက်သည့် စကားတစ်ခွန်းကိုတစ်ဖက်ကတော့ယုံကြည်စွာ ဖုန်းချသွားခဲ့သည်။သူကတော့ အနည်းငယ် အတ္တကဲစွာပင် ဖုန်းနံပါတ်ကို မမှတ်ပဲဖျက်လိုက်၏။ သားလေးကို ဆေးရုံသို့ တကယ်ခေါ်သွားနိုင်ပါ့မလားလေ။ ထိုသူပြောသလို သားငယ်ကို သူ့အဖိုးအဖွားဆီ ပို့ပေးနုငိပါ့မလား။ မပေးနိုင်။ မပေးချင်ပါ။ 

သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ပတ်ဝန်းကျင်မှ အသိပေးချက်အရ ဟိုးတစ်နေ့က ထိုသူ့ ဆွေမျိုးတွေ လာသွားသည်ဟု သိရပြန်သည်။ သားလေး၏ ကျောင်းသို့လည်းသားလေးကို လာရောက်မေးမြန်းကြသေးသတဲ့။ ထို့ကြောင့်ပင် သူ အနည်းငယ်တော့ စိုးထိတ်နေရပြီဖြစ်သည်။ အဖိုးပါ၊ အဖွားပါ၊ အဒေါ်ပါ ဟု မဏ္ဍပ်တိုင်တက်ပြမည့်သူများ ပေါ်လာချေပြီမဟုတ်လား။

တင်ထားသော ထရန်စဖာမရရင်လည်း သူ အလုပ်မှ ထွက်ဖို့ထိ စဉ်းစားမိပြီ။ အိမ်ကိုလည်း ရောင်းဖို့ရာ ဆိုင်ထားကြောင်း သူဇာပင် မသိသေး။ ပြေးမည်။ ဒီအရပ်က ပြေးမည်။ သားလေးကို သူနှင့် ခွဲခွာလိုသူများထံမှ ပြေးပါမည်။ ဒါသည် သားလေးအပေါ် မတရားဘူးဆိုလျှင်တောင်မှ သူ၏ ချစ်ခြင်းဟု သားလေး တစ်နေ့နားလည်နိုင်ပါလိမ့်မည်။

“ဖေဖေ သား မြင်းစီးချင်တယ်”

ရင်ထဲသို့ စိမ့်ဝင်စီးဆင်းလာသော သားလေး၏စကားသံကြောင့် အတွေးစများချက်ချင်းပြတ်တောက်သွားရ၏။

(၇)

လိုတာထက် ပိုမရှိသင့်တဲ့ အတ္တတွေကို ကျွန်တော် တစ်ဖတ်သတ် ဆန်စွာ သုံးခဲ့လေသလားဗျာ…။

(ဝေဇင်)

တစ်ကိုယ်ကောင်းဆန်စွာနဲ့ အားနည်းသူအပေါ် ကျွန်မရဲ့ အတ္တရိုင်းတွေနဲ့အပြိုင် အနိုင်ယူခဲ့လေသလားရှင်…..

(မိသူဇာ)

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...