Tuesday, February 18, 2025

လိပ်ပြာ လုံတဲ့ အိမ်


(၁)

လေးတိလေးကန်နှင့်လျှောက်လမ်းလာသော နွေး၏ ခြေလှမ်းများသည် အိမ်တံခါးဝတွင် ရပ်စောင့်နေသည့် မေမေ့ကို တွေ့လိုက်သည်မို့ အနည်းငယ်တုံ့ခနဲ ဖြစ်သွားသည်။ ဒီချိန် ဖေဖေလည်း ပြန်လာတတ်သည်ဆိုတော့ နွေးကိုစောင့်နေလေသည်လား၊ ဖေဖေ့ကို စောင့်နေလေသည်လားဆိုတာကိုတော့ နွေးမသိ။ 

“ဒီနေ့ စာသင်ရတာ စာလိုက်နိုင်ရဲ့လား၊ မနက်က မေမေ ကျူရှင်လခ ပေးလိုက်ဖို့ မေ့သွားတယ်။ မနက်ဖြန်ယူသွားနော်”

“ဟုတ် မေမေ၊ စာလိုက်နိုင်ပါတယ်။ သမီးက တော်ပြီးသားကို”

မေမေ့အပြောကို ရယ်ကျဲကျဲနှင့် ပြန်ဖြေရင်း နွေး အခန်းထဲသို့ဝင်လာလိုက်သည်။ နွေးအဝတ်အစားလဲပြီး အပြင်ပြန်ထွက်လာချိန်မှာတော့ မေမေက နွေးအတွက် ထမင်းပြင်လို့ ပြီးလေပြီ။ မေမေ့ ထမင်းပွဲလေးက ခါတိုင်းလိုပင်ချဉ်ရည်ဟင်း တစ်ခွက်၊ အသားဟင်းတစ်ခွက်နှင့် ထမင်းမြိန်စရာ ငပိရည်ကျိုအတို့အမြုပ်လေးနှင့်မို့ စားမြိန်ပါသည်။ ထမင်းစားရင်းနှင့် တိုင်ကပ်နာရီကို မော့ကြည့်မိတော့ ၆ နာရီ ခွဲပြီဖြစ်၏။ တကယ်ဆို ဒီချိန် ဖေဖေ ပြန်ရောက်သင့်ပြီ။ မေမေကတော့ စက်ခုံမှာထိုင်၍ အပ်ထည်များကို ချုပ်နေလေသည်။

“ဝူး”


အိမ်ရှေ့တွင် ကားတစ်စီးရပ်သံကြားသည်မို့ လှမ်းကြည့်လိုက်တော့ ဖေဖေနှင့် အန်တီနိုင် နှစ်ယောက်သား အန်တီနိုင့်ကားပေါ်က ဆင်းလာသည်ကို တွေ့ရသည်။ ဖေဖေကော အန်တီနိုင်ပါ မြေပွဲစားများမို့ မကြာခဏဆိုသလို အလုပ်တွဲလုပ်ရတတ်သည်။ ဒီတစ်ခါလည်း နှစ်ယောက်သား အလုပ်ဆုံသွား၍ဖြစ်မည်။ မေမေကတော့ ဖေဖေ့အလုပ်ကို စိတ်မဝင်စားဘဲ ပုံမှန်ဝင်ငွေရသည့်အလုပ်ပဲ လုပ်ချင်တယ်ဟုဆိုကာ အိမ်မှာပင် စက်ချုပ်ဆိုင်အသေးစားလေးဖွင့်သည်။ မေမေ့လက်ရာက သပ်ရပ်ကောင်းမွန်သည်မို့ ရပ်ကွက်တွင်းရှိ လူအတော်များများ လာချုပ်ကြသော်လည်း မေမေတစ်ယောက်တည်းချုပ်ရသည်မို့ ချုပ်ထည်များအပ်လျှင် အချိန်ကြာသည်က များသည်။ ထိုသို့အချိန်ကြာသဖြင့် တချို့ကလည်း မေမေ့ဆိုင်ကို ရှောင်ကြ၏။

“အနိုင်..ဘယ်လေတိုက်လို့ ပါလာတာလဲ.. ကြည့်ပါဦး..ဝလို့ လှလို့ပါလား”

မေမေက အန်တီနိုင့်ကို ခရီးဦးကြိုပြုရင်း ရှေ့ထွက်သွားသော်လည်း နွေးကတော့ တံခါးနားမှ ရပ်ကြည့်နေမိဆဲဖြစ်သည်။ အန်တီနိုင်က အဆင်ပြေချမ်းသာသော မိသားစုကို ပိုင်ဆိုင်ထားလို့ ဖြစ်မည်။ မေမေနှင့်အသက်ချင်းတူေ သာ်လည်း မေမေ့ထက် ပိုနုပျို၏။ ထို့ပြင် ခွေလိပ်နေသော ဆံနွယ်များနှင့် ခေတ်မီမီဝတ်စားဆင်ယင်ထားမှုကြောင့် နွေးကဲ့သို့ ဆယ်ကျော်သက် ကလေးတစ်ယောက်ရှိသော်ငြား အသက် သုံးဆယ့်ငါးနှစ်ခန့်သာ ထင်ရ၏။

“မေ့ဆီပဲ တမင်လာတာလေ.. သမီးအတွက်လည်း အထည်ဝယ်ရင်း နွေးအတွက်ပါ သတိတရ တစ်ထည်ဝယ်လာခဲ့သေးတယ်။ မေ့လက်ရာကို သဘောကျလွန်းလို့ မေ့ဆီအထည်လာအပ်တာပဲ။ ..ဟ.ယ် သမီးလေး နွေး.. အစောကြီးရှိသေးတယ်။ ညစာ စားနေပြီလား။ ဒီမှာနော် သမီးလေးအတွက် အန်တီ လက်ဆောင်ဝယ်ခဲ့တယ်နော်”

“ဟုတ်ကဲ့ အန်တီနိုင်။ ကျေးဇူးတင်ပါတယ်နော်။ ထမင်းစားပါဦး”

“တော်ပြီ သမီးလေးရေ၊ ကျေးဇူး၊ မေ .. နိုင့်ကိုယ်တိုင်းကို သိတယ်နော်။ ထပ်မတိုင်းတော့ဘူးနော်။ ဟောဒီမှာ အထည် ၃ စုံ။ ဒါလေးက နွေးအတွက်..။”

“ဟယ်… လှလိုက်တာ နိုင်ရယ်။ နိုင်နဲ့ဆို အရမ်းလိုက်မှာပဲ.. ကြည့်စမ်းပါဦး”

“သိနေတယ်လေ… ဒါကြောင့်ပဲဝယ်လာခဲ့တာပေါ့။ အဟင်းဟင်း။ ပြန်ပြီ မေရေ။ အိမ်မှာ သမီးလေးလည်း စောင့်နေရော့မယ်။ ကိုအောင်မော်ရေ နိုင်ပြန်ပြီနော်”

ထမင်းစားပွဲဝိုင်းတွင် နိုင်နှင့်အတူတူ ထိုင်လျက်ရှိသည့်ေ ဖဖေက ဟုတ်ကဲ့ မနိုင်ဟု ထမင်းပလုတ်ပလောင်းနှင့် ထဖြေသည်။ မေမေကတော့ အန်တီနိုင့်ကို ခြံတံခါးဝထိ လိုက်ပို့ကာ စကားတွေ ဖောင်ဖောင်ဝေနေဆဲ။

(၂)

“သမီး သူငယ်ချင်းလေး တစ်ယောက် ခိုးရာလိုက်သွားတယ် ဆို…”

မေမေ့ အမေးကို နွေး မဝံ့မရဲ ခေါင်းညိတ်ပြလိုက်မိသည်။ 

“ဟုတ်တယ် မေမေ၊ ကျောင်းမှာနေရတာ တမျိုးကြီးပဲ။ အားလုံးက သမီးတို့အတန်းကို ကြည့်ပြီး လှောင်နေသလို ခံစားရတယ်။ တစ်ယောက်လာလည်း ဟို ခိုးရာလိုက်သွားတဲ့ ကောင်မလေးက အဲဒီအတန်းကလေ ဆိုပြီး ပြောနေကြတာ။ သမီးတို့အတန်းပိုင်ဆရာမလည်း ဒီရက်ပိုင်း မျက်နှာမကောင်းဘူး”

“သမီးက ဘာလို့ နေရတာ တမျိုးကြီးဖြစ်တာလဲ သမီးရဲ့၊ အမှားလုပ်တာက သမီးမှမဟုတ်တာ..။ သမီးတို့ အတန်းကို အဲလိုပြောတာမခံချင်ရင် သမီးက စာကိုပဲ ဖိကြိုးစား။ တစ်တန်းလုံး စာကြိုးစားရင် အဲဒီအတန်းက စာတော်တဲ့သူတွေချည်းပဲ ဆိုတဲ့စကားမျိုးထွက်လာလိမ့်မယ်။ နောက်ပြီး တခြားသူ အမှားလုပ်တာကို သမီးက လိုက်မခံစားနဲ့။”

“ဟုတ် မေမေ။ သမီး စာကြိုးစားမှာပါ။ ဒါပေမဲ့ သမီး ဘာမှမလုပ်တဲ့ ကိစ္စတစ်ခုအတွက် သမီး ရှက်နေရတာကို မုန်းတယ်၊ သမီးလည်း မဟုတ်တာမလုပ်ပဲနဲ့ ဘာလို့ ဒီအတန်းကလို့ ပြောကြတာလဲ”

နွေး၏ အမေးစကားကို မေမေက အပြုံးနှင့် တုံ့ပြန်သည်။

“လူဆိုတာကတော့ ဒီလိုပဲ ပြောစရာရှိတာကို ဆက်နွယ်ပြောကြတာပဲလေ။ ဒါပေမဲ့ အရေးကြီးတာက သမီးရဲ့ ဘဝမှာ သမီး လုပ်သမျှ မှန်ကန်တယ် ဆိုတဲ့ စိတ်ကို သမီးကိုယ်တိုင် ထားနိုင်ဖို့ အရေးကြီးတယ်။ အဲဒါကို လိပ်ပြာလုံတယ် လို့ ခေါ်တယ်။ လိပ်ပြာလုံတယ် ဆိုတဲ့ စကားလုံးလေးထဲမှာ အဓိပ္ပါယ် အများကြီးပါတယ်။ မကောင်းတဲ့အရာတွေကို ငါ ရှောင်တယ်၊ ကောင်းတဲ့အရာတွေပဲ ငါလုပ်တယ်။ ငါလုပ်တဲ့ ကိစ္စကို ငါတာဝန်ယူနိုင်တယ် စသဖြင့်ပေါ့။ ဘဝကို သိမ်သိမ်ငယ်ငယ် နဲ့၊ ကျီးလန့်စာစားနဲ့ အရာရာကိုကြောက်ရွံ့ပြီးဖြတ်သန်းမလား၊ ဒါမှမဟုတ် ငါ မှန်တယ်၊ ငါ လိပ်ပြာလုံတယ်ဆိုတဲ့ စိတ်နဲ့ အားလုံးကို ခေါင်းမော့ရင်ကော့ပြီး ရင်ဆိုင်မလား”

“ခေါင်းမော့ရင်ကော့မှာပေါ့ မေမေ”

“ဟုတ်ပြီ၊ အဲဒါဆို အမြဲတမ်း လိပ်ပြာလုံအောင် ကြိုးစားပါ၊ ကိုယ်လုပ်သမျှ အရာအားလုံးကို ဆန်းစစ်ဖို့ မမေ့ပါနဲ့၊ သမီးလုပ်သမျှ အရာအားလုံးအတွက် ပတ်ဝန်းကျင်ကတော့ ဆိုးတဲ့အရာတွေနဲ့ တုံ့ပြန်သလို ကောင်းတဲ့အရာတွေနဲ့လည်း တုံ့ပြန်မှာပဲ။ ဘာတွေပဲ လာလာ မကြောက်နဲ့။ မရှက်နဲ့။ ကိုယ်ဘာမှ မဟုတ်တာမလုပ်ထားတဲ့အတွက် ရဲရဲရင်ဆိုင်ပေးလိုက်ပါ။ အချိန်တန်ရင် အမှန်ကို လူတွေ သိလာလိမ့်မယ်”

“လူတွေ သိမသွားတဲ့ အမှန်တရားကော မရှိနိုင်ဘူးလား မေမေ။ အခုဆို သမီး သူငယ်ချင်း ခိုးရာလိုက်သွားတာ သမီးတို့ တိုက်တွန်းလို့ တဲ့ ပြောနေကြတယ်။ ဒါပေမဲ့ သမီးတို့ သူငယ်ချင်းတွေက ဘာမှ မှ မပြောခဲ့တာကို”

နွေး၏ လက်မကလေးကို မေမေက သူ့လက်မကလေးနှင့် တို့ထိကာ ပြုံးပြသည်။ အမေ့အပြုံးသည် နွေးအတွက်တော့ အားဆေးတစ်ခွက် ဟု နွေးတင်စားချင်မိသည်။

“တစ်ခါတလေ ရှိလာနိုင်ပေမဲ့လည်း သမီးလေး စိတ်သန့်ဖို့ အပြစ်မရှိဘူး ဆိုတဲ့ ယုံကြည်ချက်ရှိဖို့က ပိုအရေးကြီးပါတယ်။”

“မေမေ အိမ်တစ်အိမ်မှာလေ တစ်မိသားစုလုံး လိပ်ပြာ လုံတယ် ဆိုရင် အဲဒီမိသားစုက မိသားစုလိုက် စိတ်ချမ်းသာနေမှာပေါ့နော်။ လျှို့ဝှက်ချက်မရှိတော့ ပျော်ပြီဆိုရင်လည်း အတူတူ ပျော်ပြီး အမြဲတမ်းသာယာချမ်းမြေ့နေမှာပေါ့နော်”

“ဒါတော့ ဒါပေါ့ သမီးလေးရဲ့ ဒါပေမဲ့ တစ်မိသားစုလုံး လိပ်ပြာလုံတယ်ဆိုတာမျိုးက အလွန်ကံကောင်းတဲ့ မိသားစုတွေမှ ပိုင်ဆိုင်တာမျိုး သမီးလေးရဲ့။ ခု မေမေ့ကြည့်ပါ့လား။ မေမေဆို သမီးလေးလိုမျိုး စိတ်ထားကောင်းပြီး လိပ်ပြာလှတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတယ်လေ။ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းလဲ ”

ပြောပြောဆိုဆိုနှင့် မေမေဖက်လာတော့ နွေးကိုယ်လေး ကျုံ့ဝင်သွား၏။ မေမေ့ထွေးပွေ့မှုကြောင့် နွေးရင်ထဲမှာလည်း ကြည်နူးသွားရသည်။

(၃)

“ချွမ်း..ချလွမ်”

တစ်စုံတစ်ခု ကျကွဲသံကြောင့် နွေး၏မျက်လုံးများ ဆက်ခနဲ ပွင့်သွားမိ၏။ ဟင်.. မေမေ ဘယ်ရောက်သွားပါလိမ့် ဟုတွေးရင်း နွေး အခန်းအပြင်သို့ ထွက်လာလိုက်သည်။ ညဦးပိုင်းတုန်းက မေမေ နွေးနှင့် လာအိပ်သည်လေ။ မနေ့ညက ဖေဖေ ပြန်လာ တာညဉ့်နက်သည် ထင်၏။ နွေးအိပ်တော့တောင် ဖေဖေ ပြန်မရောက်သေး။ 

“ငါ့ လိပ်ပြာ ငါလုံတယ် အေးမေ၊ မင်း ဘာမဟုတ်တဲ့ အကြောင်းလေးနဲ့ င့ါကို လာမယိုးစွပ်နဲ့၊ ငါကော အနိုင်ကော ဘယ်လောက် ရိုးသားတယ်ဆိုတာ မင်းအသိဆုံး”

အိမ်ခန်းမကြီးသို့ လှမ်းတော့မည့် ခြေလှမ်းများသည် ဖေဖေ့အသံ မာမာကြောင့် ရုတ်တရက် တန့်သွား၏။ ဖေဖေ့ရှေ့တွင် ရပ်နေသည့် မေမေ့မျက်နှာကို နွေးလှမ်းကြည့်လိုက်မိသည်။ ခပ်မှိန်မှန်ထွန်းထားသော အလင်းရောင်တို့ကြောင့်ထင်၏။ မေမေ့မျက်ဝန်းတို့သည် အရောင်တစ်လက်လက် ရှိနေချေ၏။ ဒေါသလား၊ မျက်ရည်လား ဆိုသည်ကိုတော့ နွေးလည်း မသဲကွဲ။

“ရှင့်လိပ်ပြာ ရှင်လုံလို့ရတယ် ကိုအောင်မော်၊ ဒါပေမဲ့ ရှင်ရှိနေတာက လူမှုအဖွဲ့အစည်းရှင့်၊ လူ့ကျင့်ဝတ်တွေနဲ့ တည်ဆောက်ထားတဲ့ လူမှုအဖွဲ့အစည်း၊ ရှင့်လိပ်ပြာ ဘယ်လောက်လုံလုံ၊ ရှင်တစ်ယောက်တည်း လိပ်ပြာလုံနေလို့မရဘူး၊ ရှင်ပြုမှုတဲ့အလုပ်၊ ရှင် နေထိုင်တဲ့ အနေအထိုင်က ရှင့်နောက်က မိသားစုကို ထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်း မေ့ထားလို့မရဘူး၊ အနိုင်ကလည်း ကျွန်မသူငယ်ချင်းပဲ၊ သူ့အကြောင်း ကောင်းကောင်းနားလည်တယ်၊ ဒါပေမဲ့ ရှင်နဲ့ အနိုင့်အကြောင်း ကျွန်မ နားလည်ပေးနိုင်တာနဲ့ပဲ အနေအထိုင် မဆင်ခြင်ရဘူးလို့ မဆိုလိုဘူး။ သူငယ်ချင်းတွေကြားမှာ လုပ်တတ်တဲ့အပြုအမှုကို စီးပွားရေးပတ်ဝန်းကျင်ထဲမှာပါ လိုက်လုပ်လို့မရဘူး။ ရှင့််သူငယ်ချင်းအရာရှိကို သူ့ ဝန်ထမ်းတွေရှေ့မှာ ရှင် ခြေထောက်နဲ့သွားကန်လို့မရဘူး။ ခုကလည်း အပြင်ကလူတွေပါ အပြောများနေတဲ့အတွက် ရှင့်ကို ကျွန်မသတိပေးနေတာ။ ဒီကြားထဲ အနိုင့်အိမ်ထောင်ရေးကံကလည်း မကောင်းတဲ့အတွက် အိမ်ထောင်ကွဲဖြစ်နေတဲ့အတွက် အနိုင့် ဂုဏ်သိက္ခာပါ ထိခိုက်နိုင်လို့ ပြောနေတာ”

ပြောပြီးပြီးချင်းမှာပဲ မေမေက အိမ်နောက်ဖေးသို့ လှမ်းလာသည်မို့ နွေး အိပ်ခန်းဘက်ကို ကမန်းကတန်း ပြေးသွားလိုက်မိသည်။ နံနက်တုန်းကတော့ မေမေ့ရှေ့မှာ နွေး လက်မကလေးထောင်ပြကာ အမြဲခေါင်းမော့ရင်ကော့နေမည် ဟု သန္နိဌာန်ချခဲ့သည်ပဲ။ ဟော ခုတော့ မေမေက ဖေဖေ့ကို ပြောနေပါ့ပကော။ “ရှင်တစ်ယောက်တည်း လိပ်ပြာလုံလို့မရဘူး” တဲ့။ “လူမှု အဖွဲ့အစည်း” တဲ့။ အန်တီနိုင့်ကို နွေး သိသည်။ နွေးသိသလောက် အန်တီနိုင်နှင့် မေမေက သူငယ်ချင်းတွေ ဖြစ်၏။ ဒါဆို ဖေဖေ၊ မေမေ နှင့် အန်တီနိုင့်ကြား ပြဿနာဖြစ်စေခဲ့တာ ဘာများပါလိမ့်။ တွေးရင်းတွေးရင်း နွေး ခေါင်းတွေ ရှုပ်လာသည်မို့ ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်မိသည်။

(၄)

“ရော့… သမီးအတွက် အန်တီနိုင်ပေးတဲ့ ဝတ်စုံလေး မေမေ သမီးအတွက် ချုပ်ပေးပြီးပြီ”

မေမေပေးသည့် ဝတ်စုံကို နွေး ယူလိုက်သော်လည်း ဝတ်မကြည့်မိသေး။။ နွေးကြိုက်သည့် ကြက်သွေးရောင် လေးဖြစ်သည့်အပြင် မေမေက ဒီဇိုင်းဆန်းဆန်းလေး ချုပ်ပေးထားသည်မို့ ဝတ်စုံလေးက ဝတ်ချင်စဖွယ် ဖြစ်အောင် ဆွဲဆောင်နေသည်။

“မိန်းမရေ… ထမင်းစားမယ်ဟေ့”

အိမ်ရှေ့မှ လှမ်းအော်ရင်းဝင်လာသည့် ဖေဖေက နွေးကိုမြင်တော့ မျက်နှာတမျိုး ဖြစ်သွားသည်။ ဒီနေ့လည်း ဖေဖေက ဦးဂျမ်းပုဆိုး နီညိုရောင်ကို ဝတ်ဆင်ထားသည်ပဲ။ မနေ့ကလည်း ဒီအရောင်ပဲ ဖြစ်မည်ထင်၏။ ဖေဖေ့မျက်လုံးထဲသို့ နွေး ခပ်စူးစူးပင် စိုက်ကြည့်လိုက်တော့ ဖေဖေ မျက်နှာလွှဲသွား၏။ ထို့နောက်

“သမီး ညစာ စားပြီးပြီလား ဒီနေ့ စာသင်ရတာကော ဘယ်လိုနေလဲ၊ သိပ္ပံ ဝိဇ္ဇာခွဲမယ်ဆိုတာကော ဘယ်မေဂျာ ယူထားလဲ သမီး”

“ဟယ် ကိုအောင်မော်ရေ.. ကလေး စိတ်မကောင်းဖြစ်အောင် ဘာတွေ လျှောက်မေးနေတာလဲ၊ အဲဒါ လွန်ခဲ့တဲ့ တစ်လတည်းကလေ။ သမီး က စာမေးပွဲတောင် ဖြေပြီးလို့ သိပ္ပံတွဲပဲ ယူထားပြီးပြီလေ…. ဘာတွေဖြစ်နေမှန်းလည်း မသိဘူး။ သိပ္ပံတွဲတောင် ယူပြီးလို့ အတန်းထဲမှာ စာအလိုက်နိုင်ဆုံး ကလေးစာရင်းထဲမှာတောင် သမီး ပါတယ်ရှင့်။”

မေမေက ပြုံးတစ်ဝက် ရယ်တစ်ဝက်နှင့် ပြောသော်လည်း နွေး ဖေဖေ့မျက်နှာကို မရယ်မပြုံးနှင့် စိုက်ကြည့်နေမိသည်။ မေမေ ပြောသည့် လိပ်ပြာမလုံခြင်း ဆိုသည်ကို နွေး ကိုယ်တိုင် မြင်တွေ့ဖူးပြီထင်၏။ အတွေးနှင့်အတူ ဖေဖေ့လက်တို့ကို နွေး ငေးစိုက်ကြည့်မိသည်။ မနေ့ကတော့ ထိုလက်များသည် မေမေမဟုတ်သော တခြားအမျိုးသမီး၏ လက်ကို ဆုပ်ကိုင်လျက်သား ရှိခဲ့သည်ပဲ။ နွေးကျူရှင်တက်ရာ လမ်းကြားလေးမှာပဲ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ရင်း လမ်းလျှောက်လာသည့် ဖေဖေနှင့် ထိုမိန်းမကို နွေး မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည်ပဲ။ နွေး ကျူရှင်တက်ရာ လမ်းကြောင်းကို မသိရလောက်အောင်ထိ ဖေဖေ နွေးအပေါ် မေ့ခဲ့သည်။

“မေမေ.. မနေ့ကလေ အန်တီနိုင်နဲ့ တွေ့ခဲ့တာ ပြောဖို့ မေ့သွားတယ်။ အန်တီနိုင့်မှာလည်း ဒီလို ကြက်သွေးရောင် ဝမ်းဆက်လေးရှိတာပဲ။ အန်တီနိုင်ပေးတဲ့ ဝတ်စုံကလှသလို မေမေချုပ်ပေးထားတဲ့ ဒီဇိုင်းလေးကလည်း လှတယ်၊ ဒါပေမဲ့ အန်တီနိုင့်သမီးအတွက်ပဲ ပြန်ပေးလိုက်ပါ မေမေ။ အန်တီနိုင်တို့ သားအမိ ဝမ်းဆက် ဝတ်လို့ရသလို ဘာမှမသက်ဆိုင်ဘဲ လက်ဆောင်ရလာတာကို ဝတ်ဖို့ သမီး လိပ်ပြာမလုံဘူး…တကယ်လို့ .. သမီးနဲ့ ဆွေမျိုးတော်တဲ့သူကသာ လက်ဆောင်ဆိုပြီး ပေးလာရင်တော့ သမီး လိပ်ပြာလုံလုံနဲ့ ယူဖြစ်မှာပါ.. အမျိုးဖြစ်နေတာကိုး”

ပြောပြီးပြီးချင်း အိမ်ခန်းဘက် ပြန်အလှည့်မှာပင် အိမ်တစ်ခုလုံး ရုတ်တရက် ဆိတ်ငြိမ်သွားသလို ထင်ရ၏။ ထို့နောက် ဖေဖေ့ ခြေလှမ်းတို့ တိုးဖွစွာ နေရာ ရွေ့သွားသည်ကို ခံစားလိုက်ရသည်။ သေချာပါသည်။ နောက်နောင်တွင်လည်း နွေးမျက်လုံးထဲသို့ ဖေဖေ စိုက်ကြည့်ဝံ့ချင်မှ စိုက်ကြည့်ဝံ့နိုင်ပါလိမ့်မည်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...